Friday, February 29, 2008

မတရားဖမ်းဆီး ခံထားရတာ ဒီနေ့ တလပြည့်တဲ့ … မျှော်လင့်ချက် မထား တတ်တဲ့ သူငယ်ချင်း တစ်ယောက်ရဲ့ တန်ဖိုး

လူတစ်ယောက်ရဲ့ တန်ဘိုးဆိုတာ သူက သူ့ပတ်ဝန်းကျင် ကောင်းကျိုး အတွက် ကာယကံ၊ ၀စီကံမြောက် တခုခု ဆောင်ရွက် ပေးနိုင် နေမှ၊ တခုခု လုပ်နိုင် ကိုင်နိုင် နေမှ တန်ဖိုး ရှိတာ မဟုတ်ပါဘူး။ သူရှိနေလို့ ဒါမှ မဟုတ် သူရှိနေ တယ်လို့ ခံစားရလို့ ဒါမှမဟုတ် သူရှိနေ ခဲ့ဖူး တယ်လို့ ခံစား ရတဲ့ အတွက် သူ့ပတ်ဝန်းကျင် က လူတွေ ရဲ့ စိတ်ထဲမှာ ငါတို့ကို ဘယ်လို အခြေအနေ ဖြစ်ဖြစ် နားလည် အားပေး နေတဲ့ သူတစ်ယောက် ရှိနေပါ သေးလား လို့ ခံစားမိပြီး စိတ်ထဲမှာ လုံခြုံ နွေးထွေးမှု ခံစား ရရင်ကို အဲဒီလူ တစ်ယောက်ရဲ့ တန်ဖိုးက တန်ဖိုး ဖြတ် လို့ မရနိုင် လောက်အောင် ကြီးပါတယ် တဲ့။ ဒီစကားဟာ အရိုးကင်ဆာ ဝေဒနာကြောင့် မကြာခင် ဘ၀ တစ်ပါး ကို ပြောင်းခါနီး သူငယ်ချင်း တစ်ယောက်ကို ရည်ညွှန်းပြီး ပြောခဲ့ဖူးတဲ့ .. သူငယ်ချင်းအပေါ် ထားတဲ့ စိတ်ထားကို ထင်ဟပ် နေတဲ့ .. နေဘုန်းလတ်ရဲ့ စကား တချို့ပါပဲ။

ပညာရေးနဲ့ ပတ်သက်ပြီး မျှော်လင့်တကြီး ကြိုးစားတတ်သလောက် မတရား ဗိုလ်ကျ မှုတွေနဲ့ လောကဓံ မုန်တိုင်း တွေရဲ့ အောက်မှာ မျှော်လင့်ချက်တွေ အမြဲလိုလို ရိုက်ချိုး ခံရတတ်တဲ့ ကျွန်မ စိတ်ပျက် လက်ပျက် ခံစားရတိုင်း လုပ်သင့် လုပ်ထိုက် တာတွေကို လုပ်စရာမို့ လုပ်သင့်တဲ့ အချိန်မှာ လုပ်တယ် လို့ပဲ သဘော ထားဖို့ နဲ့ မျှော်လင့်ချက် တွေကို အတတ်နိုင်ဆုံး မထားဖို့ သူငယ်ချင်းလေး နေဘုန်းလတ်က ခုလို ဆောင်းပါး လေးနဲ့ ကျွန်မကို နှစ်သိမ့်ဖူး ပါတယ်။

