Tuesday, January 22, 2008

“အမေများနေ့“ မှာ မင်္ဂလာ အရှိဆုံး ဖြစ်အောင် ဘယ်လို ကျေးဇူး ဆပ်မလဲ

ပြာသိုလပြည့် ဖြစ်တဲ့ ဒီနေ့ကို မြန်မာနိုင်ငံက အမေများနေ့ အဖြစ် သတ်မှတ်ထားပါတယ်။ အနန္တော အနန္တ ငါးပါး ဂိုဏ်းဝင် မြင်းမိုရ် တောင်ဦး မက ကျူးတဲ့ မွေးကျေးဇူးရှင် အမေ များရဲ့ ဂုဏ်ရည်ဟာ မြတ်စွာဘုရား ကိုယ်တော် တိုင် နတ်ပြည်ထိ တက်ရောက် တရားဟော ကျေးဇူး ဆပ်ရ လောက်အောင် ကြီးမြတ် လှပါတယ်။ မြတ်စွာ ဘုရားရဲ့ မွေး မိခင် မယ်တော် မာယာဟာ မြတ်စွာဘုရား ၇ ရက်သားမှာ နတ်ရွာ စံတဲ့ အတွက် ချစ်သနား လွန်းလို့ သားရင်း ကို နို့ထိန်း လက်ကို အပ်ပြီး မြတ်စွာ ဘုရား အလောင်းတော် မင်းသား လေးကို ကိုယ်တိုင် နို့ချို တိုက်ကျွေး ပြုစု စောင့်ရှောက် တဲ့ အဒေါ်ရင်း ဖြစ်သူ ကျေးဇူးရှင် မိထွေးတော် ဂေါတမီ ကိုလည်း သာသနာ့ဘောင် ၀င်ရောက်ခွင့် ပြုပြီး ရဟန္တာ ထေရီမကြီး အဖြစ် နိဗ္ဗာန် သို့တိုင် ရောက်အောင် တရား ဟောပြ ကျေးဇူး ဆပ်တဲ့ အတွက် နို့ နှစ်လုံး ဖိုးလုံး ကျေပါပေတယ်လို့ ထေရီ အပဒါန်မှာ မိထွေးတော် ဂေါတမီ ကိုယ်တိုင် ဒီလို ဥဒါန်း ကျူးရင့် ခဲ့ပါတယ်။

ငါဟာ သားဘုရားကို နို့ချို တိုက်ကျွေး ပြုစု ပေမယ့် ငါ့နို့ချိုဟာ တခဏသာ ဆာလောင် မွတ်သိပ်မှုကို ပြေပျောက် စေပြီး လောကီ အစီးအပွား ဖြစ်တဲ့ အသက်ခန္ဓာ ပွားစည်းရေးကိုပဲ ဖြည့်ဆည်း ပေးနိုင်ခဲ့တယ်။ သားဘုရားက ပြန်လည် တိုက်ကျွေးတဲ့ လောကုတ္တရာ တရား နို့ချိုရည် ကတော့ သံသရာ တလျှောက်လုံး ကိလေသာ လိုချင်မှု တရား တွေကို ငတ်မွတ် တောင့်တ ဆာလောင် မွတ်သိပ် လာခဲ့ရာက တစ်သံသရာ လုံးစာ ငတ်မွတ်မှု ကင်းပျောက် လို့ နိဗ္ဗာန်တည်း ဟူသော အရသာ အမြိုက် တရားကို ရပါ ပေတယ်။ သားတော် ဘုရားရဲ့ ဓမ္မ နို့ချိုကြောင့် သား ဘုရားဟာ င့ါနို့ဖိုး ၂လုံး ဖိုးလုံး ကြေပါ ပေတယ် .. သွေးကနေ ဖြစ်တဲ့ နို့ချိုထက် တရား နို့ချိုက အတိုင်းမသိ ပိုလို့ မြင့်မြတ်လှ ပါတယ်လို့ ဥဒါန်း ကျူးရင့် တော် မူပါတယ်။

မြတ်စွာဘုရား ကိုယ်တော်တိုင်ကလဲ အမြင့်မြတ်ဆုံး ပုံစံနဲ့ မိဘ ကျေးဇူး အကျေ ဆပ်နည်းကို ဒီလို မိန့်ကြား သွားပါသေးတယ်။

ချစ်သားတို့.. အကြင်ယောက်ျားသည် မိဘ နှစ်ပါးကို ၀ဲယာ ပုခုံး နှစ်ဖက်ပေါ် တင်လျက် မိဘ ၂ပါးတို့ စိတ်တိုင်းကျ အသက်ထက်ဆုံး ပြုစု လုပ်ကျွေး ငြားအံ့။ ထိုယောက်ျား၏ ပြုစု လုပ်ကျွေးမှုကို အမြင့်မြတ်ဆုံးဟု ငါဘုရား မဟော သေး။ အကြင်သူသည် ကံ၊ ကံ၏ အကျိုး တရား တို့အပေါ် သဒ္ဓါ တရား နည်းပါးသော မိဘ တို့အား ယုံကြည်မှု သဒ္ဓါ တရား ခိုင်မြဲ လာအောင်၊ သီလ မရှိ သေးသော မိဘကို အကျင့် သီလနဲ့ ပြည့်စုံ လာအောင်၊ ကုသိုလ် အကုသိုလ် တရား တို့ကို မသိ သေးသူ မိဘ တို့ကို သိအောင်၊ နိဗ္ဗာန် ရောက်ကြောင်း တရားတော် များကို မသိ မနာကြား ဖူးသေးသော မိဘ တို့ကို သိအောင် နာကြား နိုင်အောင် ပြုစု ဆောင်ရွက် နိုင်ငြားအံ့။ ထိုသူရဲ့ တရားဖြင့် မိဘ ကျေးဇူး ဆပ်နည်းကို အမြင့်မြတ်ဆုံး မိဘ ကျေးဇူး ဆပ်နည်းဟု ငါဘုရား ဟော၏ လို့ မိန့်တော် မူခဲ့ ပါတယ်။

မြတ်စွာ ဘုရား ကိုယ်တော်တိုင်ကလဲ ခမည်းတော် သုဒ္ဓေါဒန မင်းကြီးနဲ့ မယ်တော် မာယာ၊ မိထွေးတော် ဂေါတမီ အစရှိတဲ့ ကျေးဇူးရှင် အားလုံးကို တရား ဟောပြ ခြင်းဖြင့် ( တနည်း ဆိုရသော် သားသမီးက မိဘကို ပြန်လည် တရား ဟော လမ်းမှန်ကို ညွှန်ပြ ခြင်းဖြင့်) ကျေးဇူး ဆပ်တော် မူခဲ့ ပါတယ်။ မြတ်စွာဘုရားရဲ့ လက်ယာတော်ရံ အဂ္ဂ မဟာ သာဝကကြီး ဖြစ်တဲ့ ပညာအရာ ဧတဒဂ်ရ ရှင် သာရိ ပုတ္တရာ ကိုယ်တော်မြတ်ကြီး ဟာလဲ သွေးဝမ်း သွားတဲ့ ဝေဒနာ ခံစား နေရ လျက်က ခရီး ပန်းတာ သည်းခံလျက် အယူ မှားပြီး ဗြဟ္မဏ ၀ါဒကို ကိုးကွယ် နေတဲ့ မယ်တော် သာရီ ပုဏ္ဏေးမကြီး ထံကို အရောက်ပြန်ကာ တရားဟောပြလျက် ထေရ၀ါဒ သာသနာကို သက်ဝင် ယုံကြည် စေခဲ့ ပါတယ်။ မြတ်စွာ ဘုရားရော ပညာ အရာ အသာဆုံး ဧတဒဂ် ရတဲ့ အဂ္ဂ သာဝက ကြီးကပါ မိရိုးဖလာ အယူမှားကို မယူကြဘဲ ပညာနဲ့ ဆင်ခြင်ပြီး တရားစစ် တရားမှန်ကို ရှာဖွေသူများ ဖြစ်ကြ ပါတယ်။ ရှာဖွေ တွေ့ရှိတဲ့ တရားစစ် တရား မှန်ကို မိဘ များအား ပြန်လည် ဝေမျှ ခံစား စေသူများ ဖြစ်ကြ ပါတယ်။ ဒါကြောင့် မိဘ မေတ္တာ စုန်ရေသာ ရှိတယ် ဆန်ရေ မရှိဘူး ဆိုတဲ့ စကားကို ပြန်လည် ဆင်ခြင် စဉ်းစားဖွယ် ဖြစ်ပါတယ်။ ဒီလောက်ဆိုရင် သားသမီးက မိဘကို မှန်ကန်သော တရား ပြသပြီး ကျေးဇူး ဆပ်ခြင်းကို မြတ်စွာ ဘုရား ချီးမွမ်းတော် မူတာကို ရှင်းလင်း ပြတ်သား စွာ တွေ့နိုင်ပါတယ်။

