လူတစ်ယောက်ရဲ့ဝန်ခံချက် နဲ့ သူ့ရဲ့ စွမ်းရည်မဲ့ ပင်ကိုယ် တန်ဖိုး
တန်ဖိုးဆိုတာ သတ်မှတ်ခံရတဲ့ တန်ဖိုးနဲ့ ပင်ကိုယ် တန်ဖိုး အမျိုးမျိုး ကွဲပြားလေ့ရှိတယ် ဆိုတာ ကျွန်မ တို့တွေ မူလတန်း ကတည်းက သင်ကြားဖူး ကြပေမယ့် ဆင့်ပွား အဓိပ္ပာယ် ဖွင့်ဖို့ မေ့လျော့ နေမိတတ် ပါတယ်။ နေရာလိုက်တန်ဖိုးနဲ့ ပကတိ တန်ဖိုး ဆိုတာ လေးကို မူလတန်း သင်္ချာမှာ သင်ခဲ့ဖူးတာ ကျွန်မ မှတ်မိ နေခဲ့ ပါတယ်။ လူသား အားလုံးဟာ ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း၊ ချမ်းသာခြင်း၊ ဆင်းရဲခြင်း၊ အခြွေအရံ များခြင်း၊ နည်းခြင်း၊ လာဘ်ရခြင်း၊ မရခြင်းစတဲ့ လောကဓံ ရှစ်ရပ်ကို ဖြတ်သန်း ကြရတာ ဓမ္မတာပါ။ သည်လောကဓံ ရှစ်ရပ်ကို ကြံ့ကြံ့ခံ ရပ်တည်ရင်း ဖြတ်သန်း ကျော်လွှား နိုင်မှုပေါ် မူတည်ပြီး ဘ၀မှာ အောင်မြင်မှု၊ ကျရှုံးမှု တို့ကို ပိုင်ဆိုင် ကြရမှာ ဖြစ်ပါတယ်။ အဲဒီ အပေါ်မှာ မူတည်ပြီး လူသား တစ်ဦးရဲ့ တန်ဖိုးကို သတ်မှတ် ကြလေ့ ရှိတာ လူများစုပါ။ လူ့ အဖိုးတန်၊ လူ့ပေါက်ပန်း စသဖြင့် ပါပဲ။
လူသား တစ်ဦးဖြစ်တဲ့ ကျွန်မ ဟာလည်း လောကဓံ ရှစ်ရပ်ကို ခံစား ဖြတ်သန်း ရတာ ပါပဲ။ တချို့တွေက လောကဓံကို မသိမသာ ပြောင်းလဲ ခံစား ရပေမယ့် ကျွန်မအတွက် လောကဓံဟာ အပြောင်းအလဲ မြန်လှ တာဟာ ဘ၀ရဲ့ အကျိုးပေး လို့ပဲ ပြောရမှာပါပဲ။ ကျွန်မဘ၀ရဲ့ ရွှေရောင် နေ့ရက် များနဲ့ မုန်တိုင်း ကျတဲ့ နေ့ရက် များကို ကျွန်မရဲ့ သတ်မှတ်ချက်နဲ့ သူတပါးရဲ့ သတ်မှတ်ချက် ကွဲပြား ခြားနားချက် တွေကြောင့် ကျွန်မဟာ စိတ်ဓာတ် ကြံ့ခိုင် သူလို့ သူတပါးက လွဲမှားစွာ သတ်မှတ်ခဲ့ ကြဖူးပါတယ်။
ဘ၀ရဲ့ ရွှေရောင် နေ့ရက် များကို ကျွန်မ ဖြတ်သန်း နေတယ်လို့ သူတို့ ထင်မြင် နေကြ ချိန်မှာ ကျွန်မဟာ လေးနက် တည်ငြိမ်နေပြီး ပျော်ရွှင် ကျေနပ် ၀င့် ကြွား မနေခဲ့ တာဟာ ကျွန်မရဲ့ စိတ်ဓာတ် ပြည့်ဝ မှုလို့ တချို့က အမွှန်းတင် ကြပါတယ်။ အောင်မြင် မှုကြောင့် အောက်ခြေ လွတ်မ သွားတဲ့ ကျွန်မကို တချို့က အထင်ကြီး လေးစား နေကြ ပါတယ်။ ကျွန်မ ဘ၀ရဲ့ မုန်တိုင်း ကျတဲ့ နေ့ရက် များကို ကျွန်မ ဖြတ်သန်း နေတယ်လို့ သူတို့ ထင်မြင် နေကြချိန်မှာ ကျွန်မဟာ မပြုံးမပျက် အနေအထိုင် မပျက်ဘဲ ဘ၀ မုန်တိုင်း များကို ကျော်ဖြတ်ပြီး အကြိမ်ကြိမ် ပြန်လည် ရပ်တည် နိုင်တာ ကိုလည်း အံ့သြ ချီးမွမ်း ကြတဲ့ သူတွေ ရှိခဲ့ဖူး ပါတယ်။ သူတို့တွေ တညီ တညွတ် တည်း ပြောကြ တာကတော့ “ကျွန်မဟာ ကိုယ့်ကိုယ်ကို အမြဲ ယုံကြည်မှု အပြည့် ရှိနေတယ်”တဲ့။ ကျွန်မ သူတို့ကို အမှန် အတိုင်း ပြောပြချင် လိုက်တာ။ လျှို့ဝှက်ချက် မဟုတ်တဲ့ တကယ့် ဖြစ်ရပ်မှန် ကိုလေ။
လူသား စစ်စစ် ဖြစ်တဲ့ ကျွန်မ မှာလည်း အားငယ်မှု၊ ကျေနပ်မှု၊ ပျော်ရွှင်မှု စတဲ့ ခံစားချက်တွေ ရှိတာ ပေါ့ရှင်။ ဘ၀ရဲ့ ရွှေရောင် နေ့ရက် များကို ကျွန်မ ဖြတ်သန်း နေတယ်လို့ သူတို့ ထင်မြင် နေကြ ချိန်မှာ ကျွန်မရဲ့ စိတ်တွေ ရှုပ်ထွေး နေတတ် ပါတယ်။ အောင်မြင်မှုရဲ့ တောက်ပမှု အရှိန်အဟုန် ကိုလည်း လန့်နေတတ် ပါသေးတယ်။ အောင်မြင်မှုရဲ့ ချီးမွမ်း သြဘာ သံတွေ အောက်မှာ
(၁) ဒီချီးမွမ်းသြဘာသံနဲ့ ကိုယ်နဲ့တကယ်ထိုက်တန်ရဲ့လား
(၂) ရသင့်သလောက်ရော ရရဲ့လား
(၃) ကိုယ်ရလိုက်တဲ့အခြေနေ၊ အချိန်အခါမှာ ကိုယ်ကြိုးစား သလောက် သူတပါး ကြိုးစား ရင်ရော ဒီချီးမွမ်း သြဘာသံ ကို သူတပါးရော ရနိုင်လောက် သလား
(၄) ကိုယ့်ထက် ပိုပြီး ပါရမီ ရှိသူ၊ အတွေးအခေါ် ပိုကောင်းသူ၊ ပိုကြိုးစား သူတို့သာ ကိုယ့်လို အခြေအနေ အခွင့်အရေး ရခဲ့ရင် ကိုယ့်ထက် သူတို့က ချီးမွမ်း သြဘာ သံတွေ ပိုရ သင့်တယ် မဟုတ်လား
စသည်ဖြင့် ကိုယ့်ကိုယ်ကို ဆန်းစစ် တွေးတော နေမိ တတ်ပါတယ်။ ကိုယ်ဘယ် နေရာမှာ ဘယ်လို စဉ်းစား တွေးတော ခဲ့ပြီး ဘယ်လိုပို ကြိုးစား ခဲ့ရင် ဘယ်လောက်ပို အောင်မြင်နိုင် တာပေါ့ လို့လဲ အားမလို အားမရ ဖြစ်တတ် ပါသေးတယ်။ ဒါကြောင့် ကျွန်မမှာ ပျော်ရွှင် ကျေနပ် အားရ ၀င့်ကြွားဖို့ အချိန်မရ လိုက်တော့ ပါဘူး။ သည်လို ပြန်လှန် သုံးသပ် နေခဲ့ လို့လည်း ကျွန်မဟာ တဖက်မှာ ပျော်ရွှင်မှုတွေ ဆုံးရှုံးခဲ့ ရသလို အခြား တဖက် မှာတော့ တည်ငြိမ် ပြည့်ဝ သူလို့ ချီးမွမ်းခြင်း ခံခဲ့ရ ပါတယ်။
ဘ၀ရဲ့ မုန်တိုင်း ကျနေတဲ့ နေ့ရက်များကို ကျွန်မ ဖြတ်သန်း နေတယ်လို့ သူတို့ ထင်မြင် နေကြချိန်မှာ ကျွန်မဟာ အခြေအနေ အရပ်ရပ်ကို သတိထား စောင့်ကြည့်ရင်း ပေါ်ပေါက် လာတဲ့ ပြဿနာ များကို စိတ်အေးအေး ထားပြီး ကိုင်တွယ် ဖြေရှင်း နေတတ် ပါတယ်။ တချို့ ပြဿနာ များဟာ အောင်မြင်မှုကို အရင်း တည်ပြီး ဖြစ်ပေါ် လာတာ မျိုးလည်း ရှိတတ် ပါတယ်။ အမြဲ သတိထား နေတတ်တဲ့ ကျွန်မဟာ လက်ရှိ အခြေအနေကို ကြည့်ပြီး မကြာခင် ပြဿနာများ ပေါ်ပေါက် လာတော့မယ် ဆိုတာ မှန်းဆတတ် နေခဲ့ပါပြီ။ ကြိုတင် ပြင်ဆင်မှု တွေလည်း ပြုလုပ် ပြီးသား ဖြစ်နေတတ် ပါတယ်။ အဲဒီ လိုကြောင့် ပြဿနာ တက်ချိန်မှာ စိတ်ပူပန်မှု နည်းနေတတ် ပါတယ်။ ပြဿနာ ဖြေရှင်းနည်း အသစ်များ ကိုလည်း လေ့လာ သင်ယူနေ မိတတ် ပါတယ်။ ကျွန်မဟာ ကျွန်မ ဘ၀ရဲ့ မုန်တိုင်းများကို ကျွန်မရဲ့ အတွေးအခေါ်၊ သဘောထား၊ လုပ်ရပ်များ ပိုမို တိုးတက် ကောင်းမွန် လာအောင် လေ့ကျင့် ပေးနေသော သင်ခန်းစာ များလို့ ကင်ပွန်းတပ် ပေးထား ပါတယ်။ ဒီလို အမူအကျင့် တွေကြောင့်လည်း တချို့တွေက ကျွန်မကို စိတ်ကြံ့ခိုင်သူ၊ အခက်အခဲ ကြားမှာတောင် ခေါင်းအေးအေးထား ရင်ဆိုင်နိုင် လောက်အောင် ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့် ရှိသူလို့ ထင်မြင် ကြပါတယ်။
ကျွန်မဘ၀မှာ သေကောင် ပေါင်းလဲ ဖြစ်နေတဲ့ အချိန်တွေ၊ ကျန်းမာရေး အရ သေမင်းကို အန်တုပြီး စိတ်အား တင်းထား ရတဲ့ အချိန် တွေမှာ ကျွန်မ တကယ် ခံစား ရတာ တွေကို တင်ပြရင်း စိတ်ကြံ့ခိုင် လွန်းသူ မဟုတ်ကြောင်း ၀န်ခံပါ့မယ်။ အများက ကျွန်မကို ဉာဏ်ကောင်းသူ၊ ကြိုးစားသူ၊ ပညာ တော်သူ၊ ဆက်ဆံရေး ကောင်းမွန် ၀င်ဆံ့သူ၊ ချောမော လှပသူ၊ ကူညီ တတ်သူ၊ သူတပါးကို နားလည် ပေးတတ် သူလို့ ကင်ပွန်းတပ် ခံရတဲ့ ကျွန်မဟာ အထက်ပါ အရည် အသွေးတွေ မရှိတော့ရင် (သို့မဟုတ်) အဲဒီ အရည်အသွေးတွေ အသုံး ချခွင့် မရတော့ရင် ကျွန်မရဲ့ စွမ်းရည်မဲ့ ပင်ကိုယ် တန်ဖိုးဟာ ဘယ်လောက် ရှိမလဲ ဆိုတာရယ်၊ အဲလို စွမ်းရည် ကင်းမဲ့ နေတဲ့ ကျွန်မ အနားမှာ ဘယ်သူတွေ ကျန်ရစ် နေခဲ့ ကြမလဲ ဆိုတာရယ်၊ အဲဒီလူ တွေက ကျွန်မကို ဘယ်လို သဘောထားနဲ့ ဆက်ဆံ ကြမလဲ ဆိုတာ ရယ်ကို ချီးမွမ်း သြဘာသံ ကြားတိုင်းမှာ စဉ်းစားမိ တတ်ပြီး အားငယ် ကြောက်ရွံ့တတ်ပါတယ်။
ကံကောင်း ထောက်မစွာပဲ ကျွန်မ သိချင် နေတဲ့ အရာ အားလုံးကို ကံဆိုး မိုးမှောင် ကျတဲ့ အချိန် တွေမှာ သိခွင့် ရခဲ့ ပါတယ်။ ဦးနှောက် သွေးကြော ပိတ်ပြီး ဘာမှ မလှုပ် မရှား၊ မစဉ်းစား နိုင်ဘဲ မိဝေးဘဝေး၊ ဆွေဝေး မျိုးဝေး နိုင်ငံ ရပ်ခြားမှာ ရက်ရှည် ဆေးရုံတက် နေရချိန်၊ ကျွန်မရဲ့ ပင်ကိုယ် စွမ်းရည်တွေ သုည အောက် အနှုတ် ဆောင်နေချိန်၊ သူတပါးရဲ့ အကူအညီ ကိုတောင် ပြန်လည် လိုအပ် နေချိန်မှာ ကျွန်မ ဘေးမှာ သူငယ်ချင်းတွေ ရှိနေခဲ့ပါတယ်။ ကိုယ်ရဲ့ အလုပ် အကိုင် အခွင့်အရေး တွေကို ပစ်ပြီး အနားမှာ လာရောက် စောင့်ရှောက်ပေး နေခဲ့တဲ့ သူငယ်ချင်း မိတ်ဆွေတွေ၊ ကိုယ်နဲ့ အတူ ဆေးရုံမှာ လာနေ မပေး နိုင်ပေမယ့် မကြာ မကြာ လာရောက် အားပေး ကြတဲ့ သူငယ်ချင်း မိတ်ဆွေတွေ၊ ရေခြားမြေခြား တခြား နိုင်ငံမှာ ရောက်နေလို့ လူကိုယ်တိုင် မလာနိုင် ပေမယ့် ဖုန်းဆက်ပြီး အားပေးကြတဲ့ သူငယ်ချင်း မိတ်ဆွေ တွေနဲ့ ကိုယ်ကိုယ်တိုင် နေမကောင်း ဖြစ်ယူရ လောက်အောင် အသေးစိတ် ဂရုစိုက် စောင့်ရှောက်၊ အားပေးပြီး ဆေးကုသ ပေးခဲ့တဲ့ ကျွန်မရဲ့ ခင်ပွန်း တို့ကြောင့် စိတ်ခွန်အား အပြည့်နဲ့ အပြုံးမပျက် ကြံ့ကြံ့ခံ ရပ်တည် နေနိုင် ခဲ့ပါတယ်။ ဒါ့အပြင် ကျွန်မနဲ့ အတူ မိုးထဲ လေထဲ မုန်တိုင်း ထဲမှာ လက်တွဲရဲတဲ့ အမာခံ ရဲရဲတောက် သူငယ်ချင်း မိတ်ဆွေ တွေနဲ့ ခင်ပွန်းတို့ ရှိနေ တာကို အားရ ကျေနပ် ၀မ်းသာ မိပါတယ်။
ဒါ့အပြင် ဘာဆို ဘာအလုပ်မှ မလုပ် နိုင်ဘဲ အိပ်ရာထဲ လဲနေတဲ့ လူမမာ တစ်ယောက်ဟာ လောကကို၊ မိမိရဲ့ ပတ်ဝန်းကျင်ကို ဘာမှ အကျိုး မပြု နိုင်ဘူး၊ ကိုယ့်ပတ်ဝန်းကျင်က လူတွေ အတွက် ၀န်ထုပ် ၀န်ပိုး သက်သက်ပဲ။ လူပို သက်သက်ပဲ။ သူတို့လဲ စိတ်ထဲ ကနေ ငြူစူ ကြမှာပဲ ဆိုတဲ့ ကျွန်မ စကားကို ပြန်လည် ချေပခဲ့တဲ့ လူ ၂ယောက် ကိုလဲ သိပ်ကျေးဇူး တင်ပါတယ်။ သူတို့ ပြောတဲ့ စကားက ကျွန်မအတွက် အသက် ကယ်ဆေး ဖြစ်ခဲ့လို့ ပါပဲ။ ကျွန်မနဲ့ ချိတ်ဆက် ထားတဲ့ စက်တွေ တင်တောင် မြည်နေချိန်။ သွေး ပေါင်ချိန် ၃၀/၅၀ ဖြစ်နေချိန်။ ကိုယ်က တန်ဖိုးထား ခင်မင်ရတဲ့ လူတစ်ယောက်၊ ကိုယ်နဲ့ အပြန်အလှန် နားလည်မှု ရှိတဲ့လူ တစ်ယောက် ဘာမှ မလုပ်နိုင် တော့တဲ့ သူတစ်ယောက် ဖြစ်နေပါစေ၊ အသက် ကလေး ရှူနေ သေးတယ် ဆိုရင်တောင် လောကမှာ ကိုယ်နဲ့ အဲလို ရင်းနှီး ခင်မင်ရတဲ့ လူတစ်ယောက် ရှိသေးတယ် ဆိုတဲ့ အသိလောက် ခံစားချက်လောက် ကိုယ့်စိတ်ကို အားရှိ စေတာ မရှိဘူးတဲ့။ အဲလိုလူ တစ်ယောက်ကို ကိုယ်က ကူညီခွင့်၊ ဖေးမခွင့်၊ စောင့်ရှောက်ခွင့် ရနေတာ ကိုပဲ ကိုယ့်ရဲ့ ပေးဆပ်ခွင့် အတွက် ကျေနပ် ဂုဏ်ယူ မိတဲ့ အတွက်၊ တာဝန်ယူ လိုစိတ်ကို တနည်း တဖုံ အခွင့် ကြုံတုန်း ဖြည့်ဆည်း ပေးရာ ရောက်တဲ့ အတွက်၊ တာဝန် ယူတတ်အောင် သင်ကြား ပေးရာ ရောက်တဲ့ အတွက် ၀န်ပိတယ် လို့ မခံစားရ ပါဘူးတဲ့။ လောကမှာ ဒါမျိုးလဲ ရှိပါ သေးလား ဆိုတဲ့ အသိ သစ်ကို ရခဲ့ပါတယ်။ လူမမာ တစ်ယောက် အဖြစ် လောက မှာ ရပ်တည် ရဲတဲ့ သတ္တိ ရလာခဲ့ ပါတယ်။
သမိုင်းဝင် လူမျိုးရေး အမုန်းကို ဘေးချိတ်ပြီး မိမိ တက္ကသိုလ်မှ ကျောင်းသား အတွက် ဆေးကုသ စရိတ် ထုတ်ပေး ကူညီ ခဲ့တဲ့ ကျွန်မရဲ့ တကသိုလ်မှ ဌာနမှူးနဲ့ ဆရာ ဆရာမများ၊ အစစ ကူညီ ခဲ့ကြတဲ့ ရုံး ၀န်ထမ်းနဲ့ ကျန်းမာရေး ၀န်ထမ်းများ၊ လူသား တစ်ယောက်ရဲ့ စွမ်းရည်မဲ့ ပင်ကိုယ် တန်ဖိုးကို အဖိုး မဖြတ် နိုင်တဲ့ ဂရုစိုက် အားပေး ချစ်ခင်မှု တွေနဲ့ ချိန်ထိုး ပြသခဲ့တဲ့ ကျွန်မရဲ့ မိတ်ဆွေ သူငယ်ချင်း အားလုံး ကိုလည်း အထူး ကျေးဇူးတင် မိပါတယ်။ ကျွန်မ လောကဓံကို ခံနိုင်ရည် ရှိနေ ခဲ့တာ ဒီလို မိတ်ဆွေ သူငယ်ချင်းကောင်း များကြောင့်သာ ဖြစ်ပါတယ်။ ကျွန်မမှာ တကယ် မရှိတဲ့ အရည်အချင်းတွေ အတွက် ရရှိမယ့် ချီးမွမ်း သြဘာသံ တွေကို ကျွန်မ တကယ် ကြောက်တတ် ပါတယ်ရှင်။ ဒါကြောင့် ကျွန်မမှာ တကယ် မရှိတဲ့ အရည်အချင်း များနဲ့ အားနည်းချက် တွေကို အခုလို ၀န်ခံ လိုက်ရတာ ဖြစ်ပါ တယ်ရှင်။
ရှန်ဂရီလာ (YTU) ဆိုတဲ့ ကလောင်ခွဲနဲ့ သံလွင်အိပ်မက် အမှတ်(၅) ဒီဇင်ဘာ ၂၀၀၅ မှာ ဖော်ပြခဲ့ဖူးတဲ့ ဆောင်းပါး ဖြစ်ပါတယ်။
No comments:
Post a Comment