မျှော်လင့်ချက်နဲ့ ခံစားချက်

တခါတုန်းက ငါ လက်ဆောင် တစ်ခု ရဖူးတယ်
အရမ်းကြီးတဲ့ ဘူးကြီးကို Packaging လှလှပပ ထုတ်ထားတာ။
အထဲမှာ ဘာတွေများ ပါမလဲ ဆိုတဲ့ မျှော်လင့်ချက်နဲ့ ငါရဲ့ ရင်ခုန်သံတွေ မြန်နေခဲ့တယ်။
ငါ package ကို ဖွင့်လိုက်တယ်။ အဲဒီ ဘူးကြီးထဲမှာ နောက်ထပ် package ထုတ်ထားတဲ့ဘူးသေး တစ်ဘူး ထပ်တွေ့တယ်။
စိတ်ထဲမှာ နည်းနည်းတော့ ကသိကအောက် ဖြစ်သွားတယ်။ ဒါပေမယ့် ဒီဘူးထဲမှာတော့ အဖိုးတန်တာ တခုခု ရှိမှာပါလေ လို့ တွေးပြီး ငါထပ်ဖွင့်လိုက်တယ်။
အဲဒီထဲမှာလဲ အရင်ကလိုပဲ ဒီထက် ပိုသေးတဲ့ package ထုတ်လေး တစ်ခုကို ထပ်တွေ့ ပြန်တယ်။ ငါ နည်းနည်း စိတ်တိုလာတယ်။ ဒါပေမယ့် … ဒီတစ်ခါတော့ အထဲမှာ တစ်ခုခု ရှိတာ သေချာပြီ ဆိုပြီး ငါထပ်ဖွင့်တယ်။
အရင်က အတိုင်းပါပဲ။ ငါ တော်တော် စိတ်ပျက်သွားတယ်။ ထပ်ဖွင့်ချင် စိတ်တောင် မရှိတော့ဘူး။ ဒါပေမယ့် ငါစဉ်းစားကြည့်တယ်။ ဒီလောက်တောင် အထပ်ထပ် ထုပ်ပိုးထားတော့ … အထဲက အရာဝတ္ထုဟာ တော်တော် တန်ဖိုး ရှိမှာပဲလို့…။
ပျက်ချင်နေတဲ့ စိတ်ကို ခဏ ထိန်းပြီး ငါ ဆက်ဖွင့်လိုက်တယ်။
လက်စွပ် တစ်ကွင်းစာ ကတ္တီပါ ဘူးလေး ထွက်လာတယ်။ ငါ့ရဲ့ စိတ်ထဲမှာတော့ အဲဒီဘူးလေး ထဲမှာ လှပတဲ့ လက်စွပ်လေး တစ်ကွင်းရှိနေမှာပဲလို့ ထင်နေမိတယ်။
မျှော်လင့်ချက်တွေ တပွေ့တပိုက်နဲ့ ငါ အဲဒီဘူးလေးကို ဖွင့်လိုက်တယ်။ အထဲကနေ စာရွက်ခေါက်လေး တစ်ခု ထွက်ကျလာတယ်။ သွားပြီ… ငါ မျှော်လင့်ခဲ့သမျှ အားလုံး သွားပြီ …။ စာရွက်ခေါက်လေး ကို ငါငေးကြည့် နေရင်း ငါ့စိတ်တွေ ကယောက်ကယက် ဖြစ်လာတယ်…။ အဲဒီစာရွက်ထဲမှာကော.. ဘာပါဦးမှာလဲ…။ ငါဆက်ကြည့်ဖို့ သတ္တိ မရှိတော့ဘူး။ ကြည့်ချင်စိတ်လဲ မရှိတော့ဘူး။ ဒါပေမယ့်… ငါ့ရဲ့ စိတ်က မပြတ်သားဘူး။ အဲဒါနဲ့… ငါ အဲဒီ စာရွက်ခေါက်လေးကို ဖြန့်ပြီး ဖတ်ကြည့်လိုက်တယ်။ စာရွက်ထဲမှာ …
‘ Life is like that’ တဲ့…။
တခါတခါ ငါတို့ အရမ်းခံစားရတာဟာ ငါတို့ရဲ့ မျှော်လင့်ချက်တွေ ကြောင့်လည်း ဖြစ်နိုင်တယ်။ ။
နေဘုန်းလတ်

တဲ့..

သူငယ်ချင်း.. နင်ပြန်လွတ်မယ့် ရက်ကိုရော ငါတို့ ဘယ်လို မျှော်လင့် ရမလဲ။ ဒါပေမယ့် နင် ပြောဖူးသလို ပါပဲ။ လုပ်သင့် လုပ်ထိုက် တာတွေကို လုပ်သင့် လုပ်ထိုက်တဲ့ အချိန်မှာ လုပ်စရာမို့ လုပ်ပေး လိုက်ပါ။ ဘာမှ ပြန် မမျှော်လင့် ထားတော့ ဘာမှ မခံစားရ တော့ဘူးပေါ့ တဲ့။ နင် ပြောသလို နင်လုပ်နိုင်ခဲ့တယ်။ ငါတို့လဲ နင့်လို လုပ်နိုင်အောင် ကြိုးစား ဆဲပါ သူငယ်ချင်း။

3 comments:

MELODYMAUNG said...

တလတောင်ပြည့်သွားပြီပဲနော်
မတန်တဆပေးဆပ်ရမှုအတွက် ဘယ်အချိန်မှ အလျော်ပြန်ရမှာလဲဗျာ
အမြန်လွတ်မြောက်နိုင်ပါစေလို့ ဆုတောင်းနေရုံမှတပါး...
ဟူးးးးးးးးးးး

ပြည့်စုံ said...

တလပြည့်သွားပြီနော်....
မတန်ဘူးဗျ.... ပေးဆပ်မှုက အရင်းများနေတယ်.....

ကျနော်ဆုမတောင်းချင်ဘူး....
ဒါပေမယ့်.....
အမြန်ဆုံးလွတ်မြောက်ပါစေ.....

myatnoe said...

လှိုင်..
လင့်ချိတ်ထားခွင့်ပြုနော်.. ဘလော့မပီးသေးပေမဲ့ ကြိုခွင့်တောင်းတာပါ။