Tuesday, September 25, 2007

ကမ္ဘာ့ အံ့ဖွယ် ခုနှစ်သွယ်

ကလေးတွေရဲ့ ကမ္ဘာ့ဗဟုသုတ ကြွယ်ဝမှုကို ဆန်းစစ်ဖို့ တစ်နေ့မှာ ကျောင်းတစ်ခုမှာ ဆရာက ကမ္ဘာ့ အံ့ဖွယ် ခုနှစ်သွယ်ကို ကလေးတွေကို ချရေးစေပါတယ်။ အဲဒီနောက် ကလေးတွေရဲ့ အဖြေလွှာတွေကို လိုက်သိမ်းပါတယ်။ ကလေးမလေး တစ်ယောက်ကလွဲလို့ ကျန်ကျောင်းသူကျောင်းသားများကတော့ သွက်သွက်လက်လက်ရေးပြီး အဖြေလွှာတွေ အပ်နေကြပါတယ်။ အဲဒီအဖြေလွှာအပ်နိုင်တဲ့ ကလေးများက အဖြေလွှာတွေမှာ ဒီလိုရေးထားကြပါတယ်။

1. အီဂျစ်ပြည်က ပိရမစ်ကြီးများ
2. တပ်ခ်ျမဟာ အဆောက်အဦ
3. ဂရင်းကန်ညွန်
4. ပနားမား တူးမြောင်း
5. အင်ပါယာစတိတ် အဆောက်အဦ
6. စိန့်ပီတာ ဘက်စီလီကာ
7. တရုတ်ပြည်က မဟာတံတိုင်းကြီး လို့ဖြေကြပါတယ်။
ဆရာက အဲဒီကလေးမနားကို ကပ်သွားပြီး ညင်ညင်သာသာ မေးပါတယ်။ ‘သမီး မဖြေနိုင်လို့လား’
‘ဟုတ်ကဲ့ဆရာ သမီးရဲ့ စိတ်ထဲမှာ မသေချာလား သေချာလား မခွဲခြားနိုင်ဖြစ်နေလို့ပါ’
‘သမီးရဲ့ အဖြေလွှာကို ဆရာ့ကို ပြကြည့်ပါလား။ ဆရာ တစ်ခုခု ကူညီနိုင်မှာပါ’
ကလေးမလေးက သူ့လက်လေးနဲ့ ကွယ်ထားတဲ့ အဖြေလွှာကို ဆရာကို ပြလိုက်ပါတယ်။ သူမရဲ့ အဖြေလွှာ ထဲမှာတော့
ကမ္ဘာ့အံ့ဖွယ် ခုနှစ်သွယ်
1. မြင်ခြင်း
2. ကြားခြင်း
3. ထိတွေ့ခြင်း
4. အရသာခံနိုင်ခြင်း
5. ခံစားနိုင်ခြင်း
6. ရယ်မောခြင်းနဲ့
7. ချစ်ခြင်း ပါတဲ့။ ဆရာနဲ့ တကွ တစ်တန်းလုံး ငိုင်သွားကြပါတယ်တဲ့။
ကျွန်မတို့ရော… ရုပ်ဝတ္ထု ပိုင်းဆိုင်ရာ အရာတွေကို နှိုင်းယှဉ်ပြီး ကမ္ဘာ့အံ့ဖွယ်အဖြစ် သတ်မှတ်နေကြရုံနဲ့ ကျွန်မတို့ရဲ့ မလွဲမသွေ ကြုံတွေ့ဖြတ်သန်းနေရတဲ့ နေ့စဉ် ဘ၀ တွေအတွက် ဘာတွေ ထူးခြား လာမလဲ။ တကယ်က ဘ၀မှာ တန်ဖိုးအရှိဆုံး အံ့ဖွယ်အရာ တွေကို လက်နဲ့ တည်ဆောက် ယူလို့ မရသလို ငွေနဲ့ ပေးဝယ်လို့လဲ မရနိုင်ပါဘူး။ ကလေးမလေးရဲ့ အဖြေလွှာထဲက ဘ၀အတွက် တန်ဖိုးအရှိဆုံး အံ့ဖွယ်တွေကို ပြည့်ပြည့်၀၀ ခံစား နိုင်ဖို့ ကျွန်မတို့ စိတ်တွေ သဘောထားတွေကို ဘယ်လို ပြင်ဆင်ထားကြမလဲ။