Wednesday, October 31, 2007

Halloween Day အမှတ်တရ ကျွန်မရဲ့ ဖြစ်ရပ်မှန်များ

မတော်တဆ ကိုရန်အောင်ရဲ့ ဘလော့ကို ရောက်သွားပါတယ်  ဖတ်မိရင် တက်ပြီးသားတဲ့။ ကဲ.. ရေးပါမယ်။ ပထမဆုံး သရဲကို တွေ့ဖူးတာ ၈တန်းတုန်းက… အိမ်နောက်ဖေးမှာ ကျောချင်းကပ် ခြံက လဲမှို့ပင်ကြီးပေါ်ကို ခေါင်းရင်းအိမ်က ဗန်ဒါပင်ပေါ် ကနေ ကူးသွားတာ ဖြူဖြူ အငွေ့ကြီး တိမ်လိုပဲ။ မနက် ၄နာရီခွဲလောက်မှာ စာထကျက်ရင်း တွေ့ခဲ့ဖူးတယ်။ နောက် ထိုင်းမှာ ကျောင်းတက် ရင်း လေဖြတ်လို့ ဆေးရုံ တက် ရတော့ သရဲတွေနဲ့ ထပ်တွေ့ ပြန်ပါတယ်။

ပထမဆုံး အခေါက်က စပြောပြမယ်နော်။ အဲဒီညက လှိုင့်ကို ဘယ်သူမှ လူနာ မစောင့်နိုင်ဘူး။ ဆေးရုံက မိန်းကလေးဆောင်မို့ ယောက်ျား လေး ပေးမ၀င်ဘူး။ မိန်းကလေး သူငယ်ချင်းကလဲ အမြဲ လာစောင့် မအိပ်နိုင်ဘူးလေ။ ဒါနဲ့ ရပါတယ်ဆိုပြီး တစ်ယောက် ထဲနေတာ။ ည သန်းခေါင်မှာ ခေါင်းရင်း ပြတင်းပေါက်ကနေ ဖောက်ဝင်လာတာ ပျံပြီးတော့ သူက ယောက်ျား အသက်ငယ်ငယ်။ အခန်းထဲမှာ တခြားသူ့လို ဟာတွေ ၃ယောက်ရှိတယ် စကားတွေပြောကြတယ် သူတို့ ပြောတဲ့ဘာသာကို နားမလည်ဘူး နောက်တော့ နာ့စ် ၀င်လာတော့ ခေါင်းရင်း ပြတင်းပေါက်ကနေ ပြန်ထွက်သွားတာ လှိုင့်အခန်းက မိန်းဧည့်ခန်းရဲ့ ညာဘက်။ မိန်းဧည့်ခန်းကနေ လှိုင်တို့ ၀ါ့ဒ်ထဲ ၀င်ရတာ လှိုင့်အခန်းက အတွင်းကျဆုံးလေ။ ဒါနဲ့ နာ့စ်က ၀ါ့ဒ်အပြင်မှာ။ အရေးပေါ် ခေါင်းလောင်းဖုက ကိုယ့်ဘေးတင် ဒါပေမယ့် သွားကို နှိပ်ဖို့ကို မလှုပ်ရဲတာ
အဟိ အိတိပိသောအစ သံဗုဒ္ဓေအလယ်ပဲ နောက်ဆုံးမှ အားတင်းပြီးခေါင်းလောင်းကို နှိပ်တော့ နာ့စ်ဝင်လာတော့ နာ့စ်လဲ တအားလန့်တာ လှိုင့်ကို။ ဖြူဖွေးနေလို့ အိပ်ဆေးထိုးလိုက်ရရော။ ပြောပြတော့ နာ့စ်က ပြတင်းပေါက်ကို စစ်ကြည့်တယ် သိလား … ပြတင်းပေါက်ကလေ ၃ထပ်တောင် ပိတ်ထားတာမှ ဖုန်တောင် မလွင့်ဘူး။ သူက အေးဆေးလေး ဖောက်ဝင်လာတာ။ ပြီးတော့ အခန်းပြောင်းပေးတယ်။ အဟဲ ဒါပေမယ့် ဒီအဆောင်ပဲလေ အခန်းပဲ လွဲတာ ဟိုက အေးဆေး လျှောက်သွားနေတာကို။

ဒုတိယအကြိမ်ကျ တော့ အသစ်ပြောင်းပေးတဲ့အခန်းမှာ ထပ်တွေ့တာ။ အဲဒီအချိန်မှာ ၀ါ့ဒ်တစ်ခုလုံး ကိုယ်တစ်ယောက်တည်းလူနာ.. အကြောက်လွန်ပြီး အကြော တင်းသွားရင် ခေါင်းထဲမှာ သွေးကြော ပေါက်မှာ စိုးလို့ အမျိုးသားကို ပေးစောင့်လိုက်ရော… ဒါနဲ့ ညဘက် လေပေါနေတာပေါ့.. သူများကို အားနာစရာ မရှိဘူး ဆိုပြီးလေ။ ည ၁၂ မတ်တင်းဗျ အတိအကျ.. ၀ါဒ်ထဲကို မိန်းဧည့်ခန်းကနေ တံခါးကို ဖွင့်ပြီး ၀င်လာတာ သူကဖြူဖြူ ဆိုတော့ နာ့စ်ချုပ်ကြီး ရောင်းလှည့်တယ် ထင်တာ။ ရှူး တိုးတိုးပေါ့ အိပ်ချင်ယောင် ဆောင်နေမယ်ပေါ့။ မအိပ်လို့ ဆူခံနေရမယ် ဆိုပြီး ငြိမ်စောင့်နေတာ သူက လှိုင့်အခန်း ခြေရင်းက အိမ်သာထဲ ၀င်သွားရော ၂ယောက်လုံး မြင်တာနော်။ ထင်လိုက်တာက ဆီးပုလင်းတွေ လာသိမ်းတယ် ထင်လိုက်တာ။ သူပြန်ထွက်သွားရင် ဆက်စကားပြောမယ် ဆိုပြီး တိတ်တိတ်လေး စောင့်နေတာ။ သူပြန် အထွက်ကို.. အခန်းနံရံတွေက အောက်တ၀က်က အလင်းပိတ် ကျန် အထက် တ၀က်က အလင်းမှုန် မှန်တွေနဲ့ ကာထားတာလေ။ မီး အဖွင့်အပိတ်တွေက မြင်နေရတာ ၀ါးဝါးပေါ့။ လှိုင်တို့အခန်းကတော့ မီးချောင်း သေးသေးလေး ဖွင့်ထားတာ.. စောင့်နေတာကို ပြန်ထွက် မလာ ဘူးဗျာ နာရီဝက်ကျော်တဲ့အထိ.. အဲဒါနဲ့ ၂ယောက်သား ကြောက်လဲ ကြောက် သိလဲ သိချင်နဲ့ တူတူ အိမ်သာတံခါးကို သွားခေါက် တာ။ ဘာသံမှ မကြားလို့ ဆွဲဖွင့်တော့ ဘယ်သူမှ မရှိဘူး ဘာခြေရာ လက်ရာမှ မပျက်ဘူး ကိုယ့်မျက်စိရှေ့တင် ၀င်သွားတာကို…

၂ယောက်သား တုန်သွားတာပဲ အစက တော်တော်ကို ကြောက်တာ ညဆို တညလုံး မအိပ်ဘဲ ထထိုင်ပြီး ပရိတ်နာနေရတယ် နေထွက်မှ အိပ်ရဲတာ အဲလောက်ထိ

