Saturday, December 22, 2007

ဆယ်မိနစ် တပင်တိုင် ဘဲပေါင်း ကြံမဆိုင်

ဒီနေ့တော့ နေမကောင်းတာ အကြောင်း ပြပြီး တလ နီးပါး ယောက်ျား ချက်ကျွေးတာ ဇိမ်နဲ့ စားနေတဲ့ ခွန်မြလှိုင် ဟင်းစချက် ပါပြီ။ ခေါင်းစဉ် တွေ့တယ်ဟုတ်.. ချက်မယ့် ချက်တော့ ရှယ်ပဲ နော့.. ဈေးက တော့ ယောက်ျား သွားတာပေါ့.. အနောက်နိုင်ငံက လူတွေကို ကြုံတုန်း ကြွားဦးမယ် ဘရိုကိုလီက တစ် ကီလို ၁၅ ဘတ်၊ အက်စ်ပရေးဂတ်စ် ခေါ် ကညွတ်က တကီလို ဘတ် ၄၀၊ ကြက် ရင်ပုံသားချည့် ကီလို ၀က် ၃၅ဘတ်၊ ၀က် အသားချည့် ကီလိုဝက် ၃၅ ဘတ်၊ ကြက်တစ်ကောင်လုံး အရိုး အကောင်လိုက် ၁၅ဘတ်၊ ကြက်ဥ ဆယ်လုံး ၂၀ဘတ်၊ ပန်းဂေါ်ဖီ အပွင့်ချည့် ထမင်းစား ပန်းကန်ပြား လောက် ၂ပွင့် ၁၅ဘတ်၊ ကြံမဆိုင် အသင့်စား တစ်ကီလို ၁၅ဘတ်၊ မျှစ်နု တစ်ကီလို ၂၅ဘတ်.. ဟိဟိ စတာလင်ပေါင် ၃ပေါင်ဖိုး ခွန်မြလှိုင်တို့ လင်မယား နှစ်ပတ်စာ ပေါ့.. လွှင့်ပစ် ခါနီး မကောင်း တာတွေ ၀ယ်လာ တာမို့ အဲလောက် ဈေးသက် သာတယ် မထင် နဲ့နော် .. ဘယ်လောက် လတ်ဆတ်လဲ ဓာတ်ပုံကြည့် ဟွန့်..

ကဲ ဟင်းစ ချက်မယ်.. တကယ်ကို ဆယ်မိနစ်ပဲ.. ဘရိုကိုလီ တပွင့်ကို လှလှ ဖဲ့၊ သေးသေးတုံး၊ အရိုး အူတိုင် တောင် အပေါ်ယံ အခွံမာ ဖယ်ပြီး အတွင်း သားကို သေးသေးစိတ်၊ ရေစင်စင်ဆေး.. မဆေးရင် ရွက်ဖြန်း မြေသြဇာ ပါးစပ်ထဲ ၀င်သွားမယ်.. ကြံမဆိုင် အထုပ်လိုက် ကို ၄ရွက် ဖဲ့ယူ၊ သေးသေး ပြန်လှီး၊ (ခရမ်း ချဉ်သီး အကြီး တစ်လုံးကို ၁၆စိတ် ကြီးကြီးစိတ်၊ ကညွတ် ၅ချောင်းကို လှလှဖြတ်၊ အလှ ဆင်ဖို့ ထည့်တာပါ) ဂျင်း ပါးပါး လှီးတာ လက်နှစ်ချောင်းနဲ့ ပါသ လောက်ယူ၊ ကြက်သွန်ဖြူ ဥတစ်လုံး ၅ဥ လောက်ကို ပြားအောင်ထု ပြန်လှီး၊ ဘယ်မလဲ ဘဲပေါင်း .. ဟဲဟဲ ဈေးကနေ ပေါင်းပြီးသား ၀ယ်လာ တာရှင့်.. ကီလို တစ်စိတ် ဘတ် ၃၀ပဲ ပေးရတာ.. တန်တယ်နော်..



ကဲ ဂျင်းနဲ့ ကြက်သွန်ဖြူ ရောပြီး ဆီပါရုံနဲ့ ဆီသတ်ပြီ.. မွှေးလာတော့ ပဲ ငံပြာရည် အကြည်ရည် ထည့် ပြီး သူ့ကိုပါ ဆီသတ် ပိုမွှေးတယ်။ ပြီးတာနဲ့ ဘဲပေါင်းထည့်မွှေ၊ ကြံမဆိုင် လှီးထားတာ ထည့်မွှေ၊ ရေထည့်၊ ဆားထည့်၊ ဆူပွက်အောင် တည်၊ ဂတ်မီးဖိုမို့ မီးစမွှေးတာ ကနေ ခုထိ ၂မိနစ်ပေါ့.. ရေပွက်တော့ ကညွတ်၊ ခရမ်းချဉ်သီး နဲ့ ဘရိုကိုလီ ထည့်မွှေ၊ ငရုတ်ကောင်းခပ်၊ အရသာ မြည်း ပြီး အရသာ ပြန်ညှိ၊ မီးပိတ်၊ အိုးအဖုံးပိတ်.. ပြီးပြီ.. အချိုမှုန့် သုံးဘူး.. စားရင် ပါးနား ထူလာလို့..

ဘရိုကိုလီက အစက သူ့ချည့် ကြော်မလို့.. ညှော်မှာ စိုးလို့ရော ဒယ်အိုး ပြန်ဆေး နေရမှာ စိုးလို့ရော.. အပျင်းထူပြီး ရောထည့် ပစ်လိုက်တာ.. တစ်ခွက်ကောင်းပေါ့.. ယောက်ျားကို တပင်တိုင်ဟင်း စတိုင် ဆိုပြီး ချော့ကျွေး ရတော့ မှာပဲ အဟဲ.. အိမ်ရှင် မတွေ သိတယ်ဟုတ်.. ကဲ ထမင်းပွဲ ပြင်ပြီးပြီ.. တွေ့လား.. စားချင် စရာ.. ဘရိုကိုလီ စိုက်ခင်းထဲ ဘဲကလေး တစ်ကောင် တဂတ်ဂတ် အော်ပြီး ဖြတ်ပြေးတဲ့ ဟင်းလို့ ကွယ်ရာမှာ ပြောရ ဘူးနော်..


(ဂျေရေ နောက်နေ့မှ ဆတ်သား တာလပေါဟင်း ချက်ကျွေး မယ်နော်)

4 comments:

နိုင်းနိုင်းစနေ said...

ဟွန့်.. ဇွတ်ပဲ
နှစ်ယောက်စားတာကို နှစ်ပတ်မှ စတာလင်ပေါင် ၃ ပေါင်ဆိုတော့
နိုင်းနိုင်းစနေတစ်ယောက် ပေါင်၂ပေါင်နဲ့ ဇိမ်နဲ့ လာထိုင်စားလို့ရပြီ
ဟား...ဟား.. ၃ပေါင်ဆို ဒီမှာ သောက်ရေသန့် နှစ်ဗူးပဲရတယ်
ကားတစ်ခါစီး ၂ပေါင်.. မမိုက်ဘူး
ထိုင်းလာဖို့ သိပ်မြူမဆွယ်နဲ့ လှိုင်
လာကို လာမှာ.. ဟား..ဟား

ထွန်း said...

မြတ်ချာဖျား.. တရုပ်ဟင်းထဲ (ကြံမချိုင်ထဲ) ခရမ်းချဉ်သီး ထဲ့ချက်တယ် အံ့ရော ကြားဘူးဘူး... မှတ်သွားမယ် ဘုတ်အုပ်ကြီးထဲ

တယ်မိုက်တာဘဲ ဘဲပေါင်းတောင် ရတယ် ဒီမှာတော့ ဈေးကြီးပါ့

နောက်လာတော့မှ ဘုတ်အုပ်ထဲက စားစရာအားလုံးကျွေးရမယ် ဒါဘဲ ဒါဘဲ

Unknown said...

ကြုံတုန်းစားသွားပါတယ်။ လူမမာစာမို့လားမသိဘူး။ နည်းနည်းအငန်ပေါ့သလိုပဲ။ အဟဲ။

Chit Lay Pyay said...

လှိုင်ရေ ဟင်းနံမည်ပေးတာ သိပ်တော် တာပဲ၊ ဘာတဲ့ ၁၀ မိနစ် တပင်တိုင် ဘဲပေါင်း ကြံမဆိုင် တဲ့လား၊ စားသောက်ဆိုင် ဖွင့်ရင် လှိုင့်ကို ဟင်း အမျိုး အမြန် ဆန်းဆန်းလေး ပေးဖို့ လှိုင့်ကို တာဝန်ပေးရမယ်