Wednesday, February 13, 2008

ပြည်ထောင်စုနေ့က တွေးမိတဲ့ အတွေး ( ဗိုလ်ချုပ် အောင်ဆန်း မွေးနေ့ ဘာကြောင့် ကလေးများနေ့ ဖြစ်သလဲ)


ပြည်ထောင်စုနေ့ ပုံကို ကိုပြည့်စုံ ထံမှ လည်းကောင်း၊ ဗိုလ်ချုပ် အောင်ဆန်း ပုံကို မကေသွယ် ထံမှ လည်းကောင်း ရယူပါသည်။




ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ ကို ကလေးများနေ့ အဖြစ် ဘာဖြစ်လို့ သတ်မှတ် ခဲ့ကြတာလဲ။ ရှင်းပါတယ်။ မြန်မာ ကလေး တိုင်းကို ဗိုလ်ချုပ် အောင်ဆန်းလို လူတော်လူကောင်း ဖြစ်စေချင်လို့ သတ်မှတ် ခဲ့တာပါ။ ဗိုလ်ချုပ် အောင်ဆန်း ဟာ ဘယ်လို လူတော်၊ ဘယ်လို လူကောင်း တစ်ယောက် ပါလဲ။ အသက်အရွယ်နဲ့ မလိုက် လောက်အောင် ထူးချွန် ထက်မြက် ပြီး မြန်မာပြည် အင်္ဂလိပ် လက်ကရော ဂျပန် လက်ကပါ လွတ်လပ်ရေး ရအောင် ကိုယ်ကျိုး မဖက် အသက် စွန့် စွမ်းဆောင် ကြိုးစား ခဲ့တဲ့၊ အဲလို ကြိုးစား ပေးတဲ့ အတွက် သူ့အတွက် ဘာဆို ဘာမှ အကျိုး ခံစားခွင့် မယူ ခဲ့တဲ့ လူကောင်း လူတော် တစ်ယောက်ပါ။ ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်း လို လူကောင်း လူတော် လေးများ ဖြစ်အောင် ဗိုလ်ချုပ် အောင်ဆန်းရဲ့ မွေးနေ့မှာ အနာဂတ်ရဲ့ ခေါင်းဆောင်လောင်း လေးများ ဖြစ်တဲ့ မြန်မာ ကလေးငယ် များရဲ့ နေ့ကို တရက်တည်း အတူတူ သတ်မှတ် ခဲ့ကြတာ ဖြစ်ပါတယ်။

(ဗမာ့လွတ်လပ်ရေး အတွက် တပ်မတော်ဖွဲ့ဖို့ ဂျပန် ပြည်မှာကွယ်
တကယ်ပဲ အသက်နဲ့ လဲလို့ဆင်းရဲဒုက္ခခံကာ ကြံစည်တယ်
သူရဲကောင်းတဲ့ ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ်)၂
(ငါတို့ မြန်မာပြည် မိဘတိုင်းက ရယ် ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေ ရှိဖို့ မွေးရမယ်
ငါတို့ မြန်မာပြည် မိဘတိုင်းက ရယ် အာဇာနည် အစစ်တွေကို ရှိဖို့ မွေးရမယ်)
သြော် ဘုရင့်နောင်နဲ့ ရာဇာ ဓိရာဇ် တို့လို မင်းရဲကျော်စွာ ပမာပုံနှယ် အလောင်းဘုရား တို့လိုကွယ်
မြန်မာတိုင်း မြန်မာမျိုး အားကိုး လောက်ပေရဲ့ မကြောက်တမ်း မရွံတမ်း မြန်မာတွေ အောင်ပန်း ဆွတ်ကြ ရှာလေတယ်
{(ရာဇ၀င် အထ္ထုပ္ပတ္တိလည်း ရှိရတယ် မော်ကွန်းလဲ ထိုးလောက်တယ် မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်.. )၂
တိုင်းပြည်အကျိုး ရှိဖို့ရယ် များဇာနည်နွယ်
လွတ်လပ်ဖို့ ဒို့များကို ကျွန်တွင်းမှ ကယ်
တို့မြန်မာ စိုးမိုးဖို့ မျှော်ကြရှာလို့ ပေါ်လာတယ်.}၂

ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဘုရင့်နောင်တို့ဟာ နိုင်ငံတော် တည်ငြိမ်ရေး အတွက် အင်မတန် အရေးပါတဲ့ တိုင်းရင်း သား စည်းလုံးရေး အတွက် စွမ်းစွမ်းတမံ ကြိုးစားခဲ့ ကြတဲ့ မြန်မာ့ စံပြ ခေါင်းဆောင်များ ဖြစ်ကြပါတယ်။ သူတို့ လို သူရဲ ကောင်း တွေ ဖြစ်ဖို့ အနာဂတ်ရဲ့ ခေါင်းဆောင်လောင်း ရင်သွေးငယ် များကို လူကြီးမိဘတွေ ဘယ်လို မွေးမြူ ပျိုးထောင် ခဲ့ကြ ပါသလဲ။ ငါပြောသလိုလုပ်၊ ငါလုပ်သလို မလုပ်နဲ့ ဆိုတဲ့ ပြုစု ပျိုးထောင် နည်းမျိုးနဲ့ ပျိုးထောင် ခဲ့ကြ ပါသလား။

မင်း သူလောက်မှတော်အောင် မကြိုးစားနိုင်ဘူးလား သူ့ထက် သာအောင် မကြိုးစားနိုင်ဘူးလား.. သူ့-ျီး တတုံး လောက် စားထားဖို့ ကောင်းတယ်
သည်ကျောင်းသား ကတော့ တော်လိုက်တာ ကျန်တဲ့ ကျောင်းသားတွေ … မင်းတို့ သူ့ကို နမူနာ ယူကြ … သူ့လို တော်အောင် ကြိုးစားကြ

သည်လို စကားတွေ ကျွန်မတို့ ကလေး ဘ၀က မိဘ ဆရာ တွေရဲ့ ဆုံးမ စကား အဖြစ် နားမွှန်အောင် ကြားဖူး ခဲ့ပါ တယ်။ ဒီစကား တွေကြောင့် မခံချင် စိတ်နဲ့ ကလေးများ ကြိုးစား ခဲ့ကြ သလား။ ကလေး အချင်းချင်းကြား မနာလို ၀န်တိုစိတ် တွေနဲ့ ရန်လိုမှုတွေ တိုးပွား လာခဲ့ကြ သလား။ အဲဒီ အကျင့် တွေက “ ကျောင်းတော်က ရန်စ” အဖြစ်နဲ့ လူကြီး ဘ၀ထိ ပါလာ ခဲ့ကြ သလား။
ငါ့စကားဆို တခွန်းထဲနဲ့ နားထောင်စမ်း၊ မိဘ ဆရာ ဆိုတာ မင်းတို့ထက် တတ်လို့ ဒီရာထူး ရပြီး မင်းတို့ထက် အသက်ကြီးလို့ မင်းတို့ ဘယ်အရွယ် ဘာလုပ်တတ်တယ် ဆိုတာ အကုန် သိပြီးသား။ အထွန့်တက်မယ် မကြံနဲ့။

ဟေ့ မိဘက မဲဆို မဲလိုက်စမ်း မိဘက ဖြူဆို ဖြူလိုက်စမ်း မိဘ ဆရာ ဆိုတာ အနန္တောအနန္တ ငါးပါး ဂိုဏ်းဝင်နော် ပြစ်မှားမယ် မကြံနဲ့ အ၀ီစိ ဂျိုးကပ်သွားမယ်

ဒီလိုစကားတွေ နားထောင်ပြီး ကြီးပြင်းလာတဲ့ ကလေး တစ်ယောက် လူကြီး ဖြစ်လာတဲ့ အခါ ဘာကြောင့် ဒါကို မဲရမှန်း ဖြူရမှန်း သိခဲ့သလား။ မိဘ ဆရာ လုပ်တဲ့ သူတွေက ကလေးတွေကို ဖွင့်ဆို ရှင်းပြပြီး နားဝင်အောင် ပြောရမယ့် အစား လွယ်လွယ်ပဲ ခြိမ်းခြောက်

ငေါက်ငမ်းပြီး ငါတကော ကောပြီး ထင်ရာ စိုင်းပြောချင်ရာ ပြောခဲ့သမျှ ကလေးရဲ့ မသိစိတ်က ဒါလို အကျင့်စရိုက်ကို မနှစ်မြို့လျက်က သင်ယူ ခဲ့ပြီး ဖြစ်နေပါပြီ။ ဒီစရိုက်နဲ့ ရွယ်တူကြား ပေါင်းသင်းဆက်ဆံရေးမှာ ငါပြောတာမှ မှန်ရမှ ဆိုတဲ့ စိတ်ဓာတ်နဲ့ မြန်မာ ဆိုတာ ၂ယောက်ရှိရင် ၃ပါတီ ကွဲတယ်လို့ နိုင်ငံခြားသားက ရယ်သွမ်း သွေးတာ ခံနေရ ပါပြီ။ ဒီစရိုက် ဘယ်က လာခဲ့တာလဲ။ ဘယ်သူ့ဆီက လေ့လာ သင်ယူ ခဲ့တာလဲ။

မိဘက မဲဆို တာကို ဖြူလို့ ဆန့်ကျင်ရင် ပြစ်မှားရာ ရောက်သလား။ တကယ် ငရဲ ကြီးသလား။ မြတ်စွာဘုရားက ကာလာမ သုတ်မှာ အတိအလင်း ဟောပါတယ်.. ငါဘုရား ဟောရုံမျှနဲ့ မှန်တယ် လို့ မယုံလိုက်နဲ့ လိုက်မလုပ် လိုက်ပါ နဲ့ဦး။ ဆင်ခြင် စဉ်းစား လိုက်ပါဦးတဲ့။ အနန္တော အနန္တ ငါးပါးထဲမှာ ဘုရားက ထိပ်ဆုံးကပါနော်။ သူ့ကို ဝေဖန် လို့ တောင် ပြစ်မှားရာ မရောက်ဘဲ ငရဲ မကြီးဘဲနဲ့ မိဘနဲ့ ဆရာ ကို ဘာလို့ ဖြူရ မဲရ သလဲ မေးတာလောက်နဲ့ ငရဲနဲ့ လှည့်

ခြိမ်းခြောက်နေရင် ဘယ်လောက်များ သာသနာဖျက်ရာ ကျနေပြီလဲ။ မြတ်စွာဘုရားရဲ့ မိဘများ ယူတဲ့ အယူဟာ ဟိန္ဒူ ၀ါဒီပါ။ အတ္တ ၀ါဒီပါ။ မြတ်စွာဘုရားရဲ့ ဆရာတွေ ဖြစ်တဲ့ ဆရာရသေ့ ၂ပါးဟာ ထေရ၀ါဒ ဗုဒ္ဓ၀ါဒီ မဟုတ်ပါဘူး။ မြတ်စွာဘုရားသာ မိဘ နဲ့ ဆရာစကားကို တသဝေ မတိမ်း နားထောင်ခဲ့ရင် ဘုရား အဖြစ် ပွင့်လာ နိုင်ပါ့ မလား။ ကြပ်ကြပ် စဉ်းစား စေချင် ပါတယ်။ ဒီလိုနဲ့

လူအချင်းချင်းကြား ငါပြောတာမှ ဟုတ်ရမှ၊ ငါ့စကားမှ မှန်ရမှ ဆိုတဲ့ လူတွေ များလာရင် တိုင်းရင်းသား စည်းလုံး ညီညွတ်မှု တကယ် ရလာ မှာလား။ ပြည်ထောင်စုကြီး တကယ့်ကို တည်တံ့ ခိုင်မြဲ လာနိုင် မှာလား။ ဒီလို ကလေး ပြုစု ပျိုးထောင် ပုံမျိုးနဲ့ ငါတို့ မြန်မာ ပြည် မိဘတိုင်းက ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေ ဖြစ်အောင် မွေးနိုင်မှာလား၊ ပြုစု ပျိုးထောင် နိုင်မှာလား။

မနေ့က ၆၁ နှစ်မြောက် ပြည်ထောင်စုနေ့မှာ စဉ်းစားတာ များလို့ ဘာပို့စ်မှ မတင်နိုင်ခဲ့ လောက်အောင် ပါပဲ။ အဲဒီ အတွေး များဟာ ဒီနေ့ ဗိုလ်ချုပ် အောင်ဆန်းရဲ့ မွေးနေ့ ပြီးတော့ ကလေးများနဲ့ ဆက်စပ် လာတဲ့ အခါမှာ….

(ငါတို့ မြန်မာပြည် မိဘတိုင်းက ရယ် ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေ ရှိဖို့ မွေးရမယ်
ငါတို့ မြန်မာပြည် မိဘတိုင်းက ရယ် အာဇာနည် အစစ်တွေကို ရှိဖို့ မွေးရမယ်)

ဟုတ်ကဲ့.. ကျွန်မတို့ ကလေး ပြုစု ပျိုးထောင်နည်း ပြောင်းဖို့ လိုနေပါပြီ။ လူကြီးနဲ့ လူငယ်ကြား ဆက်ဆံရေးလဲ ပြောင်းဖို့ လိုနေ ပါပြီ။ ဒါက ကျွန်မရဲ့ အမြင်ပါ။ စာဖတ် ပရိသတ် ကြီးရော ဘယ်လို မြင်ပါသလဲရှင်။


4 comments:

စိုးထက် - Soe Htet ! said...

"" သူ့အတွက် ဘာဆို ဘာမှ အကျိုး ခံစားခွင့် မယူ ခဲ့တဲ့ လူကောင်း လူတော် တစ်ယောက်ပါ။ ""

ဘယ်လို အခြေအနေမျိုးပဲ ဖြစ်ဖြစ် နိုင်ငံကို ဘာလုပ်ပေးမယ် ဆိုတာထက် နိုင်ငံဆီက ဘာရမလဲ ပဲ တွက်နေတဲ့ လူတွေ များနေတော့ ... ဒီလို စိတ်ဓါတ်ရှိတဲ့ သူ့ကိုပဲ ပြန်ပြန် သတိရနေရ တာပေါ့ ...

ကျေးဇူး ဗျာ ... ကျွန်တော်က ရက် အကန့် အသတ်မရှိ နားထားလို့ ... နောက်များ စိတ်မကုန်ခဲ့ ဘူးဆိုမှ ရေးတော့မယ် ...

Pinkgold said...

ငါ့စကားဆို တခွန်းထဲနဲ့ နားထောင်စမ်း၊ မိဘ ဆရာ ဆိုတာ မင်းတို့ထက် တတ်လို့ ဒီရာထူး ရပြီး မင်းတို့ထက် အသက်ကြီးလို့ မင်းတို့ ဘယ်အရွယ် ဘာလုပ်တတ်တယ် ဆိုတာ အကုန် သိပြီးသား။ အထွန့်တက်မယ် မကြံနဲ့။

ပြန်ပြောလိုက်ပါ အမရာ.. ဒီခေတ်ကြီးက မိဘနဲ့ သားသမီး ညှိနှိုင်းကြတဲ့ ခေတ်လို့.. မိဘပြောတိုင်း မှန်တာ မဟုတ်ဘူးလို့.. ကိုယ့်ဘ၀ကိုယ် လျှောက်လှမ်းရမှာ ကိုယ့်ဆုံးဖြတ်ချက်ကိုပဲ ပိုအလေးထားမ.်လို့

နောက်ပိုင်းမှာမိဘတွေ အနေနဲ့ သားသမီးတွေကို အတင်း force မလုပ်ပေးသင့်တော့ဘူး။ ဒီဘက်ခေတ်က ကလေးတွေလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ အတော်လေးကို စဉ်းစား တတ်လာကြပြီ။ ဗဟုသုတရှာစရာ နေရာတွေလည်း များလာတော့ မိဘတွေထက် တွေးတတ် ခေါ်တတ်တဲ့ ကလေးတွေ ဒီဘက်ခေတ်မှာ တော်တော် ရှိနေကြပြီ။ မိဘစကားကို နားထောင်မိလို့ နောင်တရနေတဲ့ သူတွေလည်း မျက်မြင်မှာ မနည်းတော့ပါဘူး။တစ်ကယ်တမ်းကြတော့ မိဘတွေ အနေနဲ့ ကိုယ့်အတ္တကို ဦးစားပေးမလား၊ သားသမီးရဲ့ ဆန္ဒနဲ့ ကိုယ့်လိုအင်ကို ညှိနှိုင်းမလား၊ သားသမီးရဲ့ ဆန္ဒကိုပဲ ဖြည့်ဆည်းပေးမလားဆိုတာ အတော်လေးကို စဉ်းစားသင့်တဲ့ အချက် ဖြစ်လာပြီ။ သားသမီးကတော့ မိဘကို လေးစားရိုသေ ရမှာပါပဲ။ မိဘစကားကို နားထောင် ရမှာပါပဲ။ ဒါပေမယ့် အကြောက်လွန်ပြီး ဘာကိုမှ မပြောရဲ၊ ထုတ်မပြသင့်ရဲတာ မျိုးတွေဆိုတာ မရှိသင့်တော့ဘူး။ မိဘနဲ့ သားသမီးဟာ သူငယ်ချင်း တွေလို ဖြစ်နေရမယ်။ မိဘနဲ့ သားသမီးဟာ တိုင်ပင်ဖော် တိုင်ပင်ဖက်တွေ ဖြစ်နေရမယ်။ ဒီလိုမျိုးတွေကိုပဲ ထက်ကတော့ ကောင်းတယ်လို့ ထင်တယ် အမရေ။

ထက် ဆို အဖေနဲ့ အမေက ကျောင်ဆရာတွေ ဆိုတော့ စာအုပ်ကြီးတွေ ။ အစကတော့ စကားကို အရမ်းနားထောင်တယ်။ ခုတော့ မရတော့ဘူး။ ပြန်ဖိုက်တယ်။ ဒါပါပဲ အမရယ်

kay said...

ထောက်ခံပါတယ်..ခွန်မြလှိုင်။

ပြည့်မွန်သျှံ said...

ပင့်ဂိုရေး ... ကိုယ်ကသိလို့ ပြန်ပြောတာကို မိဘစကားနားမထောင်တဲ့ သား သမီးမိုက်လို့အပြောခံရမယ် .... လူငယ်ပီပီ မခံချင်တဲ့စိတ်နဲ့ ပြန်ပြောမိရင်တော့ ... နေဖို့နေရာသာအရင်ရှာထား ... ဒါမှမဟုတ်ရင် ... ကျွန်တော်တို့လို အိမ်ပြေးဘ၀နဲ့ကျင်လည်းနေရမယ် .. ...ဟုတ်မဟုတ် မယုံရင်တော့ အစ်မခွန်မြလှိုင်ကိုသာမေးကြည့် ... အခုတော့ သူလည်းအိမ်ပြေဘ၀နဲ့ အဆက်ပါနေတယ် ... ဒါပေမဲ့ ဘာဘဲဖြစ်ဖြစ် လူငယ်တစ်ယောက်ရဲ့ စွမ်းရည်ကိုတော့ အာဏာရှင်ဆက်ဆက်ရဲ့လက်အောက်မှာ အတ္တစိတ်တွေနဲ့ ဖုံလွမ်းနေတဲ့သူတွေသိအောင်ပြရမှာက ကျွန်တော်တို့ လူငယ်တွေရဲ့ တာဝန်ပါ .. ဒါဟာ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုတော်လှန်ရေးပါ .....