မြတ်စွာ ဘုရားရဲ့ ဖခမည်းတော် သုဒ္ဓေါဒန မင်းကြီး ဟာလည်း ဘုရား တောထွက် စဉ်က တကြိမ်၊ သားငယ် နန္ဒ မင်းသား နန်းတက်ပွဲမှာ ဆွမ်းခံကြွရင်း အပြန် သပိတ်ပိုက်ခိုင်းပြီး ရဟန်းဝတ်ပေး ခံလိုက်ရ စဉ်က တကြိမ်၊ မြေးတော် ရာဟုလာ ၇နှစ်သား အရွယ်မှာ အမွေတောင်းခိုက် ကိုရင် သာမဏေ ပြုပေးတာ ခံလိုက်ရစဉ်က တကြိမ် သံယောဇဉ် အပူမီးများကြောင့် ငိုကြွေး ခဲ့ရသမျှ မြတ်စွာ ဘုရား ဟောကြားသော တရား တော်ကို နာကြား ကျင့်ကြံ ပြီးနောက် တစ်သံသရာ လုံးစာ အို၊ နာ၊ သေဘေး များကြောင့် ငိုကြွေး ရသမျှ မျက်ရည် များကို ပယ်သုတ် ပေးသော မအို၊ မနာ၊ မသေရာ နိဗ္ဗာန်ကို ဆိုက်ရောက် ရလို့ သားဘုရားရဲ့ ကျေးဇူး ကြီးလှ တယ်လို့ ဥဒါန်း ကျူးရင့်တော် မူပါတယ်။

မြတ်စွာဘုရားရဲ့ တရားတော်များ ထေရ၀ါဒ သာသနာမှာ ဒီလို အခိုင်အမာ ပါရှိ ပါလျက် ဗုဒ္ဓ ဘာသာကို အများဆုံး အခြေခံ ထားတဲ့ မြန်မာ့ ရိုးရာ ယဉ်ကျေးမှု အစဉ် အလာကို ပြောင်းလိုတဲ့ အချို့သော သူများဟာ မျက်မှောက်ခေတ် ပြည်သူများ စား၊ ၀တ်၊ နေ၊ ရေး ကြပ်တည်း မှုကြောင့် ဘာသာ တရားကို လေ့လာ လိုက်စား နိုင်မှု အားနည်း တာ ကို အခွင့်ကောင်းယူပြီး ဘာသာရေးကို ခုတုံး လုပ်ပြီး အတ္တ ကြီးမား လွန်းတဲ့ လူတချို့ရဲ့ အလိုကို လိုက်ပြီး သံဃာ အတု များကို ဖန်တီးကာ အာဏာရှင် ယဉ်ကျေးမှုကို ဖန်တီး ထူထောင် နေကြ ပါတယ်။ “မိဘ ကျေးဇူး ဆိုတာ ဘုရား တောင် နို့ တစ်လုံးဖိုးပဲ ကျေတယ်“၊ “သုဒ္ဓေါဒန မင်းကြီး ရဟန္တာ အဖြစ် ပရိနိဗ္ဗာန် ပြုတော့ ဘုရား ကိုယ် တော် တိုင် အလောင်း တော်ကို ထမ်းတယ် “၊ “ မိဘကို ပြန်ပြောရင် ငရဲ ကြီးတယ်“၊ “မိဘ စကားကို တသဝေ မတိမ်း နားထောင်မှ ကြီးပွားမယ်“ “အဖေတို့ ကလဲ ၊ အမေတို့ ကလဲ စသဖြင့် “ကလဲ“ တပ်ပြီး ဝေဖန် ရင်တောင် ငရဲ ကြီးတယ်“ “မိဘ မျက်ရည် တစ်ပေါက် ကျရင် သားသမီး တသက်လုံး မကြီးပွားဘဲ ငရဲ ကျမယ်“ စတဲ့ စတဲ့ မှားယွင်း ဖောက်ပြန် နေတဲ့ ကြီးနိုင် ငယ်ညှင်း၊ အထက်အောက် ဖိနှိပ်၊ မျက်စိမှိတ် ယုံခိုင်းတဲ့ သာသနာဖျက် တရား များကို ဖြန့်ဖြူး နေကြ သလို မိဘ အများစု ဟာလဲ တဖြည်းဖြည်း အတ္တတွေ ကြီးလာ နေကြပြီး အာဏာရှင် ယဉ်ကျေးမှု ထဲကို မျောပါ စီးဝင် နေကြတာ တွေ့ရ ပါတယ်။ သာသနာဖျက် တရားများကို လက်ခံ ကျင့်သုံး နေတဲ့ မိဘ ပြည်သူ များဟာလဲ သာသနာဖျက် ရေစီးကြောင်းထဲ မသိဘဲ မျောပါရင်း အကုသိုလ် တရား ကြီးမားစွာ ရနေတာကို မသိကြ ရှာပါဘူး။ တရားကို ကြည့်ပြီး မကိုးကွယ် တတ်ဘဲ သင်္ကန်းကို ကြည့်ပြီး ကိုးကွယ်သူများ အဖြစ်များ ကြပါတယ်။

ဒါကို ထေရ၀ါဒ ရဟန်း သံဃာ စစ်စစ် များဟာ သံဃာချင်း အဓိကရုဏ်း မဖြစ်လိုတဲ့ အတွက် ကြောင့်ရော၊ အဲလို ဖြစ်ခဲ့ရင် သေချာ နားမလည်တဲ့ လူများက သံဃာများ အချင်းချင်း မတည့် မရှု ဖြစ်တယ်လို့ ထင်မြင်ပြီး ကြည်ညိုမှု သဒ္ဓါ တရား ပျက်ပြားလို့ သံဃာ စစ်များကို အထင်လွဲ ပြစ်မှားရင် အကုသိုလ် ဖြစ်မှာကို စိုးတာ ကြောင့်ရော၊ သံဃာတုကို ဘက်ပြိုင် စကား မပြောချင်တဲ့ အတွက်ရော၊ ဘာမှ အထွေ အထူး မမိန့်တော့ဘဲ ကိုယ့် ဒကာ၊ ဒကာမ များနဲ့ စာသင်သား သံဃာ တော်များ ကိုသာ တရားစစ် များကို သင်ကြား ပို့ချရင်း ကင်းကင်း နေတော် မူကြ ပါတယ်။

ကဲ.. ဒီနေ့ အမေများနေ့မှာ ကျွန်မတို့ တတွေ မြတ်စွာဘုရား ချီးမွမ်းတော် မူတဲ့ မင်္ဂလာ ရှိသော “တရားဖြင့် ကျေးဇူး ဆပ်ခြင်း“ ဖြင့် မိဘ များကို ကျေးဇူး ဆပ်ကြ ပါစို့ရှင်။

1 comment:

Doughnut IO said...

ယဉ်ကျေးမှု မျက်နှာဖုံးတပ် ဖိနှိပ်မှုများအား ဆန့်ကျင်ကြဆိုတာတွေထဲမှာ ဒါတွေပါပါပါတယ်။