Friday, February 29, 2008

သင်ခန်းစာ ပေးရာဝယ် (၃) (ဇာတ်သိမ်း)

၂ပတ်လောက် ကျောင်းပြေးပြီးတော့ အသား အနည်းငယ်ညိုသွားပြီး ပိန်သွားသော ကေ.. ကျောင်း ပြန် တက်တော့ ရီဖြဲဖြဲနဲ့… သန့်ကတော့ အကြောင်းသိမို့ လက်ဖျားတခါခါ.. မသန့်ဆီက သတင်း အရ အရင်အပတ်က ကေထွက်သွားတော့ အဲဒီ စားသောက်ဆိုင် ရှိရာ ဓာတ်လှေကားဆီ သူငယ်ချင်း တစ်ချို့ သွားချောင်းကြတော့ ဓာတ်လှေကားမှာ မင်္ဂလာ ဧည့်ခံပွဲ တက်ရောက်သူများသာ လို့ စာကပ် ထားတာ တွေ့ခဲ့သည်တဲ့။ အဆိုပါ အသားယူကာ ဇာတ်လမ်းဆင်သော ပုဂ္ဂိုလ်လဲ ဓာတ်လှေကားဆီ တိတ်တိတ် လာကြည့် သည်တဲ့။ နောက်နေ့က စပြီး ထို ပုဂ္ဂိုလ် ကျောင်းမတက်တော့ ဟု သန့်က သ တင်း ပေးလေသည်။ ကေ အတန်းထဲ ရောက် တော့ သူငယ်ချင်းများဝိုင်းလာသည်။ ဘယ်သူမှ ပါးစပ် မဟမီ ကေက စပ်ဖြဲဖြဲ မျက်နှာပေးလေးနဲ့ နှုတ် ခမ်း စုစုလေး ရှေ့ လက်ညှိုးလေး ကပ်ရင်း လွယ်အိတ် ထဲက အယ်လ်ဘမ် တစ်ထပ်ကို ထုတ်သည်။ ပြီးတော့ အားလုံးရှေ့ ချပြလိုက်တော့ တစ်စု တစ်အုပ် အလုအယက် ၀ိုင်းယူရင်း ကြည့်ကြသည်။ ထို့ နောက် အသံများက ဆူညံ ထွက်လာ လေသည်။

ဟယ်.. ကြည့်စမ်း.. မိကေရယ်ယ်ယ်.. လုပ်ရက်လိုက်တာ
ဟင်.. ဒါဖြင့် မင်္ဂလာဆောင်တာ ကေ ဟုတ်ဖူးပေါ့.. အဲဒါ ဘယ်သူ့ မင်္ဂလာဆောင်လဲ
ဒါဆို ကေ့ကို လာကြိုတာ ဘယ်သူလဲ

တစ်ယောက် တစ်ပေါက် ဆူညံ ထွက်လာသော မေးခွန်းများကို တခိခိ ရီရင်း ကေက တစ်ခွန်းချင်း ဖြေလေသည်။

ကေ။ ။ မင်္ဂလာဆောင်တာ ကေ့ အကိုဝမ်းကွဲ.. သူတို့က ဗေဒါရောင် ၀တ်ကြမယ် ဆိုတာ သိပြီး သား။ ကေ့ကို လာကြိုတာ မောင်လေး ၀မ်းကွဲ.. ကေတို့က အရန် လုပ်ကြတာ.. ကျောင်းပြေး နေတာက သူတို့ ဟန်းနီးမွန်း ထွက်တာကို လိုက်လည်ပြီး ရှုပ်နေလို့ ဟိဟိ.. အဲ့ဒီမှာ ကမ်းခြေမှာ ကဲနေတဲ့ ပုံတွေ…

မသစ်။ ။ အော်.. ဒါဆို ဟိုလူ ထင်ယောင်ထင်မှားဖြစ်အောင် တမင် လုပ်တာပေါ့လေ.. ဘာလို့ ဒီလို လုပ်ရတာလဲ။ ဘယ်လိုလုပ် ဒီစိတ်ကူးရတာလဲ ပြောပါဦး။

