Wednesday, October 31, 2007

ရွှေရောင် ဘ၀ … ငယ်ငယ်တုန်းက

မချစ်လေပြေက တက်ထားတာနဲ့ တမင်သက်သက် မေ့ဖျောက်ထားတဲ့ ငယ်ငယ်တုန်းက အကြောင်း တွေက အဟောင်းတွေ အစုတ် ထပ်ဖြစ် သွားတယ်။ ဟောင်းပြီဆိုမှ ပြန်သစ်ချင်လို့ မရတော့ဘူးလေ။ စုတ်ဖို့ပဲ ကျန်တာကိုးလို့… အင်းလေ အတိတ်သမိုင်းဆိုတာ ကိုယ်က မေ့ဖျောက် တိုင်း ပျောက်တာမှ မဟုတ်တာနော်။ ဒီအတိတ်တွေကြောင့်ပဲ ခွန်မြလှိုင် ဆိုတာ ရေခဲပျော် ပန်းတစ်ပွင့် ဖြစ်လာခဲ့ ရတာကိုး။ တော်ပါပြီလေ… ရယ်စရာ အတိတ်တွေပဲ ပြောတော့မယ်နော.. ဘယ်လိုဆိုးသလဲ ဘယ်လောက် ဆော့ လဲဆိုတာတွေပေါ့။

အင်း ကလေးပေါက်စ ဘ၀တည်းက အမှန်တရားကို ဘယ်လောက် မြတ်နိုး လဲဆို အငတ် ခံပြီးကို နို့ဘူး မစို့ ဘူးတဲ့။ ချိုလိမ် တပ်ပေးရင် ကိုင်ပေါက် လွှင့်ပစ်တယ် ဆိုပဲ။ ဆီချက် ခေါက်ဆွဲလေး တမျှင်ကို ခွံပေး လိုက်တော့မှ နို့ ပြတ် ပါသတဲ့။ ဒါနဲ့ အသုံး မ၀င် လိုက်တဲ့ နို့ဘူးနဲ့ ချိုလိမ်က သူများ အတွက် ဖြစ်သွားပါ သတဲ့။ နောက် ၂နှစ်ခွဲ လောက်မှာ ရိုးရာ အတိုင်း လိုချင်စရာ ပစည်းတွေ ကလေးရှေ့ ချထားပြီး ရွေးခိုင်း တဲ့ ပွဲ လုပ်ပါတယ်။ ဆွေမျိုးတွေရှေ့မှာ အဖေက သွက်လက်တဲ့ သမီး ဆိုပြီး ဂုဏ်တယူယူ နဲ့ပေါ့။ ပြီးတော့ အဖေ က ပြောသတဲ့။ သူများ ကလေးတွေက သူတို့ အမေ တွေက မွေးတာ… ငါ့သမီးက ငါကိုယ်တိုင် မွေးတာ လို့။ ကျွန်မ မပီကလာနဲ့ ပြန်ဖြေတဲ့ စကား အားလုံး မျက်လုံး ပြူးသတဲ့။ မယုံဘူး ဗိုက်ဖုံး အင်္ကျီပြ တဲ့။ အားလုံး ၀ိုင်းရီတာကို ရှက်ရှက်နဲ့ အဖေက ဆက်ပြော သတဲ့။ သူများကို ပေးပစ် လိုက်ပြီတဲ့။ ကျွန်မ က ဆက်ပြော သတဲ့။ ယုံဘူး ဖေဖေ့ နို့နို့က ပြားချပ်ချပ် နဲ့.. ပြီးရော့ အမွေးရေနဲ့… တဲ့။ အဖေလဲ ကျွန်မ ကို တသက်စာ မှတ်သွား တော့တာပဲ။ ၃နှစ် မပြည့်ခင် ကတည်းက ငါ့စကား နားမထောင်တဲ့ သမီး။ ငါ့ကို မယုံတဲ့ သမီး ဆိုပြီးလေ။

ဆော့တာ ကလဲ အကို ၀မ်းကွဲ တွေနဲ့ချည်း။ အမ ၀မ်းကွဲတွေက အပျိုလုပ် ပဲထုတ် နေတယ်လေ။ ကျွန်မ ကို ဘယ်ထိန်းချင် မလဲ။ အကိုတွေနဲ့ မြင်းစီး၊ စက်ဘီးစီး .. အမယ် ရိုးရိုး စီးတယ် မထင်နဲ့။ မြင်းရေး ၁၈ ပါးကို စက်ဘီးနဲ့ ရအောင် စီးတာနော… တင်ပါးလွှဲထိုင် မင်းသမီး စီး၊ ၀မ်းလျား မှောက်စီး၊ သစ်သီး ကောက်၊ တံခွန်လွှား အိုးးး နည်းပေါင်းစုံပဲ.. တစ်မျိုးပဲ မစီးတာ အသုရာ တည်ဟန်ပါ။ သူက မြင်းမှာသာ အဲလို စီးလို့ ရတာ မြင်းက သူ့ဟာသူ ပြေးနေ တာကိုး။ စက်ဘီးကျ ခြေနဲ့ နင်းရတာ ဆိုတော့ စက်ဘီး ပေါ် ကင်းမြီးကောက် ထောင်ရင် စက်ဘီး နင်းလို့ မရဘူးလေ အဲလိုကို ဆော့တာပါ။ ဆင်စီး၊ မြင်းစီး ဆိုရင် လာထား။ ၄နှစ် သမီးမှာ မြင်းစ စီးတော့ မြင်းပေါ်ကို တင်ပေးရုံ ရှိသေး။ ဟေးး ဆို အော်ပြီး ဇက်ကြိုးကို ခါရင်း ခုန်ဆွ ခုန်ဆွ လုပ်တော့ မြင်းက သူ့ကို ဒုန်းစိုင်း ခိုင်းတဲ့ သင်္ကေတ ဖြစ်နေလို့ ပြေးထွက် သွားပါ ရော။ တလမ်းလုံး ပွက်လော ရိုက်သွားပါတယ်။ မြင်းပေါ်က ပြုတ်ကျမှာ သေချာ တယ်ပေါ့။ မြင်းက တစ်ဖက်ပိတ် လမ်းမို့ လမ်းဆုံးတော့ သူ့ဟာသူ ရပ်သွား ပါတယ်။ မိဘ တွေနဲ့ မြင်းထိန်း ကတော့ နောက်ကနေ ပြေး လိုက်တာ ဟောဟဲ လိုက်လို့။ ကျွန်မက ပြုတ်မ ကျတဲ့ အပြင် တဟဲဟဲ သဘောတွေ ကျလို့။ အံ့သြ စရာ ကောင်းတာက အဲဒီ မြင်းက ကျွန်မ ဆင်းပြီး သူများ တက်စီး တော့ လာစီး သမျှ ခါချလို့ ကျွန်မ အဖေ ကိုယ်တိုင်ပါ မြင်းပေါ်က ပြုတ်ကျ ပါတယ်။ ဆင်ကိုလဲ ကလေး ဘ၀ ကတည်း ကနေ တကသိုလ် တက်ချိန် ထိ စီးတုန်းပါ။ အော်စီ ရောက်တုန်းက ကုလားအုတ် စီးခဲ့ သေးတယ်။ ဟိဟိ ဖြစ်နိုင်ရင် သားပိုက်ကောင်ရဲ့ ဗိုက်ထဲက အိတ်ထဲ ၀င်ပြီး စီးဖူးချင် သေးတာ။ သူခုန်ရင် အိတ်ထဲက လိုက်ရတာ ဇိမ်ကျ မှာပဲလို့။ ကျွဲတော့ စီးရဲဘူး။ သူ့ဦးချို ကားကားကြီးကို ကြောက်လို့ပါ။

အကိုတွေနဲ့ ကြီးသူ ပီပီ ဂျင်ပေါက်ရင် စို့တပတ် အထိ၊ ဂေါ်လီ ရိုက်ရင် တွင်းဆုံး၊ သစ်ပင် တက်ရင် ခေါင် ဖျား၊ လေးခွဆို ရှောင်မလွတ် ပစ်မလွဲ၊ သရဲ မြင်ဖူးချင်လို့ အကိုတွေနဲ့ သင်္ချိုင်းကုန်း ကို လိုက်ချောင်း၊ ဥစာ စောင့်မ မြင်ဖူးချင်လို့ ပြာထုတ် ကိုင်ပြီး ဘုရားမှာ သွားချောင်း (လိပ်ပြာ နှုတ်တတ်တယ် ဆိုလို့လေ၊ သရဲက လိပ်ပြာ နှုတ်တယ်လို့ မကြားဖူး ဘူးလေ။) တူတူ ပုန်းရင် ပွဲရုံထဲ၊ စစ်တိုက်တိုင်း ကစားရင် လူကြီး အားလုံး စိတ်ဆင်းရဲ။ မဆင်းရဲ ခံနိုင်ပါ ရိုးလား… ၀ါးခြမ်း ပြားတွေကို သားရေပတ်နဲ့ သေနတ်ချိုး၊ ၀ါးခြမ်း ဆစ်လေးတွေနဲ့ ကျည်ဆံလုပ် ပစ်ခတ်ရင် မျက်စိ ထိရင် ကန်းတတ် တယ်လို့ ပြောတဲ့ အဖိုး စကားကို နားထောင်တဲ့ အနေနဲ့ သတင်းစာ စကူ တွေကို ဖြဲလို့ သေချာ လက်တစ် ဆစ်စာ အရှည် နှီးတပြားစာ အထူ ဖြစ်အောင် ခေါက်ပြီး ထမင်းရည် ကော်နဲ့ကပ်တဲ့ ကျည်ဆံ တွေလုပ်ပြီး ပစ်ခတ်၊ ဘဲဥ ကြက်ဥ တွေကို ထိပ်ဝ အပ်နဲ့ သေးသေး ဖောက်ပြီး ငုံစုတ်၊ ကုန်ပြီ ဆိုရင် အဲဒီ ထဲကို မီးဖိုပြာ မှုန့်မှုန့်လေးတွေ စိတ်ရှည် လက်ရှည် ထည့်ပြီး မီးခိုးဗုံး လုပ်ဆော့ တာကိုး။ ပြီးရင် ကျွန်မတို့ရဲ့ စစ်တလင်းက သတင်းစာ စကူစုတ်တွေ ပြာတွေ သဲတွေနဲ့ လှပ လို့.. အဟိ။

ပြီးရင် ဘုန်းကြီးကျောင်းထဲ ရွေးစေ့ ခူးဖို့ သွားကြတယ်။ ရွှေချိန်တဲ့ ရွေးစေ့ သီးတဲ့ ရွေးပင်တွေက အဖိုး ဒကာခံတဲ့ ဘုန်းကြီး ကျောင်းဝင်း ထဲမှာ ပေါမှပေါ။ ဘုန်းကြီးကျောင်းက ခွေးတွေက ဘုန်းကြီး ကျောင်းထဲ သူများ ၀င်ရင် သူတို့လိုက်သမျှ ကျွန်မတို့ ၀င်ရင် သူတို့ပြေးပါတယ် ဟီးဟီး။ ရွေးပင်လောက် ကတော့ ကျွန်မတို့ အတွက် တက်ရ လွယ်မှ လွယ်ပါ။ ရွေးသီး အစိမ်း တွေကိုခူး၊ အစေ့ အစိမ်းတွေကို ခြွေ၊ အပ်နဲ့ ကြိုးနဲ့သီ၊ နေလှန်းလိုက်ရင် ရွေးစေ့က နီသွား ပါတယ်။ မာလဲ မာသွားပါတယ်။ ပျောက်ရင် နှမြော စရာ မလိုတဲ့ ပတ္တမြား ဆွဲကြိုးပေါ့။ သူက ခြောက်မှ နီမှ ခူးရင် အပ်နဲ့ ထိုးလို့ မရတော့ ဘူးလေ။ မာသွားပြီ။ ပြီးရင် ဘုန်းကြီး ကျောင်းထဲ လက်ကုန်ဆော့။ ဘုရားရှေ့က ခြင်္သေ့ ကြီးကို မြင်းလုပ် စီးပါတယ်။ ဘုရား ပေါ် ကို တွယ်တက်တာ ခေါင်းလောင်း မှောက်ထိ ရောက်ပါတယ်။ ပြန်မဆင်း တတ်တော့လို့ အကို သိဒ္ဓိ လှေကား ထောင်ပြီး သက်စွန့် ဆံဖျား ပြန်ချ ပေးရ ပါတယ်။ ပြုတ်ကျ လိုက်လို့ ကတော့ အရိုးအသား ရှာရမှာ မဟုတ်ပါဘူး။ ကလေး နတ်စောင့်တဲ့ နော..

ကျွန်မကို အလို အလိုက်ဆုံးက အဖိုးပါ။ ကြိုက်သလောက်ဆော့၊ ဆော့လေ ကြိုက်လေ။ ငြိမ်နေရင် စိတ်မ ကောင်းဘူး။ ပြောသေးတယ် ကလေးဆိုတာ ဆော့မှ ကိုယ်ပိုင်ဉာဏ် ထွက်တာ၊ စဉ်းစား တတ်တာ၊ ဉာဏ် ကောင်း တာတဲ့။ ကလေးကို လုံးဝ မခြောက်ရ၊ မလှန့်ရ၊ မရိုက်ရ၊ တချက်လွှတ် အမိန့်ပါ။ ကျွန်မကလဲ ဆော့တာသာ ဆော့တာ.. သင်ပေးသမျှ ဘုရားစာ ၃ခေါက်ချပြီး အလွတ်ရွတ် ကြိုက်တဲ့အချိန် ပြန်မေး ဒေါင်းဒေါင်းပြေးမို့ အဖိုးက သိပ်ချစ်ပါတယ်။ အဖွားကလဲ ည အိပ်ရာဝင် သူ့သမိုင်း ပုံပြင်တွေကို စိတ်ဝင် တစား နားထောင်ပြီး ကပ်သီး ကပ်သပ် ပြန်မေးတတ်တဲ့ ကျွန်မကို စိတ်ရှည် လက်ရှည် မငြီးမငြူ ဖြေပေး ရင်း ဆော့တဲ့ အချိန်က လွဲလို့ စကားပြောရော အမူအရာပါ နန်းဆန် သိမ်မွေ့တဲ့ ကျွန်မကို အချစ်ကြီး ချစ်ပါတယ်။

တမြို့လုံး ချစ်ကြောက် ရိုသေ ရတဲ့ မြို့တစ်ဖက် သူတို့တဖက် လို့ နှိုင်းယှဉ် ပြောရ လောက်အောင် ချမ်းသာတဲ့ ဖိုးဖွားတို့ ကျွန်မ ဆယ်နှစ် သမီးမှာ ဆုံးပါးလို့ ရှိသမျှ အမွေကို ကြီး တော် ကြီးက အပိုင် သိမ်းပြီး တဲ့နောက်… အရင်က တွေ့ဖူး ထားတဲ့ လူတွေရဲ့ ချက်ချင်း မျက်နှာဖုံး ပြောင်းလဲမှု တွေကြောင့် သိမ်မွေ့ ခဲ့ဖူးတဲ့ ကျွန်မလဲ လူတွေကို အယုံအကြည် မရှိတော့ သလို ရာထူး၊ အာဏာ၊ စည်းစိမ်၊ ငွေကြေး တို့ကို လှောင်ပြောင် သရော် တတ်လာ ပါတော့ တယ်။ အဲဒီ အရာတွေ ကြောင့် လူတွေ ဘီလူးစိတ် ပေါက်ကုန်တာ ဆိုပြီးလေ။ အဲဒီနောက် မှာတော့ ကျွန်မ အချစ်ဆုံး ဆိုတဲ့ လူတွေကို ကံကြမာ က တစ်ယောက်ပြီး တစ်ယောက် နတ်ပြည် ပို့ခဲ့ပါတယ်။ ကျွန်မ ချစ်မြတ်နိုးဆုံး အရာ တွေ နဲ့ ဖြစ်ချင်ဆုံး ဆိုတဲ့ မျှော်လင့်ချက်တွေ ဟာလဲ တစုံတယောက်ရဲ့ ဖျက်ဆီး ခြင်းကို အမြဲတစေ ခံခဲ့ရ၊ ခံနေရ ဆဲပါပဲ။ ဆုံးရှုံးမှု ဒဏ်ကို မခံချင် တော့တဲ့ ကျွန်မ… ချစ်မြတ်နိုးမှုကို စာလုံး မပေါင်းဘဲ သီးသန့် နေလာခဲ့တာ သက်ရှိ စက်ရုပ် လူသားလို့ အမည်တွင် ခဲ့ဖူးတဲ့ အထိပါ။ ကျွန်မရဲ့ ရွှေရောင် အချိန်တွေလဲ အဲဒီမှာ နေ၀င်ပြီး မိုးမှောင် ကျလာ လိုက်တာ ဆယ်စုနှစ်တွေ ကျော်ခဲ့ပေါ့။ နောက်ဆုံးတော့ ကဗျာဆရာကြီး Rudyard Kipling ရဲ့ If ကဗျာ က

လူတိုင်းကို လေးစား တန်ဖိုး ထားရပေမယ့်
စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင်

တဲ့။ ကျွန်မရဲ့ အခင်ဆုံး ၊ ကျွန်မကို နားအလည်ဆုံး သူငယ်ချင်း နေဘုန်းလတ် လက်ဆောင်ပေးခဲ့တဲ့ ကဗျာလေး ပါပဲ။ ကျွန်မ ချစ်မြတ်နိုးဆုံး အရာတွေ နဲ့ ဖြစ်ချင်ဆုံး ဆိုတဲ့ မျှော်လင့်ချက်တွေ ဘယ်လောက် ပျက်စီး ပျက်စီး၊ If ကဗျာ ရင်ထဲမှာ ရှိနေသရွေ့ ကျွန်မကတော့ ကိုယ့်ကိုယ်ကို ပြန်လည် ဆွဲထူ နေဦးမှာ ဖြစ်ပါကြောင်း ….

2 comments:

ဂျေဂျေ said...

လက်ဖျားခါမိလောက်အောင် ချီးကျုးပါတယ်။ ဒို့လည်း ၈တန်း၁၃နစ်လောက်မှာ လူ့ ဘ၀ စတွေ့ ရတော့တာပါဘဲ လေ....

ဂျေဂျေ said...

လှိုင်ရေ စိတ်မရှိပါနဲ့ လှိုင်က လူဝင်စားလို့ ထင်မိတယ်