Monday, November 26, 2007

မိုးဖွဲထဲမှာမနေသာ

တန်ဆောင်မုန်းတွင်း ဆီးနှင်းတပြိုက် မိုးတလိုက်တဲ့.. အပြင်မှာ မိုးတွေ ဖွဲဖွဲလေး ရွာနေတယ်.. မိုးဖွဲ ကန့်လန့်ကာရဲ့ နောက်ကို မျက်ရည် မိုးတွေ ကြားထဲက လှမ်းမျှော် ကြည့်လိုက် ရင်းက မေ့လို့ မရတဲ့ အတိတ်လေးကို အိပ်မွေ့ချ ခံထားရတဲ့ နှလုံးသားလေးက အိပ်မက် မက်ခွင့် ရသွား ခဲ့ပြန်တယ်။ ဖွင့်ထားတဲ့ MP3 player လေးထဲက သီချင်းလေးကြောင့် နာနာကျင်ကျင် ပြုံးမိရင်းက သူငယ်ချင်းဆီ စာရေးလိုက် မိပါတယ် သူငယ်ချင်းရယ်




ချစ်သော ခိုင်
တို့ အထက်တန်း အောင်ပြီး ကတည်းက ကွဲကွာ သွားလိုက် ကြတာ ခုထိ လူချင်း မဆုံနိုင် ကြပဲ စာချင်းပဲ ဆက်သွယ်ခဲ့ကြရတယ်နော်။ လေးနှစ် ဆိုတဲ့ အချိန်ဟာ လှုပ်ရှား ရုန်းကန်ရင်း ကုန်လွယ် ခဲ့လိုက်တာ။ နင်နဲ့ငါ နောက်ဆုံး တွေ့ခဲ့ကြ ချိန်က မနေ့တစ်နေ့ကလိုပဲ စိတ်ထဲမှာ ရှိနေ တုန်းပဲ။ ငါနင့်ဆီ စာမရေး နိုင်ခဲ့ တာတောင် ၆လလောက် ရှိသွားပြီ။ ခုနင့်ဆီ ငါစာရေးနိုင်တာ ဘာကြောင့် လဲ သိလား။ ငါ နမိုးနီးယားဖြစ်လို့ ဆေးရုံ တက်ရ လို့လေ။ မစိုးရိမ် ပါနဲ့ကွာ ...။ နောက် (၂)ရက် လောက်ဆို ဆင်းရတော့မှာပါ။

ဘာကြောင့်လဲ သိချင်တယ်ဟုတ်။ နင့်ကို ရင်ဖွင့်ချင်လွန်းလို့ ငါစာရေးလိုက်တာပေါ့။ နည်းပညာ တက္ကသိုလ်မှာ မြို့ပြအင်ဂျင်နီယာ ဘာသာယူပြီး survey တိုင်းနည်းကို စာတွေ့ပဲသင်ရပြီး လက် တွေ့ မလုပ်ရသေးလို့ မချင့်မရဲ ဖြစ်နေတဲ့ငါဟာ လက်တွေ့ ဆင်းရမယ့်နေ့မှာ သိပ်ပျော် နေတာ ပေါ့။ Theodolite နဲ့တကွ ပစ္စည်းတွေ တနင့်တပိုး သယ်ပြီး ကွင်းဆင်း ရချိန်မှာ မိုးအုံ့ နေလို့ ပျော်နေ မိသေးတယ်။ နေပူရင် တအား ပင်ပန်း တာကိုး။ ကွင်းစ ဆင်းတော့ အားမာန် အပြည့်နဲ့ ကြိုးစား ပမ်းစား တိုင်းထွာ တွက်ချက် နေတုန်း မိုးဖွဲဖွဲ လေးတွေ ကျလာတယ်။ နင်သိတဲ့ အတိုင်း ပဲလေ။ ငါက မိုးဖွဲကို သိပ်ကြိုက်တယ် ဆိုတာ။ မိုးဖွဲ ထဲမှာ လျှောက်ရင်း leveling အတိုင်း မပျက် အလုပ်ထဲ အာရုံ စိုက်မိ နေတဲ့ငါ လေပြေညင်းလေး တစ်ချက်တစ်ချက် တိုက်တော့ အေးခနဲ စိမ့် ခနဲ ခံစား လိုက်ရ ပေမယ့် အလုပ် ဆိုတဲ့ အာရုံထဲ နစ်နေလို့ သတိ မပြု မိဘူး။ မိုးကလေးက ဖွဲဖွဲ လေး ရွာနေတာပါ။ တစ်ချက် တစ်ချက် နှာချေ ဆတ်မိ နေပေမယ့် survey ဆင်းပြီးရင် report ရေးပြီး ဆရာမဆီမှာတင်ရမယ်လေ။ report ရေးဖို့ စိတ်ထဲမှာ အစီအစဉ် တွေချရင်း အလုပ်ကို လက်စသတ် ပြီးချိန်မှ ကိုယ့်ကိုယ်ကို ပြန်ကြည့်မိတော့ တကိုယ်လုံး ရွှဲရွှဲ စိုနေပြီ။ မိုးကလည်း သည်းစပြု နေပြီ။ လဲစရာ အ၀တ်အပို မဆောင် တတ်တဲ့ငါ ရေစို အ၀တ် တွေနဲ့ပဲ တစ်ရက်ထဲ report ကိုအပြီး ရေးပြီး အချစ်ဆုံး ဆရာမ ဆီကို အပြေး လာခဲ့တယ်။

servey ဆရာမကို ငါအချစ်ဆုံး လေ။ ဆရာမက စိတ်ရှည်တယ်၊ စာသင်ကောင်းတယ်၊ စေတနာ ကောင်းတယ်။ ငါဘယ်လောက် ကျောင်းပြေးပြေး တစ်ခွန်းလောက် သူများ မေးမငေါ့ရုံ ဆူပြီးရင် လွတ်တဲ့ စာတွေ ပြန်သင်ပေး နေကျလေ။ ဆရာမရဲ့ အဆောင်ရှေ့ ရောက်တော့ ကိုယ်တွေ ပူပြီး ချောင်းက သိပ်ဆိုး နေပြီ။ ရှေ့ပိုင်း ရက်တွေ ဆက်တိုက် အိပ်ရေး ပျက်လို့ အားနည်း နေချိန် တစ်နေကုန် မိုးဖွဲ ထဲမှာ အလုပ် လုပ်မိ လို့နဲ့ တူပါရဲ့။ ဆရာမ ရှေ့ရောက်တော့ report အပ်ပြီး မြန်မြန် ပြန်ပြေး ထွက်ခဲ့ ရတယ်။ ဆရာမကို ငါ့ချောင်းဆိုး တာတွေ ကူးမှာ စိုးလို့ရော အားနာလို့ ရောလေ။

အိမ်ပြန် ရောက်ပြီး ၃ရက် လောက်နဲ့ အဖျား မပျောက် နိုင်လို့ ဆရာဝန်ဆီ ရောက်တော့ နမိုး နီးယားတဲ့။ ဘာမှ မဖြစ် လောက်ပါဘူး ဆိုပြီး ပေပေတေတေ နေခဲ့ မိတဲ့ငါ ဆေးရုံပေါ် ရောက်ပါ လေရော။ ဆေးရုံ ကုတင်နား အရောက် စိတ်လျှော့ ချလိုက် ချိန်မှာ မိုက်ခနဲ ဖြစ်ပြီး လောက ကြီးနဲ့ အဆက်ပြတ်သွားခဲ့တယ်။
သတိရလာပြီးနောက် ဆေးရုံပေါ်မှာ အတိုးချ အနား ယူရင်း ဖြစ်ပြီး ခဲ့သမျှ ပြန် စဉ်းစား မိတဲ့ အခါ ကျမှ ဦးနှောက်ထဲမှာ လင်းခနဲဖြစ်ပြီး ရင်ထဲမှာနင့်ခနဲ စူးစူးရှရှခံစားလိုက်ရတယ်။ လူတစ်ကိုယ်လုံး တွင်းနက် ကြီးထဲ ခြေလွတ်လက်လွတ် ပြုတ်ကျ သွားသလို ခံစား လိုက်ရတယ် ခိုင်ရယ်။

ခိုင်ရယ် ... နင်လူတစ်ယောက်ကိုချစ်ဖူးသလားဟင် ...။ ငါ နင်နဲ့ ဒီလောက် အကြာကြီး သူငယ် ချင်း ဖြစ်နေခဲ့ ပေမယ့် နင်ရည်းစား ထားတာ ငါတစ်ခါမှ မကြား မိခဲ့ ဖူးဘူး။ နင်လည်း သိပ်အံ့သြ နေမှာ ပဲနော် ။ ရိုးရိုးသားသား ခင်မင် နေခဲ့ ကြပြီး တစ်နေ့ချင်း တိုးလာတဲ့ သံယောဇဉ် တွေကို သတိ မပြုမိပဲ ကိုယ့်အလုပ်ကို အာရုံ စိုက်ပြီး သူ့ဘက်က ထိန်းသိမ်း ခဲ့တာ တွေကိုလည်း အလေး ဂရုမပြု မိခဲ့ဘူး။ သူ့ဘက်က အကြင်နာ လေပြေ တစ်ချက် တစ်ချက် အရိပ်အမြွတ် ပြခဲ့ပေမယ့်လဲ ရင်ထဲမှာ ကျေနပ် မိတာက လွဲလို့ အလုပ်ကိုပဲ အာရုံစိုက် နေမိခဲ့လို့ ဘာကြောင့် ရယ်လို့ မစေ့ငု မိခဲ့ဘူး။ ခုလိုဆေးရုံပေါ်မှာ မနားမနေ နားကိုနားရတဲ့အချိန်မှာ ကိုယ့်စိတ်ကို ပြန်ကြည့်မိတဲ့ အချိန် မှာတော့ သူ့ကိုငါချစ်မိနေတာမှ Platonic Adoration ထိရောက်နေပြီလေ။ ဘာကြောင့် ဒီလို သိရ သလဲ သိလား။ သူ့မိဘတွေက သူနဲ့ သင့်တော်မယ့် မိန်းကလေး တစ်ယောက်နဲ့ သူ့ကို စီစဉ် ပေးနေ ကြပြီ။ နှလုံးရောဂါသည် သူ့အတွက် အသင့်တော်ဆုံး ဆရာဝန်မလေး တစ်ယောက်ပါ။

မြို့ပြ အင်ဂျင်နီယာ ဘာသာ ယူခဲ့တဲ့ငါ ကျောင်းပြီးလို့ အလုပ်ဆင်းရင် သူ့ကို ဘယ်လို ပြုစု နိုင်ပါ့ မလဲ။ ပိုဆိုးတာက သူ့မိဘနဲ့သူ့အကြား၊ သူ့မိဘနဲ့ တဖက် မိန်းကလေး အကြား၊ သူ့မိဘနဲ့ တဖက် မိန်းကလေး မိဘ အကြား မျက်နှာ ပျက်ရမယ့် အဖြစ် မျိုးတွေ ငါမဖြစ် စေချင် ဘူးလေ။ တဖက် ကလည်း နှလုံးရောဂါသည် သူ့ကို ငါနဲ့ ခွဲရလို့ ခံစားရပြီး ရောဂါ ပိုဆိုး လာတာ ကိုလည်း ငါမကြည့်ရက် နိုင်ဘူး။ ငါဘယ်လို အကြပ်အတည်း တွေ့ခဲ့သည် ဖြစ်စေ၊ ငါဘယ်လို အထင်လွဲ၊ အထင် သေးတဲ့ မျက်လုံး တွေနဲ့ ကြည့်ခံ ခဲ့ရသည် ဖြစ်စေ၊ ငါ့ဘက်က အမြဲ ခိုင်ခိုင်မာမာ ရပ်တည် ပေးခဲ့တဲ့သူ၊ ပြဿနာ ဖြေရှင်း နည်းတွေ၊ လောကဓံကို ရင်ဆိုင်နည်းတွေ သင်ပေး ခဲ့တဲ့သူ၊ အလို အပ်ဆုံး ယုံကြည် မှုတွေ ပေးခဲ့တဲ့ သူ့ကို ငါက ခုချိန်မှာ ဘယ်လို ကူညီ ပေးရမလဲ။

အဆိုးဆုံးက သူက သူ့အိမ်မှာ သားကြီး သြရသလေ။ တဆွေမျိုး လုံးမှာ အတော်ဆုံး သားကြီး သြရသမို့ အားလုံး ရဲ့ နမူနာ စံပြ ဖြစ်နေတဲ့ သူ့ကို မိဘမျက်နှာ အိုးမည်း သုတ်တဲ့ သားဆိုး ဖြစ်အောင် ငါလုပ်ရက် ပါ့မလား၊ လုပ်နိုင် ပါ့မလား။ သူ့အတွက် အဆင်ပြေဖို့ ငါဘယ်လို နေရနေရ နေနိုင် ပါတယ် ခိုင်ရယ်။ တဖက်သက် အချစ်ဟာ ဆိုးပါတယ်ဆိုတဲ့စကားတွေ ငါအများကြီး ကြားခဲ့ဖူး ပါတယ်။ လေထဲ၊ မိုးထဲ၊ မုန်တိုင်း ထဲမှာ လက်တွဲလို့ ရတဲ့ သူ့ရဲ့ တကယ့်ကို စစ်မှန်တဲ့ အချစ် နဲ့အချစ်ခံ ခဲ့ရပြီး ကိုယ်တိုင် ကလည်း တကယ့်ကို မြတ်မြတ်နိုးနိုး ချစ်မိ ခဲ့တဲ့ သူ့ကို ရင်ထဲ ရှိတဲ့ အတိုင်း ချစ်ပါတယ် ရယ်လို့ ဖွင့်မပြော နိုင်ပဲ ဟန်ဆောင် ထိန်းသိမ်းပြီး ဖြူဖြူစင်စင် ခင်ဟန် ဆောင်ရင်း သူငယ်ချင်း အဖြစ် ဆက်နေ နေရ တာလောက် ရင်နာ ခက်ခဲတာ ဘာရှိ မှာလဲ။ သူကတော့ ငါချစ်တာ မသိရှာ ပါဘူး။

သူချစ်ခွင့် ပန်တာကို ငြင်းဆန်တာ ခံရပြီးနောက် သူဘာမှ မဖြစ်ပါဘူး။ ခံနိုင်ရည် ရှိပါတယ်။ သူ ငယ်ချင်း လိုပဲ ခင်ခင်မင်မင် ဆက်နေ ကြမယ်လို့ သူပြောခဲ့ ပေမယ့် သူ့လည်ပင်းက သွေး ကြော လေးတွေ တဆတ်ဆတ် တုန်ခါ နေတာ၊ သူ့နားထင် စမှာ ချွေးစေး လေးတွေ စို့နေတာ၊ သူ့ အသက် ရှူသံတွေ ပြင်းထန် နှေးကွေး နေတာ ငါမမြင်ရက် မကြားရက် ခဲ့ဘူး ခိုင်ရယ်။ သူ့ကို ဒီထက် ပိုပြီး မခံစားရ စေချင် တော့ဘူး။ဒါပေမယ့် သူ့ ရာဇ၀င်မှာ စံပြ သားကြီး သြရသ ဘ၀ ကနေ မိဘ ဆွေမျိုး တွေရဲ့ အသိုင်းအ၀ိုင်း အလယ်မှာ သားဆိုး အဖြစ် သမိုင်းတွင် ရစ်ပြီး ငါ့အနား မှာ ငါ့ရဲ့ ဒုက္ခ တွေကိုလည်း ဝေမျှ ခံစား မနေစေ ချင်ဘူး။

ငါဘာကို သွားသတိရမိသလဲသိလား ခိုင်။

ချောင်းတွေသိပ်ဆိုးနေရင်း survey ဆရာမရှေ့ကနေ ပြေးထွက် ခဲ့တဲ့ အဖြစ်အပျက် လေးကိုပေါ့။ ခုလဲ ... ငါသူ့ကို သိပ်ချစ်လို့ သူ့အနား ကနေ ထွက်ပြေး ခဲ့မိ ပြန်ပြီ ခိုင်ရေ။ အချစ်ဦးနဲ့အချစ်ဆုံး ရဲ့ နွေးထွေးတဲ့ ရင်ခွင်ကို ခိုလှုံ ချင်စိတ်ကို အတင်း မြိုသိပ်ရင်း သူ့ရင်ခွင်ကို ခြေစုံကန် ထွက်ခဲ့ ရတဲ့ ငါဟာ တစ်သက် မကျဖူးတဲ့ မျက်ရည်တွေ ပါးပြင် ပေါ်စီး မကျ စေဖို့ မေးကို ချီလို့ ခေါင်းကို မော့ရင်း ငါ့ဘ၀ ခရီး လမ်းကို ဆက်လျှောက်လှမ်း နေခဲ့ ပါတယ်။ အကြောင်း မသိသူ တွေကတော့ အင်ဂျင်နီယာမမို့ မာန ကြီးတယ် ထင်ပြီး မျက်နှာ ချီချီ၊ မျက်နှာထား တင်းတင်းနဲ့ ငါ့ကို ရှိန်ကြ တယ်။ မငိုမိအောင် အံကြိတ် ထားရ မှတော့ မျက်နှာ ထားက ချိုပါတော့ မလား ... ခိုင်ရယ်။

အခု စာရေး နေချိန် အခန်း ထဲမှာ တစ်ယောက် တည်းမို့ ငါငိုနေ ပါတယ် ... ခိုင်ရယ်။ တစ်ဦး တည်း သော အချစ်ဆုံး သူငယ်ချင်း နင့်ရဲ့ ဓါတ်ပုံ ရှေ့မှာ ငါရင်ဖွင့်ရင်း ငိုနေ ပါတယ်။ နင် တမလွန် ဘ၀ကို ပြောင်းသွား ခဲ့တဲ့ လွန်ခဲ့တဲ့ ၃နှစ် လောက်က တည်းက ငါခံစား ရသမျှတွေ ရင်ဖွင့် ထားတဲ့ နင့်ဆီ ရေးခဲ့တဲ့ စာတွေ ကတော့ နင့်ဓာတ်ပုံ မှန်ဘောင်လေး ဘေးက ယွန်း သေတ္တာ လေးထဲမှာ ပြည့်လု ပြီပေါ့။ ငါ့ကို အမြဲ နားလည် အားပေး တတ်တဲ့ ငါ့ရဲ့ အချစ်ဆုံး သူငယ်ချင်း ခိုင်တစ်ယောက် တမလွန် ဘ၀မှာ ငါ့လို မခံစား ရပါစေနဲ့၊ အေးချမ်း ပြည့်စုံတဲ့ ဘ၀ကို ပိုင်ဆိုင် ရရှိရုံနဲ့ မပြီးဘဲ ခံစား နိုင်ခွင့်ပါ ရပါစေလို့ ငါဆုတောင်း ပေးလိုက် ပါတယ် ... ခိုင်။

နင့်ရဲ့ အချစ်ဆုံး သူငယ်ချင်း
မပြည့်စုံတဲ့
ခင်ပြည့်စုံ
သံလွင်အိပ်မက် အမှတ်(၅) ဒီဇင်ဘာ ၂၀၀၅ တွင် ဖော်ပြခဲ့ဖူးသော ၀တ္ထုတိုလေး ဖြစ်ပါသည်။

3 comments:

May said...

မလှိုင်လဲ ပန်းတွေ ကြိုက်တတ်တယ်နော် . .
မလှိုင် ရေးတာတွေ လိုက်ဖတ်ရတာ ကိုယ့်ကိုယ်ကို အစအဆုံးလောက်နီးနီး ပြန်မြင်ရသလိုပဲ ..
ညီမက စာရေးပျင်းဆဲမို့ သူများရေးတာတွေပဲ ပိုဖတ်ဖြစ်ပါတယ် ..
မှတ်ချက်တွေ ဆီပုံးတွေမှာတောင် ရေးရပျင်းပါတယ်..
ဒါ.. ကြိုက်လွန်းလို့ ရေးသွားတာပါ..

Mr.Pooh @ မောင်ပွတ် said...

ဒုတိယအကြိမ် ဖတ်အပြီးမှာတော့ Comment မရေးပဲ မနေနိုင်တော့ပါဘူး။ စာလေးတစ်စောင်တည်းပေမယ့် အတော့်ကို ဖတ်လို့ကောင်းပါတယ်ဗျာ။

Kaung Kin Ko said...

ချောင်းဆိုးလို့ ထွက်ပြေးတာနဲ့  ချစ်လို့ ထွက်ပြေးတာ နှိုင်းယှဉ်ပြီး ရေးထားတာလှတယ်။