Tuesday, September 25, 2007

ဘလော့မှာ ပို့စ် တစ်ရာပြည့် အမှတ်တရ

1. မာရ်နတ်က မြတ်စွာဘုရားကို လက်ရုံးပေါင်း တစ်ထောင်ဖြင့် ကိုင်စွဲပစ်ခတ် တိုက်ခိုက်သော လက်နက်များ မြတ်စွာဘုရားကို မထိရှခဲ့ပါ။
2. အာဠာဝက ဘီလူးက မြတ်စွာဘုရားကို ပစ်ခတ်တိုက်ခိုက်ခဲ့သော လက်နက်များ မြတ်စွာဘုရားကို မထိခိုက် မစူးရှခဲ့ပါ။
3. အရက်မူးနေသော နာဠာဂီရိ ဆင်ပင်လျှင် မေတ္တာ ပို့လွှတ် နေသော မြတ်စွာဘုရားကို မနင်း သတ်ဘဲ လိမ္မာ ယဉ်ကျေး ခဲ့ပါသည်။
4. မြတ်စွာဘုရားကို အသာထားပြီး သာမန် အမျိုးသမီးဖြစ်သူ မေတ္တာပို့နေသူ ဥတ္တရာ ဥပုသ်သည် ကို သီရိမာ ပြည့်တန်ဆာက ထောပတ်ဆီပူဖြင့် လောင်းသော်လည်း အပူမလောင်ပါ
5. ပုဂံခေတ် နရသီဟပတေ့မင်းရဲ့ မိဖုရားစောလုံကို ရဲရဲနီသော သံကျပ်စင်တွင် မီးဖုတ်သတ် သော် လည်း သစ္စာ ဓိဌာန် ပြုမှုကြောင့် မီးမလောင်ပါ။


ဘလော့ချင်လွန်းလို့ ဘလော့တဲ့ ကျွန်မရဲ့ ဘလော့လေးမှာ အပုဒ်တစ်ရာမြောက် ပို့စ်ကို အမှတ်တရ ဖြစ်အောင် ထူးထူးခြားခြားလေး ရေးမယ်လို့ စိတ်ကူးထားခဲ့ဖူးပါတယ်။ တကယ်တမ်းကျတော့ ခုလို ပို့စ်တစ်ရာပြည့် အမှတ်တရမှာ ကိုယ့်အတွက် ထူးခြားတာထက်ပိုပြီး သိပ်အရေးကြီးတဲ့ အဖြစ်အပျက် တွေ အမိမြေမှာ ဖြစ်ပျက်နေခဲ့ပါတယ်။ ဒါကြောင့် ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာထက် အဆပေါင်းများစွာ အရေးကြီးတဲ့ အခြေအနေတွေကို ကျွန်မရဲ့ ပို့စ်တစ်ရာပြည့် အမှတ်တရအဖြစ် တင်လိုက်ပါတယ်။
ဘယ်လိုမှ ငြင်းမရနိုင်တော့တဲ့ ဖုံးကွယ်မရနိုင်တော့တဲ့ မြန်မာတစ်နိုင်ငံလုံးမှ အများပြည်သူတို့ရဲ့ ဆင်းရဲ ကြပ်တည်းမှု နဲ့ ငတ်မွတ် ခေါင်းပါးမှုတို့ကို မကြည့်ရက်နိုင်တော့တဲ့ ရတနာသုံးပါး ဂိုဏ်းဝင် သံဃာတော် များဟာ မေတ္တာတရားကိုရှေးရှုပြီး မေတ္တာရပ်ခံ လမ်းလျှောက် မေတ္တာပို့ခြင်းများကို စက်တင်ဘာလ အစ ကတည်းက ပြုလုပ်ခဲ့ကြပါတယ်။ သို့သော် မြန်မာနိုင်ငံတ၀ှမ်းလုံးက သာသနာ့ဝန်ဆောင် သံဃာများ မရောက်မနေ ပိဋကတ် စာပေသင်ကြားပို့ချရာ၊ ပခုက္ကူ အလယ်တိုက်မှာ စာဝါမလိုက်ဖူးရင် စာတကယ် တတ်တယ် မခေါ်ဘူးလို့တောင် ဆိုရိုးထားရတဲ့ ပခုက္ကူမြို့မှာ သံဃာတော်များကို ရိုက်နှက်တယ် ဆိုတဲ့ သတင်းထွက်ပေါ်လာပြီးနောက် သံဃာတော်များဘက်မှ ကိုယ်ထိလက်ရောက် ရိုက်နှက်သူ စစ်တပ်ကို နောက်ဆုံးသတ်မှတ်ရက် မတိုင်မီ ၀န်ချတောင်းပန်ရန် တောင်းဆိုခဲ့ကြပါတယ်။ သို့သော် မတောင်းပန် သည့်အပြင် စက်တင်ဘာ ၁၉ရက်နေ့သတင်းစာတွင် အရိုက်နှက်ခံရသူ သံဃာတော်များကို သံဃာတု များအဖြစ် တန်ပြန်စွပ်စွဲခဲ့ရာ တစ်နိုင်ငံလုံးအနှံ့ သံဃာတော်များ လမ်းမများပေါ် ကြွရောက် ပြီး သပိတ် မှောက် ကံဆောင်ခဲ့ကြပါတော့တယ်။
