Friday, November 23, 2007

သံဃာ့ ဂုဏ်တော်များ၊ သာမညဖလ သုတ်တော် မြန်မာပြန်နှင့် အဇာတသတ်မင်း အပြစ် ကုစားပုံ

သာမညဖလ = ရဟန်းပြုခြင်း၏ အကျိုးများ
၁။ မင်းခစား ဘ၀နှင့် မင်းပြစ်မင်းဒဏ်မှ ကင်းလွတ်ခြင်း အကျိုး
၂။ အခွန်ထမ်းဆောင်ခြင်းမှ ကင်းလွတ်ခြင်း အကျိုး
၃။ ပါတိမောက္ခသံဝရသီလဖြင့် ပြည့်စုံခြင်းကြောင့် အပါယ်ဘေးမှ ကင်းဝေးခြင်း အကျိုး
၎။ ဒုစရိုက်ကို ရှောင်ကြဉ်သဖြင့် ဒုစရိုက် ဒုက္ခမှ ကင်းလွတ်၍ စူဠသီလနှင့် ပြည့်စုံခြင်း အကျိုး
၅။ ပွဲသဘင် အမျိုးမျိုး၊ ကစားပွဲ အမျိုးမျိုး၊ မကောင်းသော စကားအမျိုးမျိုးတို့မှ ရှောင်ကြဉ်သဖြင့် ထို ဒုက္ခမှ ကင်းလွတ်၍ မဇ္ဈိမ သီလနှင့် ပြည့်စုံခြင်း အကျိုး
၆။ နက္ခတ်၊ ဗေဒင်၊ ယတြာ၊ လက္ခဏာ၊ ဆေးကုခြင်း တို့မှ ရှောင်ကြဉ်သဖြင့် အာဇီဝ ပါရိသုဒ္ဓိသီလနှင့် ညီညွတ်၍ မဟာသီလနှင့် ပြည့်စုံခြင်း အကျိုး

၇။ ဣနြေ္ဒ ၆ပါး၌ အကုသိုလ် မဖြစ်အောင် စောင့်စည်းနိုင်ခြင်း အကျိုး
၈။ သတိနှင့် ပြည့်စုံခြင်း အကျိုး
၉။ သမ္ပဇဉ် (ဆင်ခြင်တုံ) တရားနှင့် ပြည့်စုံခြင်း အကျိုး
၁၀။ သန္တောသ (ရောင့်ရဲခြင်း) အကျိုး
(အခြေခံသီလ၊ သတိ၊ သမ္ပဇဉ်၊ ယန္တုဠှီ တရားများနှင့် ပြည့်စုံသော ရဟန်းသည် သမထ၊ ၀ိပဿနာ တရားကို ဆက်လက်အားထုတ်ပါက အောက်ပါ အကျိုးများကို လက်တွေ့ ခံစား ရရှိနိုင်ပါသည်။
၁၁။ နိဝရဏ ငါးပါးမှ ကင်းလွတ်ခြင်း အကျိုး
၁၂။ ဈာန်တရား ရနိုင်ခြင်း အကျိုး
၁၃။ မဂ်ဖိုလ် ရနိုင်ခြင်း အကျိုး

သံဃာ့ ဂုဏ်တော် ကိုးပါး

၁။ မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် ကောင်းသော အကျင့်ရှိတော် မူပါပေ၏
၂။ မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် ဖြောင့်မတ်သော အကျင့်ရှိတော် မူပါပေ၏
၃။ မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် မှန်သော အကျင့်ရှိတော် မူပါပေ၏
၎။ မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် လျော်ကန်သော အကျင့်ရှိတော် မူပါပေ၏
မဂ်လေးတန်၊ ဖိုလ်လေးတန် ရှစ်တန်သော ဂုဏ်တော်တို့နှင့် ပြည့်စုံသော အရိယာနွယ်ဝင် သမုတိ သံဃာတော် အရှင်သူမြတ်များသည်
၅။ အဝေးက ဆောင်ယူ ပစ္စည်းကိုမူလည်း ပေးလှူခြင်းငှာ ထိုက်တော်မူပါပေ၏
၆။ ဧည့်သည်ဖို့ရာ ရည်ကာဆောင်ထား ပစ္စည်းများကိုလည်းပေးလှူခြင်းငှာ ထိုက်တော်မူပါပေ၏
၇။ တမလွန်အတွက် ရည်မျှော်သော အလှူတော်ကိုလည်း ခံယူတော်မူထိုက်ပါ၏
၈။ လက်အုပ်ချီခြင်းကို ခံယူတော်မူထိုက်ပါ၏
၉။ သတ္တ၀ါအပေါင်းတို့ ကောင်းမှုပြုရန် ကြဲထားပျိုးချ တုမရသည့် ကောင်းလှသော အမြတ်ဆုံး လယ်မြေယာမြေ ပမာ ဖြစ်တော်မူပါပေ၏။

အဇာတသတ်မင်း အပြစ်ကို ကုစားပုံ
မိုက်၍ တွေဝေ၍ မလိမ္မာ၍ အပြစ်သည် တပည့်တော်ကို ဖုံးလွှမ်းသွားခဲ့ပါပြီ။ တရားစောင့်သော တရား သဖြင့် မင်းပြုသော ဖခမည်းတော်ကို မင်းစည်းစိမ် အာဏာတည်း ဟူသော အကြောင်းကြောင့် တပည့် တော် သတ်မိပါသည်။ တပည့်တော်၏ အပြစ်ကို နောင်အခါ စောင့်စည်းခြင်းငှာ အပြစ်ဟု မြတ်စွာဘုရားမှ လက်ခံတော်မူပါဘုရား (အပြစ်မှ ခွင့်လွှတ်ပါဟု မတောင်းပန်ပါ။ အပြစ်လုပ်မိသူ ဖြစ်ကြောင်းသာ လက်ခံရန် တောင်းပန်သည်ကို သတိပြုပါ)

မြတ်စွာဘုရား ပြန်လည် မိန့်ကြားပုံ
အရှင်မင်းကြီး အကြင်သူသည် အပြစ်ကို အပြစ်ဟု အကြောင်းအားလျော်စွာ ကုစား၏။ နောင်အခါ စောင့်စည်း၏။ ဤသူ၏ ထိုကုစားစောင့်စည်းခြင်းသည် အရိယာတို့၏ ၀ိနည်း အဆုံးအမ၌ ကြီးပွားခြင်းပင်တည်းဟု မိန့်တော်မူ၏။


( သာသနာရေး ၀န်ကြီးဌာန၊ သာသနာရေးဦးစီးဌာန၊ နိုင်ငံတော် ပိဋကတ်တိုက် စာကြည့်တိုက်မှူး ဘဒန္တ ပညာသာမိ (မာဂဓီ- သာစည်) ဆရာတော် ရေးသားပြုစုတော်မူသော အခါတော်နေ့များ စာအုပ်မှ ကူးယူဖော်ပြ ပါသည်။ လေ ဖြတ်ပြီး ဦးနှောက်ထဲ သွေးယို သွေးခဲခဲ့ သည့်တိုင် အားသွန် ကြိုးပမ်းပြီး တပည့် များကို ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်းများ မပြတ်ပို့ချပြီး အခါတော်နေ့များကို အစဉ်အလာ အတိုင်း မပျက်မကွက် ဆက်လက် ကျင်းပခဲ့သော၊ လေဖြတ်လျက်ပင် ကျမ်းစာ နှစ်စောင် ပြီးမြောက်အောင်မြင်အောင် ရေးသား ထုတ်ဝေတော် မူခဲ့သော သာသနာ့ အာဇာနည် ကျေးဇူးရှင် ဆရာတော် ဘုရားအား ဤနေရာမှ ဦးခိုက် ဂါရ၀ပြု ပူဇော်လိုက်ပါသည် ဘုရား)

(စာမေးပွဲတွင်းမှာတောင် ဆရာတော်ရဲ့ ရှားပါး စာအုပ်တွေကို မရမက ရှာပေးပြီး အစိုးမရတဲ့ အင်တာနက်ကြားက ကျွန်မဆီကို မရမက ရောက်အောင် ကြိုးစား ပေးပို့တဲ့ မောင်ငယ်လေး တိုလီ ကိုလဲ ကျေးဇူး ကမ္ဘာ တင်လိုက်ပါတယ်ရှင်)

2 comments:

မင်းကျန်စစ်။ said...

အားလုံးလေ့လာ မှတ်သားစရာတွေပါပဲ။ ခုမှ ကျွန်တော့ကိုယ် ကျွန်တော် ဘုရားတရားတော်တော် ဝေးနေတာ သိတော့တယ်။ မသိတာမှန်သမျှ မှတ်သားသွားပါတယ် မခွန်မြလှိုင်ရေ။ စာလေးဖတ်ပြီး ရင်ထဲမှာ ငယ်ဘဝကို လွမ်းစိတ်လေးနဲ့ ငြိမ်းချမ်းနေမိတယ်ဗျာ။ အားပေးလျှက်ပါ။

Anonymous said...

သာမညဖလသုတ်တော်အကြောင်း
အသေးစိတ်ရေးပေးလို့ ကျေးဇူးတင်ပါတယ်။
သမီးက ကြားဖူးပေမယ့် သေသေချာချာ မသိခဲ့ပါဘူး။
အခုမှ အကျိုးတွေသိသွားတာပါ။
ကျေးဇူးအများကြီးတင်ပါတယ် အမ။
နှင်းဆီနီနီ။။