Wednesday, December 19, 2007

ငြိုးရက်ပေ့ စနေမိုး

ဟော … မိုးရွာပြီ…. စနေမှာ ရွာသောမိုး တပတ်လုံး မစဲတဲ့။ သွားပါပြီ။ မိုးကလဲ သင်္ကြန်မှ ပြီးရုံ ရှိသေး။ သင်္ကြန် မိုးနဲ့ ဆက်ပြီး ဆက်တိုက်ကို ရွာတော့သည်။ ခုမှ စတက်ရတဲ့ တပတ်လုံးမှ စနေ၊ တနင်္ဂနွေ ၂ရက်တည်း ညနေ ပိုင်း တစ်နှစ် သင်တန်း ဖြစ်တဲ့ ကွန်ပြူတာ သင်တန်းကို မိုးမိတဲ့ ဖက်ရှင်နဲ့ စတက် ရတော့မည်။ မတတ်နိုင်။ ထီး/ ဖိုင် တစ်ဖက်စီ ကိုင်ပြီး သွားမယ် ပြင်ပြီးခါမှ စလင်းဘက် အိတ်ကို ပြန်ထုတ်ရသည်။ လုံချည် တစ်ထည် ကောက်ထည့် ဖိုင်ထဲက ပစည်းတွေ အိတ်ထဲ ပြောင်းထည့်လွယ်ရင်း ထွက်ခဲ့ရသည်။ ကျန်းမာရေးက ဂရုစိုက်မှ တန်ကာ ကျမည်။ သင်တန်းကို စောရောက်ရင် ရေစို လုံချည်ကို လဲရမည်။ သို့သော်တဲ့ သို့သော်… ဘတ်စ် ကား မရ.. နောက်ကျပါပြီ။ သင်တန်းပေါက်ဝ ဘေးတွင် ကပ်ပြီး ရပ်ထားသော ယမဟာ ဆိုင်ကယ် အနီကို ကြည့်ရင်း လမ်းသရဲများ သင်တန်းထဲ ပါလာရင် စိတ်ညစ်စရာလို့ တွေးလိုက်သေး။ ဟုတ်တယ်လေ ခုလို ၁၉၉၀ ပြည့်လွန် နှောင်းပိုင်း နှစ်တွေမှာ ဆိုင်ကယ်စီး အုပ်စုလိုက် လမ်းသရဲများ တယ်သောင်းကျန်း တာ။ ၀ါး လုံးရှည်နဲ့ မရမ်းချင် ပေမယ့် အများစုက အဲလို ဖြစ်နေသကိုး။ သင်တန်းခန်းမကို လှမ်း ချောင်းတော့ ဆရာက စာစသင်နေချေပြီ။ အများသုံး သန့်စင်ခန်းထဲ လုံချည်လဲ ပြီးမှ သင်တန်းရဲ့ နောက်ဆုံးခုံမှာ ထိုင်ရတော့သည်။ ဆရာ စာသင်နေတာကို စိတ်ဝင်တစား နားထောင်နေလို့ သင်တန်းသား ဘယ်သူတွေ ရှိနေမှန်းကို သင်တန်း ဆင်းမှ မျက်လုံးဝေ့ ကြည့်ရသည်။

အင်.. ကိုယ့်ဘေးက တစ်ဦး တည်းသော ကျောင်းသား၊ ကျန်တာ အားလုံး ကျောင်းသူ ချည့်။ အင်း ဒီ ကျောင်း သား ကြာရှည် ခံမယ် မထင်။ သင်တန်း တက်ပါး ၀နေပြီ။ သင်တန်းသူများသော သင်တန်းမှာ သင်တန်းသား နည်းရင် မိန်းကလေး ကြားထဲ ကျောင်းမ တက်ချင် သောကြောင့် သင်တန်းချိန် ပြောင်းလေ့ ရှိကြသည်။ သူလဲ အဲလိုဖြစ်နိုင်သည်။ ဒါဆို သင်တန်း ပေါက်ဝက ဆိုင်ကယ်က သူ့ဟာပေါ့.. ပုံစံက လမ်းသရဲ ပုံစံတော့ ပေါက်မ နေ။ စနေ နေ့တ၀က် ရုံးတက်ရသော သူမ အတွက် ရုံးဆင်းမှ သင်တန်း တက်ရသည်မို့ သင်တန်းချိန် နောက် ကျလေတိုင်း သူနဲ့သာ နောက်ဆုံး တန်းမှာ တူတူ ထိုင်ရ လေသည်။ ခေတ်မီသော်လည်း ခေတ်မဆန် လွန်း သော၊ သင်တန်းသူ မိန်းကလေး များကိုလည်း ယဉ်ကျေး ရည်မွန်စွာ ရိုးရိုးသားသား ဆက်ဆံ တတ်သော၊ ပြီး တော့ ထူးခြားစွာ သင်တန်းချိန် ပြောင်းမပြေးသော ထိုသူနဲ့ သူမတို့ သင်တန်း ကာလ ၃လလောက် အရမှာ ခင်မင်စ ပြုလေပြီ။ တခါတလေ အခါကြီး ရက်ကြီး ရုံးပိတ်ရက်နဲ့ စနေ တိုက်ဆိုင်လို့ သင်တန်း စောလာဖြစ်တဲ့ နေ့များ၊ ပရောဂျက် တူတူ လုပ်ရန် ကျသည့် နေ့များတွင် သူနဲ့ စကား စမြည် ပြောဖြစ်ကြသည်။ ဘ၀ တက်လမ်း အတွက် ဘာသင်တန်းတွေ တက်ရင် ကောင်းမလဲ၊ ဘာ သင်တန်းတွေ တက်ဖူး ပြီးပြီလဲ စသဖြင့် အတွေ့အကြုံ ဖလှယ်ကြသည်။ ရတီက ထိုင်းစကား စိတ်မ၀င်စားဘဲ ဂျပန်စကားသာ စိတ်ဝင်တစား သင်ယူ သော်လည်း သူက ထိုင်းစကားကို မွှတ်နေအောင် ပြောတတ်ကြောင်း သိရသည်။ သိပ် ကြိုးစားသော၊ ဉာဏ် ကောင်း သလောက်လဲ အတွေးအခေါ် မြင့်သော၊ လူကြီးဆန်သော သူနဲ့ ရင်းနှီးခင်မင် ပြီးနောက် သူ့ရဲ့ နာကြည်း ချက်များ၊ ခံယူချက် များကိုလည်း သိခဲ့ ရသည်။
***************************************************************

"ကျွန်တော် ဆယ်တန်း စတက်တဲ့နှစ်လောက်က တအားဆိုးခဲ့တယ်။ ကျောင်းပြေးတယ်။ ဂစ်တာကို အုပ်ဖွဲ့ တီးရင်း ရန်ဖြစ်တော့ ရဲစခန်းမှာ ညအိပ်ခဲ့ရတယ်။ အဖေ ကိုယ်တိုင် လိုက်ပို့တာလေ။ ရဲစခန်းမှာ မှတ်တမ်းနဲ့ ဗျ။ ဟဲဟဲ။ အဓိက က ဘာရယ် မဟုတ်ပါဘူးဗျာ။ ပျော်လို့ပါ။ လွတ်လွတ်လပ်လပ် နေရတာ ပျော်တာကို အရပ် က ပတ်ဝန်းကျင်ရော မိသားစုကပါ ကလေကချေ လို့ပြောပြီး မတရား ဖိနှိပ်လာလို့ တမင် ရွဲ့ရင်း လူ့ချဉ်ဖတ် ဖြစ်သွားတယ်။ ဟဲဟဲ.. ဒါနဲ့ ဆယ်တန်းမှာ စာမေးပွဲ ကျတော့ ပိုဖိနှိပ်ခံရမှာကို တွေးမိပြီး ကျွန်တော် အိမ်က ထွက်ပြေးခဲ့တယ်။ ထိုင်းနယ်စပ်က သူဌေးတွေ စည်းစိမ်ခံတဲ့ ဟိုတယ် တစ်ခုမှာ ကျွန်တော် စားပွဲထိုး လုပ်ခဲ့ တယ်။ လစာက ကောင်းတော့ အသားတင်ကို စုမိပါတယ်။ နေစရိတ်၊ စားစရိတ်က ဟိုတယ်က ပေးတာကိုး။ အဟီး.. သူများတွေက မိသားစုကို ငွေပို့ပြီး ကလေးတွေကို ကျောင်းထားနေချိန် ကျွန်တော်က နိုက်ကလပ် တက်ပြီး စိတ်တိုင်းကျ ပျော်နေခဲ့တယ်.."

သူ့ကို ပါးစပ် အဟောင်းသား မျက်လုံးအ၀ိုင်းသားနဲ့ မယုံသလို အထူးအဆန်း ငေးကြည့်နေသော ရတီ့ကို သူက ကလေးငယ်ကို မြူနေသော လူကြီးလို အပြုံးဖြင့် ဆံပင်တို့ကို ပင့်သပ် တင်ရင်း နဖူးက အမာရွတ်ကို ပြလေသည်။

"ဘာလဲ ကျွန်တော်ပြောတာ မယုံဘူးလား။ ဒီမှာ ဆိုးသွမ်းခဲ့တုန်းက ဒဏ်ရာတွေလေ။ အဟဲ.. ကျွန်တော် အခု ပြန်ပြီး ကောင်းကောင်း မွန်မွန် နေလာတာ အကြောင်းရှိတယ်ဗျ.."

"စိတ်ဝင်စားစရာပဲ.. အရင်နဲ့ အခုက တကယ့်ကို တခြားစီပဲ .. ဒီလို ပြောင်းလဲ ရလောက်တဲ့ အကြောင်းကို သိချင် လိုက်တာ… ပြောပြလို့ ရမလား ကိုမောင်မောင်…"

ကိုမောင်မောင် သက်ပြင်း တစ်ချက်ကို အားတင်းရှိုက်ရင်း မျက်နှာ တင်းတင်းနဲ့ ဆက်ပြောသည်။

"ကျွန်တော်အတွက် သောက်စားပျော်ပါးနေတဲ့ ၄နှစ် အတောအတွင်းမှာ ကျွန်တော်တို့အတန်းထဲက ကျွန်တော့် အောက် အပြတ် အသတ် ပညာရေးမှာ အဆင့် နိမ့်ခဲ့ ဖူးတဲ့ သူတစ်ယောက်က ဘွဲ့ရပြီး ကျွန်တော် စားပွဲထိုး လုပ်တဲ့ ဟိုတယ်မှာ လက်ထောက် မန်နေဂျာ လာဖြစ် တယ်လေ။ အဲဒီလေးနှစ် အတွင်းမှာ သူက တကသိုလ် တစ်ဖက်က တက်ရင်း သူ့အတွက် အသုံးတည့်မယ့် သင်တန်း ပေါင်းစုံ ကိုပါ တွဲတက်ခဲ့တယ်။ ဒီအပြင် ဟိုတယ် တစ်ခုမှာပါ ညဆိုင်း အချိန်ပိုင်း ၀င်လုပ်ခဲ့ သေးတယ်။ ဒီတော့ သူ့အတွက် အလုပ် လျှောက်လွှာက သိပ်ကောင်း နေခဲ့တယ်။ သူက ကျွန်တော့ကို အဲဒီမှာ ကောင်းကောင်း ပညာပြ တော့တာ ပဲဗျ။ "

"ဟယ် ဟုတ်လား.. အလုပ်ပြုတ်အောင် လုပ်တာလား ဘယ်လိုလုပ်တာလဲ"

ရတီက ဒရောသောပါး မေးမိတော့ သူက သဘောကျစွာ သို့သော် နာကြည်းစွာ ရယ်လေသည်။

"ကျွန်တော်အတွက် သောက်စားပျော်ပါးနေတဲ့ ၄နှစ် အတောအတွင်းမှာ ကျွန်တော်တို့အတန်းထဲက ကျွန်တော့် အောက် အပြတ် အသတ် ပညာရေးမှာ အဆင့် နိမ့်ခဲ့ ဖူးတဲ့ သူတစ်ယောက်က ဘွဲ့ရပြီး ကျွန်တော် စားပွဲထိုး လုပ်တဲ့ ဟိုတယ်မှာ လက်ထောက် မန်နေဂျာ လာဖြစ် တယ်လေ။ အဲဒီလေးနှစ် အတွင်းမှာ သူက တကသိုလ် တစ်ဖက်က တက်ရင်း သူ့အတွက် အသုံးတည့်မယ့် သင်တန်း ပေါင်းစုံ ကိုပါ တွဲတက်ခဲ့တယ်။ ဒီအပြင် ဟိုတယ် တစ်ခုမှာပါ ညဆိုင်း အချိန်ပိုင်း ၀င်လုပ်ခဲ့ သေးတယ်။ ဒီတော့ သူ့အတွက် အလုပ် လျှောက်လွှာက သိပ်ကောင်း နေခဲ့တယ်။ သူက ကျွန်တော့ကို အဲဒီမှာ ကောင်းကောင်း ပညာပြ တော့တာ ပဲဗျ။ "

"ဟယ် ဟုတ်လား.. အလုပ်ပြုတ်အောင် လုပ်တာလား ဘယ်လိုလုပ်တာလဲ"

ရတီက ဒရောသောပါး မေးမိတော့ သူက သဘောကျစွာ သို့သော် နာကြည်းစွာ ရယ်လေသည်။

"အလုပ်ဖြုတ်လိုက်ရင်မှ ခံသာဦးမယ် ရတီရယ်.. အခုက.. အခုက.. သူ ထမင်းစားတိုင်း၊ ပွဲလုပ်တိုင်း ကျွန်တော့ကို စားပွဲထိုးခိုင်းပြီး လူပုံအလယ်မှာ ငေါက်တာဗျ…"

"ဟယ်.. ကိုမောင်မောင်ရယ် ဖြစ်မှ ဖြစ်ရလေ.. ဟိုလေ.. အဲဒါတွေ မပြောချင်ရင် မပြောနေပါနဲ့တော့နော်.."

