Monday, February 11, 2008

အပြစ်မဲ့ ဘလော့ဂါ စာရေးဆရာ တစ်ဦး ညစ်တွန်းတွန်းပြီး ဖမ်းခံခဲ့ရတာ ရက်သတ္တ ၂ပတ် မြောက်တဲ့နေ့ အမှတ်တရ

အိပ်မက်တံခါးဝမှာ ရင်နာခဲ့ရတဲ့ ရက်စွဲတွေ

ပထမ ၅ရက်လုံးလုံး နင် မအိပ်ခဲ့ရဘူး ထင်ရဲ့
ငုတ်တုတ်တမျိုး မတ်တပ်တဖုံ
အိပ်မက်တံခါးဝကနေ
ငါစောင့်နေခဲ့တယ်.. နင်မပေါ်လာခဲ့ဘူး

၆ရက်မြောက်တဲ့ည..
နင်သတိပဲ လစ်နေခဲ့ပြီလား
‘သည်လိုမှမဟုတ်
စိုက်ခနဲ စိုက်ခနဲ ငိုက်လဲကျ နေခဲ့ပြီလား
ငါ့ အိပ်မက်ထဲ နင်ပြေးလွှားလို့


၇ရက်မြောက်ခဲ့ပြီ သူငယ်ချင်း
ဆို့နင့် မွန်းကြပ်နေတဲ့ ရင်အစုံနဲ့ တမ်းတ
နင်လဲ ခါးသီးမှု တစုံတခုနဲ့ တွေ့နေပြီ ထင်ရဲ့
အဲသည်ညက နင်အိပ်ပျော်ခဲ့ပုံ မရဘူး
ငါလဲ အိပ်မပျော်ခဲ့ဘူး

ဂရက်မြောက်တဲ့ည
အိပ်ရမှာ တောင် ကြောက်လာခဲ့ရ
နင်ဘာတွေ ဖြစ်နေခဲ့ပြီလဲ
အိပ်မက်ထဲမှာ ယောက်ယက်ခတ်ပြီး
ပေါ်လိုက်ပျောက်လိုက်နဲ့ ... နင်
သတိလစ်နေတာလား
စိုက်ခနဲ ငိုက်လဲ ကျ နေတာလား

၉ ရက်နဲ့ ဆယ်ရက်မြောက်တဲ့ည
ငါ မအိပ်ရဲတော့ဘူး
ငါ မအိပ်ပါရစေနဲ့တော့ သူငယ်ချင်း

ဒီနေ့ ၁၄ရက်မြောက်
ရက်သတ္တ ၂ပတ်လုံး
ဟိုအဆောင်က ဒီအဆောင်ပြောင်း
နင့်အကြောင်းကို စုံစမ်း မရအောင်
နည်းအမျိုးမျိုးနဲ့ အဆက်ဖြတ်
တကယ်တမ်းတော့
စိတ်ချင်းဆက်တာ ဘယ်သူတားနိုင်လဲ

ငါဖျားနေပြီ သူငယ်ချင်း
ဆောင်းတွင်းမှာ အနွေးထည်ရရဲ့လား
နင်ရော ဖျားနေခဲ့ပြီလား

အိပ်မက်တံခါးဝမှာ ရင်နာခဲ့ရတဲ့ ရက်စွဲတွေ
အမြန် ကုန်ဆုံးလို့
နင် ဘေးကင်းစွာနဲ့ ပြန်လာမယ့်ရက်
ငါတို့ သူငယ်ချင်းတွေ မျှော်လျက်ပါ..

တရားတဲ့ ဥပဒေ ထွန်းကားပါစေ
တရားတဲ့ ဥပဒေက လူကောင်းတွေကို ကာကွယ် နိုင်ပါစေ..

3 comments:

Yan said...

ခံစားရတယ် မခွန်မြလှိုင်ရေ... တကယ်ကိုပဲ ရင်နာခဲ့ရတဲ့ ရက်စွဲတွေပါပဲ...

မေပျို said...

ဖတ်ပြီးတော့ မျက်ရည်တောင် ၀ဲမိပါတယ်အမရေ။ ဘယ်တော့များမှ ပြန်လာမှာလဲ။

ကောင်းကင်ကို said...

ကဗျာလေး ကို စိတ်မကောင်းစွာနဲ့ ခံစားသွားတယ်။