စက်တင်ဘာ ၂၄ရက်နေ့မှာတော့ သံဃာတော်များနဲ့တကွ တက္ကသိုလ် ဆရာများ၊ ပညာရေး ၀န်ထမ်း များနဲ့ ကျောင်းသားများ၊ အနုပညာရှင်များ နဲ့ ပြည်သူများပါ တခဲနက် ပူးပေါင်းလိုက်ကြတဲ့အခါ ကြပ် ပြေးခေါ် နေပြည်တော် မှ စစ်ကားများ အတန်းလိုက် ရန်ကုန်မြို့ထဲ ၀င်ရောက်လာတဲ့ သတင်းဓာတ်ပုံ၊ အထက်မြန်မာနိုင်ငံ သံဃာထုဖြိုခွဲရေး ကော်မတီတာဝန်ခံ စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်းမှ စက်မှု (၁) ထုတ် ယပ်တံဆိပ်သင်္ကန်း အစုံ ၃၀၀၀ ကို စစ်တပ်အတွက် သံဃာတုအဖြစ် အယောင်ဆောင်ရန် ထုတ်ပေးခြင်း သတင်း၊ ယခုလို စီတန်း မေတ္တာပို့မှုကို အကြမ်းဖက် နှိမ်နင်းခွင့်နဲ့ပစ်မိန့် ထုတ်ပြန် ကြေ ညာချက်၊ ရွှေတိဂုံ ဘုရားအနီး သွေးဆေးကန် ဓမ္မာရုံနှင့် သမိုင်းလမ်းဆုံရှိ လူမှုဖူလုံရေး ဆေးခန်းများကို စီမံကွပ်ကဲရေး ရုံးများအဖြစ် အသုံးပြုမှု စသည့် သတင်းများ ဆက်တိုက် ထွက်ပေါ်လာနေခဲ့ရာ ကြက်သီး ဖြန်းဖြန်းထမျှ ကြောက်လန့် သံဝေဂ ရမိပါသည်။ သည်ကြားထဲ နောက်ဆုံး ကြားရသော စကားက တောမှီရဟန်း ကအာရုံရသည် ဟူသော အခံစကားဖြင့် ထွက်ပေါ်လာသော အ၀ါရောင် ကတုံး အတုံးအရုံး ဟူသော တဘောင်လိုလို စကားပင် ဖြစ်ပါတော့သည်။
ရတနာသုံးပါးတွင် တစ်ပါး အပါအ၀င်ဖြစ်သော သာသနာတော်ကိုစောင့်ရှောက်လျက်ရှိသော သံဃာ တော်ကို စိတ်ဖြင့်ပင် မပစ်မှားကောင်းပါပေ။ (သံဃာတုများ၊ သင်္ကန်းဝတ်များ မပါပါ။) ထို့ပြင် မေတ္တာ ပို့နေသော သံဃာကို ပိုလို့ပင် မပစ်မှားကောင်းပါပေ။ ချက်ချင်း ၀ဋ်လည်တတ်ပါသည်။
1. မာရ်နတ်က မြတ်စွာဘုရားကို လက်ရုံးပေါင်း တစ်ထောင်ဖြင့် ကိုင်စွဲပစ်ခတ် တိုက်ခိုက်သော လက်နက်များ မြတ်စွာဘုရားကို မထိရှခဲ့ပါ။
2. အာဠာဝက ဘီလူးက မြတ်စွာဘုရားကို ပစ်ခတ်တိုက်ခိုက်ခဲ့သော လက်နက်များ မြတ်စွာဘုရားကို မထိခိုက် မစူးရှခဲ့ပါ။
3. အရက်မူးနေသော နာဠာဂီရိ ဆင်ပင်လျှင် မေတ္တာ ပို့လွှတ် နေသော မြတ်စွာဘုရားကို မနင်း သတ်ဘဲ လိမ္မာ ယဉ်ကျေး ခဲ့ပါသည်။
4. မြတ်စွာဘုရားကို အသာထားပြီး သာမန် အမျိုးသမီးဖြစ်သူ မေတ္တာပို့နေသူ ဥတ္တရာ ဥပုသ်သည် ကို သီရိမာ ပြည့်တန်ဆာက ထောပတ်ဆီပူဖြင့် လောင်းသော်လည်း အပူမလောင်ပါ
5. ပုဂံခေတ် နရသီဟပတေ့မင်းရဲ့ မိဖုရားစောလုံကို ရဲရဲနီသော သံကျပ်စင်တွင် မီးဖုတ်သတ် သော် လည်း သစ္စာ ဓိဌာန် ပြုမှုကြောင့် မီးမလောင်ပါ။