ရတီက အားနာနာနဲ့ တားမိတော့ နီရဲနေသော မျက်နှာနဲ့ အားတင်းပြုံးရင်း နှုတ်ခမ်းကို ဖိကိုက်ပြီး ခေါင်းယမ်းပြရင်း

"အဲဒါ ကျွန်တော့အတွက် အားပဲဗျ၊ ချက်ချင်း အလုပ်က ထွက်ပြီး ကျွန်တော် ဆယ်တန်း ပြန်ဖြေတယ်။ သင်တန်းတွေ တက်တယ်။ ကြားရက်တွေမှာ ကုန်သွယ်ရေး ကုမ္ပဏီ တစ်ခုမှာ ကျွန်တော် အလုပ်ဝင်တယ်။ အဲဒီ ဟိုတယ်ရဲ့ ရှယ်ယာတွေ ကျွန်တော် ပြန်ဝယ်နိုင်တဲ့အထိ ကြိုးစားချင်တယ်ဗျာ။ သူ့ကို ကလဲ့စား ခြေချင်လို့တော့ မဟုတ်ပါဘူး။ ကျွန်တော်ဟာ အမြဲပဲ ဟိုတယ် စားပွဲထိုး တစ်ယောက် ဖြစ်နေမှာ မဟုတ်ဘူး ဆိုတာကို သက်သေ ပြချင်လို့ပါ။ ဖြစ်လာမလားတော့ မသိသေးဘူးလေ.. ကျွန်တော်ကတော့ ဆက်ကြိုးစား သွားမှာပဲ…. "

"ဒါတွေ ရတီ့ကို ဘာလို့ ပြောပြတာလဲဟင်"

ရတီ တကယ်သိချင်လို့ မေးမိတာပါ.. ရတီ့ကို ချဉ်းကပ်သူ ယောက်ျား တော်တော် များများက ကြွားသည်။ မကြွားသော လူတည် များပင် အနည်းဆုံးတော့ သူတို့ အားနည်းချက် ကိုတော့ ဖုံးကွယ်တတ်ကြသည်။ ရတီ့ အမြင်တွင် သူတို့ကို သူရဲကောင်းဟု ထင်စေချင် တတ်ကြသည်ကို ရတီက သိပ်ရယ်ချင်လေသည်။ အဲလို အထင်ခံချင် နေတာကိုက စိတ်ဓာတ် မရင့်ကျက် မပြည့်ဝ သေးလို့လို့ ရတီယူဆလေသည်။ အဘိုးရဲ့ စိတ် ပညာ စာအုပ်များကို မူလတန်း အကြီးတန်း ကတည်းက ဖတ်ရှုရင်း အဖိုးကို မသိတာတွေ မေးရင်း လေ့လာ ခဲ့သော ရတီ့အတွက် ရည်းစား သနာ ထားခြင်း အတွက် မိဘများက စိတ်မပူ ကြတော့ပေ။ အခုတော့ ကိုမောင်မောင်က ထူးခြားနေသည်။ အထင်သေး စရာ အတိတ်ကို လာပြောပြ နေသည် မဟုတ်ပါလား။

တကယ်တော့ အိနဲ့ လွင်တို့ ပြောပြထားလို့ ကိုမောင်မောင် အကြောင်းက သိသင့် သလောက် သိထားပြီး ဖြစ်လေသည်။ အဖေက အစိုးရ အရာရှိကြီး။ အမေက စော်ဘွားမင်းရဲ့ မြေးတော်။ မိဘ များက ကျိကျိတက် ချမ်းသာသည်။ အဖေက စည်းကမ်း ကြီးလွန်းလို့ ရန်ဖြစ်တဲ့ သားကို ရဲစခန်းကို ကိုယ်တိုင် အပ်သူ၊ တကယ့် ဆွေကြီး မျိုးကြီး အသိုင်းအ၀ိုင်းထဲက လူဖြစ်တော့ အနေအထိုင် ကျဉ်းကျပ်ပေမည်။ အိမ်မှာ ကား ၄စီး ရှိ လျက် နဲ့ ၂မှတ်တိုင် ဝေးသော သင်တန်းကို ကိုယ်ပိုင် ငွေနဲ့ စုဝယ်ထားသော ဆိုင်ကယ်နဲ့လာ၊ ကုမ္ပဏိ လစာ ငွေနဲ့ ကိုယ်ပိုင် အသုံးစရိတ်နဲ့ သင်တန်းကြေးကို လောင်ငရုံသုံး၊ ငွေပြတ်လို့ ဆီဖိုး မတက်နိုင်ရင် ခြေကျင် လျှောက် သော အချိုးပြောင်း လာသော သားကို အဖေက စိတ်ဆိုးပြီး စကား မပြော၊ တစ်ဦး တည်းသော အကိုက ညီကို ဘက်မလုပ်၊ အမေက သားငယ် ဘက်က ရှိသော်လည်း တဆွေလုံး တမျိုးလုံးနဲ့ ရပ်ကွက်ကပါ သူတို့ ဂုဏ်ကို ဖျက်သည် ဆိုကာ အတိတ်က အရိပ်မည်းကို ဆုပ်ကိုင်ထားဆဲ။ ကြဉ်ထားဆဲ.. စောင်းမြောင်း ဖိနှိပ် ပြောဆိုဆဲ..

"နှုတ်ခမ်းကို ခပ်ဖွဖွ ကိုက်ရင်း ချင့်ချိန်နေရင်းက သူ ဖြည်းဖြည်း ပြောထွက် လာသည်။
ကျွန်တော့်ကို လူလိုသူလို သဘောထားပြီး ဆက်ဆံတာ ရတီ တစ်ယောက်ထဲ ရှိတယ်ဗျ.. ရတီက ကျွန်တော့ကို လူကောင်းထင်လို့ ဆက်ဆံတာလား။ လူဆိုးမှန်း ဒီလို နောက်ကြောင်း ရာဇ၀င် ရှိမှန်း သိရင် ဘယ်လိုနေမလဲ သိချင်လို့။ ကျွန်တော့ကို ဘယ်လို သဘောထားနဲ့ ခင်တယ် ဆိုတာ သိချင်လို့ပါ။ ရတီ ကျွန်တော့ကို မခင်တော့မှာ ကိုလဲ နှမြောပါတယ်။ ဒါပေမယ့် အတိတ်ကို မသိဘူး ထင်ပြီး သူတော်ကောင်း ယောင်ဆောင် နေတယ် လို့လဲ အထင် မခံချင်ဘူး။ ကျွန်တော်က .. ဟို.. ရိုးရိုးသားသား အရှိ အတိုင်း အခင် ခံချင်သလို အဲလိုပဲ ခင်တတ် တာပါ။ "

"ကိုမောင်မောင် အကြောင်းကို ရတီ သိပြီး ကြားပြီး သားပါ။ ကျွန်မက အတိတ်က အရိပ်ထဲ နစ်နေ တတ်တဲ့သူ မဟုတ်ပါဘူး။ လက်ရှိ အချိန်မှာ လူတော် လူကောင်း ဖြစ်ဖို့ ကိုမောင်မောင် ဘယ်လောက် ကြိုးစား နေတယ် ဆိုတာ ရတီ မြင်နေတာပဲ။ အရိပ် ကိုချည့် လိုက်ကြည့် နေရင် နေရောင်ကို မြင်တော့မှာ မဟုတ် ဘူးလေ။ ကျွန်မက အလင်းရောင် ရှိရာကိုပဲ မျက်နှာ မူချင်တာပါ။ "

"ရတီ့စကား ကြားရတာ ကျွန်တော် အားတက် လိုက်တာဗျာ.. ကျွန်တော်က ကြိုးစားသာ နေရတာ.. သိပ် အားငယ် နေတာဗျ .. အဟီး.. သင်တန်း ကို လမ်းလျှောက် လာရ ရင်တောင် လမ်းမက မလာချင်ဘူး။ လမ်း မက လာရင် ရပ်ကွက် ထဲက လူတွေက ကျွန်တော့ကို ကြည့်တဲ့ ဒဏ်တွေ မခံချင်လို့ လမ်းကြို လမ်းကြား ကနေပဲ ပတ်လာတာ။ သူတို့ အရွဲ့တိုက်ပြီး လာနှုတ်ဆက်မှာ ကြောက်လို့.. မနေ့က စမ်းပြီး လာကြည့် ပါ တယ်ဗျာ.. ဒီနှစ် ဆယ်တန်း အောင်အောင် ဖြေနော်လို့ အကျယ်ကြီး လာနှုတ်ဆက် သွားတယ်လေ။ ကျွန် တော် ဒီဒဏ်တွေ မခံနိုင် ဘူးဗျာ။ သင်တန်းကို နောက်ကျပြီး လာတာကလဲ အဲဒါကြောင့်ပဲ။ ကျွန်တော် စောပြီး လာရင် အိတို့ လွင်တို့ ကလေးတွေနဲ့ တွေ့ပြီး စကား ပြန်ပြော နေရမှာ ရှက်လို့. အဟီး.. လမ်းသွား ရင်တောင် ခေါင်းမော့ပြီး မသွားရဲ ဘူးလေ.. ငုံ့ပြီး မြန်မြန် ရောက်ပြီးရော ဆိုပြီး လမ်းလျှောက် နေရတာ.. "

"အင်း ခေါင်းငုံ့လျှောက်ရင်း လက်ပြင် ကုန်းပြီး အဘိုးကြီး ပေါက်စရုပ် ထွက်သွားဦးမယ် အဟဲ"

(((ဟားဟားဟား)))

"ဒီနေ့ ညနေ ကိုမောင်မောင်တို့ အိမ်နားက မုန့်တိုက် ကနေ မုန့်ဝယ် မလို့ သင်တန်းက အပြန် လမ်းမ ကနေ တူတူ ပြန်ကြ မယ်လေ။ အဖော်ပါရင် လမ်းလျှောက် ပြန်ရဲတယ် မဟုတ်လား။"

ရယ်ကျဲကျဲနဲ့ ပြောလိုက်သော ရတီကို သူ အံ့သြ တကြီး ကြည့်သည်။ ပြီးတော့ အားတက်သရော ခေါင်းညိတ် သည်။ ခဏ နေတော့ မျက်နှာ ညှိုးကျသွားရင်း

"ကိုယ့်ဟာကိုယ်ပဲ လူခွဲ သွားကြ ပါစို့ဗျာ။ ကျွန်တော် မပို့ချင်တာ မဟုတ်ပါဘူး… ရတီက စိန်ကောင်း ကျောက် ကောင်း နဲ့ပဲ ထိုက်တန် တာပါ။ ကျွန်တော်က လောလောဆယ် မြောင်းထဲက ကျောက်ခဲပါ။ ရတီနဲ့ တွဲသွားရင် ကျွန်တော့ရဲ့ အရိပ်တွေ ရတီ့ကို လွှမ်းမှာ စိုးတယ်။ ကျွန်တော်နဲ့ ပတ်သက်ပြီး ရတီ့ကို စကားတင်း အပြောခံရ နာမည် အဖျက် ခံရမှာ စိုးတယ်။ "