ကေ။ ။ သူက ကေ့ကို တရားဝင် ပေါ်တင် လူချင်း မျက်နှာချင်းဆိုင် မပြောဘဲ ထင်ယောင် ထင်မှား နဲ့ လူအထင် လွဲအောင် လုပ်တာကိုးးး။ ဒီတော့ ကေက သူ့ကို တရားဝင် ပေါ်တင် သွားရှင်း လို့ ဘယ်တန်မလဲ။ ဒါကြောင့် သူလုပ်တဲ့နည်းနဲ့ သူ့ကို ပြန်နှက်တာပေါ့။ balance sheet ကို စာရင်း ညှိချင်ရင် debit side မှာ ရှိတဲ့ စာရင်းနဲ့ ညီအောင် credit side မှာ တန်ဖိုးတူတာ ပြန်ထည့် ရတယ် လေ.. ဟိဟိ

မစန်း။ ။ အော်.. စာရင်းကိုင်လေး ခုမှ တက်ပါတယ်.. အဲဒီက သဘောတရားကို လက်စားချေရေးမှာ အသုံးချ တယ်ပေါ့လေ.. ဒါကြောင့် အမေရိကန် သမတ ဂျွန်ကနေဒီက ပထမဆုံး အနေနဲ့ စစ်ဗိုလ်ချုပ် မဟုတ် ဘဲ ကမ္ဘာ့ဘဏ် ဥက္ကဌဟောင်း Robert Strange McNamara ကို ကာကွယ်ရေး ၀န်ကြီးခန့်တာ ဖြစ်ရမယ်.. မိကေ.. ရှင်လဲ တော်တော်မလွယ်ကြောပဲ..

မသစ်။ ။ ဟင်.. တကယ်လို့ ကေ့ကို သူကတကယ့်ကို ချစ်မြတ်နိုးနေရင် သူ တအား ခံစားသွားရမှာပေါ့

ကေ။ ။ ဟွန့်.. တကယ်ချစ်မြတ်နိုးနေတဲ့သူက ဒီလိုပွေပွေလီလီတွေ လျှောက်လုပ်ဖို့တောင် စိတ်မကူး အားဘူး။ ချက်ချင်းလာပြောမှာပေါ့လို့

မသစ်။ ။ အော်.. သူတို့ ဗျူဟာတွေနဲ့ အတွေးတွေက တမျိုးဖြစ်ချင်ဖြစ်နေမှာကိုး

ကေ။ ။ တကယ်ချစ်မြတ်နိုးနေတဲ့သူက တော်ရုံနဲ့ ဘယ်လက်လွှတ်မလဲ.. အထင်လွဲစရာ ဖြစ်နေရင်တောင် တကယ်ဟုတ်မဟုတ် လိုက်စုံစမ်းမှာပေါ့။ လွယ်လွယ် ဘယ်လက်လွှတ်မလဲ။ အထင်လေးတစ်ချက်နဲ့ လမ်းဆုံး တဲ့လူစားကို မလွမ်းပေါင်။ ခုလို အဖြစ်မျိုးမှာ ကေသာ တကယ်ချစ်တဲ့သူတစ်ယောက်ရဲ့ အဲလို အဖြစ်ကို မြင်ရင် တကယ် ဟုတ်မဟုတ် ကိုယ့်မျက်စိနဲ့ တပ်အပ်မြင်အောင်၊ နောက်ပြီး သေချာ အိမ်တိုင်ယာရောက် ဇာတ်လမ်းစုံကို လိုက်စုံစမ်းမှာ။

မစန်း။ ။ အယ်.. တကယ်လို့ အခု သူက အဲလို လိုက်စုံစမ်းလို့ တကယ်မဟုတ်မှန်းသိရင် ကေ့ကို ပြန်လိုက်ရင် ဖွင့်ပြောရင် ကေက လက်ခံမှာလား

ကေ။ ။ အမရယ်.. သူသာ တကယ် လူရည်လည်သူ ဆိုရင် ကေ့ အကြောင်း လိုက်စုံစမ်းလို့ တကယ် မဟုတ်မှန်း သိရင် ဘာကြောင့် ကေ ဒီလိုလုပ်တယ် ဆိုတာတော့ သူရိပ်မိသင့်တာပေါ့။ သူ့ ကို ပြန်လက်တုံ့ပြန်မှန်း သိမှတော့ အဖြေက ထွက်ပြီလေ။ တောင်းစရာကို မလိုတာ။ ကေ တကယ် မင်္ဂလာ ဆောင်ဖြစ်သည်ဖြစ်စေ၊ မဆောင်ဖြစ်သည် ဖြစ်စေ သူ ဘယ်လိုမှ ရှေ့ဆက် မတိုးသင့် တော့ မှန်း သူသိရမှာပေါ့ ဟုတ်ဘူးလား။

မနော်။ ။ အော်.. ဒါဆို ရှင်တို့ ဇာတ်လမ်းက ပြီးပြီပေါ့

မစန်း။ ။ ဒါဆို.. မသစ်ရော.. ငြိမ်လိုက်တာ.. မသစ်က သူနဲ့ အိမ်နီးချင်း သူငယ်ချင်း ဆိုတော့ သူနဲ့ ပတ်သက်တာ ဘာကြားသေးလဲ..

မသစ်။ ။ သူ ကျောင်းထွက်သွားပြီ.. ခု နိုင်ငံခြား သွားဖို့ လုပ်နေတယ်

မသန့်။ ။ ဟယ် မိကေ.. ရှင်လုပ်လိုက်တာ လက်လွန်သွားပြီ ထင်တယ်

ကေ။ ။ ကေ အဲလောက်ထိ မရည်ရွယ်ပါဘူး ဘာလို့ သူ အဲလို စဉ်းစားတာလဲ… အာ.. ကေ့ကို သူ အဲလောက် အလေးအနက်ထားလို့လား.. မထားပါဘူး .. မထားလို့ အရင်ကိစတွေ လျှောက်လုပ်တာပေါ့.. ဟုတ်ဘူးလား မသစ်ရ

မသစ်။ ။ သူက သူ့ပြိုင်ဘက်တွေကလဲ ကေ့ကို ပိုးနေတာမို့ ရိုးရိုးအဖြေတောင်းရင် ကေ့ပုံက သူ့ကို နည်းနည်း မျက်စိ စပါးမွှေး စူးနေတယ် ထင်လို့ သူများဦးမှာ စိုးလို့ သူတို့ လက်မဦးခင် သူက ခြေတလှမ်း ဦးနေ တယ် လို့ ပြိုင်ဘက်တွေက ထင်ပြီး လက်လျှော့သွားအောင် ဒီလို လုပ်မိတာပါတဲ့.. ခုတော့ အထင်နဲ့ အဖြစ်က တခြားစီ ဖြစ်သွားတယ်တဲ့.. ဒီအဖြစ်အပျက် ဖြစ်သွား အပြီးမှာ သူ ကျောင်း ဆက်တက်တိုင်း သူ့ပြိုင်ဘက် တွေက လှောင်ဟားမှာ ရှက်တယ်တဲ့.. ဒါကြောင့် ကျောင်းထွက် သွားတာတဲ့

ကေ။ ။ ဟောတော့… ဒါပေမယ့် ရိုးရိုးသားသား ပိုးပန်းရမယ့် အစား ကေ့ကို ဒီကောင်မလေး ငါ တချိန် ဖွင့်ပြောရင် လက်ခံမှာ အသေအချာပါလို့ ဘာကိစ္စ သူက အပိုင်တွက်ထားရတာလဲ.. ဟွန့် .. မသနားလိုက်တာ

မသစ်။ ။ ထားလိုက်ပါကေရယ်.. ခုတော့ ပြီးတာတွေလဲ ပြီးကုန်ပါပြီ.. သူသွားမယ့်လမ်း သူ့ဟာသူ ရွေးသွားပြီပဲ

ကေ။ ။ ဟဲဟဲ ဟုတ်ပါ့ မသစ်ရေ. ကေတို့လဲ ကိုယ်ဖြေမယ့် စာမေးပွဲ အတွက် စာရင်း တွက်ကြဦးစို့

မစန်း။ ။ စာရင်းပဲ တွက်နော်ကေ.. စာရင်းတွက်နည်းတွေကို ဘ၀မှာ ကြုံသမျှ တွေအတွက် ဗျူဟာ အဖြစ် ပြောင်းယူ မနေနဲ့ဦး

ကေ။ ။ အာ… ပညာနဲ့ အတွေး ဆိုတာ ကန့်သတ်ကောင်းတဲ့ အရာတွေ မဟုတ်ဘူးလေ မသစ်ရ.. ကိုယ်က apply လုပ်မယူလဲ သူများက လုပ်ယူမှာပဲ.. ဒီတော့ မကောင်းတဲ့ နေရာမှာ အသုံးမချရင် ပြီးတာပဲ.. လူတိုင်းလဲ လိုက်လုပ်နိုင်တာမှ မဟုတ်တာ.. ကိုယ့်ပါရမီနဲ့ ကိုယ်ပေါ့ ခစ်ခစ်

မသန့်။ ။ မစန်းရေ.. ပြောမနေနဲ့တော့ အဲဒီ စကားတောင်စားမ ကို

ကေ။ ။ ဟားဟား.. လိုင်စင်ရပြီ..

မစန်း၊ မသစ်။ ။ ကဲ.. စာလုပ်မယ်

နောက်ရင်းပြောင်ရင်း စာရင်းစာအုပ် တစ်ချက်ကြည့် ခေါင်းတစ်ချက်ကုတ်ရင်းနဲ့ စာမေးပွဲကို ပျော် ပျော်ကြီး ဖြေကြ၊ ပျော်ပျော်ကြီး အောင်စာရင်း ကြည့်ကြ.. ဒီပလိုမာ လက်မှတ် အပ်နှင်းပွဲ ရောက် တော့ လူမစုံ နိုင်ကြတော့.. ဘ၀ ဇာတ်ကား ရှည်ကြီးတွင် ကျောင်းသူဘ၀ တခန်းရပ် ဇာတ်သိမ်း ခဲ့ကြသည်။
************************************************

လွန်ခဲ့တဲ့ ဆယ့်တစ်နှစ်က ခြေရာများ၊ ဇာတ်လမ်းများ၊ သူငယ်ချင်းများရဲ့ အချစ်များ၊ အမုန်းများ၊ အရာ အားလုံး ကတော့ အတိတ်မှာ အရိပ် အဖြစ် ကျန်ခဲ့ လေပြီ။ သို့သော် သက်ဆိုင်ရာ လူများ အားလုံးရဲ့ ရင်ထဲ မှာတော့ ချစ်သံယောဇဉ်၊ မုန်းသံယောဇဉ် များက အလွမ်းများ အဖြစ် ကျန်ရစ်ဆဲ.. အသက်မွေး ၀မ်းကျောင်းမှု အတွက် ကျောင်းသင်ခန်းစာ များသာ မက ဘ၀ သင်ခန်းစာ များပါ ပေးလိုက်သော အမိ တက္ကသိုလ် ကြီးနဲ့ ကံကော်တော၊ သစ်ပုတ်ပင်ကြီးနဲ့ အာစီတူး၊ ဘွဲ့နှင်း သဘင် ခန်းမကြီးနဲ့ အဓိပတိလမ်း၊ ဦးချစ်ဆိုင်၊ စိန်ပန်းပင် များနဲ့ တက္ကသိုလ် ၀န်းကျင်က ဇာတ်လမ်း များကတော့ စိန်ရတု တိုင်ခဲ့ ပြီးကာမှ ခေတ္တ မှေးမှိန် သမိုင်းဖျောက် ခံလိုက်ရပေမယ့် အားလုံးရဲ့ ရင်ထဲ အမြဲ ရှင်သန်ဆဲ
ဒီအချိန် ကျောင်းတော်ကြီးရဲ့ အလယ်မှာ
စိန်ပန်းတွေလဲ ပွင့်နေပြီကွာ
အချိန်စက်ဝိုင်းများက
ကုစားမစွမ်းနိုင်ပါ
အလွမ်းရယ် မပြေဘူး ကျောင်းသားဘ၀….
အလွမ်းရယ် မပြေဘူး ကျောင်းသားဘ၀….
ငါတို့ ကျောင်းသားဘ၀…



2 comments:

layma said...

သင်ခန်းစာ ပေးရာဝယ်ကို တထိုင်တည်း အားပါးတရ ဖတ်သွားတယ်..။ ကေ့ကိုလည်း ထောက်ခံတယ်..။

သန့်ဇော်မင်း said...

အားပါးးး အန်တီရေခဲပန်းရေ... ကောင်းလိုက်တဲ့ ဇာတ်လမ်းလေးဗျာ၊ တိုတိုနဲ့တော်တော်ကောင်းတယ်ဗျို့.. သင်ခန်းစာပေးဖို့ စဉ်းစားပုံလေးကို သဘောကျတယ်။