Tuesday, July 17, 2007

ကိုယ်ချင်း၊ သူချင်းစာ တရား လက်ကိုင်ထားမယ်

ခေါင်းစဉ်ကို ဖတ်ပြီး သူများထက် မထူးထူးအောင် ကွန့်တယ်လို့ အထင်တော် မစောဖို့ တောင်းပန်ချင် ပါတယ်။ ကိုယ်ချင်းစာတရားထက် ပိုပြီး တဖက်လူကို စဉ်းစားပေးတဲ့ သူချင်းစာ တရားပါ။ မျက်နှာဖုံးစွပ် တွေကို ပြူးကြည့်ပြီး ခွဲခြားရလွန်းလို့ ပြူးလာတဲ့ မျက်လုံးတစ်စုံ၊ ခါးဖက်ပြီး ထိုးတဲ့ ဓားတွေ စိုက်နေတဲ့ ဒဏ်ရာဗလပွနဲ့ နောက်ကျော ၊ ပုခုံးဖက် လာပေါင်းတာ လက်ခံရင်း သူများ တံတောင်ဆစ်ကွေးထဲ ရောက်ခဲ့ဖူး တဲ့ လည်ပင်း တချောင်းတို့နဲ့ တန်ဆာဆင်ထားတဲ့ ခန္ဓာတစ်ခုကို ကျွန်မ မနိုင်မနင်း ပိုင်ထားပါတယ်။ ကျွန်မအတွက် တော့ ထုသားကျလို့ မာပြီးသား ငါးဖယ်မို့ တော်ရုံလောကဓံက ကျွန်မအတွက် ရိုးနေပါ တယ်။ အပျင်းပြေ သဘော လောက်ပဲ ရှိနေတာပါ။ သည်တော့ ကျွန်မရဲ့ ကိုယ်ချင်းစာတရားက သည်လောက်တော့ ခံနိုင်ရည် ရှိသင့်တာပေါ့ ဆိုတာလို မျိုးများ ဆန်နေမလား မပြောတတ်ပါဘူး။
ကိုယ်ချင်းစာ တရားကြောင့် ကျွန်မရော၊ ကျွန်မရဲ့ သူငယ်ချင်းတစ်ယောက်ရော ဒုက© ကောင်းကောင်း ရောက်ဖူးပါတယ်။ ဆယ်တန်းမှာ သူက ရည်းစားထားပါတယ်။ မနူးမနပ် သူဌေးသမီးမို့ လာခွာတဲ့ ပိုင်းလုံး လေးပါ။ ကျွန်မက တွေ့သမျှ လူနဲ့ စုံအောင် ပေါင်းတတ်သူ ဆိုတော့ ကုန်စိမ်းဒိုင်ကနေ အဲဒီပိုင်းလုံး အကြောင်းကို ကြားထားပြီးသားပါ။ သူက ကျူးကျော်ရပ်ကွက် မှာနေပါတယ်။ ကျူးကျော်မှာ နေသူမို့ သူ့ကို နှိမ်ချင်တာ မဟုတ်ပါဘူး။ ကျူးကျော်မှာလည်း ကျွန်မရဲ့ သူငယ်ချင်းတချို့ နေပါတယ်။ ၀ါရင့် ပိုင်းလုံးမို့ သူနဲ့ငြိပြီးသား မိန်းကလေးတွေ များပြီးသား ပေမယ့် သူ့စကားလုံး တွေမှာ တော်ရုံ အသည်းမာ တဲ့ မိန်းကလေးတွေ ပျော်ဝင် သွားကြတာ ချည့်များပါတယ်။ ဒါပေမယ့် သူ့ အရင် ကောင်မလေး တွေထက် ကျွန်မရဲ့ သူငယ်ချင်းက အပြတ်အသတ် ချမ်းသာသူ သို့မဟုတ် သူ့ တသက်စာ အသုံးအ၀င်ဆုံး သူဖြစ် တာမို့ ကျွန်မသူငယ်ချင်းကို အပိုင်ကပ်ပြီး အရင်ကောင်မလေးတွေကို သူက ဖြတ်လိုက်ပါတယ်။ ကျွန်မတို့ ပြန်မသိနိုင် လောက်ဘူးလို့ သူယူဆတဲ့ သူ့ပတ်ဝန်းကျင်မှာ သူ့လေလုံး ကြွားမှုများဟာ ကျွန်မရဲ့ နားစည် ကို ဖြတ်ရိုက် လိုက်သလိုပါပဲ။ ပိုင်းလုံးကို သိပ်မုန်းသူပီပီ မခံမရပ်နိုင် ဖြစ်လှစွာနဲ့ သူငယ်ချင်းကို အဲဒီ ကောင်လေး အကြောင်း အားလုံး ပြောပြပြီး ရည်းစားကို အတင်းဖြတ်ခိုင်းပါတယ်။ အကြောင်းက သူ့အဖိုး သိသွားရင် သူ့အဖိုးက အလျှော့ မပေးတမ်း အတင်းဖြတ်ပြီး သူကျောင်းထွက် ရမှာ မို့ပါ။ ပြီးတော့ သူ့ တမိသားစုလုံးက အဖိုးအိမ်မှာ နေကြရတော့ တမိသားစုလုံး မျက်နှာငယ်ရမှာ စိုးတာလဲ ပါပါတယ်။ နောက်ဆုံး သူ့ကောင်လေးရဲ့ မျက်နှာဖုံးက ကျွန်မကြောင့် ကွာသွားပါရော..

ကျွန်မရဲ့ ကိုယ်ချင်းစာ တရား က သူအလိမ်ခံရပြီး တသက်လုံး ဒူးနဲ့ မျက်ရည် သုတ်ရမှာ စိုးရိမ်တဲ့ အလိမ်မခံရစေချင်တဲ့ ကိုယ်ချင်းစာ တရားပါ။ သူလဲ ကျွန်မရဲ့ အဖန်ဖန် နားချမှုတွေ ကြောင့်ရော၊ သူ့အဖိုးသိရင် ကောင်လေး ဒုက္ခ ရောက်ချင် ရောက်နိုင်တယ် ဆိုတဲ့ ခြောက်လုံးရယ်နဲ့ ကြောင့် သူက သူ့ကောင်လေးကို ဖြတ်လိုက်ပါတယ်။ မောင်မင်းကြီးသားရဲ့ အစွယ်က အဲဒီမှာ ပေါ်ပါတယ်။ မိန်းကလေးက စဖြတ်တာ ခံရတာ ရာဇ၀င်မရှိဘူး ဆိုတာရော၊ နင့်ကိုငါက တကယ်ကြိုက်တယ် မထင်နဲ့တွေရော တော်တော် အောက်တန်းကျတဲ့ ဇာတ်ရုပ် ပေါ်လာပါတယ်။ သူတို့ ဆိုးဆိုးရွားရွား ရန်ဖြစ်ကြပါတယ်။ နောက်တော့ လူယုတ်မာ အကြံသမားက သူ့ကို ပြန်ဖြားယောင်း ပြန်ပါတယ်။ သူငယ်ချင်းပြလို့ ဖတ်ရတဲ့စာထဲမှာ သူ့အသက်မွေး ၀မ်းကြောင်း ကိုယ်တိုင်က ပိုင်းလုံးပီပီ နုဖတ်တဲ့ ချစ်စကား ပြောနည်းမှာ တဖက်ကမ်းခတ်တဲ့ စကားလုံးတွေပါပဲ။ စိတ်ဆိုး ရင်နာလွန်းလို့ စိတ်မထိန်းနိုင်ဘဲ ပြောမိတဲ့ စကားတွေ အတွက် ပါးစပ်ကို ကြိုက်သလောက် ပြန်ဒဏ်ခတ် ပါမှ ကိုယ့်ကိုယ်ကို ခွင့်လွှတ်နိုင်မယ် ဆိုတာမျိုး တွေပါ။ လူရှေ့မှာ အရှက်တကွဲ ဆဲဆိုပြီးမှ လူကွယ်ရာမှာ လာပြန် တောင်းပန်တာ အလုပ်မဟုတ် လှပါဘူး။ ဒါပေမယ့် အရှက်သိက©ာ ကိုတော့ တန်ဖိုးထားသေးတဲ့ သူငယ်ချင်းဟာ လူကို ပြန်လက် မခံတော့ပေမယ့် သူ့စကားလုံး တွေကိုတော့ လက်ခံမိဟန် တူပါတယ်။ သူစိတ်မကုန်သေးပေမယ့် ပိုင်းလုံးလေးကို ပြန်လက်မခံ တော့ပါဘူး။ ဒါပေမယ့် သူ့စိတ်ထဲက မွှန်နေတဲ့ ချစ်စိတ်တခုနဲ့ သိသိနဲ့ အလိမ်ခံ ချင်နေလို့ မသိဟန် ဆောင်နေတာကို ကျွန်မရဲ့ ကိုယ်ချင်းစာတရားက သူ့ကို အမှန်ကို ရင်ဆိုင်ခိုင်း လိုက်သလို ဖြစ်ခဲ့ရပါတယ်။ အဲဒီသူငယ်ချင်း ကျွန်မကို အမုန်းကြီး မုန်းခဲ့ပါ တယ်။ သူ့ဘ၀ရဲ့ အပျော်တွေကို ကျွန်မ တကယ် ဖျက်ဆီး မိခဲ့သလား။ အချစ်ဆိုတာကို ဘာမှန်းမသိ သေးတဲ့ ကျွန်မဟာ သူ့ရဲ့ ခံစားချက်ကို ဘယ်လိုဟာမျိုးလဲ လို့တောင် မစဉ်းစားတတ်ဘဲ ငါကသူ့ကို ခင်လို့ ချစ်လို့ သူဒုက©ရောက်မှာ စိုးရိမ်လွန်းလို့ ပိုင်းလုံးက ချောင်းရိုက်မှာတောင် မကြောက်နိုင်ဘဲ သူ့အတွက် စဉ်းစားပေးတာကို မုန်းရက်လေခြင်းလို့ ခံစားခဲ့ ရဖူးပါတယ်။ ကျွန်မရဲ့ ကိုယ်ချင်းစာ တရား ဟာ အမှားဖြစ်ခဲ့ရင်တောင် စေတနာ အမှားသာ ဖြစ်ပါလိမ့်မယ်။
နောက်တခေါက် ကြုံရတာက လွန်ခဲ့တဲ့ ၂နှစ်လောက်ကပါ။ ကျွန်မရဲ့ ကျောင်းကို ရောက်လာတဲ့ ညီမငယ် တစ်ယောက်ကို ကျောင်းတက်ရင်း ကြုံရတတ်တဲ့ ပြသနာတွေကို ကြိုရှောင်နိုင်အောင် သတိပေးမိပါတယ်။ နိုင်ငံခြားမှာ တော်ရုံ ပြသနာတက်ရင် ကိုယ်တိုင်ဖြေရှင်းရပါတယ်။ ကိုယ့်ကို အားပေးမယ့်သူ၊ ကူညီဖြေရှင်း ပေမယ့်သူ ရှိဖို့ဆိုတာ တော်တော်ခဲယဉ်းတာမို့ ပြသနာကို ကြိုရှောင်နိုင်အောင် ဆိုတဲ့ စေတနာနဲ့ပါ။ ကျွန်မကိုယ်တိုင်ကလဲ နေရာအသစ်ကို သွားမယ်ဆိုရင် အဲဒီနေရာအကြောင်းကို