"အိုး ရတီမှ မကြောက်တာ.. ကိုယ့်ထမင်း ကိုယ်စားပြီး ကိုယ့် လခနဲ့ ကိုယ် ရပ်တည်နေတဲ့ သူတွေ လောက် တောင် အဲဒီလို အတင်း ပြောသူတွေ ကိုယ်တိုင်တောင် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည် နိုင်သေး လို့လား။ ဂရု မစိုက်နဲ့။ ကိုယ့်လမ်း ကိုယ်လျှောက်တာပဲဟာ။ ပိုးကိုက်ခံရတဲ့ ပန်းငုံလေးတွေ ကိုမောင်မောင် မြင်ဖူးလား.. သူတို့ကို အဖူးအငုံ ဘ၀ တည်းက ပိုးကိုက် ဖျက် ဆီးတာ ခံလိုက် ရပေမယ့် အလှ ပျက်တာ လူသိမှာ စိုးလို့ ဆိုပြီး ဆက်မပွင့်ဘဲ မနေပါဘူး။ သူတို့ဆက်ပွင့် ရဲတယ်။ ခူးပြီး ဦးခေါင်း ထက်က ဆံကေသာမှာ အပန်ဆင် မခံရပေမယ့် မိခင် အပင် အတွက် မျိုးဆက် ပြန့်ပွား ရေး အတွက် တာဝန် ကျေအောင် ဆက် ထမ်းဆောင်တယ်။ ပိုးကိုက်ခံ ပန်းဖူးလေး တစ်ဖူးစာလောက် ရတီတို့ သတ္တိ ရှိကြဖို့ လိုတယ် ကိုမောင်မောင်"

ပြုံးစိစိနဲ့ ရတီ့ကို ကြည့်ရင်း သူမျက်နှာ တချက် တင်းခနဲ ဖြစ်သွားပြီး သက်ပြင်းကို ဖွဖွ ချသည်။ အဲဒီညနေမှာ စနေမိုးက သဲသဲမဲမဲ ရွာလို့။ ကျန်းမာရေး ဂရုစိုက်လေ့ ရှိသော ရတီက မိုးတိတ်အောင် စောင့်လေ့ ရှိပေမယ့် မြန်မြန် ပြန်ချင်နေသော ကိုမောင်မောင်ကို အားပေးချင် သောကြောင့် မိုးသည်း ထဲမှာပင် ထီးကိုယ်စီဖြင့် ထွက် လာ ခဲ့ကြသည်။ ရတီလို မိန်းကလေး ကတောင် မကြောက်ဘဲ သူက ယောက်ျားလေး ဖြစ်လျက်နဲ့ ကြောက် နေရင် မကောင်းတတ်လို့ ခေါင်းငုံ့လျှောက်ရင်း ပြန်မော့လိုက်နဲ့ စိတ်ပင်ပန်း ကြီးစွာ လျှောက်နေသော ကို မောင်မောင်ကို သနားမိသည်။ အော် စိတ်ဓာတ်ပိုင်း ဆိုင်ရာ ဘယ်လောက်တောင် တိုက်ခိုက် ခံထားရလဲ သိသာ ပါပေသည်။ လူတစ်ယောက်ကို လူတော မတိုးရဲ တော့လောက်အောင် စိတ်ဓာတ် သိမ်ငယ် အားငယ် သွားအောင် တိုက်ခိုက် ရက်သူများက ဆွေမျိုး ရင်းများ ပါပေ။ သူတို့ကတော့ သူတို့ အတ္တ အတွက် ဒေါသ ပုန်ထရင်း လက်လွတ် စပယ် ပြောလိုက် ခြင်းသာ. ခံရသူ မှာတော့.. သူ့ခမျာ ခေါင်းမော့ လျှောက်လိုက် ခေါင်းက ပြန်ငုံ့လိုက်နဲ့ တော်တော်ကို စိတ် မသက်မသာ ဖြစ်နေပုံ ရသည်။ အော် သိမ်ငယ်စိတ်ကို တိုက်ပွဲ ၀င်နေချိန် ဆိုတော့ ဒီလိုပေါ့လေ။ ဒီလိုနဲ့ သင်တန်း ၂ပတ် လေးရက်လောက် လမ်းလျှောက် လိုက်တော့ ကိုမောင်မောင် လူတော တိုးရဲ ပေပြီ။
*************************************************************

သင်တန်းကာလ ၅လထဲ အရောက်မှာ ရတီနဲ့ ကိုမောင်မောင်တို့ ဖြူစင်သော ခင်မင်ခြင်းတွေ တိုးလာပြီ။ အနာဂတ် အိပ်မက်များ၊ ဘ၀ ခံယူချက် များကို ပြောဖြစ် ဖလှယ်ဖြစ် ကြသည်။ သင်တန်းချိန်မှာ ဆုံ၊ ပရောဂျက် ချိန်မှာနဲ့ ဆရာ မလာခင် လေးတွေမှာ စကားလေးတွေ ပြောဖြစ် ကြသည်။ သို့သော် အိမ်လိပ်စာ ဖလှယ်ခြင်း၊ ဖုန်းနံပါတ် ဖလှယ်ခြင်းများ မပါပေ။ သင်းခနဲ လွင့်ပျံ ၀င်လာသော eternity for men (original) အနံ့ကြောင့် ကိုမောင်မောင် လာပြီမှန်း သိလိုက်သည်။ နောက်လှည့်ကြည့်တော့ ထင်တဲ့အတိုင်း ဆိုင်ကယ်သော့ တယမ်းယမ်း နဲ့ ပျော်နေပုံ ရသော သူ…

"ဟော.. ကျောင်းပြေး .. ကျောင်းပြန် တက်ပြီလား"

"ဟဲဟဲ.. ကျွန်တော် အလုပ်လုပ်ခဲ့ဖူးတဲ့ဟိုတယ်ကို မြန်မာ့ ရိုးရာ ပုသိမ်ထီးနဲ့ ရုပ်သေးရုပ်တွေကို ဟိုတယ်ထဲ အလှဆင်ဖို့ ကျွန်တော် အဆို တင်သွင်း ကြည့်တာ ရတယ်ခင်ဗျ။ အဲဒီ ဟိုတယ်က ဟိုတယ် လုပ်ငန်းစုကြီး ဆိုတော့ နာမည် တစ်ခု တည်းအောက်က ဟိုတယ်တွေ အားလုံး အတွက် ပစည်းတွေ သွင်းရမှာ.. ကျွန်တော် ကုမ္ပဏီ ထောင်တော့မယ် .. ရွှီ…"

လေချွန်သံ တစ်ချက်ကို ရှည်ရှည် ချွန်ရင်း ၀မ်းသာ အားရ သူပြော လာသည်။

"ဟယ် .. ၀မ်းသာလိုက်တာ ကိုမောင်မောင်ရယ်.. ကွန်ဂရက် ကျူလေးရှင်း.. ဒါထက် ကုမ္ပဏီ ထောင်ဖို့ ငွေစုမိ နေပြီပေါ့လေ"

"အဘွားအမွေ ပေးခဲ့တဲ့ လက်စွပ်ကို သွားပေါင်လို့တဲ့ အဖေစိတ်ဆိုးနေတယ်။ သူ့ကုမ္ပဏီမှာ ၀င်မလုပ်ဘဲ သူ့ကို အာခံတယ် ဆိုပြီး ပေါက်ကွဲနေတယ်။ ကျွန်တော် သူ့ ကုမ္ပဏီမှာ လုပ်တော့ ကျွန်တော် ဘယ်လောက် ကြိုးစား ကြိုးစား အသိ အမှတ်ပြု ခံရမှာ မဟုတ်ဘူး။ မိဘ ပိုက်ဆံ လက်ဖြန့်ခံ တောင်းပြီး ဟန်ပြ စီးပွားရေး လုပ်ပြ နေတယ် လို့လဲ အပြော မခံနိုင်ဘူး။ ဘိုးဘွား အမွေကိုလည်း အပျောက်ပျက် မခံနိုင်ဘူး။ ဒါကြောင့် မရောင်းဘဲ ပေါင်တာပါ။ အဲဒါကို အိမ်ပေါ်က နှင်ချ တယ်ဗျာ.. တကယ်က ကျွန်တော် နယ်စပ်က ပြန်ရောက် တည်းက ကိုယ့်ဟာကိုယ် အခန်းငှား နေနိုင်ပါတယ်။ အမေ့ မျက်နှာနဲ့ ပြန်နေ တာပါ။ ခုတော့ အတော်ပဲ။ အိမ်မှာ နေရင်း ရွှေဘုံပေါ်မှာ စိတ်က ငရဲ ခံနေစရာ မလိုတော့ဘူး။ ရုံးခန်း မှာပဲ နေတော့မယ်။ ကျွန်တော် သင်တန်း မတက် ဖြစ်တာ အဲဒါတွေ ကြောင့်ဗျ.. "

"ဟောတော့.. ဖြစ်မှ ဖြစ်ရလေ ကိုမောင်မောင်ရယ်.. ၀မ်းသာပါတယ် ပြောရမလား စိတ်မကောင်း ပါဘူး ပြောရ မလား မသိတော့ဘူး။ ၂ခုလုံးပဲ ပြောပါရ စေတော့နော်.. "

"ရပါတယ်ဗျာ.. အေးဆေးပါ.. ရတီ ပြောဖူး သလိုပေါ့.. နေရောင် ကိုပဲ ကြည့်မယ်.."

ဟားဟားဟား… ၂ယောက်သား မာန်အပြည့်နဲ့ ရယ်မိကြသည်။ လောကကြီးကို လှောင်ရယ် လိုက်တာပါ။

"ရတီရယ်.. ခင်ဗျားလေး ဟာလေ.. ရတနာတွေကို ချိန်တွယ်တဲ့ အလေးချိန် ပီသ ပါပေတယ်.. ရတနာ နဲ့ပဲ တန်ပါတယ်ဗျာ.. မီဖန်လုယန်"

"အဲလောက်ကြီး အမွှန်း မတင် ပါနဲ့ရှင် အဲလောက် မဟုတ်သေး ပါဘူး.. ဒါထက် မီဖန်လုယန် ဆိုတာ ဘာလဲဟင်"

"အော် ထိုင်းလို ပြောတာပါ ဘာရယ် မဟုတ်ပါဘူး.. ဟော ဟိုမှာ ဆရာ ၀င်လာပြီ"

************************************************************************

ဒီလိုနဲ့ ကိုမောင်မောင် TOEFL ကို အမှတ်ကောင်းနဲ့ အောင်ကြောင်း သတင်း ပျံ့တော့ ပတ်ဝန်းကျင်က အသံတွေ တ၀က် ပိတ်သွားသည်။ စနေတစ်ရက် သင်တန်းကို ရတီ အရောက် ကိုမောင်မောင် သင်တန်းထဲက ထွက်လာသည်။

"ရတီရေ ဒီနေ့ စတိတ်ရှိုး ရှိလို့ ဘယ်သူမှ သင်တန်း မလာတာနဲ့ ဆရာက ပြန်သွားတယ် သင်တန်း ခန်းမကို စက်လေ့ကျင့်ချိန်အဖြစ် ပေးသွားတယ်။ ဒါနဲ့ ကျွန်တော် သင်တန်းပျက်တဲ့ ရက်က စာတွေ ပြန်လေ့ကျင့် နေတာ"

"အော်.. ကိုမောင်မောင် နားမလည်တာတွေ ရှိရင် အားမနာနဲ့နော် ရတီ ပြပေး နိုင်ပါတယ်။"

"ကျေးဇူးရတီ.. ဒါပေမယ့် ကျွန်တော် သွားစရာလေး ရှိလို့ ပြန်တော့မလို့။ ရတီလဲ မိန်းကလေး တစ်ယောက်ထဲ စက်သုံးတာ မသင့်တော်ဘူး။ ပြန်တော့နော်။ ချန်ရပ်ထယ်.. ဘိုင်"

ပြောပြောဆိုဆို ထွက်သွားသော သူ့နောက်ကျောကို ကြည့်ရင်း ရတီ အူကြောင်ကြောင် ဖြစ်ကျန် ခဲ့သည်။ ရတီ ကတော့ သူထိုင်းလို ပြောသမျှ တစ်လုံးမှ နားမလည်။ သူက ရတီ့ကို ထိုင်းစကားပြော သင်စေချင်လို့ ထိုင်းလို ညှပ်ပြော နေလား မသိ။
***********************************************************************

သင်တန်း ကာလ ၇လ ထဲ ၀င်လာပြီ။ ကိုမောင်မောင် ခါတိုင်းထက် ပို သင်တန်းနောက်ကျ လာသည်။ အရင်လို သိပ် မသပ်ရပ် ရှိုးမများ နိုင်တော့။ လူလဲ ပိန်ပြီး ပီကေ ၀ါးလာသည်။
"ဟဲဟဲ ယောက်ျားလေး ပီကေ ၀ါးတာ ထူးဆန်းတယ်.. ပီကေ ဆိုတာ ကလေးပဲ ကြိုက်တာ"

ရတီက နောက်ချင်လာလို့ ကလိသည်။ သို့သော် သူက လေးလေးနက်နက် ပြုံးရင်း ရတီ မမြင်ဖူးသော အကြည့် တစ်မျိုးဖြင့် ကြည့်ရင်း ပြောလာသည်။

"ကျွန်တော် ရတီကို ပြောစရာ ရှိတယ်။ ရှိတာမှ အများကြီးကို ရှိတာ။ ခုတော့ မပြောသေးဘူး။ ကျွန်တော် လုပ်ငန်းတွေ ပိုအောင်မြင်လာမှ ကိုယ်ပိုင် အိမ်၊ ခြံ၊ ကားတွေ ပိုင်လာမှ ပြောမှာ။ အခု မတော်တဆ ပြောထွက် သွားမှာ စိုးလို့ ပါးစပ် မအားအောင် ပီကေ၀ါးနေတာ အဟား.."

"အော် ဖြစ်မှ ဖြစ်ရလေ.. စကား ပြောတာများ ဘယ်အချိန် ပြောပြောပေါ့.. ဘာစကားမို့လို့ ဒီလောက် အောင့်ထားရ ပါလိမ့်နော် အဆန်းပဲ"

"ချန်ရပ်ထယ်.. ရပ်ထယ် မာ့က်မာ့က်"

ရတီ့မျက်လုံးများထဲ စိုက်ကြည့်ရင်း ဖြည်းဖြည်းချင်း ပြောချ လိုက်သော စကားလုံးများကြောင့် နားမလည် သော်လည်း ရတီ့ ရင်ထဲ လှပ်ခနဲ ဖြစ်သွားသည်။ ဘာ အဓိပ္ပာယ် များပါလိမ့်

"အဲဒီ စကားက ဘာပြောတာလဲဟင် ဟိုနေ့ကလဲ ပြောဖူးတယ်နော်"

"ဖြေးဖြေးပေါ့ဗျာ… ဖြေးဖြေးမှ ပြောမလို့" "အော်"
****************************************************************
မိုးရွာစ ပြုပြီ။ ဘုရား ရင်ပြင်တော် ပေါ်မှာ လူရှင်းနေသည်။ မွေးနံထောင့် အရောက် ရေသပ္ပာယ်ဖို့ အသွား နောက်ကျော မလုံလို့ ဘာရယ် မဟုတ် လှည့်ကြည့်မိတော့

"ဟယ် ကိုမောင်မောင်.. ဘုရားလာဖူးတာလား .. လိပ်ဥ လာတူးတာလား.."
"ဟားဟား.. ရတီက လုပ်တော့မယ်. အဲလိုကြီး မှန်တာတွေ ပြောပြီး ရှက်အောင် လုပ်ရလားဗျ.. ဘုရား လာဖူးတာပါ"
"ဟဲဟဲ နောက်တာပါရှင် တိုက်တိုက်ဆိုင်ဆိုင်နော်.. ဘာစိတ်ကူးပေါက်ပြီး ဘုရား လာဖူးတာလဲ တစ်ယောက်ထဲလား.. အတွဲ ပါဘူးလား"
"တစ်ယောက်တည်း ပါဗျာ.. ကျွန်တော်လို မြောင်းထဲက ကျောက်ခဲက အတွဲ မထား နိုင်သေး ပါဘူး။ ဈေးကွက် ၀င် ရတနာ ဖြစ်အောင် ကြိုးစား ပြီးမှ ကျွန်တော် ချစ်တဲ့ မိန်းကလေးကို တန်ဖိုးထား လက်ထပ်ခွင့် တောင်းတော့မယ်။ ဒီအချိန် ကြားထဲမှာ အဲဒီ မိန်းကလေး သူများနောက် ပါမသွား ပါစေနဲ့ လို့ လာဆုတောင်းတာ"

"အော်.. အဲလိုလား… တောင်းတဲ့ ဆုနဲ့ ပြည့်ပါစေရှင်"
"ရတီရော ဘုရားကို သက်သက် လာဖူးတာလား" "အင်း"
"မွေးနေ့မို့ လာတာ မဟုတ်ဘူးပေါ့လေ" "အို.. ရှင်ဘယ်လိုလုပ်သိ"

မျက်ခုံးလေး ရှုံ့သွားသော ရတီ့ကို သူ ပြာပြာသလဲ ရှင်းပြသည်။

"ကျန်ခဲ့တဲ့ အပတ်က သင်တန်းမှာ သင်တန်းဆင်း လက်မှတ် အတွက် ပြင်နေတာကို ကျွန်တော်က သင်တန်း ခန်းမ မန်နေဂျာနဲ့ တွဲပြီး ကူလုပ် ပေးနေရင်းက ရတီ့ရဲ့ လျှောက်လွှာ ထဲက ကိုယ်ရေး မှတ်တမ်းကို အမှတ် မထင် တွေ့မိလို့ မွေးနေ့ကို လာစောင့်နေတာ.. ရတီ အိမ်က ထွက်လာ ကတည်းက ကျွန်တော် နောက်က တိတ်တိတ် ပါလာတာ.. ကုမ္ပဏီ ဖွင့်ပွဲ နေ့ကရော၊ အရောင်းအ၀ယ် စာချုပ် ချုပ်တဲ့ နေ့ကပါ ကျွန်တော် ရတီ့ ကို တအား သတိရ နေတာ.. ကျွန်တော် လူတော ပြန်တိုးရဲအောင် လမ်း တူတူ လျှောက်ပေး ခဲ့လို့လေ။ ဒီလို သူငယ်ချင်း တစ်ယောက်ရဲ့ မွေးနေ့မှာ ကျွန်တော် အမှတ်တရ လက်ဆောင် ပေးချင်လို့ ဒီလို လိုက်လာ တာပါဗျာ.. အထင် မလွဲပါနဲ့.. စိတ်မဆိုးပါနဲ့နော်"

"အော်… ဒီလို အမှတ်တရ ရှိတာနဲ့တင် လုံလောက် နေပါပြီ။ လမ်းတူတူ လျှောက်တာက အဲလို လူစား တွေကို ရွဲ့ချင် တာလဲ ပါပါတယ်။ လက်ဆောင် ကတော့ လက်မခံ ပါရစေနဲ့ ကိုမောင်မောင်.. ရတီက လက်ဆောင်တွေ ဘယ်တော့မှ ယူလေ့ မရှိလို့ပါ။ အိမ်ကလဲ မယူရဘူး မှာထားလို့ပါ။"

"အမယ်လေး ရတီ ကိုယ်တိုင် ၀ယ်သုံးနိုင်မှန်း သိပါတယ်ဗျာ.. လက်ဆောင် ဆိုတာ ကိုယ်တိုင် ၀ယ်တဲ့ ပစည်း ထက် တန်ဖိုး ရှိတယ် ရတီရဲ့။ လက်ဆောင် ပေးသူက ကိုယ့်အပေါ် ထားတဲ့ စိတ်၊ တန်ဖိုးထားမှု၊ အမှတ်တရ ရှိမှု၊ လေးစားမှု အဓိပ္ပာယ်တွေ အများကြီး၊ စိတ်ပိုင်း ဆိုင်ရာ တန်ဖိုး တွေလဲ များကြီးပဲ။ ပိုက်ဆံ ရှိလို့ ၀ယ်တဲ့ ပစည်းက ခုနလို စိတ်ပိုင်းဆိုင်ရာ တန်ဖိုးတွေ မပါဘူးလေ။ ကျွန်တော်ကတော့ လက်ဆောင် ရတဲ့ ပစည်းလေး တွေကို ကိုယ်တိုင် ၀ယ်တဲ့ ပစည်းထက် ပိုပြီး တန်ဖိုး ထားတယ်။"

"အင်း ဒီလို အသိမျိုး ရတီ တခါမှ မစဉ်းစား မိဖူးဘူး။ ကျေးဇူး ကိုမောင်မောင်။"
"မွေးနေ့ ဆုတောင်း ဘယ်လို တောင်းပေး ရမယ်မှန်း မသိတာနဲ့ ကျွန်တော် ဒီလို ရေးလာ ခဲ့တယ်။"

သူကမ်းပေးလာသော မွေးနေ့ကဒ် အဖြူလေးက ပန်းခြင်းပုံလေးနဲ့ ရိုးရိုးသားသား လေးပါပဲ။ ကဒ်ထဲမှာ ညှပ်ထားတာက သော့ပုံ လော့ကဒ်သီးလေး ပါတဲ့ စတီးဆွဲကြိုးလေးပါ။ ကဒ်ထဲမှာ ရေးထားတာက
တလောကလုံးမှာ ဆုတောင်း ပေးကြတဲ့ မွေးနေ့ ဆုတောင်းတွေ အားလုံးနဲ့ ပြည့်စုံပါစေတဲ့
ဟားဟား.. လူလည် ကျတယ် လို့ ဖတ်ရင်း ရီမိကြသည်။ ပြီးတော့ ဘုရား ရင်ပြင်တော် ပေါ်တင် နှစ်ယောက်သား လမ်းခွဲ အိမ်ပြန် ခဲ့ကြသည်။
*******************************************************************

တန်ဆောင် မုန်းတွင်း ဆီးနှင်း တပြိုက် မိုးတလိုက် ဆိုသည့် အတိုင်း ရန်ကုန်မှာ နှင်းမကျ ပေမယ့် မိုးရွာ ရင်တော့ တော်တော်ကြီး အေးလေသည်။ သင်တန်း ကာလ ၇လရဲ့ နောက်ဆုံး ပတ်က စပြီး ကိုမောင်မောင် သင်တန်းကို လုံးဝ မလာတော့။ အတန်းဖော် သူငယ်ချင်း တစ်ယောက် လစ်လပ်သွားသည်နဲ့ သင်တန်း တက်ရတာ သိသာစွာ ခြောက်ကပ် နေသည်။ လူဆိုတဲ့ လူတွေကလည်း ရတီ့ကို ကွက်ကြည့် ကွက်ကြည့်။ သူငယ်ချင်းကောင်း ပီသ စွာ အိက ဇာတ်စုံခင်း လေသည်။

"မမ ရတီနဲ့ ကိုမောင်မောင်ကို ဘုရားပေါ်မှာ တွေ့တယ် ဆိုပြီး အတွဲလို့ အပြင်မှာ အတင်းပြောကြတယ်။ ကိုမောင်မောင်က ရုံးခန်းမှာ တစ်ယောက်တည်း နေတော့ စကားတွေက ချဲ့ကား ကုန်ကြရော။ အမတို့ ၂ယောက် မုန့်တိုက်ကို လာကတည်းက အတင်းပြောချင် နေကြတာ။ အဲဒီတုန်း ကတည်းက နည်းနည်း ကြွက်စီ ကြွက်စီ ဖြစ်နေတာ. အိတို့သင်တန်းသားတွေ စုပြီး အတန်းလစ်ပြီး စတိတ်ရှိုး သွားကြ တုန်းက အမတို့ ၂ယောက်တည်း ကျန်ခဲ့တော့ အိုကေ နေလောက်ပြီ ထင်နေတာ။ ကိုမောင်မောင်က သူ့အဖေ မရှိတုန်း သူ့အမေအိမ်ပြန်ပြီး တနေကုန် ဂစ်တာ သွားတီး နေပြီး အမကလဲ အိမ်ပြန် သွားတော့ အသံတွေ ပြန်ငြိမ် သွားတာ။ အခမှ ဘုရား တူတူ ဖူးတယ် ဆိုပြီး အဲလို ဖြစ်သွားတာ"

"ဟောတော့ အမတို့ ချင်းဖြင့် တကယ့်ကို ရိုးရိုး သူငယ်ချင်း ပါကွယ်။ အမဖြင့် ဒီအကြောင်းတွေကို သိတောင် မသိဘူး။ စဉ်းတောင် မစဉ်းစား မိပါဘူးကွယ်"

"မစဉ်းစား မိလဲ စဉ်းစား ထားတော့ အမရေ.. ကိုမောင်မောင် လိမ်မာ လာတော့မှ တောင်းရမ်း စပ်ဟပ်မယ့် သူတွေက သူ့မိဘ အိမ်ကို ၀င်ထွက် ကုန်ပြီ။ သူ့အိမ်ကလဲ နောက်တစ်ခါ စိတ်လေပြီး အိမ်က ထပ် ထွက်သွား မှာစိုးလို့ ဆိုပြီး သူ့ကို အိမ်ထောင်ချ ပေးဖို့ စီစဉ်နေတယ်။"

"အော်"

"ဟုတ်တယ် ဒါကြောင့် အမနဲ့ သူနဲ့ကို ဆက်ပြီး အတင်းပြော နေမှာ၊ သူတို့ ဆွေမျိုးစု ဆင်တဲ့ ဇာတ်လမ်းထဲ အမ ကြားညပ်မှာ စိုးလို့ ဆိုပြီး ကိုမောင်မောင် ခု သင်တန်းက ထွက်သွားပြီ။ "

သက်ပြင်းကို လေးလေး ပင်ပင် ချရင်း လောကကြီးကို ပျစ်ပျစ်နှစ်နှစ် တရားကျ မိသည်။ တချိန်တည်းမှာပဲ ရင်ထဲက တစစ်စစ် နာလာသည်။ ဟိုအရင် လပိုင်း ကမှ မြောင်းထဲက ကျောက်ခဲ အဖြစ် သိမ်ငယ် နိမ့်ကျ ခဲ့ရ တဲ့ ကိုမောင်မောင်ဟာ ခုတော့ ပျိုတိုင်း ကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်လာ နေပါရော့လား။ ၀မ်းသာပါတယ် ကိုမောင်မောင်.. ဒါပေမယ့် တစ်ခုတော့ ဆုတောင်း ပေးချင် မိပါတယ်။ ကိုယ်ပိုင် အိမ်၊ ခြံ၊ ကားတွေ ပိုင်မှ ချစ်တဲ့သူကို ဖွင့်ပြောမယ် ဆိုတဲ့ ကိုမောင်မောင် အတွက် မိဘတွေ ရွေးချယ်သူနဲ့ ချစ်သူ တစ်ထပ်တည်း ကျနိုင် ပါစေလို့…

သင်တန်းက အပြန်.. စနေမိုးက သည်းပြန်ပါပြီ။ အိမ်ပြန် မရောက်မီ ဘုန်းကြီး ကျောင်းနား အရောက်

"ရတီ.. ရတီ"
မိုးသည်းကြီးထဲ ဘယ်သူပါလိမ့် လို့ နောက်ကို လှည့်အကြည့်
"ဟယ် ကိုမောင်မောင်"
"ရတီနဲ့ ကျွန်တော့်အကြောင်းတွေ ရတီ ကြားပြီးရောပေါ့။ ကျွန်တော် တမင် လုပ်တာ မဟုတ် ပါဘူးဗျာ.. တကယ် မရည်ရွယ် ပါဘူး။ စိတ်မကောင်းပါဘူးဗျာ။ ကျွန်တော့ကို စိတ်ဆိုးနေရင် ကျေနပ်တဲ့ အထိ တောင်းပန် ပါ့မယ်"
"အော် ရတီဖြင့် စိတ်ထဲတောင် ဒီကိစ မရှိပါဘူး အားနေတဲ့ သူတွေ ပါးစပ် ယားတိုင်း ကိစလေး တစ်စွန်းတစကို လိုရာဆွဲ အတင်းပြောတိုင်းသာ လိုက်ဂရုစိုက် ရရင် နေစရာကို ရှိတော့မှာ မဟုတ်ဘူး။ ကိုမောင်မောင်လဲ သင်တန်းက ထွက်စရာ မလိုပါဘူး။ ဒါထက် ကိုမောင်မောင် နေကောင်းရဲ့လား။ ပိန်လာ လိုက်တာ။ ဖြူဖပ်ဖြူလျော်နဲ့။"
"ရပါတယ် ရတီရယ် ရတီလဲ ကျန်းမာရေး ဂရုစိုက်နော်။ အိမ်နားတောင် ရောက်လာပြီ. ကျွန်တော် ပြန်တော့မယ်။ အိမ်တွေနားနီးလာရင် တော်ကြာ ရတီ့ အသိုင်းအ၀ိုင်းမှာပါ ရတီ့ နာမည်ကို ထပ်ပြီး ထိခိုက် နေပါဦးမယ်။ ကျွန်တော် မကြာခင် ရတီ အဆင်ပြေဖို့ တခုခု စီစဉ် နိုင်မှာပါ။ ပြန်တော့မယ်နော်။ ဖို့ပ်ကမ်မိုင် နခရပ်.."
"အိုကေ.. တာ့တာ"

နောက်ပြန် ၃-၄ လှမ်း လှမ်းပြီးမှ ချာကနဲ လှည့်ထွက်ပြီး ငူငူ ငိုင်ငိုင် လျှောက်လှမ်း သွားသော သူ့ကျောပြင်ကို ကြည့်ရင်း ရတီ တော်တော် စိတ်ညစ် သွားသည်။ စိတ်နဲ့ လူ မကပ်ဘဲ လမ်းလျှောက်သွားသည်ထင့်။ လူတခြား ထီးတခြား.. ကျောပြင် သာမက တကိုယ်လုံး မိုးရေ ရွှဲလို့။ ခေါင်းကို အသာ ယမ်းရင်း အိမ်ပြန်လာမိသည်။ ထိုညက တညလုံး အိပ်မပျော်.. သူ့အကြောင်းများက အတွေးထဲမှာ တရစ်ဝဲ၀ဲ.. သူငယ်ချင်း အပေါ်တွင်ပင် ဒီလောက် ဂရုစိုက် နေရာပေး တတ်သော သူ.. သူချစ်သော မိန်းကလေး အပေါ်များ ဆိုရင်တော့…

နောက်နေ့ သင်တန်းမှာ သူမရှိပေမယ့် သူထိုင်နေကျ နေရာလွတ် လေးမှာ သူ့ကို ဖြည့်မြင် မိသည်။ ရက်သတ္တ တစ်ပတ်ဆိုတဲ့ အချိန်က မြန်လိုက်တာ.. သင်တန်းကို အလာမှာ ကျောင်းနား နီးလာလေ သူ့ ပုံရိပ်တွေက အတွေးမှာ စိုးမိုးလေ။ အို.. ရတီ ဘာဖြစ်နေပါလိမ့်.။ သူ့မှာ ချစ်သူ ရှိသည်။ ဒါ့အပြင် သူ့မှာ မိဘက စီစဉ် ပေးမယ့် လျာထားသူ ရှိသည်။ ကိုယ်က တမ်းတ နေလို့ မသင့်တော်.. အို.. အဖြူရောင် ခင်မင်ခြင်းတွေ အရောင် ပြောင်းကုန် ပြီလား။ ဟင့်အင်း.. ကျွန်မ အပြောင်း မခံ သင့်ဘူး။ ကျွန်မရဲ့ ကိုယ်ကျင့် တရားနဲ့ သိကာ အတွက်လဲ ကျွန်မ စောင့်စည်း သင့်သည်။
သင်တန်းကို အရောက် လူရည်သန့် ကုမ္ပဏီဝန်ထမ်း ယောက်ျားလေး တစ်ယောက်နဲ့ မိန်းကလေး တစ်ယောက် လာခွင့်တောင်းလို့ သူတို့နဲ့ တူတူ သင်တန်းအောက်က ကော်ဖီဆိုင်မှာ ထိုင်ဖြစ်သည်။ အော်.. သူနဲ့တောင် တခါမှ တူတူ မထိုင်ဖူး သေးပါလား လို့ သတိရမိ သွားတာကို မလုံမလဲ စိတ်ထိန်းရင်း သူတို့ကို လာရင်း ကိစ မေးရသည်။

"မရတီက ဆရာ ကိုမောင်မောင်နဲ့ ခင်တယ် မဟုတ်လားဟင်။ ကျွန်မတို့က သူ့ဝန်ထမ်းတွေပါ။ ဆရာ အစာအိမ် ပေါက်တာနဲ့ နမိုးနီးယား တပြိုင်တည်း ဖြစ်ပြီး ခု ရန်ကုန်ဆေးရုံကြီး အရေးပေါ် ကုသဆောင်မှာ တင်ထားရလို့ လာအကြောင်းကြားတာပါ မရတီ"

မိုးမခြိမ်းဘဲလျက် မိုးကြိုးပစ်သလို ခံစား လိုက်မိသည်။ ဖျတ်ခနဲ သူအရင် အပတ်က မိုးရွာထဲ ပြန်သွားပုံကို မြင်ယောင်မိရင်း မျက်ရည်က အလိုလို ၀ိုင်းလာသည်။

"ကျန်ခဲ့တဲ့ တနင်္လာနေ့က ရုံးခန်း တံခါး မပွင့်လို့ တံခါးဖျက် ၀င်မှ ဆရာ့ကို သတိလစ်လျက်သား ကျွန်တော်တို့ တွေ့တာပါ။ တွေ့တွေ့ချင်း ဆေးရုံတင်ပေမယ့် အသည်းအသန် ဖြစ်နေပြီး ခုထိ သတိရ တချက် မရ တချက် ဖြစ်နေလို့ … ပြီးတော့ … ပြီးတော့ အမ နာမည်ကို ခေါ်နေလို့ သူ့ရုံးခန်းထဲ ၀င်ရှာတော့ အမနာမည်နဲ့ စာအုပ် လေး တစ်အုပ်ကို တွေ့လို့ ဆရာ့ အသိုင်း အ၀ိုင်းထဲမှာ စုံစမ်းတော့ ဆရာ ဒီသင်တန်းကို နောက်ဆုံး တက်ခဲ့ တယ် ဆိုတာနဲ့ မနေ့ကမှ ဒီသင်တန်းမှာ အမ နာမည်ကို စုံစမ်းတော့ ရှိတယ် ဆိုတာနဲ့ ကျွန်တော်တို့ လာစောင့် နေတာပါ။ အမ ဖြစ်နိုင်မယ် ဆိုရင် ဆရာ့ကို ဆေးရုံမှာ လိုက်တွေ့ နိုင်မလားဟင်.. ဆရာ့ အခြေအနေကို အားမရ လို့ပါ။ အမ လာတွေ့လို့ သူစိတ်အား တက်လာရင် နေပြန် ကောင်းလာ မလား လို့ပါ အမရယ်.. လိုက်တွေ့ ပေးပါလား အမရယ်.. ကားပါ ပါလာ ပါတယ် ခင်ဗျာ.."

ဝန်ထမ်းလေး လှမ်းပေးသော စာအုပ်မှာ ရတီ့နာမည် ထိုးလျက် သော့ပိတ်လျက်သား။ သော့က မပါ။ အော်.. သူ့ ၀န်ထမ်းလေးတွေက သူတို့ဆရာကို စိုးရိမ်ကြ ရှာသည်။ ဒါဆို ရတီ ကရော.. နှလုံးသားကို မိုးကြိုး အစင်းစင်း ခသလို ခံစား ရသည်။ ဆေးရုံမှာ သူ့မိဘ၊ ဆွေမျိုးတွေ ရှိနေမှာပေါ့။ ပြီးတော့.. သူနဲ့ သဘောတူ ထားပါတယ် ဆိုသော မိန်းကလေး ဘက်က လူတွေလဲ ရှိနေမှာပေါ့။ အို ဖြစ်ချင်ရာ ဖြစ်.. သတိ လစ်နေ ချိန်မှာ ရတီ နာမည်ကို ရွတ်သော၊ ရတီ့ နာမည်နဲ့ စာအုပ် လေးကို သော့ခတ် ထားသော ကိုမောင်မောင်ကို ရတီ လိုက်ကြည့်ဖို့ ဆုံးဖြတ် လိုက်သည်။

ကုမ္ပဏီ ကားဖြင့် ဆေးရုံအလာ လမ်းမှာ စာအုပ်လေးကို ဖွင့်ကြည့်ချင်လာသည်။ လှစ်ကနဲ သတိရလိုက်တာက မွေးနေ့လက်ဆောင် သော့ပုံ လော့ကတ်သီးလေး.. ဒါဆို သူ ကြိုတင် စီစဉ် ထားခဲ့တာလား။ အနှိုင်းအဆမဲ့ ခုန်လာသော ရင်ကို အသာဖိရင်း လည်ပင်းက ဆွဲကြိုးလေးကို ကတုန်ကယင် ဖြုတ်ရင်း စာအုပ်လေးကို သော့လှည့် ဖွင့်မိသည်။

ကလစ်ကနဲ မြည်ကာ ပွင့်သွားသော စာအုပ်လေးရဲ့ ပထမ စာမျက်နှာမှာ

၇၂ နာရီလေးပဲ အတူ သင်တန်းတက်ရင်း တွေ့ဖူးတဲ့ ရတီရေ.. ကိုယ့်ဘ၀တာ တသက်လုံးစာ လေးစားမြတ်နိုးစွာ ချစ်မိပါတယ်..
ချန်ရပ်ထယ် = ချစ်တယ် ရတီရယ်
မီဖန်လုယန် = ချစ်သူ ရှိပြီးသားများ ဖြစ်နေမလား

မမေးမိအောင် သတိထားရင်း စိတ်ကို ချုပ်တည်းရင်း အခါခါ ပြောထွက်မိသမျှ တခြား အဓိပ္ပာယ်နဲ့ လွှဲပြော မိတိုင်း ရင်နာ ခဲ့ရတယ်။ အဖြေကို မ၀ံ့မရဲ သိချင်လွန်း ပေမယ့် အဖိုးမဖြတ်နိုင်တဲ့ ရတနာနဲ့မှ လိုက်ဖက်ညီမယ့် ရတီအတွက် ကိုယ့်အတိတ် အရိပ်မည်းကို သေးငယ် ပပျောက်စေမယ့် ထွန်းလင်း တောက်ပတဲ့ နေတစ်စင်း ကိုယ်တိုင် ဖြစ်အောင် ကြိုးစား နေတုန်းမို့ ရတီ့ကို ဖွင့် မမေးရက် သေးသမျှ ကိုယ်ထိန်းသိမ်း ထားပါ့မယ်တဲ့။

ရင်ထဲ လင်းခနဲ ဖြစ်သွားရင်း အသည်းနှလုံးများ တစစီ လွင့်ထွက် သွားသလို ခံစား လိုက်မိသည်။ မျက်ရည်မိုး တို့က နိုဝင်ဘာ မိုးနဲ့ အတူ ဖြိုင်ဖြိုင် ရွာကျ လာသည်။ ရတီလေ.. မောင့်ကို မောင်လို့ ခေါ်ခွင့် ရချင် နေခဲ့ တာပါ။ ကားလေးက ဆေးရုံ ၀င်းထဲ ထိုးအရပ် ၃ယောက်သား မပြေးရုံ တမယ် မောင့်အခန်းဆီ လှမ်းခဲ့ ကြသည်။ အခန်းထဲမှာ အံကြိတ် ထားရင်း မောင့် ကုတင် ခေါင်းရင်းမှာ ရပ်နေသော အန်ကယ်ကြီး.. မောင့်ဘေး ကုတင်ပေါ် ထိုင်ရင်း အသံတိတ် ကြိတ်ရှိုက် နေသော အန်တီကြီး .. ကျန်သူများက မျက်နှာသေ များနဲ့ မောင့်ဘေးမှာ.. drip ပိုက်များ ဘယ်ညာ သွင်းထား ရသော မောင်က နောက်ဆုံး တွေ့ခဲ့သော နေ့ကထက် ပိုပိန်ကာ ဖြူဖျော့လျက်.. တချက် တချက် မောင့် နှုတ်ခမ်း လှုပ်တာက လွဲလို့ ဘာမှ အားရ စရာ မရှိ..

မောင့် သူငယ်ချင်း အဖြစ် မောင့် မိဘများကို မိတ်ဆက်တော့ မောင့် ကျန်းမာရေးကို မောင့် ဖေဖေ အန်ကယ် ကြီးက လူကြီး ပီပီ ရှင်းပြသည်။ အစာအိမ်က အနာများ အပြည့်မို့ ခွဲစိတ် ကုသ လျှင်တောင် အသက်ရှင်ဖို့ ရာခိုင်နှုံး နည်းလှသည်တဲ့။ စိတ် ခံစားချက် များနဲ့ တစ်ယောက်တည်း ရုံးခန်းမှာ နေမှုကြောင့် အစား အသောက် မမှန်မှု များက ခုတော့ မောင့်ဇီဝိန်ကို ခြွေတော့ မည်ပေါ့။ နေပါဦးရှင်.. ကျွန်မ မောင်နဲ့ ၇၂ နာရီ လေးပဲ တွေ့ရ ပါသေးတယ်။ ချစ်သူတွေ အဖြစ် ချစ်စကားတောင် ခွန်းဆင့် ဖလှယ် မလုပ်ရ သေးပါဘူး။

ရတီ.. ရတီ.. ဟော.. ဟဲ.. ရတီ.. ကို .. သိပ်.. ချစ်.. တယ်

မောင့် အသံက တိုးတိုးပေမယ့် မောင့်မိဘများ ရှေ့မှာမို့ အကြီးအကျယ် လန့်ဖျပ် သွားမိရင်း လက်ထဲက စာအုပ်လေး လွတ်ကျ သွားသည်။ လူက ထူပူပြီး ရုတ်တရက် လှုပ်မရ.. ပါးစပ်အဟောင်းသား မျက်လုံး အ၀ိုင်းသားနဲ့ .. မောင့်ဖေဖေက ရတီ လွတ်ကျ သွားသော စာအုပ်ကို ကောက်ပေးရင်း စာအုပ်ထိပ်က နာမည်ကို ဖတ်မိ သွားသည်။ သွားပြီ.. ရှက်လွန်းလို့ ထူပူ ရှိန်းဖိန်း နေမိသည်။ မောင့်ဖေဖေက စာအုပ်ကို ပြန်လှမ်း ပေးရင်း အခန်းထဲက လူအားလုံးကို မျက်နှာ ပေးဖြင့် အပြင် ခေါ်ထုတ် သွားလေသည်။ အခန်းထဲတွင် မောင်နဲ့ ကျွန်မ ၂ယောက်တည်း။ တခါက ကျွန်မရဲ့ ဂုဏ် သိကာ အတွက် သင်တန်း ခန်းမထဲ ၂ယောက်တည်း ဖြစ်နေမှာ စိုးလို့ မောင် ရှောင်ထွက် သွားခဲ့ ဖူးသည်။ ခုတော.. ခုတော့ မောင်ရယ်.. ဒီတစ်ခါတော့ ဘာပဲ ဖြစ်ဖြစ် မောင့်ဘေးမှာ ရတီ နေပါ ရစေ။ မောင့် ကုတင်ဘေးမှာ အသာ ထိုင်ချရင်း မောင့် ရင်ဘတ်ကို ဖွဖွ စမ်းမိတော့ နှလုံး ခုန်သံက နှေးလှချည့်…

မောင့်နားနား ကပ်ရင်း တိုးဖွဖွ ခေါ်မိသည်။ မောင် မကြားဖူး သေးသော.. ကြားလဲ ကြားချင် လှမည် ဖြစ်သော စကား များကို ရတီ မောင့်ကို မနားတမ်း ပြောပြ ချင်မိသည်။ ပြောခွင့် ပြုပါ။ ရတီ အပြောချင်ဆုံး ရတီ မောင့်ကို အကြားစေ ချင်ဆုံး စကားလုံး များကို မောင် ကြားသွား နိုင်ပါစေ။

"မောင်.. မောင်.. ရတီ ခေါ်နေတယ် မောင်.. ရတီ ခေါ်တာ ကြားလားဟင်.. ရတီ ခေါ်တာ ပြန်ထူး ပါဦး မောင်ရယ်.. "

မျက်ရည်ပေါက် ကြီးများ တစ်လုံးချင်း စီးကျရင်း ဆို့နင့် ကြေကွဲစွာ ရတီ ခေါ်နေ မိသည်။ မျက်တောင် လေးများ တဖျပ်ဖျပ် လှုပ်ရှားရင်း မျက်ခွံလေး ၂လွှာ ပင်ပန်း ကြီးစွာ ပွင့်လာသည်။

"ဟော.. မောင် သတိရ လာပြီ။ ရတီ ရှိတယ် သိလား မောင်။ ရတီလေ မောင့်ဘေးမှာ အမြဲ ရှိနေမယ် မောင်.. မောင် နေပြန် ကောင်းလာ ရင်လေ မောင်နဲ့ ရတီ မိုးရွာထဲ တူတူ လျှောက်ကြ ဦးမယ် နော်မောင်.. "

မောင့် နှုတ်ခမ်း ၂လွှာ ပွင့်လာသည်။ မောင် အားယူ ပြောသော စကားများကို သေချာ ကြားနိုင်ဖို့ ရတီ နားကို မောင့်နှုတ်ခမ်းနား ကပ်ပြီး နားထောင်ရသည်။

"မောင့်ကို.. လက်ထပ် မလားဟင်"

ရတီ ခေါင်းကို တွင်တွင် ညိတ်ရင်း ဟုတ်ကဲ့ လိုက်မိသည်

"မောင်.. ၀မ်းသာ လိုက်တာ.. မောင် ရတီကို လက်ထပ် ချင်လို့ အိမ်ဝယ်ပြီးပြီ သိလား… မောင် နေကောင်း လာရင် မောင်တို့ လက်ထပ်ပြီး အဲဒီ အိမ်လေးမှာ တူတူ နေကြ မယ်နော်.. မောင့်ကို.. မောင့်ကို လာခေါ် နေပြီ.. ရတီ.. မောင် ပြန်လာမယ်နော်.. မောင့်ကို စောင့်နေနော်.. မောင့်ကို.. "

မောင့်အသံ တိုးဝင် သွားစဉ် စက်က တီခနဲ သံရှည်ဆွဲမြည်လာသည်။ သူနာပြု ဆရာမ၊ ဆရာဝန်နဲ့ စောစောက အခန်းပြင် ထွက်နေကြသော လူများ အားလုံး ၀ုန်းဒိုင်းကြဲ ပြေးဝင် လာသည်။ ဆရာဝန်က မောင့် မျက်လုံးကို ဖြဲရင်း ဓာတ်မီးနဲ့ ထိုးကြည့်သည်။ နှလုံးခုန်သံကိုစမ်းသည်။ သွေးလွှတ်ကြောကို စမ်းသည်။ နောက်ဆုံး ခေါင်း ယမ်းရင်း ထွက်သွားလေသည်။ သူနာပြု ဆရာမ လေးလဲ ခေါင်းယမ်းရင်း ခလုတ်တွေ လိုက်ပိတ်သည်။ ပိုက် တွေကို ဖြုတ်သည်။ ရတီ အသိမဲ့ လိုက်ကြည့်နေစဉ် မောင့်မေမေ မူးလဲ သွားလို့ မောင့်ဖေဖေက ရှူဆေးနဲ့ မှိန်းစေသည်။ ဆွေမျိုးများက စီကနဲ ငိုကြသည်။ မောင့်အကိုက စီစဉ်စရာ ရှိသည်များကို ဖုန်းတစ်လုံးနဲ့ စီစဉ် ချေပြီ။ မျက်ရည်ပူများ တစ်လုံးချင်း ကျရင်း ရတီ ဖြစ်ရပ်မှန်ကို လက်ခံ လိုက်ရသည်။ ရင်တွင်းမှာ နှလုံးသွေးများ ရော စကားသံ များပါ ဆူညံနေသည်။

မောင်နဲ့ ဆုံချိန် စုစုပေါင်း ၇၂ နာရီ
ချစ်သူသက်တမ်းရော ၇ မိနစ်လား.. ဟင့်အင်း မပြည့်ဘူး.. အို .. အဲလောက်တောင် မကြာလိုက် ပါလားကွယ်.. ဒါပေမယ့်လေ.. မောင့်ကို ရတီ လက်ထပ် ပါမယ်လို့ ကတိ ပေးပြီးပြီမောင်။ မောင်ကလဲ ရတီ့ကို စောင့်နေပါလို့ မှာသွား ခဲ့ပြီ.. ရတီ့ကို ထားခဲ့ပြီး လောကထဲက ထွက်သွား ခဲ့ပြီ.. ဒါပေမယ့် မောင် ပြန်လာမယ် လို့လဲ ကတိ ပေးခဲ့သည်။ ဘယ်ကို ဘယ်လို ပြန်လာ မလဲ မောင်ရယ်.. ရတီ မောင့်ကို ဘယ်မှာ ဘယ်လို စောင့်ရ မလဲကွယ်


"ဟယ် ဟိုမှာ.. အမရတီ မျက်လုံးကြီး ကြောင်နေပြီ.. အမ.. အမ.. အမ ရတီ.. ရတီ"

အသံတွေက မကြားတချက် ကြားတချက်.. မျက်ရည်ပူတွေ တပေါက်ချင်း ကျရင်း မောင် နောက်ဆုံး မှာကြား သွားပုံက နားထဲကရော မြင်ကွင်းထဲကပါ မထွက်.. မောင့် နှုတ်ခမ်း နှစ်လွှာက ခုထိ ပွင့်နေဆဲ.. စကားများ ဆက်ပြောချင်ဟန်.. ရက်စက်လိုက်တာ ရှင်သေမင်းရယ်.. စကားလေးတောင် ပြီးအောင် ပြောခွင့် မပေးခဲ့ဘူး။ ရတီလေ.. မောင်နဲ့ အတူ လိုက်ခဲ့ချင်လိုက်တာ.. မောင်ကတော့ ရတီ့ကို စောင့်နေခဲ့ ခိုင်းတယ်နော်.. မောင့်ကို ကြည့်ရင်း ရတီ အချစ်ကို သေချာ နားလည် လိုက်သည်။

နက်နက် ရှိုင်းရှိုင်း နင့်နင့်သီးသီး ချစ်မိဖို့
သွေးသား အထိအတွေ့တွေ မလိုအပ်ဘူးမောင်.. လှိုင်းတူတဲ့ စိတ် ၂ခု အတွေးနဲ့ ခံယူချက်ချင်း ထိတွေ့ဖို့ပဲ လိုတာပါ။ လူချင်း အနေနီးဖို့ မလိုအပ်ဘူးမောင်.. နှလုံးသားချင်း၊ အတွေးချင်း၊ ခံစားချက်ချင်း နီးစပ်ဖို့ပဲ လိုတာပါ


"အမ.. အမရတီ.. ကြားရဲ့လား.. ဒုကပါပဲ.. ကလေးမ.. ကလေးမ.. သမီး.. သမီး ရတီ.. ဒေါက်တာ.. ကြည့်ပါဦး.. သူ ဘာဖြစ်သွားပြီလဲ မသိဘူး.."

မကြားတချက် ကြားတချက် အသံနိမ့်မြင့် တို့နဲ့ အတူ လက်မောင်းတစ်ဖက် စစ်ခနဲ နာကျင်ရင်း လောကြီးနဲ့ အဆက်ပြတ်သွားခဲ့သည်။

ဟော.. ဟိုမှာ မောင်.. ချောင်းတဖက်ကနေ မောင် လှမ်းအော် ခေါ်နေသည်။ ပြီးတော့ ချောင်းကို ဖြတ်ကူး လာသည်။ မြူငွေ့တွေကြားမှာ ချောင်းက တိမ်မယောင်နဲ့ နက်သည်ထင့်.. မောင် လျှောက်လာရင်း ရေစီးအလိုက် တချက် နစ်ဝင်သွားသည်
(((မောင်)))
"မရတီ.. မရတီ သတိရ လာပြီလား.. နေသာ ရဲ့လား.. ဘယ်မှာနေလဲ.. ကျွန်တော်တို့ လိုက်ပို့ပေးပါမယ်.. "
*************************************************************

ရက်လည်သည့်တိုင် ရတီ အဆောင်မှာ အောင်းနေမိသည်။ လူနဲ့ စိတ်နဲ့ မကပ်.. မောင့်အရိပ်နဲ့ မောင့် စကားသံ တွေကြား ရတီ နစ်မျောလို့..

ငြိုးရက်ပေ့ စနေမိုးရယ်

ဝသန်ကာလ မိုးကျ တည့်လျှင်
တောင်က မြည်ဟည်း တိမ်ထု သည်းနှင့်
မဲမှောင် အုပ်ဆိုင်း မုန်တိုင်းဆင်လို
တိမ်ညိုမှိုင်းထပ် လျှပ်ပြက်ပြကာ
ဖွေးဖြူမိုးပန်း ထွေထွေဖြန်းက
ရင်က သည်းစူး ငယ်ချစ်ဦးနဲ့
မေတ္တာထီးခို ကြည်နူးပိုလျက်
တူစုံယှဉ်တွဲ လျှောက်မည်ခဲလည်း
ဆိုးကြမာခွဲ ဖော်နှံကွဲခဲ့
မိုးဖွဲမြင်တိုင်း ကြမာရိုင်းကြောင့်
မှုန်မှိုင်းမျက်ဝန်း ဖျော့တော့လွန်းနှင့်
ကြည့်မိလေတိုင်း မျက်ရည်ဝိုင်းသည်
မခိုင်အင်အား လွမ်းစိတ်များကြောင့်
ရင်နင့်ကွဲကြေ သည်းပြတ်ကြွေရင်း
ကျွမ်းလုသည်းခင် ပြတ်လောက်ထင်သည်
လောကသခင် ခွဲရက်သည်..


**************************************************************

မောင့်ကို ဂူသွင်းသည့် နေ့က အဖြစ်အပျက်ကို တစိမ့်စိမ့်တွေး နေမိသည်။ ဆွေကြီး မျိုးကြီး ပီပီ ဈာပနကို လာသော ပရိသတ် များလှသည်။ ဈာပနမို့ အဆောင် အယောင်တွေ ၀တ်မလာ ကြပေမယ့် သူတို့ အတ္တတွေ မာန တွေက မျက်လုံး များမှာ အထင်းသား.. မောင့်ကို သူတို့ ဂူသွင်း ကြသည်။ လွတ်လပ်မှုကို မြတ်နိုးသော မောင်.. သူ့ကို ဂူသွင်းတာ ကြိုက်မည် မထင်။ တတ်နိုင် ကြောင်း ခမ်းနားစွာ ပြသဖို့ ဂူသွင်း သလား.. နောင်ကို အမြဲ အမှတ် ရတိုင်း လာကြည့် နိုင်ဖို့ ဂူသွင်း သလား.. အို.. မောင် ဆုံးပါးမှ အောင်မြင်သော ကုမ္ပဏီ ပိုင်ရှင် တစ်ယောက် အတွက် ခုလို ဂုဏ်ပြု နေကြ သည်ထက် မောင် အသက် ရှိစဉ်က မောင့်ကို စိတ်ချမ်းသာအောင် ထားခဲ့ ကြဖို့ ကောင်းသည်။ အဲလို သာဆို မောင် ခုလို အသက် ဆုံးမှာ မဟုတ်.. ခံပြင်းဖွယ် စိတ်ဆင်းရဲမှု များကြောင့် အစာအိမ် အက်ဆစ်ရည် များက မောင့်အစာ အိမ်ကို ဖျက်ဆီး ခဲ့သည်။ ဒါဆို မောင့်စိတ်ကို အဆိပ် ခတ်သူ များကရော.. တခြား လူတွေ မဟုတ်.. ခု ဈာပန ကို လာနေကြ.. ၀မ်းနည်းပြ နေကြသော ဒီပရိသတ် ပါပေ.. ရှင်တို့ မောင့်ကို သတ်ခဲ့ ကြတာ.. ခုမှ လာ ၀မ်း နည်း ပြမနေ ကြနဲ့.. ရှင်တို့ စိတ်ထဲမှာ မောင်က အသုံး မ၀င်ခင် တရားလွန် ဖိနှိပ် ရက်စက် ခဲ့ကြ သလောက် မောင်ဟာ ရှင်တို့ အတွက် အသုံးဝင် လာခဲ့ပြီလို့ ရှင်တို့ စိတ်ထဲ ထင်မြင် လာတော့ မောင့်ကို အသုံးချဖို့ ရှင်တို့ ကြိုးစား ခဲ့ကြတာ.. မောင် သိမ်ငယ် နိမ့်ကျ နေစဉ်က ရှင်တို့ လမ်းမှန်ပေါ် ရောက်အောင် တင်ပေး ခဲ့ကြ ရဲ့လား။ မောင် လမ်းမှန်ပေါ် ကြိုးစား တက်လှမ်း နေတော့ရော ရှင်တို့ ကမ်းလက် တစ်ဖက် လှမ်းခဲ့ ကြလို့ လား။ သူ့ဟာသူ သိမ်ငယ် စိတ်ကို တော်လှန်ပြီး ကိုယ့်ထူး ကိုယ်ချွန် အောင်မြင် လာတဲ့ မောင့်ကို အချိုသတ် အသုံးချဖို့ ကြိုးစား တဲ့အခါ အကင်းပါးတဲ့ မောင်က ရှင်တို့ စိတ်ရင်းကို မသိဘဲ နေမတဲ့လား.. ရတီ စိတ်ထဲက အော်ဟစ် ရန်တွေ့ နေမိသည်။ မောင့်ရဲ့ အုတ်ဂူကို ပိတ်နေစဉ် မောင်ဆွတ်နေကျ ရေမွှေးနံ့ ကလေး သင်းခနဲ ပျံ့လာသည်။ ရတီ ကြက်သီး ဖြန်းဖြန်း ထခိုက် ရတီ့ လည်ပင်း တွင် ဆွဲထားသော မောင့်လက်အောင် သော့ပုံ လော့ကက် သီးလေး လှုပ်လာ ခဲ့သည်။ အို.. မောင် ပြန်လာ တာလား။ မောင်.. တကယ် ပြန်ရောက် လာခဲ့ ပြီလား…

ဒီလိုနဲ့ မောင် ဆွတ်နေကျ ရေမွှေးနံ့လေးကို ရတိုင်း.. မောင် လက်ဆောင် ပေးသော သော့ပုံ လော့ကတ် သီးလေး လှုပ်လာတိုင်း ရတီ မောင့်ကို ပြောချင်သော စကားများကို တတွတ်တွတ် ပြောမိသည်။ ဘယ်သူတွေ ရတီ့ကို အရူးမလို့ ထင်ပါစေ.. ရတီ မမှုပါဘူး မောင်…

ရက်လည်ပြီး နောက်နေ့ မောင့်အိမ်မှ ကားအကြို လွှတ်လိုက်သည်။ မောင့် အိမ်ရောက်တော့ မောင့်မေမေနဲ့ တွေ့သည်။ မောင့်မေမေက ပဋိသန္ဓာရ စကား တစ်ချို့ ပြောပြီးနောက် မောင့် ရုံးခန်းမှာ မီးခံသေတ္တာ တစ်လုံး တွေ့လို့ ရတီ့ကို ဖိတ်ပြီး အပ်တာ ပါတဲ့။

"ရတီ ကိုမောင်မောင့် ရုံးခန်းကို တခါမှ မရောက်ဖူး ပါဘူး။ မီးခံ သေတ္တာ အကြောင်းကိုလဲ ရတီ မသိ ပါဘူး။ ရတီ လက်မခံ ပါရစေနဲ့ရှင်.."

"မီးခံ သေတ္တာကို ဖွင့်ရမယ့် နံပါတ်ကို ဘယ်သူမှ မသိကြဘူး ရတီ… ရတီ့ နာမည် ကပ်ထားတော့ ရတီများ သိမလား လို့ပါ"

"(((အို))) ရတီ့ကို သူ ဘာမှ မပြော ပြခဲ့ဘူး အန်တီ.. ရတီ မသိပါဘူး"

"နည်းနည်း စဉ်းစား ကြည့်ပေး ပါဦး ရတီရယ်.. သားကလေ.. သားက မကျွတ်ဘူးကွယ်.. အဲဒါ အိပ်မက် ပေးလို့ သားရဲ့ ဆန္ဒကို ဖြည့်ဆည်း ပေးချင် လို့ပါကွယ်"

၂ယောက်သား ငိုမိကြသည်။ ရတီ့ နာမည် စာလုံးပေါင်းကို နှိပ်ကြည့်သည် .. မပွင့်.. မှတ်ပုံတင် နံပါတ်ကို နှိပ်ကြည့်သည်.. မပွင့်…

"ရတီလဲ မသိတော့ဘူး အန်တီရယ်."

ထိုခဏ မောင် ဆွတ်နေကျ ရေမွှေးနံ့လေး သင်းခနဲ ပျံ့လာသည်။ မောင့်မေမေက မျက်ရည်လည်ရွဲနဲ့ နှုတ်ခမ်းကို တင်းတင်းစေ့သည်။ ရတီက အနံ့လာရာကို လိုက်ကြည့်ရင်း လည်ပင်းက လော့ကတ်သီးလေးကို တင်းတင်း ဆုပ်ထားမိသည်။

"လမ်းတူတူ စလျှောက်တဲ့နေ့"

ဘုရားရေ.. တိုးဖွဖွ အသံက စိတ်အာရုံက ကြားတာလား နားက ကြားတာလား မသေချာ… ရတီ ကြက်သီး ဖြန်းဖြန်း ထရင်း အိတ်ဆောင် ပြကဒိန် ကဒ်လေးကို ထုတ်ယူပြီး ရက်တွေကို ပြန်တွက် မိသည်။ မျက်လုံး အစုံကို မှိတ်ရင်း လက်ညှိုးကို ပြကဒိန်ပေါ် ထောက်ချ လိုက်သည်။ ဇူလိုင်လရဲ့ စနေတစ်ရက်.. ရက်စွဲကို မီးခံ သေတ္တာ ပေါ်မှာ နှိပ်ချ လိုက်သည်။ ထပ်ခနဲ မြည်သံနဲ့ အတူ မီးခံသေတ္တာ ပွင့်သွား ခဲ့ပြီ။ အငိုမျက်ဝန်းနဲ့ မောင့်မေမေကို ကြည့်ရင်း မီးခံသေတ္တာကို မောင့် မေမေကို လှမ်းပေး တော့ မောင့်မေမေက ရှိုက်ရင်း လှမ်းယူ ဖွင့်ကြည့်သည်။

ကတ္တီပါ ဗူးနီ လေးနဲ့ စာတစ်အိတ်ကို ဖွင့်ကြည့်ပြီး ရတီ့ကို လှမ်းပေးသည်။

"ရတီ့နာမည်နဲ့ ခြံဝယ်ထားတဲ့ စာချုပ်ရယ်၊ ကုမ္ပဏီ မှတ်ပုံတင် ရယ်ပါ.. ဒါက ရတီ့အတွက် လက်ထပ်လက်စွပ်"
"ရှင်"
"သေတမ်းစာ မဟုတ်ပေမယ့် သားရဲ့ ပြင်းပြတဲ့ ဆန္ဒမို့ ဖြည့်ဆည်း ပေးပါလို့ အန်တီ အတ္တကြီးကြီးနဲ့ တောင်းဆို ပါရစေ.. ရတီ လက်ခံပေးပါနော်.. လာ အန်တီတို့ ခြံသွား ကြည့်ကြစို့"
**********************************************************

မောင့် ဆန္ဒ အတိုင်း ရတီ ဒီခြံမှာ ပြောင်းနေ ခဲ့ရသည်။ အစစ နေချင်စဖွယ် ဆင်ယင် ထားသော မြို့စွန်က ဒီခြံလေးမှာ ရတီ နေထိုင်ရင်း မောင့် ကုမ္ပဏီကို ဦးစီး လုပ်ကိုင်ရင်း နေ့ချင်း ညချင်း သူဌေးမလေး ဖြစ်လာ သော ရတီ… စိတ်ဆင်းရဲခြင်း ငရဲခန်းများရဲ့ ရွှေဘုံပေါ်က မောင့် စိတ်ကြိုက် ဆင်ယင် ထားခဲ့သော ဒီခြံမှာ… ဘ၀ခြားပေမယ့် ညဘက် ဆိုင်ကယ်သံ ရပ်အပြီး လေချွန်သံ ရှည်ရှည် ကြားပြီး နောက် အချိန်တိုင်းမှာ ခြံထဲက နွယ်ဒါန်းလေး ပေါ်မှာ မျက်ရည်စ များနဲ့ ပြုံးနေသော ရတီ့ကို တွေ့နိုင်လေသည်…

ဆီးနှင်းမြူထု ဘယ်မျှ စုလို့
မည်မျှအေးမြ ချမ်းပါလှလဲ
ရင်တွင်းမီးထု အပူစုကို
အဘယ်သီတာ အေးမြစွာဖြင့်
မည်သူသယ်ကာ ငြိမ်းလာမည်ကို
သောကပူထု မီးတောင်စုဖြင့်
လာနိုးကြကြောင့် အကျွန်စောင့်ဧ။်



ပြီးပါပြီ..

ဝန်ခံချက်။ မိုးသီချင်းတွေ သိပ်ခေတ်စားနေချိန် ဖြစ်တဲ့ ကျွန်မ တကသိုလ် ပထမနှစ် တက်တဲ့ အချိန်မှာ ကွန်ပြူတာ သင် တန်းသူ သူငယ်ချင်းရဲ့ အိမ်က ဖွင့်ထားတဲ့ Celine Deon ရဲ့ ဗွီစီဒီ သီချင်းကို နားထောင်ရင်း ကြည့်ရင်း အဲဒီ သီချင်းကို မြန်မာမှု ပြုပြီး ဒီဇာတ်လမ်းလေးကို ဖန်တီး မိပါတယ်။ ဆေးလိုင်း မ၀င် ခဲ့လို့ ဖိအားပေး ခံရတဲ့ ကျွန်မရဲ့ အတွေ့ အကြုံကို ကိုမောင်မောင့်ကို မိဘ ဆွေမျိုး များက ဖိအား ပေးဟန်၊ ကျွန်မ မျှော်လင့် မိတဲ့ အားပေးဖော် အဖြစ် ရတီ တို့ကို ဇာတ်ကောင် အဖြစ် ဖန်တီး အစားထိုး ခဲ့ပါတယ်။ အဲဒီ ဇာတ်လမ်းကို ဖန်တီး စဉ်အခါက ဆိုင်ကယ် ပြိုင်မောင်း သူတွေ ခေတ်စား နေဆဲပါ။ ရေမွှေးက အဒေါ်က ဆိုင်ဖွင့် ထားပြီး အကို ၀မ်းကွဲ တွေနဲ့ လက်ပွန်း တတီး နေတတ် ဂျီကျ ဗိုလ်ကျ တတ်တဲ့ ကျွန်မဟာ အကို တွေရဲ့ ရေမွှေး တွေကို နှမြောမှန်း သိလို့ တမင် ယူဆွတ် ရင်းနဲ့ အကို တွေရဲ့ ရည်းစားစာ တွေကို ခိုးဖတ်ပြီး အလွတ် ပြန်ရွတ် ပြရင်း နောက်ပြောင် လှောင်ဟား ဆိုးသွမ်း သူပါ။ ဒီအကြောင်း တွေကို ရောမွှေ ဇာတ်လမ်းရေး အပြီးမှာ သူငယ်ချင်း တစ်ယောက်ကို ပြမိတဲ့ အတွက် သူက အထင်တော် လွဲပြီး လျှောက်ဖွတဲ့ အခါမှာ ကျောင်း ၀န်းကျင် က လူ တွေ ပါးစပ် ဖျားက သတင်းတွေ ကြားမှာ ပထမနှစ် ကျောင်းသူ ကျွန်မ တခါမှ မထားဖူး သေးတဲ့ ရည်းစား ခမျာ သေရ ရှာပြီး ကျွန်မ ကိုယ်တိုင်လဲ ရည်းစား မုဆိုးမ အဖြစ် နာမည်ကျော် ခဲ့ရပါတယ်။

သူပြောပုံ လေးကလဲ ယုံချင် စရာပါ။ ရည်းစားစာ ဆိုရင် ဖတ်ပြီး နောက်ပြောင် နေကျမို့ အပေးခံ ရလဲ မဖြုံသူ၊ ဘယ်သူ့ ကိုမှ စိတ် ၀င်စားဟန် မရှိတဲ့ ကျွန်မကို သူတို့က အချစ် ဟောင်းကို ချစ်လွန်းလို့ အသစ် မရှာ တာ တဲ့.. (သူများကို ဈေးဦး ချိုးတယ် အဟတ် ရယ်စရာ ပြောတာပါ..) သူ့ကိုတော့ ခွင့် လွှတ် ပါတယ်။ ကျွန်မက အဲဒီ ဇာတ်လမ်း ထဲက ရေမွှေးကို ဆွတ်လေ့ ရှိတာကိုး.. သူက ရေမွှေး ကိုတောင် သက်သေ ပြလိုက်သေး.. ဗိုလ်ကျချင် ဦးဟဲ့.. ဆိုးချင်ဦးဟဲ့.. လက် ဆော့ပြီး ရေးချင် ဦးဟဲ့.. အိမ်မှာလဲ ကျွန်မရဲ့ မိဘများက ကျွန်မကို စောင့်ကြည့်တာ ခံခဲ့ရပါတယ်။ ခံရ ပေမပေါ့.. အဲဒီ သီချင်းကို ထပ်ကာ ထပ်ကာ ဖွင့်နားထောင်လိုက်၊ ဈာန်ဝင် စားပြီး စဉ်းစားလိုက် ရေးလိုက် လုပ်နေ မိတာကိုး။ သူများက အထင်တော် လွဲပြီ ပေါ့။ မှားပါတယ်တော် လို့ အော်ချင်ပေမယ့် လောကကြီး ကပဲ မှားသလား ကိုယ်ကပဲ မှားသလား မသိတော့ ဘူးလေ။ တော်လိုက် တဲ့ Celine Deon ရေ.. ရှင့် ရဲ့ မှော်ဝင် သီချင်းကြောင့် ကျွန်မ ကတော့ တကသိုလ် ပထမနှစ်မှာ ငရဲခန်းကို ဖြတ်လိုက် ရပါတယ်ရှင်… အမှတ်တရ ကလေး ပါပဲ.. ဒါကြောင့် ကျွန်မလဲ အဲဒီ အချိန်က စလို့ မိုးကို အမြင် ကတ်သွား ပါရော.. မိုးရွာတိုင်း အဟောင်းတွေ အစုတ် ဖြစ်တယ် မုန်းတယ် ဟွန့် :P (ဆက်ရေးတော့မှာ မဟုတ် ဘူးလို့ ဘယ်တော့မှ မထင်ပါ နဲ့နော် ကျွန်မက သတ္တိတော့ ရှိတယ်ရှင့်.. ပန်းဖူးလေး တစ်ဖူး စာပေါ့ ဟဲဟဲ).. ခု ပို့စ်လေးကတော့ ဆုတ်ဖြဲခံ လိုက်ရတဲ့ အဲဒီတုန်းက ၀တ္ထုလေးကို ပြန်စဉ်းစား ရေးဖွဲ့ထားတာပါ

4 comments:

Law Shay said...

" လွတ်လွတ်လပ်လပ် နေရတာ ပျော်တာကို အရပ် က ပတ်ဝန်းကျင်ရော မိသားစုကပါ ကလေကချေ လို့ပြောပြီး မတရား ဖိနှိပ်လာလို့ တမင် ရွဲ့ရင်း လူ့ချဉ်ဖတ် ဖြစ်သွားတယ်။ " လို့ နောင်တရပြီး ပြောနေရတဲ့ လူငယ်တွေ ဘယ်နှယောက်တောင် ရှိသွားပြီလဲ။ (ကျွန်တော့်မိသားစုက လွတ်လွတ်လပ်လပ် ပျော်ပျော် ရွှင်ရွှင်နေတာကို ခွင့်ပေး နားလည်တော့ ကျွန်တော် လူဆိုးတစ်ယောက်၊ လူ့ချဉ်ဖတ်တစ်ယောက် ဖြစ်မသွားခဲ့ဘူး) ဒါပေမဲ့ အဲဒီလို အခွင့်အရေး မရခဲ့တဲ့ လူငယ်တွေအတွက် ဆိုးရွားပြီး အသုံးမ၀င်တော့တဲ့ ဖိနှိပ်တဲ့ ယဉ်ကျေးမှု မျက်နှာဖုံးတပ် အစဉ်အလာတွေကို တော်လှန်ဖို့ ကျွန်တော့်မှာ တာဝန်ရှိပါတယ်။ ငွေအား၊ လူအား၊ အတတ်ပညာအား ဘက်ပေါင်းစုံကနေ ဖိနှိပ်တဲ့ အစဉ်အလာတွေကို အဆုံးစွန်တိုက်ဖျက်သွားမယ်။

chaos said...

အမလှိုင်ရေ
တကယ့်ကိုပဲဖတ်လို့ကောင်းတယ်
အင်းးးးးးးးးး
အဲ့လိုတွေထွက်အောင်
ဘီလိုရေးရပါ့နော်
သင်ပေးကြပါဦး

ခင်မင်းဇော် said...

လှိုင်..
အထင်မှားခံရတယ်ဆိုတာကတော့ ရေးတဲ့သူက အရမ်းအသက်ဝင်သွားလို့ ဖြစ်မယ်။
ဒီလိုပဲ မှတ်ထားလိုက်...
ကိုယ်ရေးတာက သိပ်ကို ပြောင်မြောက် ပြီး အသက်ဝင်တဲ့အတွက်
တကယ့်အဖြစ်လား ထင်မှတ်ခြင်း ဖြစ်တယ်..
ထို့ကြောင့် ကိုယ် စာရေးကောင်းပါတယ်.... ဟဟ
ဒီလိုကောင်းတဲ့ စာတွေ များများရေးနိုင်ပါစေ...
ချစ်တဲ့ မမ

Mintasay said...

မခွန်မြလှိုင်ရေ တကယ်ကောင်းတယ်ဗျာ....အစအဆုံးပဲ....သီချင်းလေးတွေနု့လည်းလိုက်တယ်