Friday, November 23, 2007

သာမညဖလ ကျင့်စဉ် အကျဉ်းချုပ်

သာမညနော် ဒေသနာဖလကို၊ စေတနာအရနဲ့ စီကာခြယ်
သံဃာ့ဂုဏ်တွေ စုံဖော်ကျူးလို့၊ ဂုဏ်တော်ထူးကို ပူဇော်မယ်။
စူဠ၊ မဟာ၊ မဇ္ဈိမနဲ့ သီလပန်းတွေ လှိုင်ကာကြွယ်
ဣနြေ္ဒကို စောင့်ကာထိန်းလို့ ဖောက်ပြန်မယိမ်း ခိုင်ခံ့တယ်။
သတိ သမ္ပဇဉ် ယှဉ်ကာဆင့်လို့ ခြိုးခြံ အကျင့် ရောင့်ရဲလွယ်
ငါးပါး နီဝရဏ အမိုက်များကို သမထ တရားနဲ့ ပယ်ခွာဖယ်။
ဈာန်အဘိညာဉ် မပြတ်ပွားလို့ ၀ိပဿနာ တရား ကျင့်သုံးတယ်
ဝိပဿနာ အဆင့်ဆင့်တက်တော့ ဖိုလ်မဂ်နိဗ္ဗာန် တိုင်ကာရယ်။
သံဃာ့ကျင့်စဉ် ဂုဏ်တော်ထူးကို စုံဖော်ကျူးလို့ ပူဇော်တယ်
လပြည့်တန်ဆောင်တိုင် သည်ရက်ထူးမှာ သံဃာ့ကျေးဇူး မမေ့ဘူးကွယ်။

သံဃံသရဏံ ဂစ္ဆာမိလို့ ဦးထိရိုကျိုး ကန်တော့မယ်
ကျေးဇူးတွေကို ချေကာ မဖျက်ဖို့ စေတနာဖက်လို့ နှိုးဆော်တယ်။
သံဃာ့ကျေးဇူး မမေ့ဘူး အထူးပူဇော်မယ်
အဲဒါကြောင့် သံဃာတော်နေ့ အစဉ်မမေ့ကြစေဖွယ်။ ။

( သာသနာရေး ၀န်ကြီးဌာန၊ သာသနာရေးဦးစီးဌာန၊ နိုင်ငံတော် ပိဋကတ်တိုက် စာကြည့်တိုက်မှူး ဘဒန္တ ပညာသာမိ (မာဂဓီ- သာစည်) ဆရာတော် ရေးသားပြုစုတော်မူသော အခါတော်နေ့များ စာအုပ်မှ ကူးယူဖော်ပြ ပါသည်။ လေ ဖြတ်ပြီး ဦးနှောက်ထဲ သွေးယို သွေးခဲခဲ့ သည့်တိုင် အားသွန် ကြိုးပမ်းပြီး တပည့် များကို ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်းများ မပြတ်ပို့ချပြီး အခါတော်နေ့များကို အစဉ်အလာ အတိုင်း မပျက်မကွက် ဆက်လက် ကျင်းပခဲ့သော၊ လေဖြတ်လျက်ပင် ကျမ်းစာ နှစ်စောင် ပြီးမြောက်အောင်မြင်အောင် ရေးသား ထုတ်ဝေတော် မူခဲ့သော သာသနာ့ အာဇာနည် ကျေးဇူးရှင် ဆရာတော် ဘုရားအား ဤနေရာမှ ဦးခိုက် ဂါရ၀ပြု ပူဇော်လိုက်ပါသည် ဘုရား)

(စာမေးပွဲတွင်းမှာတောင် ဆရာတော်ရဲ့ ရှားပါး စာအုပ်တွေကို မရမက ရှာပေးပြီး အစိုးမရတဲ့ အင်တာနက်ကြားက ကျွန်မဆီကို မရမက ရောက်အောင် ကြိုးစား ပေးပို့တဲ့ မောင်ငယ်လေး တိုလီ ကိုလဲ ကျေးဇူး ကမ္ဘာ တင်လိုက်ပါတယ်ရှင်)

No comments: