Thursday, October 9, 2008

ပြည်တွင်းစစ်

အချစ်နဲ့ စစ်မှာ မတရားဘူး ဆိုတာ မရှိဘူး ဆိုတဲ့ စကားကို ကြားဖူး ကတည်းက နားခါး ခဲ့ဖူးပါတယ်။ ဆိုလို တဲ့ အဓိပ္ပာယ် ကိုက နိုင်သူ စားစတမ်း ဆိုတဲ့ အဟိတ် တိရစ္ဆာန် တို့ရဲ့ စိတ်ထား အငွေ့ အသက် တွေ ပါဝင် နေလို့ ပါပဲ။ တရားတယ် မတရားဘူး ဆိုတာကို ခွဲခြား နိုင်လောက်တဲ့ အသိ စိတ်ဓာတ် ကင်းမဲ့ လောက် အောင် လောဘ၊ ဒေါသ၊ မောဟတွေ ဖုံးလွှမ်း နေတယ် ဆိုတဲ့ အဓိပ္ပာယ်ကို ပြဆိုနေတာ မဟုတ် ပါလားရှင်။

လူမျိုးရေး စစ်ပွဲ၊ ဘာသာရေး စစ်ပွဲ၊ စီးပွားရေး စစ်ပွ၊ ၀ါဒရေးရာ စစ်ပွဲ စသဖြင့် စစ် ဖြစ်ပွား ရခြင်း အကြောင်း ရင်း များစွာ ရှိတတ် ပေမယ့် ကျွန်မ အရွံ့မုန်းဆုံး စကားလုံး ကတော့ ပြည်တွင်းစစ်ပါ။ စောစောက စစ်ပွဲ တွေထက် ပိုရွံ့ရှာ စက်ဆုပ် ရတဲ့ အကြောင်းရင်း ကတော့ လူမျိုးရေး စစ်ပွဲ ဆင်နွဲ သူတွေ ထက်တောင် အတ္တစိတ် လောဘစိတ်နဲ့ ရက်စက် ကြမ်းကြုတ်စိတ်တွေ ပိုများ နေတယ်လို့ အကြမ်းဖျင်း ကောက်ချက် ချလို့ ရတဲ့ ကိုယ့် လူမျိုးချင်း ပြန်သတ်နေတဲ့ စစ်ပွဲ ဖြစ်လို့ ပါပဲ။ ယဉ်ကျေးမှု၊ ဘာသာတရား၊ လူမျိုးချင်း တူနေ ပါလျက်၊ တထပ်တည်း မတူတောင် ဆင်တူ နေပါလျက် အချင်းချင်း ငြိမ်းချမ်းစွာ ညှိုနှိုင်းမှု မလုပ်နိုင် လောက်အောင်၊ တစ်ယောက်နဲ့ တစ်ယောက်၊ တဖွဲ့နဲ့တဖွဲ့ နည်းနည်း လေးမှ အပေးအယူ မလုပ်နိုင် လောက်အောင် ရန်စွယ် ငေါငေါနဲ့ သတ်ဖြတ် တိုက်ခိုက် နေကြတဲ့ ဒီ ပြည်တွင်းစစ်မှာ အထိ အနာဆုံးက စစ်ပွဲမှာ ပါဝင် ပတ်သက်ဖူးခြင်း မရှိတဲ့ ကလေးငယ်တွေနဲ့ မိခင်တွေ ဖြစ်နေရတာ ရင်အနာရဆုံး အချက်ပါ။ အစက်ဆုပ်ရဆုံး လုပ်ရပ်ကတော့ ကလေးငယ်တွေကို စစ်ဝတ်စုံ ၀တ်ပေးပြီး ရှေ့တန်း တိုက်ပွဲ တွေမှာ ရှေ့တန်းကနေ ချီတက် ခိုင်းပြီး လူသား မိုင်းရှင်း ကိရိယာ အဖြစ် လူသား ခံကတုတ် အဖြစ် အသုံးချတဲ့ လုပ်ရပ်ပါ။ ဘယ်လောက် တောင် လူမဆန်ဘဲ ဘီလူး သဘက်ဆန်တဲ့ လုပ်ရပ်ပါလဲရှင်။ ဒီလို အဖြစ်မျိုးတွေ ကိုယ်တွေ့ ကြုံခဲ့ပြီး အသက်မသေ ကျန်ရစ်တဲ့ ကိုယ်လက်အင်္ဂါ မပြည့်စုံတော့တဲ့ ဒုက္ခိတတွေ မြန်မာပြည် နယ်စပ်မှာ အများကြီးပါ။

တကယ်တော့ လူသားဆိုတာ အမြင်ကျဥ်းသူ တွေကသာ လူမျိုးရေး၊ ဘာသာရေး အစရှိ သဖြင့် လူတန်း စား ခွဲခြား နေကြတာ ဖြစ်ပေမယ့် တကယ်တမ်း ခြုံ ကြည့်ရင်တော့ ဒီမိုးကောင်းကင် တစ်ခုတည်း အောက် မှာ ဒီမြေကြီး တပြင်တည်းပေါ်မှာ အတူတူ နေထိုင် နေကြရင်း ဒီ တခုတည်းသော လေထုကို ရှူရှိုက် နေကြ တဲ့ လူသားတွေချည့် ဖြစ်ပါတယ်။ လူသားချင်း ကိုယ်ချင်းစာ တတ်တဲ့စိတ် မရှိတဲ့ လူ တစ်ယောက်မှာ တိရစ္ဆာန် ထက် သာတဲ့ အရည်အချင်းကို ပြပါ ဆိုရင် ကျွန်မတော့ ပြစရာ ရှာမတွေ့မိ ပါဘူးရှင်။ မပြင် နိုင် တော့တဲ့ အတိတ်သမိုင်းတွေကို အသာ ခွာချလို့၊ အတိတ်ဆိုး ကျန်ခဲ့ရခြင်းရဲ့ အကြောင်းရင်းတွေကို အပြစ် ရှာဖို့ အတွက် မဟုတ်ဘဲ ပြုပြင်ဖို့ အတွက် ရှာဖွေ ပြင်ဆင်ပြီး ပစ္စုပ္ပန်ကို အငြိမ်းချမ်းဆုံး နဲ့ အကောင်းဆုံး ထုဆစ် ပုံဖော် နိုင်မယ် ဆိုရင် ကျွန်မတို့ရဲ့ အနာဂတ် ဟာလဲ ငြိမ်းချမ်းတဲ့ အတိတ်နဲ့ ပစ္စုပ္ပန်တွေကြောင့် လှပ နေမယ် ဆိုတာ မျှော်လင့် နိုင်မှာပါ။ ဒါပေမယ့် လောလောဆယ် အမိ မြန်မာ နိုင်ငံတော် မှာတော့



(သူငယ်ချင်း နေဘုန်းလတ်ရေ.. နင်လိုချင်တယ် ဆိုတဲ့ ဒီသီချင်းဖိုင်လေးကို နင့်အီးမေးလ် ပျက်လို့ ပြန်မရ နိုင် တော့ပေမယ့် နင်လွတ်လပ်တဲ့ တစ်နေ့ ပြန်ကြည့်လို့ ရအောင် ငါပြန်တင်ပေး လိုက်တယ်နော်.. ဒီသီချင်းဖိုင်လေးကို နောင်တချိန် ကြည့်စရာ မလိုတော့အောင် ငြိမ်းချမ်းတဲ့ တစ်နေ့ ရောက်ပါစေလို့ ငါကြိုးစားနေတယ် သူငယ်ချင်းရေ)


2 comments:

Anonymous said...

သားသည် မိခင်တွေနဲ့ အပြစ်မဲ့ သားသမီးများ အဟိတ် တိရိစ္ဆာန်တွေရဲ့ အတ္တနွံတွင်းမှ လွတ်မြောက်ပါစေ.... နိုင်ငံတကာ ဘလော့ဂ်ဂါများလည်း အမှန်တရား ကလောင်ဆွဲကိုင်ယင်း လွတ်မြောက်ကြပါ ... စေသား။

Part Of My World said...

အချစ်နဲ့ စစ်မှာ မတရားဘူး ဆိုတာ မရှိဘူး ဆိုတဲ့ စကားကို မှန်လား မှားလား လို့  အငြင်းမပွားချင်ဘူး...ဒါပေမဲ့ အချစ်နဲ့ စစ်ကိုဖန်တီးတဲ့ လူမှာတော့ လူ့ဂုဏ်သိက္ခာ ဆိုတာလုံးဝရှိရပါမယ်...သူများ ခင်ပွန်း/ဇနီး/ ချစ်သူတွေ နဲ့  ချစ်ကျွမ်းဝင်တဲ့ သူတွေရယ်.....ဒုတိယကမ္ဘာ စစ်က ဂျပန် နဲ့  ဂျာမနီ တွေကို ဘယ်သုတွေက ဂုဏ်ပြုလို့ လဲ..။