Sunday, June 1, 2008

သခင်မျိုးဟေ့ ဒို့ဗမာ တဲ့... ဒို့ခေတ်တွင်မှ ညံ့ကြတော့ မှာလား.. ဟေ့ ဒို့ဗမာ !!!


မြန်မာ လူမျိုးတို့ ကိုယ့်ထီး ကိုယ့်နန်း ကိုယ့် ကြငှာန်းနဲ့ နေခဲ့ရာက သူ့ကျွန်ဘ၀ ရောက်စဉ်ကပင် မြန်မာလူမျိုး ဖုန်း တောင်း ယာစကာ ဆိုသည်ကို တော်တော် ရှာယူရအောင် ရှားပေမည်။ ကျွန်ကိုပင် မြန်မာကျွန် ခိုင်းမရ သောကြောင့် ကုလားကျွန်ကိုသာ ခေါ်သုံးယူရသည် အထိ သွေးကြီး ခဲ့ကြသည်။ စာဆို ရှင်ငြိမ်းမယ်ဧ။် စစ်မှာတမူ ကဗျာတွင်မှာပင် ကျွန်မှာ ကုလားဟု သုံးနှုံး ခဲ့ဖူးသည်။ အဘယ်ကြောင့် ဆိုသော် မြန်မာလူမျိုး တို့သည် အလွန် အရှက်အကြောက် ကြီးမားပြီး အလှူရေစက် လက်နဲ့ မကွာ ကိုယ်ကသာ ပေးလှူချင်သော လူမျိုး ဖြစ်ခဲ့သည်။ ယေဘုယျ အားဖြင့် အောက်ကျို့ ရမည့် အလုပ်မျိုးကို အတတ်နိုင်ဆုံး မလုပ်လိုခဲ့ကြ။ သို့သော် စစ်အာဏာရှင် လက်အောက်တွင် စစ်ကျွန် အဖြစ် ၄၆ နှစ်ကြာ ခါးစည်းခံ ရသော ဆင်းရဲ မွဲတေမှု ကို နာဂစ်ဆိုသော ပန်းပွင့် အမည်ရှိ မုန်တိုင်းက ရက်စက်မှု သရဖူ ဆောင်းပေး လိုက်သောအခါ










မြန်မာလူမျိုးတို့သည် “သခင်မျိုးဟေ့ ဒို့ဗမာ” ဖြစ်သေး သလော။ “ပုဗ္ဗေစ အခြေမလှတဲ့သူ” မျိုးရိုး ဖြစ်ကုန်ပြီလော။ မိုးထဲ ရေထဲမှာပင် အမိုးမရှိ အကာမရှိ ကွင်းပြောင်ပြောင်မှာ တန်းစီ ငုတ်တုတ်ထိုင်ရင်း တောင်းနေရတဲ့ဘ၀၊ အလှူရှင် အလာကိုပင် မစောင့်နိုင် လောက်အောင် ဒုက္ခ ရောက်လွန်း သောကြောင့် နေရင်းရွာမှ ကားလမ်းမ ဘေးကို သုံးနာရီ ကြာအောင် လမ်းလျှောက်လာပြီး လမ်းဘေးထိုင်ရင်း လာသမျှ ထိုင်ရှိခိုးရင်း တောင်းရတဲ့ ဘ၀ မှာ... ကျွန်မတို့ရဲ့ လူမျိုးတွေ... လူမျိုးခြားတွေ တကမာလုံးက အကုန်မြင်လို့... စဉ်းစား ကြည့်လိုက် စမ်းပါ.. ဒါ နင်တို့ လူမျိုး တွေလား လို့ မေးလာရင် ဘယ်လို ဖြေချင်လဲ...

ကဲ!!! ကမ္ဘာ တ၀ှမ်းလုံးမှ မြန်မာ လူမျိုး (နိုင်ငံသားနဲ့ လူမျိုး ကွာခြားကြောင်း၊ လူမျိုး ဆိုသည်မှာ နိုင်ငံသား ပြောင်းရုံနဲ့ လူမျိုးပျောက်မသွားကြောင်း ယခင် ပို့စ်မှာ ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။) များအားလုံး မိမိတို့ လူမျိုးကို “သခင်မျိုးဟေ့ ဒို့ဗမာ” ပြန်ဖြစ်စေချင်သလား။ ငါတို့က နိုင်ငံသား ပြောင်းပြီးမို့ “ ပုဗ္ဗေစ အခြေမလှတဲ့ လူမျိုး” အဖြစ် နိုင်ငံခြားသားများ အလယ်၊ တခြားလူမျိုးများ အလယ်မှာ ဖြစ်ချင်တာ ဖြစ်ပေစေ လို့သဘောထားပြီး မျက်နှာလွှဲ ခဲပစ် လုပ်ထားကြမလား။ ဒီလို အခြေအနေ ထိ ဆိုက်ရောက်ရတာ ဘာကြောင့်လဲ။ အဲဒီ အကြောင်းရင်းကို ဆက်လက် ဖြစ်ပွားခွင့် ပေးထားကြ ဦးမှာလား။ အကြောင်းရင်းက အမြစ် မပြတ် ရင်တော့ အခက်အလက်က ဝေဦးမည်။ “ ဒို့ခေတ်တွင် မှာမှ ညံ့ကြရ တော့မလား” လို့ ကိုယ့်ကိုယ်ကို မေးခွန်း ထုတ်ရင်း အားလုံးကိုပါ မေးခွန်း ထုတ်လိုက်ပါတယ်။

1 comment:

JulyDream said...

ဒို့ခေတ်ရောက်မှ ညံ့ရတော့မလား မေးတော့... တကယ်တမ်း ဖြေရရင်... အတော်လေးကို ညံ့နေပါပြီ။ ဘာကြောင့် ညံ့နေရသလဲ ဆို.... စည်းလုံးမှုနဲ့ ယုံကြည်မှုတွေ အပြန်အလှန် မရှိတော့လို့ပါ။ ဘယ်သူ့ကို ယုံရမှန်း မသိ၊ ဘယ်သူ့ကို စည်းရုံးရမှန်း မသိတဲ့ အခြေအနေမှာ မြေဇာပင် ဖြစ်ခဲ့ရတာကတော့ ပြည်သူတွေပါပဲ။

တကယ်လို့သာ စနစ်တကျ ထိထိရောက်ရောက် ဦးဆောင်မှု ပေးနိုင်မယ့် လူမှုရေး အသင်းအဖွဲ့မျိုးကသာ ယုံကြည်မှုတွေ တည်ဆောက်ပြီး ဦးဆောင်မှု ပေးနိုင်ခဲ့ရင် အခုလို အကူအညီ ရတဲ့လူက ရ.... အကူအညီ မရသေးလို့ အရှက်ကိုတောင် မငဲ့ကွက်နိုင်တော့ပဲ လမ်းဘေးထွက် ဖြတ်သန်းသွားသမျှ ကားတွေပေါ်က လှူဒါန်းမယ့် အရာတွေကို မျှော်ကိုးနေရတဲ့သူတွေ ရှိမယ် မထင်ပါဘူး။

အခုတော့ မြန်မာဆိုတဲ့ ဂုဏ်ကို နှိမ့်ချခံရတယ်လို့ အပြောခံ အဆိုခံရပြီ။ ငါ့ဝမ်းပူဆာ မနေသာ တဲ့...။ တကယ် ငတ်နေတဲ့အခါ ဘယ်သူ လာကျွေးမှာလဲ။ လာကျွေးတဲ့သူ ရှိရင် ထွက်တောင်းမယ့် လူတွေ မဟုတ်လောက်ပါဘူးဗျာ။

ဒါကြောင့် အလှူရှင်တွေ အနေနဲ့ လိုအပ်နေတဲ့နေရာကို အချိန်ပေး လေ့လာပြီး ထိထိရောက်ရောက် ဖြစ်အောင် လှူဒါန်းပေးကြပါ။ ငါ့မြင်းငါစိုင်း စစ်ကိုင်း ရောက်ရောက်... ဘယ်သူ့ လှူလှူ ကုသိုလ် ရပါတယ် ဆိုတဲ့အတွေးတွေ ချန်ထားခဲ့ပါ။ ကျွန်တော်တို့ ခေတ်ရောက်မှ ညံ့ရတာမျိုး ထပ်မဖြစ်ရအောင် အမျှော်အမြင် ရှိကြပါ။ အချင်းချင်း စည်းလုံးကြပါ။ လူမှုရေးအဖွဲ့တွေနဲ့ အပြန်အလှန် ယုံကြည်မှုကို တည်ဆောက်ကြပါလို့ တောင်းဆိုချင်ပါတယ် ခင်ဗျာ။