Friday, June 6, 2008

ရှမ်ဘဲလားသို့ အပြန်လမ်း

(((ဖုဝှါ… ))) (((မူဟို့… ))) (((နွီအော် ဝှေလိုင်))) (ဖုဝှါ= ခမည်းတော်၊ မူဟို့= မယ်တော်၊ နွီအော်= သမီး၊ ဝှေလိုင်= ပြန်လာပြီ)

မြတ်စွာဘုရား.. လန့်လိုက်တာ

အိပ်မောကျနေခိုက် ရှင်းနွီရဲ့ ယောင်ယမ်း အော်သံကြောင့် သူလန့်နိုး သွားခဲ့ရသည်။ သူမ အဲလို ယောင်ယမ်း ထအော် တတ်တာ ကလေးဘ၀ တည်းက ဖြစ်ပြီး သူလဲ သူမနဲ့ လက်ထပ်ပြီးတည်းက သေချာ သိရသည်။

ရှင်းနွီ .. အိပ်မက် မက်ပြန်တာလား.. ထ..ထ.. ရေလေး နည်းနည်း ဖြည်းဖြည်းချင်း သောက်လိုက်နော်

သူကမ်းလာသော ရေကို ဖြည်းညင်းစွာ သောက်ချရင်း ရှင်းနွီ စိတ်ကို လျှော့ချ လိုက်ရသည်။ ပြီးတော့ ပြန်မှိန်းနေရင်း အိပ်မက် နှင့် ပတ်သက်သော သူ့အတိတ်ကြောင်းကို ပြန်ပြောင်း စဉ်းစား နေမိ လေသည်။
***************************************************************************

သားယောက်ျားလေး လိုချင်ခိုက် မိန်းကလေး အဖြစ် မွေးရုံမက သူမကို မွေးစဉ်က စီးပွားရေး ကျဆင်းသောကြောင့် ကံဆိုးခြင်း တွေကို သယ် ဆောင် လာသော သူအဖြစ် ကလေး ဘ၀ တည်းက မိသားစုရဲ့ အနိုင်ကျင့် ဗိုလ်ကျ နှိမ့်ချ မှုကို ခံရသော ရှင်းနွီ တစ်ယောက် ဆုံးပါး သွားပြီ ဖြစ်သော အဖိုး ကို ယမ်းယော်လျက် မိုး ကောင်းကင်ကို မော်ကြည့်ရင်း အဖိုးကို ရင်ထဲက တမ်းတပြီး ခေါ်မိတတ်တာ ညတိုင်းပါ။ ဒါပေမယ့် အဲလိုည ရောက် တိုင်း အိပ်မက်ထဲမှာ မိန်းမ တစ်ဦးနဲ့ ယောက်ျားတစ်ဦးက အမြဲ လာရောက် တွေ့ဆုံ နှစ်သိမ့် တတ်တာမို့ ရှင်းနွီ အဖို့ မိဘ အစား ရသလို ပါပေ။ အိပ်မက် ထဲမှာ သူတို့ကို အဖိုးနဲ့ မယ်မယ်လို့ ရှင်းနွီ ခေါ်တတ် ခဲ့သည်။ မိသားစုက ပြင်ပ ၀န်းကျင်နဲ့ ထိတွေ့ ပတ်သက်ခွင့် မပေး၊ အပေါင်း အသင်း သူငယ်ချင်း ထားခွင့် မပေး သောကြောင့် အထီးကျန် နေခဲ့ရသော သူ့ပတ်ဝန်းကျင် မှာလဲ ဘုန်းတော်ကြီး များနဲ့ မယ်သီလ များသာ ရှိနေတတ်တာမို့ သာသနာရေး အသိုင်းအ၀ိုင်းနှင့် ၀င်ဆံ့ ကျင်လည် နေခဲ့သည်။ မူလတန်း ကျောင်းသူ အရွယ် ကပင် တရား ထိုင်နည်း သမထ ပညာရပ်ကို သင်ကြား တတ်မြောက် ခဲ့သော ရှင်းနွီ အဖို့ စိတ်ဆင်းရဲမှု များစွာကို တရား ထိုင်ရင်းဖြင့် ကြံ့ကြံ့ခံ ကျော်လွန် ဖြတ်သန်း ခဲ့ရ လေသည်။ ထို့ကြောင့် သူမရဲ့ သမထ တရားမှာ သမာဓိ ကောင်းလာ ခဲ့လေသည်။ ဒီလိုနဲ့ သူမ အသက် ဆယ့်ခြောက်နှစ်သမီးတွင် ပထမဆုံး တရား စခန်း ၀င်ခဲ့စဉ် မယ်မယ်နှင့် အိပ်မက် ထဲတွင်သာ မက အပြင်မှာပါ ဆုံခဲ့ တော့သည်။ သူမ တရားထိုင် နေစဉ် ရေငတ်လျှင် အာရုံ ထဲတွင် ရေလာ တိုက်တတ်သော၊ သူမ အပြင်း အထန် နေမကောင်းလျှင် ဆေးနက်လုံး လေးများ လာတိုက် တတ်သော၊ သူမ အလွန် စိတ်ဓာတ်ကျ နေလျှင် ညင်သာ သိမ်မွေ့ နူးညံ့ အေးချမ်းသော လေသံလေးဖြင့် နှစ်သိမ့် တတ်သော မယ်မယ့်နှင့် သူမတို့ စကားလက်ဆုံ ကျလေ့ ရှိကြသည်။

တခါတရံ မရောက်ဖူးသော နေရာများ မတွေ့ဖူးသော လူများနဲ့ အိပ်မက်ထဲမှာ ကြုံဆုံ ရပြီး နောက်ပိုင်းတွင် တကယ့် မျက်မှောက်လောက တွင် မှာပါ အိပ်မက်ထဲက အတိုင်း ချွတ်စွပ် ပြန်ကြုံရသော အခါ ရှင်းနွီ အဖို့ အံ့သြ တကြီး ဖြစ်ရသော်လည်း နောက်ပိုင်းတွင် ရိုးသွားခဲ့ပြီး ဘာသိ ဘာသာ နေတတ် ခဲ့လေသည်။ ဒီလိုနဲ့ အထက်တန်း အောင်မြင်ပြီးသော အခါ ရှင်းနွီ တစ်ယောက် တက္ကသိုလ် ရောက်သော် လူများကို ပက်ပင်း ကြုံရ ပေ တော့သည်။ တက္ကသိုလ် ၀န်းကျင် အသိုင်းအ၀ိုင်းက ဂုဏ်တု ဂုဏ်ပြိုင် စကားရည်လု အုပ်စုဖွဲ့မှု များကြားတွင် ယောင်လည်လည်နှင့် လူသား ဘောလုံး ကွင်း ထဲက ဘောလုံးလေး တစ်လုံးလို လိမ့်ချင်သလို လိမ့်ကာ ငါးဖယ်သား ကျသော ရှင်းနွီမှာ အိပ်မက် တစ်ခုကိုသာ တင်းတင်း ဆုပ်ကိုင် ထားရ လေတော့သည်။

မယ်မယ်.. သူတို့ စိတ်ထား တွေက ကြောက်ဖို့ ကောင်းလိုက်တာ.. သူတို့ ဘာလို့ အဲလို အဲလောက် လုပ်ရက်၊ ပြောရက် ကြတာလဲဟင်..
လူတွေမို့ပေါ့ သမီးငယ်ရယ်
သမီး ငယ်ငယ်တုန်းက တွေ့ဖူး ခဲ့တဲ့ သူတွေက အဲလို မဟုတ်ကြ ပါဘူး
သူတို့က သာမန်လူတွေ မဟုတ်ဘူးလေ သမီးငယ်ရဲ့.. သူတို့က သူတော်စင်တွေ
အော်..
ဒါဖြင့် သမီးက ဘာလို့ ငယ်တည်းက လူတွေနဲ့ စမတွေ့ရဘဲ သူတော်စင် တွေနဲ့ အရင်တွေ့ရပြီး ဘာလို့ ခုမှ လူတွေနဲ့ စတွေ့ ရတာလဲဟင်
ဒါ သမီးရဲ့ အဖေရဲ့ စီမံမှုတွေ ပါပဲ… သမီးကို အဘိုးကလဲ ဒီလို ဖြစ်စေချင်ပါတယ်လေ။ ငယ်တည်းက လူတွေနဲ့ စတွေ့ရင် သမီးငယ် တအား လန့်သွားမှာ ပြီးတော့ ငယ်တည်းက အမှား၊ အမှန်တို့ရဲ့ မာယာကို မခွဲခြား နိုင်သေးခင် အတွေးမှား တွေကို အရင် မြင်ဖူး တာကို အမှန် ထင်ပြီး အတုခိုး မှားမိမှာ စိုးလို့ပေါ့ သမီးငယ်..
ဒါဖြင့် အမြဲ သူတော်စင် တွေနဲ့ပဲ ၀န်းရံ ထားပေးပေါ့
အဲလိုဆိုရင် သဘာဝ လောကရဲ့ စစ်မှန်မှုကို သမီးငယ် ဘယ် မြင်တွေ့တော့မလဲ
အဆိုးရော အကောင်းရော လောကမှာ ဒွန်တွဲ အားပြိုင်နေတာ သဘာဝပေါ့ ဟုတ်လား မယ်မယ်
သမီးငယ်က တထွာပြရင် တလံမြင်ပါတယ်…
ခု လောကမှာ အဆိုးနဲ့ အကောင်း အားပြိုင်နေတဲ့အချိန် တခါတရံ မက လူကောင်းက ခဏခဏ ရှုံးနေတာ ဘာလို့လဲ မယ်မယ်.. အားကြီးသူ နိုင်စတမ်း ဆိုတာ အမှန်တရားပဲလား
ဘယ်ဟုတ်ပါ့မလဲ သမီးငယ်ရယ်.. အဖြူရောင် များပြီး အမဲကွက်နည်းတဲ့ ပိတ်စကို အမဲစွန်း နေတဲ့ အဖြူ၊ အမဲရောင် များပြီး အဖြူ နည်းနည်းစွန်း နေတဲ့ ပိတ်စကို အဖြူစွန်းတဲ့ အမဲလို့ပဲ ခေါ်ပါတယ်။ ဒါပေမယ့် အဖြူက အဖြူ အမဲက အမဲပါပဲ သမီးငယ်ရဲ့
ဒါဆို အခု လောကမှာ လူဆိုးနဲ့ လူကောင်း ဘာလို့ လူကောင်းက ရှုံးနေတာလဲမယ်မယ်
လူကောင်းက တကယ် မရှုံး ပါဘူး သမီးငယ်ရယ် … လောကီက လူသားတွေ ရဲ့ သာမန် အမြင်နဲ့ ကြည့်ရင်တောင် ရေတိုမှာ လူကောင်းက ရှုံးသ လိုလို ဖြစ်ကောင်း ဖြစ်မယ် ရေရှည်မှာတော့ လူကောင်းပဲ နိုင်ပါတယ်။ ဥပမာ လူကောင်းကို လူဆိုးက ရိုက်တယ် ဆိုပါတော့.. လူကောင်းမှာ အသား နာချင် နာမယ်.. ဒါပေမယ့် လူအပေါင်းရဲ့ စိတ်တွေက လူကောင်း ဘက်မှာပဲ ရှိတော့တယ် လူဆိုးကို လူတိုင်းက ရွံ့ကြောက်ဖား ပဲ ဆက်ဆံ တော့မယ်၊ လူကောင်းကိုတော့ ချစ်ကြောက် ရိုသေ ဖြစ်တော့မှာလေ.. ဒါကို စိတ်ပိုင်း ဆိုင်ရာ အနိုင် ရနည်းလို့ ခေါ်တယ် .. ဒါပေမယ့် လောကုတ္တ ရာ ဓမ္မ ဘက်ကနေ ကြည့်ရင်တော့ လူကောင်းကို လူဆိုးက နှိပ်စက်ခွင့် ရနေ တာဟာ အတိတ် ဘ၀က ဆိုးခဲ့တဲ့ လူဟာ ခုဘ၀မှာ လူကောင်း ဖြစ် ပေမယ့် ၀ဋ်ကြွေး ကတော့ ဆပ်ရ မှာက ဆပ်ရ မှာပဲကိုးး ဒီတော့ လူကောင်းရဲ့ ၀ဋ်ကြွေး တွေကို လူဆိုးက ဆေးကြော ပေးနေ ရတာမို့ လူကောင်း အတွက် ၀ဋ်ကြွေး စင်ကြယ် ပေါ့ပါး သွားပေမယ့် လူဆိုး ခမျာ သူများ ၀ဋ်ကုန်ဖို့ သူဝဋ်ပြန် ခံရ တော့မယ်လေ။ တကယ်တော့ လူဆိုးနဲ့ လူကောင်း နှစ်ယောက်လုံးဟာ သာမန် ပုထုဇဉ် လူသားတွေ ဖြစ်နိုင် ပေမယ့် စိတ်ထားတွေ ကောင်းအောင် ထားနိုင် မထားနိုင်၊ စိတ်ဆိုး စိတ်မိုက် တွေကို ထိန်းချုပ် နိုင်၊ မနိုင်ပေါ် မူတည်ပြီး လူကောင်း လူဆိုး ခွဲခြား လိုက်နိုင် တာပါပဲ။ စိတ်စေတနာဟာ တူသော အကျိုးပေး ပါတယ် သမီးငယ်…

ဒါဆို တချို့ တအားဆိုးနေတဲ့ လူလိုစဉ်းစား မပေးတတ် လောက်အောင် နားလည် မပေးနိုင် လောက်အောင် ဆိုးနေတဲ့ လူတွေ နှစ်ပေါင်းများစွာ ဘာလို့ ဆက်ပြီး သရဖူ ဆောင်းနိုင် နေတာလဲ မယ်မယ်

(ဆက်လက် ဖော်ပြပါဦးမည်...)

3 comments:

တန်ခူး said...

ရှင်းနွီက ရင်ထဲရောက်သွားပြီ…အဖွင့်မှာကို အရမ်းလေးနက်နေတော့…နောက်ပိုင်းတွေကို အရမ်းစိတ်ဝင်စားနေမိတယ်…၀မ်းစာပြည့်တဲ့သူမို့  ပေးမယ့်Messageလေးတွေကို မျှော်လင့်ရင်း…

shin said...

At first , I just think ဖုဝှါ… မူဟို့… နွီအော် ဝှေလိုင် are just one of myanmar(kachin or shan) dialect. Only just now, I notice those are mandarin chinese.... ha ha ha....
It's a nice story. Hope to see your new post

Doughnut IO said...

Is it Shambella ? (as in the Full Metal Alchemist and the Conqueror of Shambella) ? What is the meaning of that word?