အထက်ပါ အချက်အလက်များ မှန်ကန်ပါသည်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုး အများစု သိဖူးကြားဖူးကြ သော အချက်များသာ ဖြစ်ပါသည်။ ထိုကြောင့် မေတ္တာပို့နေသော သံဃာတော်များကို အမှန်တကယ် အကြမ်း ဖက်ပါလျှင် ၀ဋ်ပါသော သံဃာတော် အစစ်များကတော့ ၀ဋ်ကုန်ရုံသာ။ ၀ဋ်မပါသော သံဃာတော် အစစ် များကတော့ မည်သည့် လက်နက် ဘေးဥပဒ်မှ ထိမည် မဟုတ်ပါချေ။ ထိုအခါ အကယ် လို့ အကြမ်းဖက် ပစ်ခတ်နှိမ်နင်း ခဲ့ပါလျှင် ထိရှမည့်သူများကား အခြားလူများ မဟုတ်။ သံဃာစစ် များရဲ့ သီလနဲ့ မေတ္တာ ကြောင့် ရှောင်ထွက်လာသော လက်နက်များသည် သံဃာစစ်များ အနီးက သံဃာတုများပေါ်သို့သာ ကျ ရောက်ပါလိမ့်မည်။ ထိုအခါ ယခု ထွက်ပေါ်နေသော အ၀ါရောင်ကတုံး အတုန်းအရုန်းဆိုသော တဘောင် မှန်ကန်သွားပါလိမ့်မည်။ တဘောင်က အ၀ါရောင် ကတုံး ကိုသာ ဆိုလိုပြီး သံဃာကို မညွှန်းသောကြောင့် ဖြစ်ပါသည်။
ထို့ကြောင့် အကြမ်းဖက်မှုများ၊ သွေးထွက်သံယို ဖြစ်မှုများ အမိမြေတွင် မဖြစ်ပွားစိမ့်သောငှာ သစ္စာ ဓိဌာန် တစ်ရပ်ပြုလိုက်ပါတယ်။
ကျွန်မသည် အသက်ဘေးမှ သုံးကြိမ်တိတိ လွတ်မြောက်လာခဲ့ပြီးနောက် ဘာသာ၊ သာသနာ အတွက် သန့်ရှင်းစင်ကြယ် စည်ပင် ပြန့်ပွားစေရန် ဓမ္မစေတီဆရာတော် အရှင်ကောသလ္လ ရဲ့ တရားတော်များကို ထိုင်းနိုင်ငံတွင်း ဓမ္မသံလွှမ်းစေရန် ဒါနပြု တရားပွဲများ ပြုလုပ်စီစဉ်ခဲ့ပါသည်။ ထိုင်းနိုင်ငံတွင်း အချို့မြို့များ တွင် လမ်းတိုင်းတွင် ဆရာတော်ရဲ့ တရားသံ လွှမ်းသည်အထိ အောင်မြင်ခဲ့ပါသည်။ သည်မှန်သော သစ္စာ စကားကြောင့် အမိမြေတွင် သံဃာစစ်များ ပေါ်သို့ လက်နက် ဘေးဥပဒ် များ မထိရှ မသက်ရောက် ပါစေ သတည်း။ သတ္တ၀ါများ သတိသံဝေဂ ရစိမ့်သောငှာ မကောင်းသူများ ပေါ်သို့ တူသော အကျိုးများ ဘ၀မခြား အတိုးမတက်ဘဲ ချက်ချင်း ကျရောက်ပါစေသတည်း။
သည်ဘလော့လာ မိတ်သဟာများကို အမိမြေအတွက် မေတ္တာရပ်ခံလိုပါတယ်။ မိမိတို့ရဲ့ မှန်ရာ ကောင်းမှု တစ်ခုကို အရင်းတည်ပြီး သစ္စာဓိဌာန်ပြုပြီး သံဃာတော်များနဲ့ တကွ အမိမြေကို သစ္စာဖြင့် ကယ်တင်ကြပါစို့။ မေတ္တာတရားများ ပွားများကြပါစို့။
လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ။
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။
အမိမြေမှ တွေဝေနေသော မြန်မာနိုင်ငံသူ နိုင်ငံသားများ အနိမ့်ဆုံးအားဖြင့် နာဠာဂီရိ ဆင်လောက် ယဉ်ကျေးလို့ အသိတရား အချိန်မီ ရနိုင်ကြပြီး စစ်သူကြီး မဟာဗန္ဓုလ စီးသော မြင်းလောက် နိုးကြား ရဲရင့်နိုင်ကြပါစေ။

No comments: