ရှမ်ဘဲလားသို့ အပြန်လမ်း (စတုတ္ထပိုင်း)
(တတိယပိုင်းမှ) ကိုယ့်တာဝန် ကိုတောင် ကိုယ်တိုင် မယူဘဲ သူများ လာလုပ်ပေးမှာ ထိုင်မျှော် ထိုင်စောင့် နေသူတွေနဲ့ နှိုင်းယှဉ်ရင် ဒီလူတွေက သူတို့ တာဝန်ကို တော့ သူတို့ ကိုယ်တိုင် ယူသေးတယ်လေ.. သူများအတွက် လုပ်ပေးရတဲ့ တာဝန်ကို သာ မကျေပွန်တာ မို့လား.. သူတို့ ကိုယ်ကျိုး သူတို့ ရှာရမယ့် တာဝန်တော့ ကျေပွန်သားပဲလေ… တခုပဲ အပြစ်ပြောစရာ ရှိတာက သူတို့က သူတို့ ကိုယ်ကျိုးကို မသမာနဲ့ နည်းနဲ့ ရှာတာလေးပဲ အပြစ်ပြော စရာ ရှိတာ… ကိုယ့်တာဝန် ကိုယ့်အကျိုး အတွက်တောင် ကိုယ်မလုပ် ဘဲ သူများကို အပြစ်ဖို့ ပြီး ကယ်သူထိုင်မျှော် နေတဲ့ သူတွေက ပိုမဆိုးဘူးလား… မကောင်းမှု လုပ်တာတင်မှ မလုပ်သင့် တာကို လုပ်တာ တင်မှ အပြစ် ရှိတာ မဟုတ်ဘူးလေ. လုပ်သင့်တာကို မလုပ်တာလဲ အပြစ်ပဲလေ..
ဒီလိုဆို လူဖြစ်ရတာ အပြစ်ကင်းတဲ့ လူသားဖြစ်အောင် ကျင့်ကြံဖို့ တော်တော် သတိထားရ မှာပဲနော် မယ်မယ်
လူဆိုတာရဲ့ အဓိပ္ပာယ်ကိုက ကိုယ့် ပတ်ဝန်းကျင်လောကကို အညွန့် တလူလူနဲ့ ဖွံ့ဖြိုး တိုးတက် အောင် ကြံ ဆောင် လုပ်ကိုင် နေတဲ့ သူကို ခေါ်တာလေ။ သတ္တ လောကမှာ လူဟာ တခြား တိရစ္ဆာန် အားလုံးထက် အရည် အချင်း တစ်ခုချင်း စီမှာ နိမ့်ကျ နေလျက်က ဦးဆောင်သူ ဖြစ်လာတာဟာ ဒီလို လောကနဲ့ ပတ်ဝန်းကျင် အကျိုး ကို အညွန့် တလူလူ ဖြစ်အောင် ဖွံ့ဖြိုး တိုးတက်အောင် ကြံဆောင် နိုင်တဲ့ အရည်အချင်းကြောင့် ဉာဏ်ရည် ဉာဏ်သွေးကြောင့် ဖြစ်လာတာ သမီးရဲ့
အင် .. ဒီလိုဆို အဲလို အညွန့် တလူလူ ဖြစ်အောင် ကြံဆောင် ကြိုးစားဖို့ ပျက်ကွက် ခဲ့ရင် လူလို့ ဘယ်ခေါ်လို့ ရတော့ မလဲနော်
လူတစ်ယောက်ဟာ လူသား မျိုးနွယ် ထဲမှာ ရှင်သန် ကြီးပြင်း နေလျက်က လုပ်သင့် လုပ်ထိုက် တာကို လုပ်ဖို့ ပျက်ကွက် ခဲ့ရင် မလုပ်သင့် မလုပ်ထိုက် တာကို လုပ်ဆောင် ခဲ့ရင် ဒါဟာ ပြစ်မှု တစ်ခုပဲလေ။ ဒီနေရာမှာ ဆန္ဒာ ဂတိ၊ ဒေါသ ဂတိ၊ မောဟ ဂတိ၊ ဘယာ ဂတိ ဆိုတဲ့ အဂတိ လေးပါးကြောင့် လုပ်သင့်တာကို မလုပ်၊ မလုပ်သင့် တာကို လုပ်ခဲ့ မိကြလို့ တချို့ လူသား မျိုးနွယ်စု တွေ မျိုးသုဉ်း ခဲ့ကြတယ်။ တချို့ လူသား မျိုးနွယ်စု တွေ လူမျိုး လိုက် မုန်းတီးခံ အနှိမ်ခံ အပစ်ပယ် ခံခဲ့ ကြရတယ်။ ဒါဟာ ရှေ့က ပြုလုပ်ခဲ့သူ တစ်ချို့ တစ်အုပ်စုကြောင့် မျိုးနွယ် တစ်ခုလုံး အရိပ်ထိုး ခံကြရတာ ပဲလေ။ ဆိုးမွေခံ ကောင်းမွေခံ မို့လား။
ဒါကြောင့်လဲ သားသမီး ကျင့်ဝတ် ထဲမှာ ကျွေးမွေး မပျက်၊ ဆောင်ရွက် စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍ စောင့် လေ မျိုးနွယ် လို့ ထည့်ထားခဲ့ တာပဲနော်။ မိဘအပေါ် ကျေးဇူး သိတတ်ဖို့ ကျင့်ဝတ်က ၃ခု တည်းရယ်၊ ကျန်တဲ့ ကျင့်ဝတ် ၂ခုက ဘိုးစဉ် ဘောင်ဆက် ပေးခဲ့ ထားခဲ့တဲ့ ပစ္စည်းဥစ္စာ အမွေထက် ကိုယ်ကျင့်တရား၊ အကျင့် စာရိတ္တ၊ ယဉ်ကျေးမှု နဲ့ ရိုးရာ အမွေ တို့ကို ဆက်ခံ ပြီး နောင်လာ နောင်သား မျိုးဆက်သစ် တွေကိုလဲ ကောင်း မွေ တွေကို လက်ဆင့်ကမ်း ပေးသွားဖို့ ထားခဲ့တဲ့ ကျင့်ဝတ် တွေပဲ.. တကယ်တော့ ဒါတွေဟာ လူသား မျိုးနွယ် အပေါ် ကျင့်ရမယ့် ကျင့်ဝတ် တွေပဲနော်.. ဒီလိုဆို အမျိုး အနွယ်ရဲ့ အစဉ် အဆက် စောင့်ထိန်း ခဲ့တဲ့ လူ့ ကျင့် ၀တ် သိက္ခာ တန်ဖိုး တွေကို ဆက်လက် ထိန်းသိမ်းမှု မလုပ်ဘဲ ချိုးဖောက် ဖျက်ဆီး သူကို အမျိုးဖျက်လို့ ခေါ်မှာ ပေါ့နော်။ ဒါဆို အမျိုးဖျက်မှာ အပြစ် ရှိမှာပေါ့နော် မယ်မယ်
ဒါပေါ့ သမီးရယ် ရာဇ၀တ် ပြစ်မှု ကျူးလွန်တာ မဟုတ် ပေမယ့် လူသား မျိုးနွယ် အပေါ် တာဝန် ပျက်ကွက်မှု အပြစ် ကိုတော့ ကျူးလွန်ရာ ရောက်တာပေါ့… ကိုယ့်ရဲ့ ဘိုးဘေး ရှေးမျိုးဆက် တွေက အပြစ် လုပ်ခဲ့ရင်လဲ သူတို့ လုပ်ခဲ့တဲ့ အပြစ် တွေကို သင်ခန်းစာ ယူပြီး ကိုယ့်လက်ထက်မှာ ပိုကောင်းအောင် ပြုပြင် ထိန်းသိမ်း ယူရမယ်။ သူမှားခဲ့တာကို အစဉ်အလာမို့ ဆိုပြီး ကိုယ်က လိုက်မှားစရာ မလိုဘူးနော်။ တချို့က လာသေးတယ် “မိဘ ဘိုးဘွားကို အပြစ် မမြင်ရဘူး ငရဲကြီး တတ်တယ်။ သူတို့ ချမှတ် ထားတဲ့ လမ်းစဉ်ကို ကိုယ်က မသွေဖီ ရဘူး” ဆိုပြီး တလွဲ ဆံပင် ကောင်းကြ သေးတယ်။ တကယ်က အမှန်ကို ပြန်ပြင်ရင် မှားခဲ့တာကို ၀န်ခံ ရမှာ ကြောက်လို့ ဇွတ်အတင်းကြီး ငါစကား နွားရ ပြောကြတာပါ။ ဒါမျိုး အကျင့်ဟာ ပစ္စုပ္ပန် မှာရော သံသရာ မှာပါ ဆုတ်ယုတ် ပျက်စီးကြောင်း တရားပဲ သမီး…
ဟုတ်ကဲ့ပါ မယ်မယ်ရဲ့.. ဘုရား တောင်မှ ဟောထား သေးတယ်။ လမ်းမှားကို လျှောက်နေသော မိဘ ဆရာနဲ့ ကျေးဇူးရှင် တို့ လမ်းမှန်ပေါ် ပြန်ရောက်အောင် သိမ်းသွင်း ဆွဲဆောင် စည်းရုံးခြင်းကို မှန်ကန်သော ကျေးဇူး ဆပ်ခြင်း၊ မြင့်မြတ်သော ကျေးဇူး ဆပ်ခြင်းလို့ ငါဘုရား ဟောဧ။် တဲ့။
လင်းချင်း ကြည်လင်စွာ ပြုံးလိုက်သော အပြုံး တစ်ပွင့်ရဲ့ နောက်ကွယ်မှာ အေးချမ်း ကြည်လင်သော စိတ်အစဉ် က တသိမ့်သိမ့် ငြိမ်းချမ်းလျက်… အနာဂတ် အတွက် အားအင်များကို ဖြည့်တင်း ပေးလျက် … စကားလေး တပြောပြောနဲ့ စကားထဲ အာရုံ ၀င်စားပြီး လမ်းလျှောက် လာရင်း သတိထားမိတော့ လူက သဲကန္တာရ တစ်ခုရဲ့ အလယ်က အိုအေစစ်လေး နားမှာ.. ဖြူဖွေး ထွေးအိ နေသော သဲမှုန် လွလွ တို့အပေါ် နင်းဖြတ် ရသည်က ခြေဖ၀ါးကို ထူးခြားသော အတွေ့တို့ကို ပေးသည်။ အဝေးကို မျှော် ကြည့်မိတော့ ရေကန်… ကျယ်ပြောစွာ၊ သန့်ရှင်းစွာ… သန့်ရှင်း လိုက်သည်မှ သဲဖြူနဲ့ ရေသန့်က လွဲလို့ ဘာဆို ဘာမှ မရှိဘဲ ကြည်လင် သန့်ရှင်း လွန်းလို့ ရေထဲက သဲပွင့် ဖြူဖြူ တို့ကို တပွင့်ချင်း ရေတွက်လို့ ရလောက်အောင် သန့်နေသော ရေကန်… ကျယ်လွန်းလို့ ဟိုးမှာဘက် ဆီကို ကူးဖို့ တံတား ခုံးခုံးလေးကလဲ ဖြတ်သန်း လျှောက်လှမ်း ချင်စရာ ဟင်္သပြဒါး တို့ နီနီရဲရဲ ဆေးခြယ် ထားလျက်..
သို့သော် ရေကန်ရဲ့ ဆွဲဆောင်မှုက ပိုလို့ ကောင်းနေသည်လား.. ရေကန် စပ်ဆီ လျှောက်လှမ်းလာသော သဲဖြူ စိုစို တို့က တင်းတင်း ရင်းရင်း အေးမြလျက်… ရေကန်ထဲကို ခြေသလုံး မြုပ်သည် အထိ တဖြည်းဖြည်း ဆင်းမိတော့ အေးစိမ့် နေသော ရေအတွေ့က သူမကို ပိုလို့ ကြည်နူး စေလေ သည်။ ရေကန်ထဲကနေ ပတ်ဝန်းကျင် ကို ငေးမိတော့ ရေကန်ရဲ့ တဖက်စွန်းမှာ သစ်တောအုပ်က စိမ်းစိမ်း ညို့ လို့… အာရုဏ်ဦးရဲ့ ရောင်နီ ဖြာဖြာ အောက်မှာ ကျေးငှက်တို့ တီတီ တာတာ အုပ်ဖွဲ့ ပျံသန်း နေကြရဲ့… ဒီ အခိုက် မှာ နေလုံး နီနီက တောအုပ်ကြားထဲကို လင်းရောင်ခြည် နီနီ များဖြင့် ဖောက်ထွင်း ဖြန့်ကျက် နေရင်း တဖြည်းဖြည်း ကောင်းကင် ထက်ကို မြင့်တက် လာနေ လေသည်။ ရေကန်ဆီကို အကြည့် ရောက်မိတော့ ရေအောက်က ကိုယ့်ခြေသလုံးနဲ့ ခြေဖ၀ါးတို့ကို တင်းရင်း ဖြူဖွေးစွာ မြင်ရရုံသာ မက ခြေတလှမ်း လှမ်းလိုက်တိုင်း ၀ဲကနဲ့ လွင့်တက် လာသော သဲဖြူ မှုန်မှုန်တို့က ရေထဲမှာ အလွှာလိုက် လွင့်မျောလို့…
ရုတ်တရက် ပတ်ဝန်းကျင် တစ်ခုလုံး နီရဲ စွေးစို သွားလို့ သူမ ကောင်းကင် ပြင်ကို မော့ ကြည့်လိုက် မိသည်။ ကောင်းကင် တစ်ခုလုံး ပတ်ဝန်းကျင် တပြင်လုံးကို အနီရောင် အလင်းတန်းတွေ ဖြန့်ကျက်လျက် နေလုံးကြီးက ကြွေကျ လာလေသည်။ ဦးတည်ရာက သူမရဲ့ ရင်ခွင်ထဲ…
(((အင့်)))
နင့်ခနဲ နောက်ကို ယိုင်သွားသော သူမ … ကိုယ်ခန္ဓာ တစ်ခုလုံး နွေးခနဲ ဖြစ်သွားရင်းက တကိုယ်လုံး အားအင် တွေ ပြည့်ဖြိုး လာသလို ခံစား လိုက်ရသည်။ သတိထား မိတော့ ကောင်းကင်မှာ နေမရှိတော့.. သူမကိုယ်ထဲ နေလုံးကြီး ၀င်လာတာ ပါကလားးးး… အံ့သြ မင်သက်မိ နေခိုက် ကောင်းကင်က အရာ တစ်ခု လက်ခနဲ ဖြစ်ပြီး ရေကန်ထဲက သူမရဲ့ ခြေထောက်ဘေးကို ကျလာသည်။ ကြည့်လိုက်တော့ ဘယက်လိုလို အဆင်တန်ဆာလေး တစ်ခု… စိန်နဲ့တော့ တူသလိုလို ရှိသား… ကြည့်နေဆဲ နောက်တစ်ခု ထပ်ကျ လာသည်။ သူမ ကုန်းကောက်ဖို့ ကြိုးစားတော့ ထို အရာလေးက ရှေ့ကို ရွေ့သွားသည်။ ရေကန်က မနက်လှ သည်မို့ သူမ ရှေ့ကို ခြေတလှမ်း တိုးသွားရင်း ထပ်ကောက်တော့ ထပ်ရွေ့ သွားပြန်သည်။ ကောက်လို့ မမိသေး
ဒီတန်ဆာလေးက လူသာမန်တွေရဲ့ အသုံးအဆောင် ပစ္စည်း မဟုတ်ဘူး သမီးရဲ့… ကောင်းကင်နေ ပုဂ္ဂိုလ်မြတ် တို့ရဲ့ အသုံးအဆောင် ပစ္စည်း ဖြစ်တယ်
သူမရဲ့ ညာဘက်ဘေးက အသံကို သူမ ဂရုမစိုက်အား.. သာမန် အသုံးအဆောင် မဟုတ် ဆိုလို့ ပိုစိတ်ဝင်စား မိတာမို့ မရမက လိုက် ကောက်ရာ တတိယ အကြိမ် တွင် ထိုတန်ဆာလေး သူမ လက်ထဲ ပါလာသည်။ သေချာ နှိုင်းယှဉ် ကြည့်လိုက်တော့ စောစောက ဘယက်လို ပုံစံလေး…. လုံးဝ ဆင်တူ
ဟင်… ပုံစံက တူတူပဲ.. ဘာကွာလို့လဲ
**********************************************************
ဟင်… ကွာတယ်လေ.. ဒါက NOKIA၊ ဟိုဖုန်းက HUTCH… ဒီဇိုင်းလေးပဲ တူတာ။ ဒီမှာကြည့် model ရော function ပါ တခြားစီ
အန်… ဘာဆိုင်လို့လဲ
မျက်လုံးအစုံကို သေချာ ပွတ်သပ်မိတော့ ခင်ပွန်းသည်က မနေ့ညက သူအသစ် ၀ယ်လာသော ဟန်းဖုန်း နှစ်လုံးကို သေချာ ယှဉ်ပြရင်း manual books များနဲ့ အလုပ်ရှုပ် နေလေသည်။ သူမလဲ အိပ်မက်ယောင် တာကို သတိ မထားမိဘဲ သူ့ ဟန်းဖုန်း နှစ်လုံးကို သေချာ လာရှင်းပြ နေသော ခင်ပွန်းသည်ကို ရီရ အခက်၊ ထုရ အခက်နဲ့မို့ အသာ အိပ်ရာ ထရင်း ရေချိုးခန်းသို့ ၀င်ခဲ့ရ လေသည်။
(ဆက်လက် ဖော်ပြ ပါဦးမည်။)
No comments:
Post a Comment