Sunday, July 13, 2008

မြို့ ရန်ကုန် ပြောင်ကတုံးကို သျှောင်ထုံး စို့လား (တတိယပိုင်း)

ကာဗွန်မိုနောက်ဆိုဒ် (CO)

ကာဗွန်မိုနောက်ဆိုဒ် ဆိုတာ အရောင်နဲ့ အနံ့ ကင်းမဲ့ပြီး လောင်စာတွေ အပြည့်အ၀ မလောင်ကျွမ်းတဲ့ အခါမှာ ထွက်ပေါ်လာတဲ့ ဓာတ်ငွေ့ ဖြစ်ပါတယ်။ မြို့တွေမှာ ကာဗွန်မိုနောက်ဆိုဒ် ထုတ်လွှတ်မှု စုစုပေါင်းရဲ့ ၈၅%ကနေ ၉၅% ဟာ မော်တော်ကား မောင်းနှင်မှု တွေကနေ ထွက်ပေါ်လာတာပါ။ အထူးသဖြင့် အင်ဂျင် ကျနေတဲ့ ကားဟောင်းများက ပို ထုတ်လွှတ်ပါတယ်။ ဒါကြောင့် ဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံတိုင်းမှာ ကားတစ်စီးကို သတ်မှတ်ကာလ အထိသာ စီးနင်း အသုံးပြုခွင့် ရပြီး သက်တမ်း ကျော်လွန်ပါက လိုင်စင် ထုတ်ပေးခြင်းကို ရပ်ဆိုင်းပြီး ကားသစ်ကိုသာ စီးနင်း စေပါတယ်။ ကာဗွန်မိုနောက်ဆိုဒ်ဟာ သိပ်သည်းမှု မြင့်မားတဲ့ အခါ ကျန်းမာတဲ့ လူကိုတောင် အဆိပ်သင့်စေပါတယ်။ နှလုံးရောဂါ ကိုတောင် ဖြစ်ပွားစေနိုင် လောက်အောင် ပြင်းထန်ပါတယ်။
ကာဗွန်မိုနောက်ဆိုဒ် ထွက်ပေါ်ရာ အရင်းအမြစ် များကတော့


 မော်တော်ကားဟောင်းများ
 တခြား စက်အင်ဂျင်များနဲ့ ယာဉ်များ (ဆောက်လုပ်ရေး လုပ်ငန်းသုံး စက်များ၊ စက်တပ်လှေများ
 စက်မှုလုပ်ငန်းများ (ဓာတု ထုတ်လုပ်ရေး လုပ်ငန်းများနဲ့ သတ္ထုလုပ်ငန်းများ အပါအ၀င်)
 ထင်းမီးဖို၊ ဂက်စ်မီးဖို၊ ဆေးလိပ်မီးခိုး၊ လေအေးနဲ့ လေနွေးပေးစက်များဟာ အိမ်ခန်းတွင်း ကာဗွန်မိုနောက်ဆိုဒ် ထုတ်လွှတ်ရာ အရင်းအမြစ်များ ဖြစ်ပါတယ်။ ပြင်ပ လေထုမှာ ကာဗွန်မိုနောက်ဆိုဒ် သိပ်သည်းဆ အမြင့်ဆုံး အချိန် များကတော့ အပူအအေး ပြောင်းလဲမှု မကြာခဏ ဖြစ်လေ့ ရှိတဲ့ အေးသော ရာသီဥတု ရှိတဲ့ အချိန်ကာလ များပဲ ဖြစ်လေ့ ရှိပါတယ်။

ကာဗွန်မို နောက်ဆိုဒ် ပါဝင်တဲ့ လေထု ညစ်ညမ်း မှုဟာ မြေပြင် အနီး နွေးတဲ့ လေထု အလွှာရဲ့ အောက်မှာ အလွှာလိုက် ပိတ်မိ နေလေ့ ရှိပါတယ်။

ကျန်းမာရေး ထိခိုက်စေပုံနဲ့ ဘယ်သူတွေကို သက်ရောက်မှု အများဆုံးလဲ

ကာဗွန်မိုနောက်ဆိုဒ်ဟာ လူ့ ကိုယ်တွင်း အင်္ဂါများဖြစ်တဲ့ ကြွက်သားများ၊ ဦးနှောက်နဲ့ နှလုံးတို့ ဆီကို သွေးကနေ တဆင့် အောက်ဆီဂျင် ပို့လွှတ်မှုကို လျော့ကျ စေပြီး ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေပါတယ်။

နှလုံးသွေးလွှတ်မှု စနစ်ကို ထိခိုက်စေမှု။ ။ နှလုံးရောဂါ၊ သွေးကြောပိတ်ရောဂါနဲ့ နှလုံး အခန်းနဲ့ အဆို့ရှင်ပျက် နေတဲ့ ဝေဒနာရှင် များအတွက် ကျန်းမာရေး အန္တရာယ်ကို အနိမ့်ဆုံးသော ကာဗွန်မိုနောက်ဆိုဒ် ပမာဏကတောင် အပြင်းထန်ဆုံး ခြိမ်းခြောက် နိုင်ပါတယ်။ ဒီလို ဝေဒနာရှင်တွေကို တကြိမ်တခါ လောက်တောင် ကာဗွန်မိုနောက်ဆိုဒ် သိပ်သည်းမှု နည်းပါးတဲ့ ပမာဏ သက်ရောက်မိရင်တောင် ရင်ဘတ်နာ ဝေဒနာကို ခံစားရစေပြီး မကြာခဏ သက်ရောက် ရင်တော့ ပိုဆိုးတဲ့ နှလုံးနဲ့ သွေးကြော ဆိုင်ရာ ဆိုးကျိုး သက်ရောက်မှု တွေကို ဖြစ်ပေါ်စေ နိုင်ပါတယ်။

ဗဟိုအာရုံကြော စနစ်ကို ထိခိုက်စေမှု။ ။ ကျန်းမာရေးကောင်းတဲ့ သူများတောင်မှ ကာဗွန်မိုနောက်ဆိုဒ် အဆိပ်ငွေ့သင့်ရင် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ကာဗွန်မိုနောက်ဆိုဒ် ပမာဏ အများအပြားကို ရှူမိတဲ့ ကျန်းမာရေး ကောင်းသူ တစ်ဦးဟာ အမြင်အာရုံ ထိခိုက်ခြင်း၊ အလုပ်လုပ် နိုင်မှုနဲ့ သင်ကြား လေ့လာနိုင်မှု ကျဆင်းခြင်း၊ များပြား ရှုပ်ထွေးတဲ့ အလုပ်များကို မလုပ်နိုင် တော့ခြင်း စတာ တွေကို ခံစား ရပါတယ်။ ကာဗွန်မိုနောက်ဆိုဒ် သိပ်သည်းဆ သိပ်ကို များလာရင်တော့ အဆိပ်သင့်ပြီး သေစေ နိုင်တဲ့ အထိ ပြင်းထန်စွာ ထိခိုက် နိုင်ပါတယ်။

သဘာဝ ပတ်ဝန်းကျင်ကို ဘယ်လို ထိခိုက်စေနိုင်သလဲ။

ကာဗွန်မိုနောက်ဆိုဒ်ဟာ မြေပြင်အနီး အိုဇုန်းလွှာ ဖြစ်ပေါ်မှုကို ထည့်ဝင် အားပေးပြီး သဘာဝ ပတ်ဝန်းကျင်ကို သွယ်ဝိုက်သောနည်းနဲ့ ထိခိုက်စေ ပါတယ်။ ဒါ့အပြင် ပြင်းထန်တဲ့ အသက်ရှူ လမ်းကြောင်း ပြသနာတွေကို အားဖြည့် ပေးပါတယ်။
(ဆက်လက် ဖော်ပြပါမည်)

No comments: