Friday, November 23, 2007

တန်ဆောင်မုန်းလတွင် ကျင်းပလေ့ရှိသော ပွဲတော်များ

၁။ တန်ဆောင်တိုင် မီးထွန်းပွဲ
၂။ သာမည ဖလ အခါတော်နေ့
၃။ ကထိန်သင်္ကန်းကပ်ပွဲ
၎။ မသိုးသင်္ကန်း ယက်လုပ် ပွဲ
၅။ မယ်ဇလီဖူးသုပ် ဝေငှသော ပွဲ
၆။ ကျီးမနိုးပွဲ တို့ ဖြစ်ပါသည်။

အဇာတသတ်မင်းသည် ငယ်စဉ်က သိမ်မွေ့ယဉ်ကျေးသလောက် ဆရာအတင်မှားပြီး ဒေ၀ဒတ်၏ တပည့် ဖြစ်ပြီးနောက် ဖခင်ရင်းကိုပင် မသေမချင်း သတ်ဖြတ်ခဲ့မိသည်အထိ ဆိုးသွမ်းခဲ့ပါသည်။ သို့သော် မိတ်ဆွေ ကောင်း ဖြစ်သော သမားတော်ကြီး ဇီဝက၏ အကြံပေးချက်အရ ရာဇဂြိုဟ် မြို့အနီး ဇီဝက လှူထားသော သရက် ဥယျာဉ် တော်၌ သီတင်းသုံးလျက် ရှိသော မြတ်စွာဘုရားထံ အဇာတသတ်မင်း၏ သွားရောက် လျှောက်ထားချက် အရ မြတ်စွာဘုရားက သာမညဖလ သုတ်တော်ကို ဟောကြားခဲ့သော အထိမ်းအမှတ် သမိုင်းကြောင်းကို နောက်ခံပြုပြီး အထက်ပါ ပွဲတော်များ ပေါ်ပေါက်လာရခြင်း ဖြစ်လေသည်။

အဇာတသတ်မင်းနဲ့ အပေါင်းပါတို့ သရက်ဥယျာဉ်သို့ တန်ဆောင်မုန်း လပြည့်ညတွင် သွားရောက်စဉ်က နန်းတော်မှ ဘုရားရှင် သီတင်းသုံးရာ ကျောင်းဆောင်သို့ သွားသည့်အခါ နန်းတော် အရှေ့တံခါးမှ ထွက် တော်မူရာ တောတောင်ရိပ်နဲ့ သစ်ပင်များရဲ့ အရိပ်က လူသွားလမ်းမပေါ် ကျရောက်ပြီး အမှောင်ဖုံး နေ သောကြောင့် အလင်းတိုင် ခေါ် တန်ဆောင်တိုင်များ ထွန်းညှိလျက် တိတ်တဆိတ် သွားရောက် ကြရ ပါသည်။ မီးရှူးမီးတိုင်များကို ရှေးခေတ်သုံး ပေါရာဏ စကားအခေါ်အရ တန်ဆောင်တိုင်ဟု ခေါ်ပါသည်။ အဇာတသတ်နှင့် သူ့ပရိသတ်ကြီး မီးရှူးမီးတိုင် အလင်းရောင် ထွန်းညှိပြီး ဘုရားကျောင်းဆောင်ကို သွားရောက်ခဲ့ဖူးပုံကို အကြောင်းပြုပြီး တန်ဆောင်တိုင် မီးထွန်းပွဲတော် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ပါသည်။
သမားတော်ကြီး ဇီဝကကြောင့် မြတ်စွာဘုရားထံသို့ ရောက်ရှိလာပြီး သာမည ဖလ သုတ်ကို နာကြားမိရာမှ

၁။ သူ့အမှားကို နောင်တရ အသိတရား ရလာခဲ့ပါသည်
၂။ ဗုဒ္ဓသာသနာတော်ကို အသက်ပေး ကြည်ညိုသူ ဖြစ်လာခဲ့ပါသည်။
၃။ ပထမ သင်္ဂါယနာ တင်ပွဲကြီး ဖြစ်မြောက်အောင် ကူညီခဲ့ပါသည်။
၎။ နှောင်းခေတ် ဗုဒ္ဓဘာသာဝင်များ အတွက် ဓာတ်တော်များကို စုဆောင်းပေးထားခဲ့ပါသည်။
၅။ ဗုဒ္ဓသာသနာတော်နှစ်ကို အတိအကျ သတ်မှတ်ပေးခဲ့ပါသည်။
ထိုအကျိုးကျေးဇူးတို့ကို ရည်မှတ် ကြည်ညိုသော အားဖြင့် သာမည ဖလ အခါတော်နေ့ကို ကျင်းပခြင်း ဖြစ်ပါသည်။

ရဟန်းပြုရခြင်း အကျိုးကို နာကြားရင်း သောတာပန် တည်သော အဇာတသတ် မင်းကြီးသည် သာသနာ တော်ကို အလွန်ကြည်ညိုသူ ဖြစ်လာသောကြောင့် သာသနာ့ဝန်ဆောင် ရဟန်းတော်များအား သင်္ကန်းများ ဆက်ကပ် လှူဒါန်း ရာမှ လည်းကောင်း၊ သီတင်းဝါလ ကျွတ်လွတ်ပြီး တမိုးတွင်းလုံး ၀ါဆိုသင်္ကန်းဖြင့် တင်းတိမ် ခဲ့ရသော သံဃာတော်များအား သင်္ကန်း ဆက်ကပ်ရန် မြတ်စွာဘုရားမှ ခွင့်ပြုရာမှ ကထိန် သင်္ကန်း ကပ်လှူပွဲ ပေါ်ပေါက်ခဲ့ရပါသည်။
ထိုကထိန်သင်္ကန်းဆက်ကပ်နိုင်ရန်အတွက် သင်္ကန်းယက်လုပ်ရာမှ မသိုးသင်္ကန်း ယက်လုပ်ပွဲ ပေါ်ပေါက် လာခဲ့ရ ပါသည်။

မယ်ဇလီဖူးသုပ် ဝေငှသော ပွဲသည် ဓမ္မနှင့် မသက်ဆိုင်ဘဲ ဆေးနည်းအရ ရိုးရာ အရ ပြုလုပ်သော ပွဲဖြစ်ပါသည်။

ကျီးမနိုးပွဲသည်ကား ကာလသားသမီးများ ပျော်ရွှင်စေရန် အပျော် ပြုလုပ်သော ပွဲဖြစ်သည်ဟု လည်းကောင်း၊ မသမာသော စီးပွားရေးသမားများကို အပြစ်ပေးသော အားဖြင့် ထိုသူတို့ထံမှသာ ပစ္စည်းများကို ခိုးယူပြီး ဆင်းရဲသား ပြည်သူများကို ပြန်လည် ဝေငှသော သူခိုးကြီး ငတက်ပြားကို ဂုဏ်ပြုသော အားဖြင့် လည်းကောင်း ပြုလုပ်သည်ဟု ပါးစပ် ရာဇ၀င် ရှိခဲ့သော်လည်း စာရေးသူကတော့ မှတ်တမ်းရာဇ၀င် မတွေ့ဖူးသေးပါ။

( သာသနာရေး ၀န်ကြီးဌာန၊ သာသနာရေးဦးစီးဌာန၊ နိုင်ငံတော် ပိဋကတ်တိုက် စာကြည့်တိုက်မှူး ဘဒန္တ ပညာသာမိ (မာဂဓီ- သာစည်) ဆရာတော် ရေးသားပြုစုတော်မူသော အခါတော်နေ့များ စာအုပ်မှ ကူးယူဖော်ပြ ပါသည်။ လေ ဖြတ်ပြီး ဦးနှောက်ထဲ သွေးယို သွေးခဲခဲ့ သည့်တိုင် အားသွန် ကြိုးပမ်းပြီး တပည့် များကို ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်းများ မပြတ်ပို့ချပြီး အခါတော်နေ့များကို အစဉ်အလာ အတိုင်း မပျက်မကွက် ဆက်လက် ကျင်းပခဲ့သော၊ လေဖြတ်လျက်ပင် ကျမ်းစာ နှစ်စောင် ပြီးမြောက်အောင်မြင်အောင် ရေးသား ထုတ်ဝေတော် မူခဲ့သော သာသနာ့ အာဇာနည် ကျေးဇူးရှင် ဆရာတော် ဘုရားအား ဤနေရာမှ ဦးခိုက် ဂါရ၀ပြု ပူဇော်လိုက်ပါသည် ဘုရား)

(စာမေးပွဲတွင်းမှာတောင် ဆရာတော်ရဲ့ ရှားပါး စာအုပ်တွေကို မရမက ရှာပေးပြီး အစိုးမရတဲ့ အင်တာနက်ကြားက ကျွန်မဆီကို မရမက ရောက်အောင် ကြိုးစား ပေးပို့တဲ့ မောင်ငယ်လေး တိုလီ ကိုလဲ ကျေးဇူး ကမ္ဘာ တင်လိုက်ပါတယ်ရှင်)

No comments: