Monday, November 26, 2007

စကား စကား ပြောပါများ.. စကားထဲက ဇာတိပြ

ဒီပို့စ်လေးကို ညီမငယ်လေး ဘာညာက Tag တာ မဟုတ်ဘဲ ရေးပေးပါလို့ တောင်းဆို လာပါတယ်။ ခေါင်းစဉ် အတိအကျနဲ့ တောင်းဆိုတာ မဟုတ်ပေမယ့် ကျွန်မ ကိုယ်တိုင်က သူ့ရဲ့ စီဘောက်စ် အတွက် လိုလိုလားလား ရေးချင် နေတဲ့ ပို့စ် ဖြစ်တဲ့ အတွက် ရေးပေး မယ်လို့ ကတိပေး ထားခဲ့ ပါတယ်။ မြန်မာ စကားပုံမှာ စကားနဲ့ ပတ်သက်တဲ့ စကားပုံ များလှ ပါတယ်။ နှုတ်ချို သျှိုတစ်ပါး၊ နှုတ်ကောင်းတော့ ပြည်စိုး၊ နှုတ်ကြောင့်သေ လက်ကြောင့် ကြေ၊ မုန်းစေလို ခံတွင်း လက်လေးသစ်၊ ချစ်စေလို ခံတွင်း လက်လေးသစ်၊ အရိုး မပါတဲ့ လျှာက တော်တော်မွှေ၊ အမိယုတ်တော့ စကား ကြမ်းကြုတ်တယ် စသဖြင့် များစွာ ရှိတာပါ။ မဖြစ်မနေ စောင့်ထိန်း ရမယ့် ငါးပါး သီလထဲမှာတောင် တစ်ပါး အဖြစ်ပါရတဲ့ မုသာဝါဒ ဝေရာမဏိ ဟာ နှုတ်ရေး နဲ့ ပတ်သက် တာပါ။ အာဇီဝ ဌမက သီလ လို့ ခေါ်ဆိုတဲ့ ရှစ်ပါး သီလ မှာတော့ စကားကို စောင့်ရှောက် ရတဲ့ သီလ လေးပါးတောင် ပါပါ တယ်။ မုသာဝါဒ လိမ်ပြောခြင်း၊ ပိသုဏ၀ါစာ ကုန်းချော တိုက်စားခြင်း၊ ဖရုသ၀ါစာ ရုန့်ရင်း ကြမ်းတမ်းစွာ ဆဲဆို ခြင်း၊ သမ္ဖပလာပ ၀ါစာ သိမ်ဖျင်းသော အတင်းစကား တို့ကို ပြောဆိုခြင်း တို့ဖြစ် ပါတယ်။

စကားလုံးတွေဟာ တကယ်တော့ အတော့ကို တန်ခိုး ရှိတာပါ။ လူတွေက သတိမထား မိလို့သာ သူ့တန်ခိုးကို မသိ တာပါ။ ဘယ်လို တန်ခိုး ရှိတာလဲ။ အနီးဆုံးတော့ ပြောသူရဲ့ အဆင့် အတန်းကို ထိထိ ရောက်ရောက် ဖော်ပြ နိုင်စွမ်း ရှိတဲ့ တန်ခိုးပါပဲ။ ကိုယ်ပိုင် အတွေး ကြောင့်လည်း စကားလုံး ဖြစ်ပါတယ်။ အမြင်ကြောင့် ခံစား မိလို့လည်း စကားလုံးနဲ့ တင်စားပါတယ်။ ဒီတော့ကာ စကားလုံး တွေဟာ ပြောထွက်သူရဲ့ စိတ်ကို တနည်း နည်း နဲ့ ထင်ဟပ် နေပါတယ်။ ကြိုက်လို့ ပြောတဲ့ စကားလုံးလား၊ မကြိုက်လို့ ပြောတဲ့ စကားလုံးလား၊ ဘာ ရည်ရွယ်ချက်နဲ့ ပြောတဲ့ ရေးတဲ့ စကားလုံးလဲ ဆိုတာ သိသာ ပါတယ်။

ပလီပလာ လိမ်လည် လှည့်ဖျားပြီး ပြောရင်ရော လို့ မေးစရာ ရှိနိုင်ပါတယ်။ အဲဒီ အတွက်လဲ မြန်မာစကားပုံ ရှိပါ တယ်။ ရှေ့စကား နောက်စကား အသွား ညီညွတ် စေတဲ့။ လိမ်တဲ့ ပလီတဲ့လူဟာ တသမတ်တည်း စကား ကို ပြောထွက်ဖို့ ခဲယဥ်း ပါတယ်။ ဒါဖြင့် သိပ်တော်ပြီး သတိ ရှိတဲ့ လူလိမ် ဆိုရင်ရောလို့ မေးစရာ ရှိပြန် ပါ တယ်။ အဲဒီအတွက်လဲ မြန်မာ စကားပုံ ရှိပြန် ပါရော .. အပြောနဲ့ အလုပ် ညီပါ စေတဲ့။ မြန်မာတွေ ထောင့်စေ့ ပါတယ် နော်။ ဒါ့အပြင် စကားပြော ဆင်ခြင် စေလိုတဲ့ စိတ်နဲ့ရော၊ ပတ်ဝန်းကျင် မိသားစုကြောင့် နားယဉ်၊ ပါးစပ် ယဉ်ပြီး ပြောထွက်တဲ့ စကားတွေ ရှိနေကြောင်း သတိ ပေးတဲ့ စကားပုံကတော့ အမိယုတ်သား စကား ကြမ်းကြုတ် နဲ့ စကား .. စကား .. ပြောပါများ .. စကားထဲက ဇာတိပြ ဆိုတဲ့ စကားပုံပါ။

အတွေးကနေမှ စကား အဖြစ် ပြောထွက် လာတတ်တဲ့ သည် စကား ပြောခြင်းမှာ လူ့အဆင့် အတန်းကို လိုက် ပြီး စကား ပြောနည်းတွေ ရှိပါတယ်။ ဈေးသည်ဘ၀ ကနေ ပါးစပ် အဆဲ ကြမ်းလို့ ဘုရင်က သေဒဏ် ပေးလို့ သေပြီး နတ်စိမ်း ဖြစ်တဲ့ အမေ ဂျမ်းဟာ ဈေးသည် များကို ကူညီ ပါသတဲ့။ ဒါပေမယ့် သူ့လို အဖော် လိုချင်လို့ ဆဲတဲ့ ပါးစပ် ကြမ်းတဲ့ ဈေးသည် များကို ပိုဈေးရောင်း ကောင်းအောင် ကူညီ ပါသတဲ့။ ဒါနဲ့ ဈေးသည် ဆို အဆဲ သန် ပါးစပ် ကြမ်းတယ် ဆိုတဲ့ အသိ တစ်ခု မြန်မာတွေ စွဲခဲ့ကြပါတယ်။ မိုက်ရိုင်း လိုက်တဲ့ ပါးစပ် ငါးစိမ်းသည် ကျနေ တာပဲ ဆိုတဲ့ စကားလုံး အသုံးအနှုံး မျိုးကို ကြားဖူး ကြမှာပါ။ ခုနောက်ပိုင်း မှာသာ ကုန်တိုက်တွေ၊ family mark and shopping mall တွေမှာ ဈေးရောင်းသူတွေသာ ပါးစပ် မကြမ်း ကြတော့ တာပါ။ ဒီလိုပါပဲ။ ထီးသုံးနန်းသုံး စကား၊ သံခင်း တမန်ခင်း စကား စသဖြင့် စကား ပြောနည်းတွေ ရှိပါ သေးတယ်။ ဒါ့အပြင် စကားကြီး ဆယ်မျိုး ဆိုတာလဲ ရှိပါသေးတယ်။ ဒီပို့စ် မှာတော့ စကားထဲက ဇာတိပြ တဲ့ အကြောင်းကိုပဲ အထူး ဦးစားပေး ရေးမှာမို့ စကားကြီးဆယ်မျိုးကို ညွှန်းထားတဲ့ ဘလော့မှာသာ သွားဖတ်ပေးစေ ချင်ပါတယ်။

တစ်မိသားစု တည်းက မွေးတဲ့ ကျေးညီနောင် တောင်မှ သူခိုးလက်မှာ ကြီးတော့ စကားပြော ရုန့်ရင်း ကြမ်း ကြုတ် ပြီး ရသေ့ လက်မှာ ကြီးတော့ စကားပြော နူးညံ့ ချိုသာတဲ့အကြောင်း ငါးရာငါးဆယ် နိပါတ်တော်လာ ပုံပြင်ဟာ မြန်မာနိုင်ငံမှာ မူလတန်း ဘ၀ တည်းက သင်ကြားဖူးတာပါ။ အခုတလော မြန်မာ ဘလော့ဂါ တွေ ကြုံတွေ့ နေရတဲ့ စီဘောက်စ် များမှာ နာမည်၊ နောက်ကြောင်း ရာဇ၀င် မချန်ဘဲ သို့မဟုတ် နောက်ကြောင်း ရာဇ၀င် အတု များဖြင့် အယုတ္တ အနတ္တ လာရောက် ဆဲဆို နှောင့်ယှက်ခြင်းများ၊ ကောမန့် များမှာ သွေးရိုး သားရိုး မှတ်ချက် ပေးခြင်း မဟုတ်ဘဲ စာရေးသူကို စော်ကား မော်ကား စွပ်စွဲ ရေးသားခြင်းများ တွေ့လာ ရသော အခါ မြန်မာစာကို မြတ်နိုးသူ နိုင်ငံခြားသား ဖတ်မိလို့မှ အမြင်မတော်၊ နိုင်ငံနဲ့ လူမျိုးပါ အရှက်ရ စေသော ရိုင်းစိုင်း ယုတ်မာ လှစွာသော စကားလုံး အသုံး အနှုံးများကို ရေးသူမရှက်၊ မြင်သူ ရှက်မိပါသည်။

ထိုသို့ ရှက်တတ်ရင် မရေးနဲ့ဟု ဘလော့ဂါကို ပိတ်ပင် တားဆီးလို့ မရနိုင်ပါ။ အဘယ်ကြောင့် ဆိုသော် ထိုထို သော ရိုင်းစိုင်း ယုတ်မာသော စကားလုံး အသုံးအနှုံးများကို သုံးသူကား ဘလော့ဂါ မဟုတ်သောကြောင့် ဖြစ်ပါ သည်။ အဆဲခံ ရသော သို့မဟုတ် ရိုင်းပျ စော်ကား ခံရသော ဘလော့ဂါ မှာလဲ သူ့ ဆောင်းပါး၊ သူရေးသော စာက မှားနေ၊ ရိုင်းနေရင် မဖတ်ရုံသာ။ ဘာမှ ဆဲရေး နေရန် မလိုပါ ချေတည်း။ သို့သော် ညီမငယ် ဘာညာရဲ့ ဘလော့မှာဖြင့် သူငယ်ချင်းများနဲ့ မုန့်စားလိုက်၊ လျှောက်သွားလိုက် လုပ်သမျှလေးတွေကို သူငယ်ချင်းများနဲ့ ဝေငှလိုက် လုပ်ထားသော ပို့စ်လေးများသာ အများဆုံး ရှိတာ ဖြစ်ပါတယ်။ နိုင်ငံရေးလဲ မရေး၊ စီးပွားရေးလဲ မရေး၊ သူငယ်ချင်းများနဲ့ လူမှုရေး အကြောင်းလေး များကိုသာ ပေါ့ပေါ့ပါးပါး သန့်သန့်ရှင်းရှင်း ရေးသော ထိုဘလော့က စီဘောက်စ်မှာ အဲလိုလေး ဆဲလိုက်ရမှ၊ သူတပါးကို စော်ကား မော်ကား ရိုင်းပျ လိုက်ရမှ နေသာ ထိုင်သာ ရှိသွားသော ထိုလူစားများသည် ကိုယ် ဘယ်သူလဲ ဆိုတာ လူသိတာ မှတ်လို့ဟူသော ယုတ်နိမ့်သော အတွေးလေးများ ရှိနေ ပေလိမ့်မည်။

ဘယ်သူမှ မသိစေ ကာမူ စာဖတ်မိသူများက ဒီလူ့နှယ် မိုက်ရိုင်း ယုတ်မာ လိုက်တာ … ဘယ်လို မိန်းမစား ကများ မွေးထုတ် လိုက်ပါလိမ့်ဟု အတွေးခံ လိုက်ရသည်နှင့် အမေကို ထိခိုက် အောင် လုပ်သော အ၀ဇာတ သားဆိုး စာရင်း ၀င်ပြီး ထိုအချိန်က စကာ အမေဂုဏ်ဖျက်တဲ့ သားဆိုး စာရင်း ၀င်နေပြီ ဆိုတာ သတိထား စေချင်ပါ သည်။ မြတ်စွာဘုရားလောင်း နွားဘ၀က မိခင် နွားမကြီး ရေသောက် နေစဉ် ကလေးပီပီ အနားမှာ ခုန်ပေါက် ဆော့ကစား မိသဖြင့် ရေနောက် မိခင်ပါးစပ်ထဲ မတော်တဆ ၀င်ခဲ့ သဖြင့် ၀ဋ်လည်သောအခါ ဘုရား စင်စစ် ဖြစ်လျက် ရေကြည် မသောက်ရပါ။ သူတပါး ဘလော့တွင် C-Box တွင် ထိုထိုသော မိုက်ရိုင်း ယုတ်မာ သော စကားလုံးများကို ဆဲရေး တိုင်းထွာ ရေးသားခဲ့သော သူများ၊ အမိ ယုတ်သား စကား ကြမ်းကြုတ်သည်ဟု စာဖတ်မိသူု သူတပါးက ပြောဆိုလာ ပါလျှင် ထိုစာဖတ်သူများ ပြောတဲ့ စကား အခွန်းရေ တိုင်းတွင် အမေကို ထိခိုက်စေ သောကြောင့် ကိုယ့် အမိကို ထိခိုက်အောင် ကိုယ်တိုင် လုပ်ရာ ရောက်သောကြောင့် ဆက်တိုက် ငရဲ ကြီးနေပေမည်။ သတိထားကြကုန်။

နောက်တချက်က ဘယ်လောက်များ ဒီလို ကိစရပ်တွေကို မျက်စိယဉ်၊ နားယဉ်၊ လက်ယဉ်၊ ပါးစပ်ယဉ် နေခဲ့လို့ ဒီလို ပြောထွက်၊ လက်က စာရိုက်လို့ ထွက်နေရတာလဲ ဆိုတဲ့ အတွေးပါ။ ဆဲစာ ရေးသူရဲ့ တွေ့ကြုံ ဆက်ဆံ ခဲ့၇ တဲ့ ပတ်ဝန်းကျင်၊ လူ့အသိုင်းအ၀ိုင်း၊ ကုန်ကုန် ပြောရရင် မိသားစု ထဲမှာပါ ဒီလို စကားလုံးတွေ သုံးရ လောက်တဲ့ ဖြစ်ရပ်တွေ ဖြစ်ပျက် ခဲ့ဖူးလို့ ဒီလောက် နှုတ်ယဉ် ပါးစပ်ယဉ် လက်ယဉ် ဖြစ်နေသလားလို့ တွေးစရာပါ။

ဆဲရေးခြင်းရဲ့ အပြစ် အတွက် ခံရတဲ့ ၀ဋ်လည်ခြင်းတွေ ထဲက နာမည် အကျော်ကြားဆုံး ပုံဝတ္ထု သမိုင်းကတော့ အမ္ဗပါလီပါ။ ဘယ်ပြည့်တန်ဆာမ ဒီရင်ပြင်ပေါ်မှာ တံတွေး ထွေးသွားပါလိမ့် ဆိုတဲ့ ၀စီကံ မြောက် စကားလေး တခွန်းထဲ အတွက် ဘ၀ပေါင်း မြောက်များစွာ ငရဲကျ ခဲ့ပြီး ငရဲက လွတ်တဲ့အခါ နွားမ အဖြစ် နွားသိုး ကောင်ရေ များစွာက ၀ိုင်းဝန်း အနိုင်ကျင့် ခံရရင်း သေခဲ့ရတဲ့အပြင် ပြည့်တန်ဆာမ အဖြစ် ဘ၀ပေါင်း များစွာ ၀ဋ်ခံခဲ့ရတဲ့ အပြင် နောက်ဆုံး တရားရပြီး ရဟန္တာမ ဖြစ်မယ့် ဘ၀မှာတောင် ဘုရင့်သမီးတော် ဖြစ်လျက်နဲ့ တိုင်းပြည်ရဲ့ ဥပဒေ အရ ပြည့်တန်ဆာမ ဖြစ်ခဲ့ရပါတယ်။ ဒါဟာ ဘုရားဟော ဖြစ်ရပ်မှန်ပါ။ နီးနီး စပ်စပ် အနေနဲ့ ဆဲရေးခြင်း ဒဏ်ကို ချက်ချင်း ခံရတဲ့ ဥပမာ များကတော့ များလွန်းလှ ပါတယ်။

စီဘောက်စ်မှာ ရိုင်းစိုင်း ကြမ်းကြုတ်တဲ့ စကားလုံး များကို ၀စီကံ မြောက်သာ မကဘဲ ကာယကံ မြောက်တဲ့ အထိ အားထုတ် ရေးသား ဆဲဆိုသူများ အဖို့ ဘယ်လောက်များ ၀ဋ်လည် လိုက်လေ မလဲလို့ စဉ်းစား တွေးတော မိလိုက်ပါတယ်။ လွှတ်ခနဲ ဆဲ ထွက်ဖို့ အားသိပ် မစိုက်ရပေမယ့် ဘလော့က စီဘောက် မှာ မပြီးနိုင် မစီးနိုင် အချိန်ကုန် လူအား စိတ်ထုတ်ပြီး ဒီလို လာရောက် ဆဲရေး နေတာဟာ အားထုတ်မှု ပိုများတဲ့ အတွက် ၀ဋ်ပိုကြီးမယ် ဆိုတာ သေချာကြောင်း ပြောလိုက် ရပါတယ်။

ဒါပေမယ့် ဘုရားတောင် ဟောလို့ မကျွတ်နိုင်တဲ့ ပုခုံး နှစ်ဘက်ကြား ခေါင်းပေါက်လို့သာ လူစင်စစ် ဖြစ်ရ သော်လည်း တချို့ နတ်နဂါးတွေလောက်၊ ဘီလူးတွေလောက်တောင် တိဟိတ် မဖြစ်နေဘဲ ဒွိဟိတ် ပဲ ပါလာတဲ့ လူတွေ ဆိုရင်တော့ ဘယ်လိုပြောပြော နားလည်မှာ မဟုတ်တဲ့ အတွက် ကိုရန်အောင် ပြောသလို စိတ်ထားမှပဲ နားအေးတော့မယ် ထင်ပါရဲ့လေ..

7 comments:

Anonymous said...

အမ္မပါလီ ဇတ်အတိုင်းဆိုရင်တော့
ဒီလောက်တောင် ဆဲရေးတိုင်းထွာတဲ့သူတွေ
ယောကျာ်းလေးဆိုရင် နောက်ဘ၀မှာ
သူတို့ တွေရဲ့ လူပျို နုနုထွတ်ထွတ်လေးဘ၀ကို
အလှဖန်တီးရှင်တွေ၊ မုဆိုးမတွေ ၊ တစ်ခုလတ်တွေ၊ အပြိုကြီးတွေ ၀ိုင်းပြီး ဟိုဒင်းဟိုဝှာ ပြုကြပါစေတော်.....

ပီကေ said...

ဒီပို့စ်လေးအတွက် ကျေးဇူးပါ။ လူတိုင်း ဖတ်သင့်တဲ့ သိသင့်တဲ့ အကြောင်းအရာလေးတွေ တင်ပြထားတာ အင်မတန် ဂွတ်ပါတယ်။

ကလိုစေးထူး said...

ရေခဲတောင်ကို မရောက်တာကြာလို့ တခေါက်လာခဲ့တယ်။ စီဘောက်စ်မှာ အော်မလားလို့ဟာ စစ်တွေ ဖြစ်နေတာနဲ့ မှတ်မှတ်ရရ ဖြစ်သွားအောင် ဒီထဲမှာပဲ အော်လိုက်တယ်။ :D ဘာညာ့ စီဘောက်စ်မှာ ဘာတွေ ဖြစ်သွားလဲတောင် မသိလိုက်ရ။ အခု ကွန်မန့်ရေးပြီးမှ သွားဖတ်တော့မယ်ဗျာ

Anonymous said...

အမရေ ဒီပိုစ်လေးကနေ ဗဟုသုတတွေယူသွားပါတယ်။
အမ္ဗပါလီ ဘုရင့်သမီးတော်ကနေ ပြည့်တန်ဆာဖြစ်တာ
အဖွားရဲ့ ပုံပြင်တွေကနေ ကြားဖူးပါတယ်။ ဒါပေမယ့်
ဆဲရေးတိုင်းထွာလို့ ငရဲကြီးပြီးဖြစ်တာကိုတော့
ဒီပိုစ့်ဖတ်မှ သိသွားတာပါ။ ကျေးဇူးပါနော်အမ။
ခင်သော
နှင်းဆီနီနီ။။

Anonymous said...

အမခွန်မြလှိုင်၊ ဒီလိုရေးပေးထားတာကျေးဇူးပါ။ အနော်လည်း တော်တော်စိတ်ညစ်နေတာ... အခုတော့ အပိုစ့်ကြောင့် စိတ်ထားမှပဲ နားအေးတော့မယ် လို့ယူဆလိုက်ပါတယ်။း) ။ ဒီပိုစ့်ကို အလစ်သုတ်သွားဘီဗျို့.. ဘလောက်မှာတင်လိုက်ဦးမယ်။ ကျေးဇူးတင်ပါတယ်အမ... ။

ဘာညာ

Yan said...

ဒီပို့စ်လေးက တကယ်ကိုပဲ ပြည့်စုံကောင်းမွန်ပါတယ် မလှိုင်ရေ...
ဟုတ်တယ်ဗျာ. ကျွန်တော်တို့တွေ အချင်းချင်းလည်း အားပေးကူညီဖို့ လိုအပ်တယ်. မလှိုင်ရဲ့ မွန်မြတ်တဲ့စေတနာကို ချီးကျူးပါတယ်ခင်ဗျာ.

ခင်မင်လေးစားလျက်

ရန်အောင်

ZawZaw said...

ဟုတ်တယ်ဗျို့ စကားစကား ပြောပါများ စကားထဲက ဇာတိ ပြစတဲ့။ ကောင်းပါတယ် အမရေ ၊ သုံးသပ်တင်ပြပုံလေး။ မနာလိုဝန်တို ခြင်းတွေ၊ မလိုမုန်းထားမှုတွေ ကိုလဲ အဲဒီ စကားတွေထဲမှာ ပြော သံတွေကြားနိုင်ပါတယ်။