Wednesday, December 5, 2007

ခွန်မြလှိုင် ဘယ်ပျောက်

အိပ်မက် နိမိတ်တွေ အမြဲ ရတတ်တဲ့ကျွန်မ ကိုယ့်ကိုယ်ကို ရွှေရောင် ၀တ်စုံအသစ်လေး ၀တ်ကြည့်လိုက်၊ ဗေဒါရောင် ၀တ်စုံ အသစ်လေး ၀တ်ကြည့်လိုက်နဲ့ လှပနေတာကို အိပ်မက်မက်ပါတယ်။ အိပ်မက် နိမိတ် အကောက် ကျွမ်းသူ အဒေါ်ကို မေးတော့ နင့်ကျန်းမာရေး သတိထားတဲ့။ မကြာဘူး .. ဂရုစိုက်တဲ့ ကြားက ဖျားပါရော.. နောက်တော့ ချောင်း ဆိုးတာ နှုတ်ခမ်းတွေ ဗေဒါရောင် ဖြစ်တဲ့ အထိပါပဲ။ အဒေါ်ကို အဟော မှန်တယ်လို့ ချီးကျူး ပြီးနောက်ည အိပ်မက်ထဲမှာ ငွေရောင် ၀တ်စုံနဲ့ ကိုယ့်ကိုယ်ကို မြင်ပါလေရော.. အခြေ အနေ မကောင်းတော့ဘူးလို့ စိတ်ထဲက ချက်ခြင်း သတိရသွားတယ်။ ဒါနဲ့ အ၀တ်တွေ မီးပူတိုက်၊ ခရီး ဆောင် အိတ်ကို ပြင်ထားပါတယ်။ အဲဒီညပါပဲ.. အရပ် ဂလန်ဂလားနဲ့ မီးပူတိုက်တိုင်း ခါးနာတတ်တဲ့ သူပီပီ ထုံးစံအတိုင်း ခါးနာပါတယ်။ ခဏပါ။ နာနေကျ။ ခက်တာက ချောင်းဆိုး မပျောက်သေး။

ချောင်းဆိုးတိုင်း ခါးက မျက်ခနဲ မျက်ရည် ထွက်အောင် နာသည်။ ဆွဲခါသလို ဖြစ်နေ တာကိုး။ ဒါနဲ့ ည အိပ်ချိန် ရောက်တော့ မအိပ်စဖူး ၀မ်းလျားမှောက် အိပ်ပါသည်။ ခါးသေးသော ကျွန်မ ပက်လက် အိပ်ရင် ခါးက မြောက်နေလေ့ ရှိပြီး တင်ပါးနဲ့ ကျောသာ ကြမ်းကိုထိသောကြောင့် ပက်လက် အိပ်လို့ မရ။ ခါးနာ လို့ပါ။ အဲဒီမှာ ချောင်းဆိုး ပြန် တော့ ဗိုက်ထဲက ဒုတ်ခနဲ ဖြစ်သွားတာကို ခံစားလိုက်မိပြီး အသကုန် ဗိုက်နာ ပါတော့သည်။ ဖြစ်တာက ည သန်းခေါင်။ အခန့်မသင့်လို့ ဖြစ်တာနေမှာ.. ခဏနေရင် သက်သာ သွားမှာ ပါလို့ ကိုယ့်ကိုယ်ကို အား ပေး ရင်း တညလုံး အိပ်လို့တောင် မပျော်။ ဗိုက်နာလွန်းလို့ ညည်းနေရသည်။ မနက်ကျတော့ အခြေအနေ က မကောင်းတော့။ သွေးစိမ်းတွေ ဆင်းနေသည်။ အယ်.. ကွိုင်ပဲ.. တအား လန့်သွားသည်။ သူများ တွေက စုဗူး ကွဲသည် ထင်မည်။ မဟုတ်မှန်း ကာယကံ ရှင်က အသိဆုံး။ ဒါနဲ့ ခင်ပွန်းသည်ကို နှိုးပြီး အိမ်နားက ဆေးရုံ ပို့ခိုင်း ရသည်။

ထင်သည့်အတိုင်း ဆရာဝန် များက စုဗူး ပေါက်သည် ထင်သည်။ မဟုတ် နိုင်ကြောင်း ပြောသော်လည်း မရ။ ဒါနဲ့ ဆီးစစ်တော့ ကိုယ့်စကား မှန်ကြောင်း သူတို့ လက်ခံ သွားသည်။ သွေးစစ် ပြီးနောက် ultrasound ရိုက်တော့မှ .. အလယ်လယ်.. ဘယ်တုန်း ကတည်းက စုဆောင်း ထားမှန်း မသိသော သွေးလုံးက ဗိုက်ထဲ မှာ အခန့်သားတဲ့။ အဲဒီ သွေးလုံးကြောင့် အောင့်တာ ဖြစ်ပြီး ဗိုက်တွင်း နံရံမှာ ဘာမှန်း မသိရသော အကွက် ကြီးက အကြီးကြီးတဲ့။ အရေးပေါ် အခြေအနေ ကြေညာပြီး ချက်ချင်း ခွဲမတဲ့။ သို့သော်… ခွဲခန်းက မအား.. ကြိုတင် ဘွတ်ကင် လုပ်ထား သူများနဲ့ အပြည့်။ ဒါနဲ့ မြို့ထဲက ဆေးရုံကို လွှဲစာ ရေးပေး လိုက်ပြီး မြို့ထဲက ဘုရင့် ဆေးရုံကို လွှတ်လိုက်သည်။ ခွဲခန်း အပိုတွေ ရှိတာ သေချာသလေ။ ထိုင်းတစ်နိုင်ငံလုံး ဘုရင် တောင် တက်ကုတဲ့ အကောင်းဆုံး ဆေးရုံးကိုး။

စီရီရတ် ဆေးရုံ ရောက်တော့ အိမ်နားက ဆေးရုံးက ပေးလိုက်တဲ့ စာလေး ပြတော့ ချက်ချင်း အရေးပေါ်ခန်း ထဲ ခေါ်သွားသည်။ သွေးစစ်၊ သွေးပေါင် ချိန်စစ်၊ အဖျားစစ် (သွေးရိုး သားရိုး အဖျား မှတ်နေတာ လက်စ သတ် တော့ ဒီသွေးလုံးက ကြမာငင်နေလို့ ဖျားမှန်း အဲဒီတော့မှ သိသည်)၊ အကြော ဆေးသွင်း၊ ဆေးထိုး နဲ့ ဆရာ ၀န်တွေရော သူနာပြု တွေပါ ပြာပြာသလဲ ပြုစုကြသည်။ ကျန်းမာရေး ရာဇ၀င်ကို မေးလိုက် စစ် လိုက်တာ မပြောပါ နဲ့တော့။ လူနာကို တအား ဂရုစိုက် ကြသည်။ ငွေစကား လုံးဝ မမေး မပြော… ချက်ချင်း ခွဲလို သော်လည်း လေဖြတ် ထားလို့ နေ့စဉ် စွဲသောက် ထားသော အက်စ်ပရင်ကို လန့်သောကြောင့် ချက်ချင်း မခွဲရဲ။ သွေးပြန် ခဲအောင် ပြန်စောင့် ရသည်ထင့်။ မဟုတ်ရင် သွေးကျဲမှုကြောင့် ခွဲခန်းထဲမှာ သွေးထွက် လွန်သွား နိုင်သည်။ လက်မှာတော့ ပိုက်ကြီး ပိုက်ငယ် အသွယ်သွယ်နဲ့။

နောက်ဆုံး အပ်ပေါက်ရာ မွစာတက် လာသော လက်ကလေးကို သနားသည်ထင့်၊ ညာ လက်ဖမိုးမှာ အပ်တစ်ချောင်း ကို အပြီး တပ်ထားပေး လိုက်သည်။ လက်က လှုပ်လို့ မကောင်းတော့။ ဗိုက်က ဘယ် လောက် နာနာ မ ညည်းဘဲ အားတင်းခံထားပြီး “ငါ မြန်မာကွ။ တခြားလူမျိုးက မြန်မာလူမျိုး သွေး ကြောင် တယ်လို့ ဘယ် တော့မှ ပြောခွင့် မသာ စေရဘူး“ ဆိုပြီး တင်းခံ ထားခဲ့သည်။ တကယ်တော့ နာတာမှ ဆောင်းတွင်း လေ အေးစက် တပ်ထားသော အခန်းထဲ မှာတောင်မှ ချွေးပြန် ပါသည်။ လိုအပ် တာတွေ လုပ်ထား ပေးနေ တုန်း ၀မ်းဗိုက်ပိုင်း ဆိုင်ရာ အထူးကု ဆရာ ၀န်ကြီး ရောက်လာပြီး စမ်းသပ်သည်။ ဘယ်ဘက် ဗိုက်ကို လက် ချောင်းလေး ၂ချောင်းတည်းနဲ့ အသာ လေး ဖိပြီး ဆတ်ခနဲ ပြန်လွတ် လိုက်တဲ့ အချိန် “အား“ခနဲ အော်သံ အလိုလို ထွက်သွားသည်။

အတတ်နိုင်ဆုံး မခွဲဘဲ ရအောင် ကုချင်ပါတယ် ဒါပေမယ့် ဒီအခြေအနေ အရ မခွဲလို့ မဖြစ်တော့ ပါဘူးတဲ့။
ဘာစားထားလဲ ဘာသောက် ထားလဲ မေးပြန်ပါရော.. ညတည်းက ဗိုက်နာ လွန်းလို့ ဘာမှ စားချင် သောက်ချင် စိတ်ကို မပေါ် လောက်အောင် ဗိုက်နာ နေလို့ ဘာမှ မစားမသောက် ရသေးကြောင်း ပြော တော့ ကောင်းတယ်တဲ့။ ဒါဆို ခွဲလို့ ပိုအဆင်ပြေ သတဲ့။ ပြောပြီး လက်ထောက် ဆရာဝန်မနဲ့ လွှဲပေး ထားပြီး ခွဲစိတ် အထူးကု ဆရာဝန် တွေကို အချိန်ချိန်း ပါတယ်။ ultrasound လဲ ထပ်ရိုက်ပါတယ်။ သူတို့ ထိုင်းလိုပြောပေမယ့် ကျွန်မ တချို့ နားလည်နေတော့ အခက်သား.. “အားးး ဒါဘာကြီးတုန်းတဲ့“ သွားပြီ။ ဒါဆို ခွဲစိတ်မှုက သေးသေး မဖြစ်နိုင်တော့။ ဆေးထပ်ထိုး၊ ထပ်သွင်းနဲ့ သူနာပြုတွေ တခုပြီး တခု တရစပ် အလုပ်ရှုပ်နေခိုက် လုပ်ချင် ရာသာ လုပ်ကြ တော့လို့ စိတ်ကို လျှော့ထားပြီး ဘုရား ဂုဏ်တော် ကိုးပါးကိုပဲ မနားတမ်း စိတ်နဲ့ ရွတ်နေရသည်။

ဆရာဝန်မလေးက ချောချောလေး။ အလှလည်း ကြိုက်ပုံ ရသည်။ စေတနာလဲ ကောင်းသည်။ သူက ရောဂါ ရာဇ၀င်ကို သေချာ လာရှင်း ပြရင်း သူတို့ လုပ်မယ့် ခွဲစိတ်မှု၊ အရေးကြီးပုံ။ ဘယ်အထိ ဖြစ်သွား နိုင်ပုံ၊ ဘာ တွေ မျှော်လင့် ထားနိုင်ကြောင်း (ကောင်းတာတွေ မဟုတ်၊ အဆိုးဆုံး ရင်ဆိုင် ရနိုင်ခြေ တွေကိုပါ မကွယ် ၀ှက်တမ်း တိတိကျကျ ပြောပါသည်)၊ ရီချင်တာ တခုက လက်ရှိ အခြေအနေနဲ့ ခွဲရင် ခွဲဒဏ်ရာ ကြီးပြီး မလှ ကြောင်း၊ နောက်နေ့ မနက်မှ ခွဲမယ် ဆိုရင် လေဆာ စက်ကြီးနဲ့ ခွဲနိုင်မယ် ဖြစ်လို့ ခွဲဒဏ်ရာ သေးပြီး ချုပ် ရိုး လှမှာမို့ မနက်မှ ခွဲမလား တဲ့လေ။ ဆရာဝန် တစ်ယောက်ရဲ့ ရှုထောင့် ကနေ အကောင်းဆုံး ဖြစ်အောင် စီစဉ်ပေးပါ လို့ ပြောလိုက်ရပါသည်။ ည ဂနာရီလောက် ကျရင် အခြေအနေအရ ခွဲမယ် ကောင်းနေသေးရင် မနက်ခွဲမယ်တဲ့။ ည ၉နာရီလောက် ရောက်တော့ ဇောချွေးပြန် လာပြီ။ နာလွန်းတာ မခံနိုင်တော့။

သူနာပြုက လာမေး ရှာတယ်။ ဘယ်အဆင့် ရောက်အောင် နာနေလဲတဲ့။ အနာဆုံးပဲလို့ ဖြေလိုက်တော့ အခြေအနေ ကြည့်ပြီး မော်ဖိန်း လာထိုးပေးသည်။ အင်း ဘိန်းစားများ ဘိန်းစား ဖြစ်ရခြင်း အကြောင်းရင်းကို ကောင်းကောင်း သိသွားသည်။ ငြိမ့်နေတာပဲ အဟတ်ဟတ်။ မနာတော့ဘူး။ ဒါပေမယ့် ဆရာဝန်မ ထပ်လာ ကြည့် ခေါင်းယမ်း ထွက်သွားပြီး ခွဲခန်း ပြင်ပါ တော့သည်။ ခွဲခန်းထဲ ကုတင်ကို တွန်းယူတော့ ည ဆယ်နာရီ။ လက်တွေကို ခွဲစိတ် ကုတင်မှာ လက်ထိပ် ခတ်သည်။ ခွဲနေတုန်း မရုန်းကန်အောင် ခတ်တာ ဖြစ်မည်။ နောက်တော့ အောက်ဆီဂျင် မျက်နှာဖုံး လာစွပ်ပေးပြီး drip pipe ထဲ ဆေးထိုး ထည့်တော့ လက်ဖျံ တလျှောက် အေးသွားပြီး အာခေါင်က မွှန်တဲ့ အနံ့ရပြီး တဖြည်း ဖြည်းချင်း အသိ စိတ်လေး သေး သွား တော့သည် (မေ့သွားသည် ဆိုပါတော့)။

သတိပြန်ရလာတော့ မြတ်စွာဘုရား နာလိုက်တဲ့ဗိုက်၊ ဇွိကနဲ ခွဲလိုက်၊ တင်းခနဲ ပြန်ချုပ်လိုက်နဲ့ ခံနေရတဲ့ ဝေဒနာ ပြင်းမှပြင်းပဲ။ အော် လက်စသတ်တော့ ခွဲလို့ မပြီးမီ သတိ ပြန်ရ လာတာကိုး။ ကောင်းလိုက်တဲ့ သတိနော်။ လှုပ်မရ အော်မရ။ အစိမ်းလိုက် အခွဲခံနေ ရတာကို ခွဲစိတ် ဆရာဝန်တွေက သတိ မထားမိ။ ပြောဖို့ ကျတော့ ပါးစပ် ထဲမှာ ပိုက်တွေ၊ လျှာနဲ့ ထိုးကြည့်တော့ ၃ချောင်းတောင်။ တစ်ချောင်းက အောက် စီဂျင် ပေးနေတာ ဖြစ်မည်။ နောက်တစ်ချောင်းက ချွဲစုပ်တာ။ နောက် တစ်ခုကတော့ မသိ။ စိတ် ရှုပ်ရှုပ်နဲ့ ပိုက်တွေ ဖမ်းကိုက် ပစ်လိုက်သည် မှတ်ကရော.. ဒီတော့မှ ခွဲစိတ် ဆရာဝန်တွေ ကျွန်မ သတိ ပြန်ရနေ ကြောင်း သိသွားရော.. မေ့ဆေး ထပ်ပေးရသည်။ ဒီနေ့ ကံမကောင်း ပါလားနော်။ ပြန်သတိ ရတော့ မနက် ၂နာရီခွဲ။ ခွဲပြီးလူနာကို စောင့်ကြည့်တဲ့ အခန်းထဲမှာ။ လေးနာရီ ထိုးမှ ကိုယ့်အခန်းကိုယ် ပြန်ရောက် သည်။

ရေလဲ မသောက်နိုင်။ လှည့်မရ ပြုမရနဲ့ နောက်နေ့ ညလဲ ဗိုက်နာလို့ မော်ဖိန်း ထပ်ထိုးရသည်။ ခွဲပြီး ၂ရက် လူမှန်း သူမှန်းကို မသိတော့။ ၃ရက် မြောက်နေ့မှ လူလူ သူသူ ဖြစ်လာသည်။ အဲဒီတော့မှ ဆရာဝန် မက ခွဲတုန်းက အခြေအနေ ရှင်းပြသည်။ ဗိုက်ထဲက သွေးလုံးက ၅-၆ စင်တီ မီတာ လောက်တောင် ရှိ သတဲ့။ ချောင်းဆိုး ရှိန်ကြောင့် သူက သားဥအိတ်ကို သွားဖိပြီး အဲဒီက သွေးကြော ပေါက်ထွက် သွားသတဲ့။ ဒီကြားထဲ အဖျား မကျလို့ စိတ်ပူ သတဲ့။ သွေးတွေ ဗိုက်ထဲ ပေါက်ထွက်ပြီး အိုင်နေလို့ ဗိုက်ကို ရှင်းလိုက် ရသတဲ့။ ဒါကြောင့် သွေးပေါင်ချိန် 67/46 ပဲ ကျန်တော့လို့ ဆေးရုံမှာ ဆက်နေ ရဦး မတဲ့။ ဂရုစိုက်တာ လိုလေသေး မရှိပါပဲ။ အစားအသောက် ကတော့ ဆေးရုံက ကျွေးတာပဲ စားရပါတယ်။ အပြင်စာ ပေးမစား ပါဘူး။ အပြင်စာကြောင့် တခုခု ဖြစ်မှာ စိုးလို့ပါတဲ့။ အခန်းနားနီးချင်း ထိုင်းလူနာတွေ၊ လူနာရှင်တွေ ကလဲ ကိုယ့်ကို အားပေးကြ၊ လူနာမေးကြနဲ့ အားပေးကြ ရှာပါတယ်။ ပန်းခြင်းနဲ့ သစ်သီး ဖျော်ရည် ခြင်းတောင် ရလိုက်သေး။ အော်.. သမိုင်းပေး အမုန်းကို ဘေးချပြီး လူသားချင်း စာနာ တတ်လိုက် တာလို့ ၀မ်းသာ ပီတိ ဖြစ်ရင်း ကိုယ့် ပြည်တွင်းက ဆေးရုံတွေက အခြေအနေကို ပြန်ပြောင်း အောင့်မေ့ မိသည်။ တပတ်ပြည့်လို့ စိတ်ချ ရတဲ့ အခြေအနေ ရောက်ပြီ ဆိုမှ ဆေးရုံက ပေးဆင်းတော့မည် ဖြစ်ကြောင်း အကြောင်း ကြားလာပါသည်။

ပိုက်ဆံ၊ ပိုက်ဆံ။ ကျောင်းတက် နေသော ကျောင်းသားမို့ ကျောင်းက ဆေးရုံတက် ရသူ ကျောင်းသူကို ဘတ် သုံးသောင်း ထောက်ပံ့ ပါသည်။ ကျန်းမာရေး အာမခံက ရသော ငွေနဲ့မို့ နည်းနည်းပဲ စိုက်ရ ပါသည်။ အော် .. ကိုယ့်ပြည်တွင်း မှာသာဆို မိဝေး ဖဝေး တနယ်တကျေးက ကျောင်းသား ဆေးရုံ တက်ရရင် အရေးပေါ် ခွဲစိတ်ရရင် ဘယ်လိုများ နေပါလိမ့် မလဲနော်.. ခုတော့ ဆေးရုံက ဆင်းခါစ ဗိုက်က ချုပ်ရိုး မဖြေ ရသေး ပေမယ့် စိတ်ပူနေသော သူငယ်ချင်း ရောင်းရင်း ဘလော့ဖော် ဘလော့ဖက်များ၊ ဂျီရိပ် ခိုဖက်များ စိတ်ပူကြ သတင်းမေး ကြတာကို အားနာလို့ အကြောင်းရင်း သိသွားအောင် ပို့စ်တင်ရင်း နက်ဖြန် ချုပ်ရိုးဖြေမည် ဖြစ်ကြောင်း သတင်းကောင်း ပါးလိုက်ပါသည်။ နေကောင်းအောင် ဆုတောင်း ပေးကြသော ဘလော့ဂါ ညီအကို မောင်နှမ များ အားလုံး မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံပါစေ။ ကျေးဇူးပါ။

11 comments:

Angel said...

ဖြစ်မှဖြစ်ရလေကွယ်။

မြရွက်ဝေ said...

အမခွန်မြလှိုင်ရယ် မြန်မြန်နေပြန်ကောင်းပါစေ။ ဒါကြောင့် အမစာတွေ အခုတလော နည်းနေတာကိုး။ အမ ဒီစာကိုခပ်သော့သော့ ရေးသွားပေမဲ့ အမ ခံရမယ့် ဝေဒနာက မနည်းလောက်ဖူး။ ချူချာသူချင်းမို့ ကိုယ်ချင်းစာပါတယ်။

Chit Lay Pyay said...

လှိုင်ရေ အသက်ရယ် လူရယ် ရောဂါရယ်က မမျှပါလားနော်။ ၀တ်ကျွေး ရှိရင်လဲ ဒီဘ၀ ဒီမျှသာ ဖြစ်ပါစေလို့ ဆုတောင်းပေးတယ်နော်၊ အမြန်ဆုံး နေကောင်းပါစေ၊

Thamee Khin said...

Get well soon Ma Khun Mya Hlaing. Wishing you all the best.

nu-san said...

ဖြစ်မှ ဖြစ်ရလေ ညီမလေးရေ..
ဖတ်ရတဲ့သူတောင် စာလည်းဆုံးအောင် ဖတ်ပြီးရော အားပျော့ပြီး လူက နုံးချိလာတယ်။ ကာယကံရှင်တော့ ဘယ်လောက်နာကျင်ခံစားရမလည်း လို့ တွေးရင်း စိတ်မကောင်းလိုက်တာ.. မြန်မြန်နေကောင်းပါစေ... လို့ဆုတောင်းပေးနေပါတယ်..

kay said...

အမြန် ပြန်လည် ကျန်းမာ လာစေဖို့.. ဆန္ဒမွန် ပြု ပါတယ်..မခွန်မြလှိုင်ရေ..

Anonymous said...

Get Well Soon Sis!!!!! Mwahhhhh

Anonymous said...

အာဂသတ္တိခဲပဲ.. အရှင်လတ်လတ် အစိမ်းလိုက်
ခွဲလိုက်တာတောင် မှတ်မိပြီး စာအဖြင့် ရေးနိုင်သေးတယ်.. လူက မြင့်ပြီး ဖြောင့်သလောက် ကျန်းမာရေးက ချူချာတယ်နော်..

အမြန်နေကောင်းပါစေ လှိုင်

Anonymous said...

အော် ဒါကြောင့် ဒီကြားထဲ အမပိုစ့်အသစ်တွေ မတွေ့တာကို။ အမြန်နေကောင်းပါစေနော်။
ချစ်သော
နှင်းဆီနီနီ။။

Winkabar said...

ဖြစ်မှဖြစ်ရလေအစ်မရေ။ မအားတာနဲ့မရောက်ဖြစ်တော့မသိလိုက်တာ။ မြန်မြန်နေပြန်ကောင်းပါစေနော်ဆုတောင်းပေးနေပါတယ်။ ပျော်ရွှင်ပါစေအစ်မ။

Anonymous said...

သိလိုက်ဘူးဗျ။ တော်၂ သတ္တိကောင်းတယ်နော်၊ ပြန်ချုပ်နေချိန်မှာ နိုးလာတော့ အတော်လေး ခံလိုက်ရမှာပဲ :(