Tuesday, October 30, 2007

နောက်ကို မစ တော့ပါဘူး

သိပ်ကို စိတ်တိုနေပါတယ်။ မောင့်ရဲ့ မေးလ်ထဲမှာ ဒီ မမဆိုတဲ့ တစ်ယောက်က မောင့်ကို စာရေး ထားပုံကို နည်းနည်းမှ မကြိုက်ပါဘူး။ မောင့်ကို သူငယ်ချင်း မိန်းကလေး ထားခွင့် ပေးထား ပါတယ်။ သူငယ်ချင်း ဆိုတာ ထဲမှာ ယောက်ျားလေး မိန်းကလေး မခွဲခြားသင့်ဘူး လို့ ကျွန်မကိုယ်တိုင်လဲ လက်ခံ ယုံကြည် တယ်လေ။ စည်း ဆိုတာကိုတော့ ခွဲခြား နားလည် တတ်ဖို့ နှစ်ယောက်လုံး သဘောပေါက် လက်ခံထား ပြီးသားပါ။ ဒါကြောင့် မောင့်ကို ကျွန်မ လုံးလုံး မချုပ်ချယ်ပါဘူး။ မိန်းကလေး သူငယ်ချင်းတွေနဲ့ စုပြီး ခရီး ထွက်လဲ ကျွန်မက မောင့် သိက္ခာ ကို ယုံလို့ ခွင့်ပြုတယ် မောင်သာ အလွဲ သုံးစား မလုပ်နဲ့ ဆိုတဲ့ စကား တခွန်းနဲ့ လွှတ်ခဲ့တာ ချည့်ပါပဲ။ ခုလဲ မောင် မအားလို့ မေးလ် စစ်ပေးပါ ဆိုလို့ မောင့်မေးလ်ကို ကျွန်မ စစ်ပေးတာပါ။ မောင့်ရဲ့ မေးလ်တွေကို မသင်္ကာ စိတ်နဲ့ တခါမှ မစစ်ဖူးပါဘူး။ ခုတော့ကွယ်.. ဘယ်လို မိန်းမ ပါလိမ့်။ ပိုင်စိုးပိုင်နင်း… ပို့လိုက်တဲ့ ပါဝါပွိုင့် ဖိုင်ကလဲ လွန်လွန်ကျူးကျူး တွေချည့် .. မောင် လိုအပ် ချိန် တိုင်းသာ တ လိုက်ပါတဲ့။ သူက ဘာမဆို အမြဲ အသင့်ပါပဲတဲ့။ သူငယ်ချင်း စည်းကိုတော့ လွန်လာ တာ သေချာပါပြီ။ သူ့ဘက်ကပဲ ကျော်တာလား .. မောင့် ဘက်ကရော ကျော်သေးလား ဆိုတာတော့ ကျွန်မ သိဖို့လိုနေပါပြီ။

ကျွန်မမှာ ငယ်ကတည်းက အကျင့်တစ်ခုက ဆိုက်ကိုလို ကပ်ပါနေပါတယ်။ ဒါကတော့ ပထမ မရရင် အပြစ် ရှိသလို ခံစား ရတာ ပါပဲ။ ကျွန်မ ကျောင်းနေတဲ့ အရွယ်က စပြီး အတန်း ထဲမှာ ပထမ ရလေ့ ရှိပါတယ်။ အဖေက ပထမ မရရင် ဒုတိယ ရတိုင်း တစ်ချက် ရိုက်တာကိုး။ တတိယ ရခဲ့ရင် နှစ်ချက် အရိုက် ခံရပါတယ်။ ဒီတော့ လူကြီး ဖြစ်လာပြီး ပေမယ့် ပထမ မရတိုင်းမှာ အပြစ် ရှိသလို ခံစား ခဲ့ရလေ့ ရှိပါတယ်။ အသက်ကြီးတော့ အရူးရင့် သလား မပြောတတ်။ သာမန် ပထမနဲ့ မကျေနပ် ချင်တော့ ပါဘူး။ Pioneer ပါ ဖြစ်ချင် လာတဲ့ ရောဂါပါ တိုးလာ ပါရော။ ရည်းစား မထား ခဲ့တာ ကလဲ အဲဒီ ဆိုက်ကို ကြောင့် စာဖက် စီးပွားဖက် မှာပါ တအား အားသွန် နေခဲ့လို့ပါ။ အိမ်ထောင် ကျတော့လဲ ဘယ်သူ့ ကိုမှ မပိုးပန်း ဖူးတဲ့ သူကို ရွေးပြီး လက်ထပ် ပါတယ်။ ဒါတောင် ပြောခဲ့ သေးတာ။ ကျွန်မဟာ လူတစ်ယောက်ရဲ့ နံပါတ် တစ်ခု ဘယ်တော့မှ မဖြစ်ချင် ဘူးနော်လို့.. အိမ်ထောင်ရေးမှာ နံပါတ် ၂တွေ ၃တွေ ပေါ်လာမှာ မခံနိုင်လို့ နံပါတ် တစ်တောင် ဖြစ်ချင်တာ မဟုတ်ဘူးလို့… ဘယ်တော့မှ နံပါတ် တစ်ခု မဖြစ် စေရဘူး ဆိုတဲ့ အာမ ခံချက်နဲ့ မောင်နဲ့ လက်တွဲ ခဲ့တာပါ။ ခုတော့ မောင်နဲ့ ရှင်းကို ရှင်းရ ပါတော့မယ်။

သူ့ကို စောင့်ရင်း မှေးခနဲ အိပ်ပျော် သွားခိုက်…
ပိလေး.. အိပ်ချင်ရင် အိပ်ရာထဲ ၀င်အိပ်လေ.. ထ.. ထ

အော်.. အင်း မောင့်ကို စောင့်နေတာ

ဘာများ အကြောင်းထူးလို့လဲ ပိလေးရဲ့

မောင် .. ဒါ ဘယ်သူလဲ

ပရင့်ထုတ်ထားတဲ့ မေးလ် စာမျက်နှာကို ဖတ်ရင်း မောင်က ဆွေးဆွေး မြည့်မြည့် အဝေးကို ငေးသည်။ ဒါ ကျွန်မ မျှော်လင့် ထားသော တုန့်ပြန်မှု မဟုတ်

((မောင်)) မေးနေတာ ဖြေကွာ ဒါဘာလဲ

ပိလေး ရယ် .. မောင့်ကို စိတ်ဆိုးချင် ဆိုးပါ။ မောင်လေ ပိလေးကို ချစ်လွန်းလို့ လိမ်မိ တာပါ။ ဆယ်တန်း အပြီး ကျောင်းတွေ လေးနှစ်လောက် ပိတ်တုန်းက မောင်တို့တွေ စိတ်တွေ လေနေ ကြချိန် တုန်းကပေါ့။ သူနဲ့ မောင် သင်တန်း တစ်ခုမှာ ဆုံဖြစ် ကြတယ်။ စိတ်ကစားချိန် ရူးရူးမိုက်မိုက်နဲ့ ခိုးပြေး ခဲ့ကြ ဖူးတယ်။ မကြာခင် သူ့မိဘတွေ လိုက်ခွဲလို့ ကိုယ်တို့ ကွဲခဲ့ ကြတယ်။ ကွဲတုန်းကတော့ အရူးအမူးပေါ့။ နောက် တော့ စိတ်ကစား တာမှန်း၊ မွှန်လို့ လူကြီး တွေကို အရွဲ့ တိုက်မိ တာမှန်း သိလာတယ်။ ကိုယ်တို့ ကျေ ကျေ နပ်နပ် လမ်းခွဲ ခဲ့ကြပါတယ်။ နောက် ကိုယ် နိုင်ငံခြားကို ထွက်ခဲ့တော့ မေ့မေ့ လျော့လျော့ နေခဲ့ တယ်။ ပိလေးကို ချစ်ခွင့် ပန်တုန်း ကရော လက်ထပ်စဉ် ကပါ ဒါကို လုံးဝတောင် မေ့နေခဲ့ တာပါကွာ… ပိလေး ကိုပဲ ကိုယ် လေးလေး နက်နက် တဘ၀စာ လက်တွဲ မယ်လို့ ရည်ရွယ်တဲ့ အထိ ချစ်တာပါ။ ဒါပေမယ့် မမျှော်လင့်ဘဲ သူ ရင်သွေးလေး ရသွားမှန်း ပိလေးနဲ့ လက်ထပ်ပြီး နောင်မှ ကိုယ်သိ ခဲ့ရတယ်။ သူ့မိဘ တွေက လူသိ မခံဘဲ အဲဒီ ကလေးလေးကို သူ့ အမ လင်မယားဆီ ပေးပစ် ခဲ့ကြ တာတဲ့။ ကိုယ် ဒီအကြောင်း ပြန်သိတာ လပိုင်း လေးပဲ ရှိပါသေးတယ်။ ကိုယ် ပိလေး ကို သိပ်ချစ်သလို ကိုယ့်ရင်သွေး လေးကိုလဲ သိပ်ချစ် ပါတယ်။

((( ဘာပြောတယ်)))

နားဝကို မိုးကြိုး ပစ်ချ လိုက်သလို ပါပဲ… ကျွန်မလဲ မတ်တပ်က လဲပြို ပါတော့တယ်။

ရှင် ကျွန်မကို မထူနဲ့။ ဖယ်။ ရှင် လူလိမ်.. ကျွန်မရဲ့ အချစ်ကို ရှင် လိမ်ယူတယ်။ ကျွန်မ ဘယ်လောက်ထိ သန့်စင် မွန်မြတ်မှုကို မြတ်နိုးတယ် ဆိုတာ ရှင် သိသားနဲ့။ ကျွန်မ ဘယ်လောက်ထိ နံပါတ်တွေကို မုန်းလဲ ဆိုတာ ရှင်သိသားနဲ့။ ရှင့် ကလေးကို လက်ခံရမယ်လား။ ဒါဆို ကျွန်မက နောက်မယားပေါ့။ ဟင် .. ဟုတ်လား။ ကျွန်မက မိထွေးပေါ့.. အဲလိုလား.. ပြောစမ်းပါ ရှင်ကြီးရဲ့.. ရှင် လုပ်ရက် လှချည်လား.. ရှင် ပြောရက် လှချည်လား…

ပိလေး စိတ်ထိန်းလေ.. ပိလေး အဲလောက်ကြီး မပေါက်ကွဲ နဲ့လေ… ပိလေး.. ကိုယ်ပြောတာ နားထောင်ပါဦး .. ကိုယ် ပြန်ရှင်းပြတာ နားထောင်ဦးလေ.. ဟာ ကွိုင်ပဲ

ရှင် .. ရှင် .. လူယုတ်မာ .. ကျွန်မကို လိမ်တယ်.. ကျွန်မနားကို မလာနဲ့.. ရှင် လွှတ်.. ကျွန်မကို လွှတ်စမ်း.. ပြောနေတာ မရဘူးလား .. ကဲဟယ်

(((ခွမ်း)))

မွှန်ထူ် နေတဲ့စိတ်နဲ့ နီးရာ ပန်းအိုးနဲ့ ရိုက်ပြီး မောင့်နားက ကျွန်မ ပြေးထွက်လာခဲ့တယ်.. ခြံထဲ.. လမ်းထဲ.. မြို့ထဲ.. နောက်ဆုံး ဘုရားဝင်းထဲ ကျွန်မ ငါးစာ ကျွေးနေကျ ကန်ကြီးဆီ…

အရူးမ တစ်ယောက်လို ခြေဦး တည့်ရာ လျှောက်သွား နေမိတယ်.. မျက်ရည် တွေလဲ ခမ်းပေါ့.. ရင်ထဲလဲ ဆို့လို့ လမ်းလဲ ကောင်းကောင်း ဆက်မလျှောက် နိုင်တော့ …. ဒယီးဒယိုင်နဲ့ ကျွန်မကို လူတွေက စုပ်တ သပ်သပ်နဲ့ ကြည့်တာ ခံရတိုင်း ဆက်ပြေး ထွက်လာခဲ့တယ်… အိုးးးး ရှင်တို့ လာမသနားနဲ့.. ကျွန်မ ဆို တဲ့ မိန်းမက ဘယ်သူ့ အသနားမှ ခံချင်တဲ့ မိန်းမ မဟုတ်ဘူးးးး… ရှင်တို့ အဲလို မျက်လုံးတွေနဲ့ လာမ ကြည့် နဲ့.. ကျွန်မ ဒုတိယ မယား ဖြစ်ချင်တဲ့ မိန်းမစား မဟုတ်ဘူး..

ကန်ကြီးနားကို အရောက် လူတွေ အုံနေတာ တွေ့လိုက်တယ်… ၀မ်းနည်း စိတ်မကောင်းတဲ့ မျက်နှာနဲ့ လူတွေ.. တစ်စုံတစ်ယောက်ကို ၀ိုင်းကြည့် နေကြတယ်။ အဲဒီအချိန်မှ သူနာတင် ယာဉ်လဲ ဆိုက်လာ တယ်။ ဘေးနားက ဖြတ်သွားတဲ့ လူတစ်ယောက်ရဲ့ အသံကို ၀ိုးတ၀ါး အကြားလိုက်မှာ

ဖြစ်ရလေဗျာ.. တော်တော် စိတ်မကောင်း စရာပဲ… မိန်းမကို ချစ်လို့ အစလွန် လိုက်တာ မိန်းမက တအား စိတ်ဆိုးပြီး ပန်းအိုးနဲ့ ရိုက်ပြီး ထွက်ပြေး သွားလို့ လိုက်ရှာတာ.. ခေါင်းကွဲ သွားတာကို အရင် ဆေးခန်း သွား မချုပ်ဘူး.. ခုတော့ သူ့မိန်းမများ ဒီကန်ကို လာမလား ဆိုပြီး စိတ်ပူလို့ လာထိုင် စောင့်နေရင်း သွေး ထွက်လွန်လို့ သေပြီ ထင်ပါရဲ့ဗျာ…..

(((ဘာ)))

မောင်လားဟင် .. အဲဒါ မောင်လား.. နည်းနည်း လမ်းဖယ် ပေးကြ ပါရှင်.. ကျွန်မ ကြည့်ပါရစေ.. ကျွန်မ မောင့်ကို ကြည့်ပါရစေ.. မောင်.. မောင်ရေ

စိတ်မကောင်းပါဘူးဗျာ… သူ ဆုံးသွားပါပြီ

(((ဘာ)))
((((((မောင်)))))))

တအား ကြုံးအော်သံကြောင့် လှေကားက တ၀ုန်းဝုန်း ပြေးတက် လာတဲ့ ခြေသံကို ကြားလိုက် ရသည်။ ဟင် ဒါဆို
ပိလေး .. ဘာဖြစ်တာလဲ.. ဘာဖြစ်လို့လဲ.. ဘာတွေ့လို့လဲ.. အော် အိပ်မက် မက်တာလား… အိပ်မက် ထဲမှာ သရဲ ခြောက်လို့ လားဟင်.. ရေသောက် လိုက်နော်.. ရော့ရော့ အိပ်ရာ ဘေးမှာ ရေအသင့် ရှိတယ်.. ဖြည်းဖြည်း သောက်နော်.. မသီးစေနဲ့နော်.. ဘာဖြစ်တာလဲ .. ဘာဖြစ်လို့လဲ… ဟာ.. သွေးခုန်နှုံးတွေ တအား မြန်နေ တာပဲ.. မကြောက် နဲ့နော်.. မောင် ရှိတယ် သိလား.. ဖြစ်ရလေ ပိလေး ရယ်.. တိတ်တော့နော်.. ဘာမှ မဖြစ်ဘူး သိလား.. မောင် အနားမှာ ရှိတယ် သိလား

တတွတ်တွတ် အားပေးရင်း လက်တစ်ဖက်က ပုခုံးကို တအား ကြပ်ကြပ် ဖက်ထားရင်း ကျန်လက်တစ်ဖက် က ခေါင်းကို ပွတ်ရင်း မောင် က ပြောရှာသည်။ ကျွန်မကတော့ ရှိုက်ကြီး တငင် ငိုကြွေးဆဲ…. မနားနိုင် အောင် ငိုကြွေးဆဲ… ဆိုးလိုက်တဲ့ အိပ်မက်ရယ်… ၀မ်းနည်း စိတ်က မပြေ နိုင်သေး ငိုကြော ကလဲ ရှည်ဆဲ…

နာရီဝက်လောက် အားရအောင် မောင့်ရင်ခွင် ထဲမှာ ငိုအပြီး မောင်တိုက်သော သွေးဆေးနဲ့ ရေတို့ကို သောက် အပြီးမှ မောင်က ပြန်အိပ် ခိုင်းရှာသည်။ ဟင့်အင်း အဲဒီ အိပ်မက် ပြန်မက်မှာ စိုးလို့ မအိပ် တော့ဘူး ဆိုမှ အိပ်မက် အကြောင်း ပြန်ပြော ပြရသည်။

ဖြစ်ရလေ ပိလေးရယ်… အဲဒီတစ်ယောက်နဲ့ မောင်နဲ့ ဘာမှ မပတ်သက် ပါဘူးကွာ… သူက မောင့် သူငယ်ချင်း နဲ့ အိမ်ထောင် ကျတာ လေးနှစ်လောက် ရှိပေါ့။ ဆိုရှယ် ကျလွန်းလို့ ဘာမှ မတွေးဘဲ သူ့မေးလ်ထဲ ၀င်လာတာကို တခြား လူတွေဆီ ဒီအတိုင်း မစဉ်းစားဘဲ forward လုပ်လိုက်တာပါ။ မောင့် တစ်ယောက် ထဲကို ပို့တာမှ မဟုတ်တာ.. show details ကို နှိပ်မကြည့် ဘူးလား။ သူ တခြားသူ တွေကို လဲ အဲလို ပို့တာပဲလေ.. ညက မောင် ပြန်ရောက်တော့ တံခါးဖွင့်ပေးမယ့်သူ မရှိတာနဲ့ သော့တူနဲ့ ဖွင့်ဝင် လာတော့ ပိလေး ဧည့်ခန်းမှာ အိပ်ပျော် နေတာ တွေ့လို့ မနိုးအောင် အိပ်ခန်းထဲ မောင် ပွေ့တင်ခဲ့ ရတာ။ ပရင့် ထုတ်ထားတဲ့ စာကို တွေ့သားပဲ။ ဒါကြောင့် ပိလေးကို အိပ်ခန်း ပို့ပြီးတော့ မောင် မေးလ်စစ် ကြည့်လိုက် သေးတယ် လေ။

အင်း ပိလေးလဲ တအား မွှန်ထူ သွားတော့ အဲဒါ ကြည့်လိုက် မိဘူး…. ဒါပေမယ့် မောင်ရယ် ပိလေးကို အိပ်မက် ထဲက လိုတော့ မနောက် ပါနဲ့ နော်။ ပိလေး လုံးဝ ခံနိုင်ရည် မရှိလို့ပါ။

စိတ်ချပါ ပိလေးရယ်.. မောင် အဲလိုတော့ မနောက်ပါဘူး။ မောင့် သူငယ်ချင်းမ တွေကိုလဲ မှာထားပါ့မယ်။ အဲလို မေးလ်မျိုး မောင့်ဆီ မပို့ပါနဲ့လို့.. ကဲ ကျေနပ်ပြီလား

အင်းး.. အမှောင်ထုက တဖြည်းဖြည်း ပျောက်ကွယ်လို့ အာရုဏ်ဦးက အလင်းတန်းတို့ကို လောကဓာတ် တခွင်ကို ဖြန့်ဝေနေပါချေပြီ… ဒီလိုပဲ သံသယ အမှောင် တို့ကလဲ အမှန်တရား ရောင်ခြည်ဦးတို့နဲ့ အတူ ပျောက်ကွယ် ရစမြဲပါ။ အိပ်မက်ဆိုတာ တကယ်တော့ ပြန်လည် နိုးထခြင်းနဲ့ပဲ အဆုံးသတ် ကြရတာ မဟုတ်ပါလားရှင်…

4 comments:

MELODYMAUNG said...

ဇာတ်လမ်းက ဖြစ်ရပ်မှန်အတိုင်းလားအောက်မေ့ရတယ် အရေးအသားကတော့ အကွေ့အ၀ိုက် အလှိုက်အဖို နဲ့ ဖတ်ရင်းမောသွားတယ်ဗျို ဂွတ်တယ် ဆက်ရေးနော် အားပေးနေတာ ဆရာမကြီးရေ :)

Chaos said...

အမရဲ့ စာတွေနဲ့အတူ
နစ်မြောသွားခဲ့တယ်
တော်လိုက်တာ မရယ်
ကြိုးစားမယ် မတို့လို
တကယ်တော်တဲ့သူ ဖြစ်အောင်

သုလွန်းအိမ် said...

အမရေ ..

အရမ်းမိုက်တယ်။ အဲ့လို စာရေးကောင်းတဲ့လူဆို တော့တိုးက အရမ်းအားကျတာ။ လင့်ထားပေးတာ ကျေးဇူးနော် အမ။ အရင်ကလဲ အမြဲအားပေးတယ်၊ နောက်လဲ အမြဲအားပေးနေမှာ ..

Anonymous said...

sis..........
Good Noble ........
i like very much....:)