ဒုတိယနဲ့ တတိယက နည်းနည်းအဆက်ရှိတယ်.. အဲဒါမြင်ကတည်းက လှိုင်တို့ တညလုံး မအိပ်ဘဲ ပရိတ်နာပြီး တနေကုန် အိပ်ကြတော့တာ တမနက်ကျတော့ တညလုံး တရားနာထားပြီး မနက် လေးနာရီခွဲ လောက်ဆိုတော့ နေထွက် တော့မယ်ပေါ့ သူတို့ မလာတော့ဘူး ထင်တယ် အိပ်တော့မယ် ဆိုပြီး အိပ်တာ။ အခန်းကို စည်းချအိပ်တာနော် ဒါတောင်အိပ်ပျော်ခါစကလေးမှာ တံခါးလာခေါက်ရော.. ထင်လိုက်တာက နာ့စ်မက မနက် ခြောက်နာရီဆို အဖျားစစ် သွေးစစ် ဆေးတိုက်လုပ်တယ်လေ… အဲဒီတော့ အဲဒီနာ့စ် လာတယ် ထင်လိုက်တာ။ ဒါနဲ့ တံခါး ဖွင့်ပေး လိုက်ရော။ တံခါးအပြင်မှာ ဘယ်သူမှ မရှိဘူး။ ထင်လိုက်တာက ကပ်လျက်အခန်းမှာ လူနာ ရောက်နေပြီမို့ သူ့ကို အရင် ဆေးဝင်ပေး နေတယ် ထင်လိုက်တာ။ ဒါနဲ့ အဲဒီအခန်းကနေ ပြန်ထွက်လာရင် ကိုယ့်ကို နာ့စ်မ လာစစ်လို့ ရအောင် ဆိုပြီး တံခါးကို သော့ပြန်မခတ်တော့ပဲ စေ့ရုံစေ့လိုက်တာ။ နာ့စ်လာရင် တွန်းဖွင့် ၀င်ခဲ့လို့ ရတာပေါ့လို့ တွေးလိုက်သေးတယ်။ ပြီးတော့ ပြန်အိပ်ရော… အဲဒါ မဟာအမှားပဲ … တံခါး ဖွင့် လိုက်တော့ စည်းပေါက် သွားပြီလေ အမလေး ကြက်သီးထလိုက်တာ ခုထိ ထတုန်းပဲ။ ပြန်အိပ်တော့ အိပ်ပျော်ခါစလေးမှာ ကိုယ့်နား တစ်ယောက်ယောက် လာရပ်တယ်လို့ ခံစားလိုက်ရလို့ နာ့စ် ရောက်ပြီထင်ပြီး မျက်စိဖွင့်လိုက်တာ.. အလားလား… ရုပ်ရှင်တွေထဲက သူက အများကြီး ချောပါတယ် ဗျာ… လေထဲမှာ တန်းလန်းကြီး မဲတူးလို့… မျက်နှာပေါ်မှာ အဏုမြူစိမ်း အရောင်တွေပြေးလို့… ဘာပြောကောင်း မလဲ အော်လိုက်တာ … ပျောက်ပြီး ပြေးရော… တိုက်တိုက်ဆိုင်ဆိုင် ဘယ်တုန်းကမှ မဟောင်တဲ့ ဆေးရုံထဲက ခွေးတွေ ထအူတာ။ လှိုင့် ၀ါ့ဒ်ရဲ့ အပြင်မှာ ရှိတဲ့ ကားပါကင်က ကားတွေရဲ့ sensor တွေကလဲ ထအော်တာ တပွမ်ပွမ်နဲ့။ အမျိုးသားလဲ လန့်နိုးပြီး နာ့စ် သွားခေါ် ရရော.. တကယ်က နာ့စ်က မလာသေးဘူး။ အဲဒီမှာတင် အိပ်ဆေး ထိုးလိုက်ရရော… အိပ်ပျော်သွားတော့ အိပ်မက်ထဲကို ထပ်လာတယ် ဆရာ… သူ့ကို စောစောကလို ထင်းထင်းကြီး မမြင်ရတော့ဘူး မီးခိုးတွေကြားမှာ ၀ါးဝါးပေါ့ သူမှန်းသိတယ်။ အမယ်.. မျက်နှာက စိတ်မ ကောင်းတဲ့ မျက်နှာပေးလေးနဲ့ သနားစရာ… ကြောက်ဖို့ မကောင်းတော့ဘူး။ သူက ကိုယ့်ကို စိုက်ကြည့် နေတယ် ကိုယ်ကလဲသူ့ကို စိုက် ကြည့် နေတယ် သူပြောချင်တဲ့ စကားလုံး တွေက ကိုယ့်စိတ်ထဲမှာ ကိုယ့်အသံကို ကိုယ်ပြန်ကြား ရတဲ့ပုံနဲ့ သိလာတာ။ တယ်လီပသီ ထင်တယ်။

ခြောက်လှန့်ချင်တာ မဟုတ်ပါဘူးတဲ့ ဒွတ်ခပေးမလို့လဲ မဟုတ်ပါဘူးတဲ့ ။ သူ တအား အထီးကျန်နေလို့ သူငယ်ချင်းမေတ္တာ လိုချင်လို့ပါတဲ့ အထီးကျန်နေတာ နှစ် ၃၀ ရှိပြီတဲ့။ ဒါလေးပဲ ပြောသွားတာ။ ပြန်နိုးလာတော့ နာ့စ်မကို မေးကြည့်တယ်: ဒီအခန်းမှာပဲ လွန်ခဲ့တဲ့ နှစ် ၃၀ လောက်က အေအိုင်ဒီအက်စ် လူနာတွေ လူ့အသိုင်းအ၀ိုင်းက ပစ်ထားလို့ စိတ်ဓာတ်ကျပြီး ကြိုးဆွဲချ သေသွားကြတာ မနည်းဘူးတဲ့။ နောက်မှ ဆေးရုံကို ပြန်ပြင်ဆောက်တော့ ဒီအဆောင်ကို ပြန်ပြင်ပြီး ကျောင်းသူတွေအတွက် လူနာဆောင် လုပ်လိုက်တာတဲ့။ ရက်စက်ပါ့။ အဲဒါနဲ့ ဘုန်းကြီးပင့်တယ် မရဘူးဗျာ။ တပါးမှ ပင့်လို့ မရဘူး။ ဘယ်ဘုန်းကြီးမှ မအားဘူး။ ဒါနဲ့ အိမ်က ပင့်လာတဲ့ ရုပ်ပွားတော်လေးကို ဆွမ်းကပ်ရတယ်။ ပဌာန်းနဲ့ စည်းချထားတာကို လက်တလုံးခြား နာ့စ်မနဲ့ ပုံမှားရိုက်ပြီး စည်းကျိုးအောင်လုပ်တာ တော်တော်လည်တဲ့ သရဲ။
ဆွမ်းကပ်ပြီး ပဌာန်းရွတ် ပရိတ်ရွတ် မေတ္တာပို့ ပြီး တသက်လုံးက လုပ်ခဲ့တဲ့ ကုသိုလ်တွေ ပြန်စဉ်းစားလိုက်တယ်။ ပြီးမှ အမျှဝေပေးလိုက်တာ အဲဒီနေ့က စပြီး လန့်အောင် မခြောက်ေ တာ့ဘူး။ ဒါပေမယ့် သဘော ကောင်းမှန်း သိတော့ သူ့ဘော်ဘော် ပေါက်စနလေးတွေ ခေါ်လာတယ် ဗျာ။ သူတို့ ရှိနေရင် ရှိမှန်း သိနေတယ်။ ဒီလိုပဲ ဟိုနားကပ်ချောင်း ဒီနားက စောင့်ပေါ့။ အိပ်ပျော်ခါနီးဆိုရင် စိတ်ကလေးက တအား ငြိမ်သွား သိမ်မွေ့သွားတာကိုး။ သူတို့က အဲဒီအချိန်ကျမှ ကိုယ့်ကို လာဆက်သွယ်တာလေ။

တည ထပ်လာတွေ့ပြန်ရော.. နင့်ကို အမျှပေးထားပြီးသားကို ဘာလာလုပ်ပြန်လဲပေါ့ မေးရော။ မီးရထားလက်မှတ်ဖိုးက မပြည့်သေးတော့ ထပ်ထပ်စုနေရတယ်တဲ့။ ဆိုလိုတာက နောက်ဘ၀ ကူးဖို့ ကုသိုလ် အဖို့က မပြည့်သေးဘူး။ အဲဒါနဲ့ ကုသိုလ်လုပ်တိုင်း သူတို့ကို အမျှပေး ရတယ်။ မြန်မြန် ပြည့်ပြီးရင် သံယောဇဉ် ငါ့လာ တွယ်မနေနဲ့… မြန်မြန် နောက်ဘ၀ကိုသွားကြလို့ ပြောရသေးတယ်။ ဒါနဲ့ ဆေးရုံက ဆင်းလာရော.. အဲဒါ 2006က..

ဟိုတလောက ဆေးရုံ ထပ်တက်ရတယ် အမယ်လေး ကိုယ်အလာကို သူတို့ကပျော်လို့ စောင့်နေတာ လေးထပ်တိုက် ထောင့်စွန်းက ၀ါဒ်လေ တိတ်ဆိတ်နေတာ။ ward တခုလုံး ကိုယ်တစ်ယောက်တည်း လူနာ။ မမျှော်လင့်ဘဲ တက်ရတာမို့ ယောက်ျားက ကိုယ့်ကို ထားခဲ့ပြီး အိမ်ပြန် လိုတာပြန်ယူတာ။ အမယ်လေး.. မျက်နှာကြက်ကို ခေါက်တယ်။ ဖန်ချောင်းကို လှုပ်တယ်။ အခန်းထဲမှာ လမ်းလျှောက်ပြတယ်။ အဲဒီ အချိန်မှာ အဒေါ်ဆီက ဖုန်းလာရော။ အဲလို လုပ်နေတယ်လို့ တိုင်တာပေါ့။ စကားကိုလဲ တမင်ဆွဲပြောနေတာ။ သူ့အသံကြားရင် အကြောက် သက်သာ တယ် ဆိုပြီးလေ။ အဲဒါနောက် အဒေါ်က ပြောပြတယ် ဘော်ဘော်ဖွဲ့နည်း။
(၁) သီလယူတဲ့။
(၂) သူတို့ကိုလဲ သရဏံ ပေးတဲ့ ဘုန်းကြီးလိုပေါ့ မနှိုင်းကောင်း နှိုင်းကောင်း
(၃) သူတို့ကိုလဲ သီလပေးတဲ့
(၄) နောက်ပြီး ဂုဏ်တော်ကိုးပါး ရွတ်တဲ့
(၅) ပြီးတော့ သူတို့ကို ကောင်းကောင်း လှိုက်လှိုက်လှဲလှဲ ကိုယ်ချင်းစာပြီး မေတ္တာပို့တဲ့
ကိုယ့်မေတ္တာလှိုင်း သူတို့ဆီ ရောက်ပြီ သူတို့ ကိုယ့်မေတ္တာကို ခံစားလို့ ရသွားပြီ ဆိုရင် ကြက်သီးတွေ တအား ထလာမယ်တဲ့။
လှိုက်လှိုက် လှဲလှဲ ထပ်ကာ ထပ်ကာပို့တဲ့။ ပို့ရင်းနဲ့ ကိုယ့်စိတ် ပျော်လာ လိမ့်မယ်တဲ့။ အူမြူးလာလိမ့်မယ်တဲ့။ အဲဒါဆိုရင် သူတို့လဲ နင့်ကို တော်တော် ချစ်သွားပြီတဲ့။ နောက်ပြီးရင် တော်တော်ကြီး အိုကေပြီဆိုရင်
(၆) လုပ်ဖူးသမျှ ကုသိုလ်ကို ပြန်အာရုံပြုပြီး အမျှဝေချလိုက်
(၇) သူတို့ကိုလဲ သာဓုခေါ်ခိုင်းတဲ့။ သူတို့က သာဓု ခေါ်တတ်ချင်မှ ခေါ်တတ်မှာတဲ့။
ဒါပေမယ့် ကိုယ်ကတော့ သူတို့ကို နွယ်မထားနဲ့ သံယောဇဉ် တွယ်မထားနဲ့ ကိုယ့်ကို ပြန်ပတ်တတ်တယ်တဲ့။ ငါ့ကို ကာကွယ် ပေးပါစေ ဆိုတဲ့ စိတ်နဲ့ မလုပ်ရဘူးတဲ့။ အဲလိုပဲ မဟုတ်တာ မခိုင်းရဘူးတဲ့။ ကိုယ်ပြန် ဒွတ်ခရောက်တတ်တယ်တဲ့။ ဘာလို့လဲ ဆိုတော့ စေတနာ မမှန်မှန်း သူတို့က လူတွေထက် အသိမြန်သတဲ့။

ပြောနေရင်းအဒေါ်က နောက်ရော။ နင်တစ်ယောက်တည်းပျင်းနေလို့ သူတို့က အဖော်လုပ်ပေးနေတာကို နင်က ကြောက်နေရလား သူတို့ကို ကပြခိုင်း ဆိုပြီးလေ။ ပြောနေရင်း ဖုန်းလိုင်းက ပြတ်တောက် ပြတ်တောက်ဖြစ်ရော။ ကြည့်တော့ ဆစ်ကနယ် က အပြည့်။
အဒေါ်က သူ့လိုင်းလဲ အပြည့်ပဲတဲ့။ အဲဒီမှာ သဘောပေါက်လိုက်တာ သူတို့ လက်ချက်ပဲလို့။ တောက်လျှောက် အကြာကြီးပြောနေတာကို အကောင်းကြီး… ခုလိုပြောမှ လုံးဝ လိုင်းပြတ်တာ မဟုတ်ဘူး အသံတွေ ပျောက်ကုန်တာ။ ဒီမှာတင် သူတို့ တစခန်းထပြီလို့ သိလိုက်ရော။
အသံလိုင်းက ပြတ်လိုက်လာလိုက်နဲ့။ ဟဲ့ ငါစကားကောင်းကောင်းပြောပါရစေ မနှောင့်ယှက်ပါနဲ့လို့ပြောရင် အဒေါ့်အသံပြန်ကြားရတယ်။ ဖြစ်ပုံ။ အဲလို အခါ ၂၀လောက်ဖြစ်ပြီးလိုင်းက လုံးဝ ကျသွားတာ ပြန်ကို ခေါ်မရတော့ဘူး။ ကြောက်တာပေါ့။ အဲဒါနဲ့ အဒေါ် ပြောတဲ့အတိုင်း ချက်ချင်းလုပ်ရတော့တာ။ ဆယ့်ငါးမိနစ်လောက် ကြာလို့ အဆင့်တွေအားလုံးပြီးလို့ အမျှ လို့လဲ ပြောရော ဖုန်းလဲ ပြန်မြည်ရော။ အဒေါ်ဆို လန့်တာလေ။ ငါ့အမှားပါ ငါနောက်မိလို့ ဆိုပြီး။ သူက အဲဒီအချိန်တလျှောက်လုံး ဖုန်းခေါ်တာ လုံးဝ မရတော့ အကြောက်လွန် သတိလစ် နေပြီ ထင်တာ။ အမျိုးသားကို ဖုန်းဆက် ပြောတော့ အမျိုးသားကလဲ ဖုံးဆက်တာ မရနဲ့ သူတို့ ၂ယောက် ငယ်ထိပ် မြွေပေါက်သွားတယ်။ တအားလန့်ပြီး ဆေးရုံကို အမြန် ပြန်လာနေတာ။ ကိုယ်ကတော့ အဲဒိနေ့က စပြီး လုံးဝ သရဲကြောက်တော့ဘူး။ ပြိးတော့သိလား … အဲဒီတခေါက် ဆေးရုံမှာ တကယ်က ဘတ် ၇သောင်းလောက်ကုန်မှာ။ အဲဒါကို သုတေသန လူနာလို့ ဆုံးဖြတ်ပြီး တပြားမှ မပေးခဲ့ရဘူး ဒန်တန့်တန်…

အင်း အဲဒီညက သူတို့ အမျှယူဖို့ စာရင်း ကောက်နေ ကြတယ် သိလား သနားပါတယ်.. ဟိုအုပ်စုက ဘယ်နှစ်ယောက် ဒီအုပ်စုက ဘယ် နှစ်ယောက်ပေါ့.. နောက်နေ့ မနက် အမျှ ထပ်ဝေ ပေးရတယ်။ ဆေးရုံက ဆင်းမယ့်ညမှာ တညလုံး သူတို့ ကိုယ့်ကို လာနှုတ်ဆက် နေတာ ကျေးဇူးတင်လို့တဲ့။ အဲဒီညက ညည်းလိုက်တယ်လေ နင်တို့ထဲမှာဟယ် လို့ .. ဆရာဝန် မပါဘူးလားလို့။ ငါ့ကို သုတေသန လူနာဆိုပြီး ခုထိရောဂါ ပျောက်သေးဘူးလို့… ဆေးလေးဘာလေး ကုမပေးချင်ကြဘူးလားလို့ အဟိ။ ဘာမှ ပြောဘူး ခုတော့ နေပြန်ကောင်းနေတယ်။ ဆရာဝန်တွေလဲ မျက်စိလည်လို့။

အင်း သူတို့ထဲမှာလဲ စုန်းပြူးရှိတယ် သိလား ။ မှင်စာတစ်ကောင်… သူက ဆိုးကို ဆိုးတာ။ သူ့ကို လှိုင်က မြင်တာ မဟုတ်ဘူး အမျိုးသားက မြင်တာ။ မျက်နှာကြက် ပေါ်ကနေ ဖောက်ဆင်း လာလို့ အမျိုးသားက လိုက်ရိုက်တာ ဗီရိုထဲ ၀င်ပြေးတယ်။ အဲဒါကို မရမက လိုက်ရိုက်တာ နည်းနည်း နာသွားရော.. အဲဒီအချိန်မှာ မျက်နှာကြက်ပေါ်က မြွေအစိမ်းကြီး ဆင်းလာပြီး တဟပ်ထဲ ဟပ်ပြီး မျိုချလိုက်ပြီး မျက်နှာကြက်ပေါ် ပြန်တက် သွားတယ်တဲ့။ လှိုင်က မမြင်လိုက်ဘူး အိပ်ပျော်နေတာ။ သူတို့ချင်းချင်း ပြန်ဆော်တာ ဖြစ်မယ်ထင်တာပဲ။

ဒါနဲ့ ဆေးရုံက ဆင်းလာပါရော။ နေတဲ့ ကွန်ဒိုမှာ ကွန်ကရစ်ချည့်ပါ ကွာ။ တရက် အိမ်သာတက်တော့ ကိစ္စပြီးတော့ ရေတွေဘာတွေ ဆွဲပြီး ပြန်ထွက် လာတော့အမျိုးသားက ၀င်တယ်။ ပြီးတော့ ထအော်ရော။ အဲဒီတော့မှ သူပြလို့ ကြည့်လိုက်တော့ မြွေစိမ်းလေးက အိမ်သာသုံး စက္ကူ ဘူးဘေးမှာ ပါးပျဉ်းလေးထောင်လို့။ လှိုင်က မမြင်ကို မမြင်ခဲ့ဘူး။ လက်ကို ဘယ်လောက် ပေါက်ချင်စရာကောင်းလဲ။ အဲဒါနဲ့ လုံခြုံရေး သမားတွေကို သွားခေါ်ပြီး ထုတ်ခိုင်းရတယ်။ အေးဆေးပဲ တုတ်ပေါ်တွဲလောင်းခိုပြီး လိုက်သွားတာ။ ထိုင်းတွေက မြွေကိုတော်ရုံဆို မသတ် ဘူးလေ။ နောက် ၂နာရီ လောက်နေတော့ ရှူးပေါက်မယ် ဆိုပြီး အိမ်သာဝင်တော့ မောင်မင်းကြီးသားက ခုန နေရာမှာ အခန့်သား။ ဒါနဲ့

လုံခြုံရေးကို ထပ်ခေါ်ရတယ်။ ထပ်ပြန်ထုတ်ရတယ်။ ပြီးတော့ ဘယ်နေရာက၀င်လဲ လိုက်ရှာတာ မတွေ့ဘူး။ ရှိသမျှ သင်္ကာ မကင်းစရာ အပေါက်မှန်သမျှ အင်္ဂတေနဲ့ ပိတ်လိုက်တယ်။ နောက် ၃နာရီ လောက်ရှိတော့ ပြန်ရောက် လာပြန်ရော.. လုံခြုံရေးလဲ စိတ်မရှည်တော့ ရိုက်သတ်လိုက်ရော။ အဲဒီနေ့က စလို့ လှိုင်တို့လဲ အီးလန့်စာစား ဖြစ်နေကြောင်းပါ။ ဘယ်အပေါက်က၀င်ပြီး ဘယ်လိုရောက်လာမှန်း မသိတော့လို့လေ… ကဲ ကြုံဖူးတဲ့ သရဲ ပုံပြင်များ ဒီမျှနဲ့ ရပ်နား ပါရစေဦးနော်။

6 comments:

Winkabar said...

ဖတ်လို့ကောင်းတယ်အစ်မရေးထားတာ။
အစ်မကသရဲနဲ့တော်တော်ကံဆုံတာပေါ့နော်။
ဘာလို့ဆေးရုံခဏခဏတက်ရတာလဲ။
အခုကောတက်ရတုန်းပဲလား။

အလွမ်းအိမ် said...

ဖတ်လို. ကောင်းလိုက်တာ မလှိုင်ရာ။ လူတင်မဟုတ်ဘူး သရဲတောင်မလှိုင်ကို ချစ်တာ။ ဆေးရုံခဏခဏတက်ရတယ်နော်။ ကျန်းမာရေးဂရုစိုက်ဦး။

N3 said...

အစ်မက အတော်အရေးအသားကောင်းတာပဲ။ :)..

ဂျေဂျေ said...
This comment has been removed by the author.
ဂျေဂျေ said...

လှိုင်ရေ ဖတ်ရတာ စိတ်မကောင်းသလို ရီစရာ သနားစရာတွေပါ ခံစားရတယ်။ လှိုင့်ကျန်းမာရေးအတွက် စိတ်မကောင်းဘူး။ လှိုင့်ရဲ့ မေတာစေတနာ ကိုလူတင် မဟုတ် တခြားဘ၀က ပါလိုချင်ကြတာ ကောင်းတယ် ဆိုပေမဲ့ မကောင်းဘူးလို့  မြင်ပါတယ်။ ကိုယ့်လိပ်ပြာငယ် ရင် အရိပ်အယောင်ပြလို့ မရဘူး လို့ ကြားဘူးတယ်။ ဒါ့မှမဟုတ် သူတို့ အတွက် အမျှကုသိုလ် ပေးနိုင်မဲ့သူ မိုလို့  ထင်ပါတယ်။ အရိပ်ယောင်ပြ နိုင်တာ အသံပေး လှုပ်ရှားမှု့  လုပ်နိုင်တာ အတော်အစွမ်းထက်နေပြီ။ အနွရယ် ပေးနိုင်တဲ့ အစွမ်း အဆင့်ထိ ရှိနေပြီ။ လှိုင့် တော်တော် ကံကောင်း သလို သတိလဲ ကောင်း ခဲ့တာဘဲ၊ ဒို့ သာဆိုရင် မတွေးရဲ ပါဘူး။

ဂျေဂျေ said...

လှိုင်ရေ ဒုတိယတခေါက်ထပ်ဖတ် တော့မှ တကယ် ကြောက်စရာပါလား။ တကယ့် စိတ်မခိုင်သူ ဆိုရင် သူတို့ ဘော်ဒါ ဖြစ်သွားနိုင်လောက်တယ် ။ လှိုင့်ကို ချီးကျူးတယ်။ သူတို့ က သာဓုခေါ်နိုင်သလား။ သူတို့ဝမ်းသာ တယ်ဆိုပေမဲ့ လှိုင့်ကို မတွယ်တာဖို့ ပြောထားနော်။ သူတို့အတွက် နောက်ဘ၀ မြန်မြန်သွားတာ သူတို့ကောင်းသလို လှိုင့်အတွက်လည်း ကောင်းတာပေါ့။ ရေးနေရင်း ပလပ်စတစ်ခွက် က ဖုတ်ကနဲ ပြုတ်ကျလာတယ်။ လှမ်းကြည့်ပြီး ဒို့ ရဲ့ သရဲ ဂါထာရွတ်ရသေးတယ်။ ဒို့ က ကံကောင်းတာပေါ့နော်။ လှိုင့်လိုသာ ဆိုရင် မတွေးဝံ့ပါဘူး။ အတော်အဆင့်မြင့်နေသလို အနွရယ် ပေးနိုင်တဲ့ အဆင့်ဖြစ်နေတယ်။ တခြားသူဆိုရင် အဖော်လိုတယ် ဆိုပြီးဆွဲသွားနိုင်လောက်တယ် ဘာဘဲဖြစ်ဖြစ် လှိုင်ကျန်းမာပါစေ. အနွရယ် ကင်းပါစေ. သူတို့လည်း ကျွတ်ပါစေ. ဒို့ရသမျှ သီလကိုလည်း အခု အမျှဝေပေးပါတယ်. အမျှ. အမျှ. အမျှ.