အသေးစိတ် အရင် စုံစမ်းပြီးမှ သွားလေ့ရှိတော့ သူ့ကိုလည်း အဲလိုပဲ ကိုယ်ချင်းစာပြီး သတိပေးမိတာပါ။ ဒါပေမယ့် သူမရဲ့ အတွေးက ကျွန်မနဲ့ ဆန့်ကျင်ဘက် ဖြစ်ခဲ့ပါတယ်။ ပြသနာကို တွေ့မှသာ မျက်နှာချင်းဆိုင် ဖြေရှင်းလိုက် တော့မယ်။ မနိုင်လဲ ခံလိုက်မယ်။ ဘယ်တော့ ပြသနာ ရောက်လာမယ်ဆိုတာ ကြိုသိနေလို့ စိတ်ပင်ပန်းတာ မခံနိုင်ဘူးတဲ့လေ။ ကောင်းရော.. စေတနာတွေ ဝေဒနာ ဖြစ်ခဲ့ရပါတယ်။ သူ့မိဘအိမ်မှာ တဦးတည်းသော သမီးအဖြစ် သူနေခဲ့စဉ်က ကြုံခဲ့ရတဲ့ ခံနိုင်ရည် ရှိလောက်တဲ့ ပြသနာတွေပဲ သူ့ဆီကို လာမယ်လို့ ထင်ထားလား တော့မသိ.. လူတကိုယ် အတွေးတမျိုးမို့ ကျွန်မရဲ့ ကိုယ်ချင်းစာ တရားလေး လျစ်လျူရှု ခံရတာ ထက်မက ခံစားလိုက်ရပါတယ်။
ဒါ့အပြင် ကိုယ်ကိုယ်တိုင်ကိုက တော်ရုံနဲ့ အားမငယ်တတ်တဲ့ ကျွန်မဟာ သူများ အားငယ်စိတ် ၀င်မှာ ကိုလည်း နားမလည်တတ်ခဲ့တာ သိပ်မကြာတဲ့ အချိန်တခုထိပါဘဲ။ အကြောမာတဲ့ ကျွန်မရဲ့ စိတ်ကြောင့် သူများလည်း ဒီလောက်တော့ ခံနိုင်ရည် ရှိမှာပဲလို့ ထင်တတ်တာ၊ ကိုယ့်ကို သူများ သနားတာ မခံချင်တဲ့ စိတ်အခံ ကြောင့် သူများ ကိုလည်း တော်ရုံနဲ့ မသနားတတ်တာ၊ ဖာသိဖာသာ နေတတ်တဲ့ ကျွန်မရဲ့ လှိုက်လှဲမှုဟာ သူများအတွက် မလုံလောက်တာ၊ ဒါတွေအားလုံးဟာ ကျွန်မရဲ့ ကိုယ်ချင်းစာတရားနဲ့ သူတပါး အံမ၀င်တဲ့ အချက်တွေ ဖြစ်လာခဲ့ပါတယ်။ သူများ မေးလာရင် ဒဲ့စဉ်းစားပြီး အမှန်အတိုင်း၊ စိတ်ထဲ မှာ သည်မေးခွန်းအတွက် အဖြေထွက်တဲ့ အတိုင်း ဒဲ့ဖြေတတ်တဲ့ ကျွန်မရဲ့ အဖြေတွေက သူတပါးကို ထိခိုက်စေ သလား၊ သူတပါးက မဖြေနိုင် တဲ့အခါ အားငယ်မလား ဆိုတာတွေကို မတွေးခဲ့မိ ဖူးလောက် အောင် ကျွန်မ နုံခြာခဲ့ပါတယ်။ Forrest Gump ဇာတ်ကားလေးကို ကြည့်မိတော့မှ Jenny ကသူ့အိမ်ကို ခဲနဲ့ပေါက်ရင်း ငိုတော့ Forrest က ခဲကုန်လို့ ငိုတာ ထင်တယ်လို့ တွေးချိန်မှာ ငါနဲ့ အတွေး သိပ်မကွာ ပါလားလို့ တွေးမိပါတယ်။
တနေ့က မွန်းသက်ပန်နဲ့ ဂျီတော့မှာ ချတ်ရင်း ကျွန်မရဲ့ ဘလော့က စာလုံးလေးတွေ သေးနေသလိုမို့ ကြီးရင်ကောင်းမယ်လို့ သူက အကြံပေးပါတယ်။ ပြီးတော့ ကိုယ်ချင်းစာပါ လို့ သူကပြောပါတယ်။ ကိုယ်တိုင်စာရိုက်တုန်းကတော့ မျက်စိက မှုန်မှုန်မို့ ဖောင့်ကို ၁၆ထိကြီးပြီးမှ စာရိုက်ပြီး၊ သိမ်းတော့မှ ဖောင့်ကို ပြန်ချိန်ပြီး သိမ်းလေ့ရှိပါတယ်။ ကျွန်မကလည်း ဘတ်စ်ကားပေါ်က ကားနံပါတ်ကို ကားက ကိုယ့်ရှေ့ တည့်တည့် ရောက်မှ မြင်အောင် ဖတ်နိုင်သူ ဆိုတော့ ငါမျက်စိမွဲတိုင်း သူများ မွဲတာမှ မဟုတ်တာ ဆိုပြီး ဖောင့်ကို normal နဲ့ သိမ်းလိုက်မိတယ် ထင်ပါတယ်။ မမြင်မကန်းနဲ့ ဘလော့ ရေးချင်တာလဲ ကျွန်မရဲ့ အားနည်းချက် တွေထဲက တစ်ခု ထင်ပါရဲ့။ ပြောင်တတ် နောက်တတ် လွန်းတဲ့ အစ်ကိုတွေနဲ့ ကြီးပြင်း လာတဲ့ သူပီပီ ထားပါတော့လို့ ပြောတဲ့စကားကို ဘယ်နားထားရမလဲ လို့ ပြန်နောက်ပါတယ်။ ဘလော့ ပေါ်က ဘယ်ဟာကို ပြောတာလဲလို့ ပြန်မေးမှ ကျွန်မ နောက်တာကို သူနားမလည်မှန်း သိလိုက်ရပါတယ်။ မွန်းသက်ပန်ရဲ့ စကားလေး တစ်ခွန်းက ကျွန်မကို အမြင်ဖွင့်ပေးလိုက်သလိုပါပဲ.. ဟုတ်ပါရဲ့.. ကျွန်မရဲ့ ရေခဲရိုက် စရိုက်နဲ့တော့ ကိုယ်ချင်းစာလို့ မဖြစ်ပေဘူး။ သူချင်းစာမှ ဖြစ်တော့မယ် လို့လေ။ မဟုတ်ရင် မလိုလား အပ်တဲ့ နားလည်မှု အလွဲတွေကြောင့် ကျွန်မရဲ့ အချစ်ဆုံး ငယ်သူငယ်ချင်း က ကျွန်မကို တသက်စာ အမုန်းကြီး မုန်းသွားရ သလိုမျိုး ထပ်အဖြစ် မခံနိုင် တော့လို့ပါ။ ကဲ.. သူငယ်ချင်း တို့ရေ.. ကျွန်မ သူချင်းစာ နိုင်အောင် ကြိုးစားတော့ မယ်နော်.. နောက်မကျသေးဘူး ထင်ပါရဲ့ .. တကယ်လို့ အချိုးမပြေ တာလေးတွေ ရှိရင်လဲ Forrest Gump လို အူကြောင်ကြောင်လို့ သဘောထား ပြီးသာ ခွင့်လွှတ်လိုက်ကြပေတော့… နော်..

No comments: