Saturday, July 21, 2007

သုဉ်းသုံးပါးနဲ့ ယတြာ သုံးမျိုး

သည်ဘလော့လာ ဆွေသဟာများ ဟိုက်ခနဲ မဖြစ်စေချင်ပါ။ ဘ၀မှာ အဲလိုပဲ မထင်တာတွေ ကြုံရသလို ကိုယ်တိုင် မှာလဲ ဖြစ်ပျက်တတ်ပါတယ်။ ဥပမာ ကျွန်မ ဗေဒင်သင် ဖြစ်ရတဲ့ အကြောင်းလိုပေါ့။ ဗေဒင်ဆရာ က ဖြူမယ်ဟောရင် ရေကို မချိုးဘူး ဆိုတာလို အရွဲ့တိုက် တတ်တဲ့ သည်လောက်ကို ဗေဒင်မယုံတဲ့ ကျွန်မ။ အဘ ဘုန်းတော်ကြီးရဲ့ ကောင်းမှုနဲ့ မတတ်မနေ ဇွတ်သင်ပေးလို့ အမျိုးများက ၀ိုင်းဝန်းတိုက်တွန်းလို့ သင်ဖြစ် သွားပါတယ်။ ဘဘုန်းနားမှာ ဗေဒင်သင် ပေးနိုးနဲ့ ချဉ်းကပ်နေတဲ့ လူတွေ၊ ကိုရင်ကြီးတွေ၊ ဘုန်းကြီး တွေ အများကြီးမှ အများကြီးပါ။ ဘုန်းဘုန်းက ဒီလောက် သင်ပေးချင် နေရင် သူတို့ကို သင်ပေး လိုက် ရောပေါ့ ဆိုတော့ ဇာတာ မကြိုက်လို့တဲ့။ သူများကို လုံးဝကို အားနာ ပါးနာ သနားစွာနဲ့တောင် သင်မပေးပါဘူး။ ကျွန်မကိုတော့ သူ့ဆီသွားပြီး ဝေယျာဝစ္စ သန့်ရှင်းရေး သွားလုပ် ပေးရတိုင်း သင်ခိုင်း ပါတယ်။ နောက်တော့ သင်ဖြစ် သွားတာ မိဘများရဲ့ ညည်းဘကြီးက အသက် ကြီးနေပြီ သူစိတ် ချမ်းသာ ပါစေ ဆိုတဲ့ စကားကြောင့်ပါ။ ခုတော့ ဘဘုရားကို ကျေးဇူးတွေ အထပ်ထပ် တင်ပြီး ကန်တော့ပန်း ဆင်နေရ ပါတယ်။
ကဗျာကို ဟိုစပ်စပ် ဒီစပ်စပ် ၀ါသနာပါသလို လျှောက်စပ်တတ်တဲ့ ကျွန်မက ဆီးဘန်းနီဆရာတော်ရဲ့ သုဉ်း သုံးဝကဗျာကို ကြိုက်ကြောင်း လျှောက်မိတော့ ဘဘုန်းက အဲဒါ ကဗျာမဟုတ် ဗေဒင်တွက်နည်းလို့ ပြောပါ တယ်။ ပြီးတော့ အောက်ပါအတိုင်း တွက်နည်းကို သင်ပေးပါတယ်။

၁. ရောက်နေတဲ့ ကောဇာသကရာဇ်ကို တည်၊ (--)နဲ့စား၊ ရတဲ့အကြွင်းကို မှတ်ထားပါတဲ့။
၂.ထီးဆိုတဲ့အတိုင်း တိုင်းပြည်ရဲ့ ထီးသဖွယ် ဖြစ်နေတဲ့ သူရဲ့ အနွတ္တအမည်၊ လူခေါ် အများဆုံး အမည်ကို ရှေ့ဆုံး စာလုံးနဲ့ နောက်ဆုံးစာလုံးတို့ရဲ့ ဂဏာန်းသင်္ချာကို ပေါင်းယူပါတဲ့။ ဥပမာ သီပေါမင်းဆိုရင် မင်းကိုဖျောက်ပြီး သီ=၆၊ ပေါ=၅ မို့ ရလာဒ်က ၁၁ဖြစ်ပါတယ်

၃. နန်း ဆိုတဲ့အတိုင်း နန်းတည်ရာအရပ်အမည် သို့မဟုတ် နန်းအမည် ကို (လူခေါ် အများဆုံး အမည်ကို ) ဥပမာ မြနန်းစံကျော် ဆိုတဲ့ မန္တလေး နန်းတော်ရဲ့ အမည်ဆိုရင် မြ=၅ နဲ့ ကျော်=၂ မို့ ရလာဒ်က ၇ဖြစ် ပါတယ်
၎. မြို့ ဆိုတဲ့အတိုင်း သည်ကဗျာ ရေးစပ်ခဲ့တဲ့ အချိန်မှာ မြို့တော် မန္တလေး ဖြစ်ပေမယ့် အဲဒီခေတ်က လူတွေ က ရတနာပုံ လို့သာ ခေါ်တာမို့ ရှေ့ဆုံးစာလုံးနဲ့ နောက်ဆုံးစာလုံးတို့ရဲ့ ဂဏာန်းသင်္ချာကို ပေါင်းယူတဲ့အခါ ရ= ၈နဲ့ ပုံ=၅ မို့ ပေါင်းလဒ် ၁၂ ရပါတယ်။
သီပေါမင်း ပါတော်မူချိန်ကို နမူနာထား တွက်ကြည့်ပါမယ်။ နံပါတ် ၁က အကြွင်းကို နံပါတ် ၂က ရလာဒ်နဲ့ ပေါင်း ပြီး (--) နဲ့မြှောက်လို့ (--) နဲ့စားရင် အကြွင်း သုည ရပါတယ်။ ထီးသုဉ်းတယ်လို့ ခေါ်ပါတယ်။ အဲဒီလိုပဲ ကျန်တဲ့ နန်းအတွက် ရတဲ့ ဂဏာန်းကို အထက်ပါ ပုံသေနည်းအတိုင်း ထည့်တွက်ရင် သုည ထပ်ကြွင်းပါ တယ်။ ဒါကြောင့် နန်းသုဉ်းပါတယ်။ မြို့လည်း အဲလိုပဲ သုဉ်းပါတယ်။ ဒါကြောင့် ပညာရှင်များ ဟာ မြန်မာတို့ အင်္ဂလိပ်လက်အောက် ကျရောက်မှာ သေချာနေလို့ တိမ်းရှောင်ဖို့ အချိန်ရခဲ့ ကြပါတယ်။
ဒါ့အပြင် မြန်မာ နိုင်ငံကို ကိုယ်စားပြုတဲ့ ဟင်္သာပုံ နက္ခတ်ဟာ အဲဒီအချိန်မှာ အင်္ဂလိပ်ကို ကိုယ်စားပြုတဲ့ သဘောင်္ပုံကြယ်စု နက္ခတ်ရဲ့ အောက်မှာ ရောက်နေတဲ့အတွက် အနင်းခံထားရတယ်လို့ ပညာရပ်မှာ ပြဆိုထားတဲ့အတွက် အင်္ဂလိပ် အသိမ်းခံ ရမှာက သေချာနေပါတယ်။ ပုဂံမင်းလက်ထက် ကတည်းကစပြီး တိုင်းပြည် မငြိမ်မသက် ဖြစ်နေတဲ့ အခါမို့ အခြေအနေ ပေါ်လိုက်ပြီး အကုသိုလ် စိတ်တွေ များနေခဲ့တာမို့ မြန်မာ တမျိုးသား လုံးရဲ့ ကံကလည်း ညံ့နေတဲ့ အချိန်မို့ တတိုင်းပြည် လုံး ကံတက်အောင် မင်းတုန်းမင်း တရားကြီးက ပဉ္စမ သင်္ဂါ ယနာ တင်ခြင်းဖြင့် တတိုင်းပြည် လုံးအတွက် ဓမ္မ ယတြာ ချေရင်း ကုသိုလ်ပြုခဲ့ ပါတယ်။ မင်းတုန်းမင်း ကြီးရဲ့ မိဘုရား ခေါင်ကြီး စကြာဒေ၀ီဟာ ဗေဒင် ခေါ် ဝေဒကျမ်း လေးပုံ (ပိဋကတ် သုံးပုံနဲ့ မှားလေ့ ရှိပါတယ်) ကို တဖက်ကမ်း ခတ်အောင် တတ်မြောက်သူ အာဇာနည် အမျိုးသမီးကြီး ဖြစ်ပါတယ်။ ခမည်းတော် သာယာ ၀တီမင်းနဲ့ အစ်ကိုတော် ပုဂံမင်းတို့ရဲ့ သတ်မိန့်ကို ပယ်နိုင်ခွင့် ဇီဝိတ ဒါန ဆု ရသူ တဖြစ်လဲ မိဘုရားကြီး ဖြစ်ပါတယ်။ သူ့ရဲ့ တပည့် ကတော့ ယောအတွင်းဝန် ဦးဖိုးလှိုင်ပါ။ ဒါကြောင့် မင်းတုန်းမင်းကြီး လက်ထက်မှာ အင်္ဂလိပ်တွေ ကျူးကျော်ဖို့ လမ်းစရှာရာမှာ ရှာတိုင်း လဲ မင်း၊ မိဘုရားကြီးနဲ့ ဦးဖိုးလှိုင်တို့ရဲ့ အကြံအစည် တွေကြောင့် သီသီလေး လွတ်ခဲ့ပါတယ်။ ငမောက် ပတ္တမြား ပြသနာရှင်းခန်းက နာမည်ကျော်ခဲ့ပါတယ်။ ဗုဒ္ဓနဲ့ ဓမ္မယတြာတို့ကြောင့် မြင်ကွန်း မြင်းခုံတိုင်အရေးတော်ပုံ မှာ မင်းတုန်းမင်းနဲ့ စကြာဒေ၀ီ မိဘုရား ခေါင်ကြီးတို့ လုပ်ကြံမခံရဘဲ လွတ်မြောက်ခဲ့ကြပြီး အထက်လမ်း အစီအရင်များကို လိုက်စားသူ ညီတော် ကနောင်မင်းကတော့ ခေါင်းပြတ်ရုံသာမက ငါ့ဦးလေး ဒုတ်ပြီးဓားပြီး ဆိုလို့ အဟုတ်မှတ်တယ် ငှက်ပျောတုံး ခုတ်ရ သလောက် မခက် လို့ အပြောခံလိုက်ရပါသေးတယ်။ ကနောင် မင်းသားဟာ အထက်လမ်း အစီအရင်များကို ဆောင်ထားတာမို့ တော်ရုံ တုတ်၊ ဓား၊ လှံများနဲ့ ထိုးခုတ် ရိုက်နှိက်လို့ မရတာ မှန်ပေမယ့် သူ့အစီအရင် ထက် ပြင်းထန်တဲ့ ကိုးသင်္ချိုင်း သံဓားနက် ကိုတော့ မခံနိုင်တော့ဘဲ အသက်ဆုံးခဲ့ရပါတယ်။
သည်နေရာမှာ ပညာရပ်ပိုင်းအရ ဗုဒ္ဓနဲ့ ဓမ္မယတြာ၊ အထက်လမ်း ဆိုင်ရာ ယတြာနဲ့ အောက်လမ်း ဆိုင်ရာ ယတြာရယ်လို့ ယတြာ ချေနည်း အုပ်စု ၃စု ရှိပါတယ်။ ဗုဒ္ဓနဲ့ ဓမ္မ ယတြာကတော့ အစွမ်းဆုံးနဲ့ ဘယ်သူမှ အန္တရာယ် ပေးလို့ မရတဲ့၊ မနိုင်နိုင်တဲ့ အထွဋ် အမြတ်ဆုံး ယတြာပါပဲ။ ဗုဒ္ဓနဲ့ ဓမ္မကို ရင်ထဲမှာ ကိန်းထားရင် အထက်လမ်း၊ အောက်လမ်း အစီအရင်များ မည်မျှပင် ထက်မြက် နေပါစေ မြတ်စွာဘုရားရဲ့ တန်ခိုးတော် အနန္တ အောက်မှာ ပြားပြားဝပ်သွားတာပါ။ ဗြဟ္မာမင်း တချို့ကိုတောင် ပူးဝင် နှိပ်စက် နိုင်တဲ့ မာရ်နတ်မင်းနဲ့ သူ့စစ်သည် တို့ကိုတောင် အောင်နိုင်ထားတဲ့ မြတ်စွာဘုရားရဲ့ ဂုဏ်တော်နဲ့ အဆုံးအမတို့ကို နှလုံးသား ထဲ ကိန်းဝပ်ထားတဲ့ လူတိုင်းဟာ ၀ဋ်နာကံနာ ကြောင့်က လွဲလို့ မည်သူ့ရဲ့ နှိပ်စက်မှု ကိုမှ မခံရနိုင်ပါဘူး။ မည်သူကမှ စိတ်ညှို့လို့ မရသလို ဘယ်နတ် ကမှလည်း ပူးဝင်လို့ မရနိုင်ပါဘူး။ ဘယ်အစီအရင် ကမှလဲ ဒုက္ခ မပေးနိုင်ပါဘူး။ တခြား ဘာနည်းကမှ သည် ဗုဒ္ဓနဲ့ ဓမ္မယတြာကို ကျော်အောင် မစွမ်းဆောင်နိုင်ပါဘူး။
ဗုဒ္ဓနဲ့ ဓမ္မယတြာ ဆိုတာ မိမိရဲ့စိတ်အတွင်းမှာ ဓမ္မ စေတီ တည်ခြင်း ၊ ဘုရား ဂုဏ်တော်ကို ပွားများ နေခြင်း၊ ဘုရား၏ အဆုံးအမ သြ၀ါဒကို လိုက်နာခြင်း (ပြုလုပ်သူ မိမိကိုယ်တိုင် အတွက်ပဲ လုံခြုံပါတယ်)၊ ဘုရား စေတီ ပုထိုးများတွင် ကုသိုလ်ဖြစ် လုပ်အားပေး ခြင်း၊ တရားတော် အစစ်များ ပြန့်ပွားအောင် ဖြန့်ဖြူးခြင်း (မိမိနဲ့တကွ ပါဝင် ပတ်သက် သူများ အားလုံး အတွက်ပါ လုံခြုံ ကုသိုလ်ရ စေပါတယ်) ၊ သာသနာ သန့်ရှင်းရေး ပြုလုပ်ခြင်းနှင့် သင်္ဂါယနာ တင်ခြင်း (စိတ် စေတနာ သန့်သန့်နှင့် လုပ်နည်း လုပ်ဟန် မှန်ကန်စွာ လုပ်တတ်ရန် အရေးကြီးပြီး စေတနာ မသန့်ပါက၊ လုပ်နည်း မှားပါက ကိုယ်တိုင် မကယ်နိုင် ကယ်မရ လောက်အောင် ဒုက္ခရောက် တတ်ပါသည်) ၊ တရားတော် များကို အနက် အဓိပ္ပာယ် သိသိ စိတ်တွင် အနှစ်ပါပါ ရွတ်ဖတ် သရဇ္ဈာယ်ခြင်း တို့ပါဝင် ပါတယ်။ သည် ယတြာ တွင် စိတ်စေတနာ မသန့်မှု ကြောင့် တန်ပြန် ဒဏ် သက်ရောက် ခဲ့ပါလျှင် စိတ် ဒုံးဒုံးချကာ စိတ်ထား အမှန်ဖြင့် ပြန်လည် ၀န်ချ တောင်းပန် ခြင်းဖြင့် အပြစ် လျော့ပေါ့ ပပျောက် တတ်ပါသည်။ သည် ယတြာမှာ သူတပါးကို မကောင်း ကြံစည်လို့ လုံးဝ အသုံးချလို့ မရနိုင်ဘဲ မိမိကိုယ်ကို ကာကွယ်ဖို့သာ သုံးလို့ရတာ ဖြစ်ပါတယ်။ သည်ယတြာ များကို ပြုလုပ်ခြင်းဖြင့် လောကီတွင် အဆင်ပြေ ခြင်းရော လောကုတ္တရာတွင် အထုံဝါသနာ ပါခြင်းပါ ပြီးပြည့်စုံပြီး ကောင်းကျိုး ပေးကာ ယတြာ အတွက် သက်သက် ပြုခြင်း မဟုတ်ဘဲ ဘာသာတရားကို သက်ဝင် ယုံကြည် ကိုင်းရှိုင်းမှုဖြင့် သူတော်ကောင်း တရားများ ပြည့်စုံလာပြီး ပါရမီ ရင့်သန်လာပါက သံသရာ ပြတ်ပြီး နိဗ္ဗာန် သို့ပါ ဆိုက်ရောက် စေနိုင်ပါသည်။ ဥပမာအနေဖြင့် အနာထပိဏ် သူဌေးကြီးရဲ့ သား မောင်ကာဠ လို ပိုက်ဆံ လိုချင်လို့ တရားနာရင်း သောတာပန် တည်ခွင့် ရသလိုပင် ဖြစ်ပါသည်။
အထက်လမ်းဆိုင်ရာ ယတြာကတော့ အဆောင်နဲ့ အကျင့် ၂မျိုးရှိကာ အဆောင်တွင် အင်း၊ ဓာတ်လုံး၊ ဓာတ်ဆင်၊ ဓာတ်ရိုက်၊ ဇော်ဂနီ ဇော်ဂနက် စမရုပ် များ အသက်သွင်း မန်းမှုတ် ခိုင်းစေခြင်း၊ သျှိုရုပ်များ ထုလုပ် စီရင် ထားခြင်း၊ အကျင့်တွင် အဓိဌာန် ၀င်ခြင်း၊ ဂါထာ မန္တာန်များ ရွတ်ဖတ် ခြင်း ( ဓမ္မယတြာမှ ဂါထာများနှင့် မတူသော သက်ဆိုင်ရာ ပညာပိုင်း ဂါထာများဖြစ်ပြီး ကျင့်စဉ်ပါသော ဂါထာများ နှင့် ကျင့်စဉ်မပါသော ဂါထာများ ၂မျိုး ရှိပါသည်) အစရှိ သည်တို့ ဖြစ်ပါသည်။ အောက်လမ်းနှင့် အထက် လမ်း ပညာခန်း ၂ရပ်မှာ ရန်ဖက်များ ဖြစ်ကြပြီး ယင်းတို့ နှစ်ဖက်တွင် မည်သူ သာသည်ဟု တထစ်ချ လှေနံ ဓားထစ် ပြောလို့ မရနိုင်ဘဲ အစီအရင်များ စီရင်နေဆဲတွင် အနှောင့်အယှက်များ အပြိုင်ဝင် လေ့ရှိရာ ပိုအား ကြီးသူ နိုင်လေ့ရှိပြီး အစီအရင်တချို့ ပျက်စီးသည် များလည်း ရှိတတ်ပြီး ပျက်မှန်း မသိ ပျက်သော အစီ အရင် များကို (အင်း၊ ဓာတ်လုံး စသည်) အကောင်း ထင်မှတ် သုံးဆောင် မိပါက ဒုက္ခရောက် တတ်ကာ ပြန် ဖြေရ ခက်တတ် ပါသည်။ ထို့ပြင် ထိုအင်းများ ဓာတ်လုံးများကို စီရင်ချင်တိုင်း စီရင်လို့ မရနိုင်ဘဲ အဆင့် တစ်ဆင့်တိုင်းကို နက္ခတ် အချိန်စောင့်ရင်း လိုအပ်သော သမထနှင့် ကျင့်စဉ်များ အဓိဌာန်များ ၀င်ရင်း စီရင် ရသည် ဖြစ်ရာ ပလူပျံအောင် ထုတ်လုပ်ပြီး မိတ္တူကူး ထားသော အင်းချပ်များ၊ ပေါပေါ လောလော ရနေ သော ဓာတ်လုံးများ မည်သို့မှ အစစ်အမှန် မဖြစ်နိုင်ပါပေ။ တိုက်ရင်ပြောင် ဆောင်ရင်လေး ရေစိမ်သောက် ရင် သေးပေါက် သလောက်သာ စွမ်းသော ဓာတ်လုံးသာ ဖြစ်ချေမည်။ အထက်လမ်း ယတြာ များသည် အစစ်အမှန် အစင်အကြယ် ရနိုင်လျှင် သူတပါးရဲ့ ရန်စွယ် ရန်ပြုခြင်းကို တားမြစ်ခြင်းနဲ့ မိမိ ကိုယ်ကို ကာကွယ်ခြင်း များအတွက် လည်းကောင်း၊ မျက်နှာပွင့်ခြင်း၊ စီးပွားကောင်း၊ ဈေးခေါ် ကောင်းခြင်း စသည်တို့ အတွက် အသုံးကျ လေသည်။
အောက်လမ်းဆိုင်ရာ ယတြာခေါ် အစီအရင်များကတော့ သူတပါးကို ဒုက္ခ ပေးဖို့ လုပ်တာ များလေသည်။ အောက်တန်းကျသော အကြံအစည် တို့နဲ့ စီရင် ပြုလုပ် လေ့ရှိသော အစီအရင် ဖြစ်သောကြောင့် အောက် လမ်း ဟုခေါ်ခြင်း ဖြစ်လေသည်။ ထို အစီအရင် များတွင် စုန်းတိုက်၊ သရဲတစ္ဆေ မွေးထားပြီး မကောင်း ရာတွင် ခိုင်းစေခြင်း၊ အပင်းလုံး သွင်းခြင်း၊ စိတ်ညှို့ပြီး လိုရာခိုင်းခြင်း၊ ယုတ်ညံ့ သည်ဟု သတ်မှတ်ခံ ရလေ့ ရှိသော မီးနေသည် ရဲ့ လုံချည်ကို အသုံးချခြင်း (တလွဲ အသုံးချမည် စိုးသောကြောင့် မဖော်ပြပါ) စသည် တို့သည် အောက်လမ်း ဆိုင်ရာ ဓာတ်ဆင် ဓာတ်ရိုက် ခြင်း များ ဖြစ်ကြပြီး အများဆုံး လုပ်လေ့ရှိသည်မှာ အစားအစာ ထဲသို့ အဆိပ် မဟုတ်သော အောက်လမ်း ဆေးခတ်ခြင်း၊ ခန္ဓာကိုယ် ထဲသို့ ခုံဖိနပ်၊ ဆံပင် ချည်ထွေး၊ တိရစ္ဆာန် များ၏ ကိုယ်ခန္ဓာ အစိတ်အပိုင်းများ ထည့်သွင်း ထား ခြင်း နှင့် ချစ်သူ၊ မုန်းသူအတွက် အရုပ် စီရင်ပြီး ထိုအရုပ်ကို ထိုသူရဲ့ ဓာတ်သွင်းပြီး ရောဂါဖြစ်စေခြင်း၊ ထိုအရုပ်ကို စိတ် ညှို့ပြီး လိုရာခိုင်း ခြင်း၊ ဒုက္ခရောက်စေခြင်းနှင့် အရုပ်ကို ခေါင်းတပိုင်း ကိုယ်တပိုင်း ဖြစ်အောင် လုပ်ခြင်း စသည်ဖြင့် များစွာ သော မကြံစည် တတ်နိုင် လောက်သော ရှာရှာဖွေဖွေ နည်းလမ်းများ ရှိလေသည်။ ကိုယ်ပြုသည့်ကံ ကိုယ့် ထံပြန် ဆိုသလို သည်လမ်းကို လုပ်သူရော၊ အသုံးချသူပါ မကြာခင် ပြန်ဝဋ်ခံရ လေ့ရှိပါသည်။ ထို့ပြင် အသုံးချခံ ရသူက သီလ၊ သမာဓိ ရှိသူ ဖြစ်နေပါလျှင် ထိုသူကို သက်ရောက်မှု မရှိဘဲ တန်ပြန်ကာ စီရင်သူ နှင့် စီရင် ခိုင်းသူ တို့သာ ပိုမို ဒုက္ခရောက်ကာ တန်ပြန် ဒဏ်ခတ်မှုကို ဆိုးဆိုးရွားရွား ပြန်ခံရလေ့ ရှိပါသည်။
ကျင့်စဉ် ကျင့်ခြင်း၊ ဂါထာ မန္တန် ရွတ်ခြင်း၊ အရုပ် စီရင်ခြင်း၊ အကြားအမြင် နဲ့ဟောခြင်း နှင့် အင်းဆွဲခြင်း တို့ သည် အထက်လမ်း တွင်ရော အောက်လမ်း တွင်ပါ ရှိပြီး မိမိကိစ္စ အောင်မြင်လျှင် ပြီးရော ဘာလမ်းမှန်းမသိ လျှောက်လုပ် တတ်သူများ မခွဲခြား နိုင်ဘဲ ၀ါရင့် ကျွမ်းကျင် ပညာသည် များသာ ခွဲခြားနိုင် ကြပါသည်။ ထို့ကြောင့် ယခုခေတ် မြန်မာနိုင်ငံ အတွင်း သိုက်ဆရာ၊ ဓာတ်စီး၊ နတ်စီး၊ ဗေဒင်၊ ဘိုးတော် အစရှိသည်တို့ ပေးလေ့ရှိသော ယတြာ၊ အဆောင်နှင့် အစီအရင်များသည် ကောင်းဖို့ထက် ဆိုးဖို့ များနေသည်ကို ရာခိုင်နှုံး ဖြစ်နိုင်စွမ်း ကို မှန်းကြည့် နိုင်ပါသည်။
ထို့ကြောင့် အကောင်းဆုံးမှာ ဗုဒ္ဓနှင့် ဓမ္မ ယတြာ စစ်စစ်များကိုသာ စိတ်ဖြောင့်ဖြောင့် ကြည်လင် အေးချမ်း သော စိတ်ဖြင့် ကျင့်သုံး လိုက်နာ ကြရင်း လောကီရော လောကုတ္တရာပါ နှစ်ဖြာသော အကျိုး စီးပွားများကို ရယူ ပိုင်ဆိုင် နိုင်ကြပါစေ။ ငွေမကုန်၊ အချိန် မကုန်ဘဲ အလုပ်အကိုင် မပျက် ဘုန်းကံတက် စေသော ယတြာကို ရိုးရာအမွေ (၁)၊ (၂)၊ ကျွန်မ ရွတ်လေ့ ရှိသော ဂါထာ ၂ပုဒ် နှင့် ဘုရားကို နှလုံးသားနဲ့ ထိထိမိမိ ဖူးကြမယ် ဆိုသော ဆောင်းပါးများတွင် ဖတ်ရှု လိုက်နာ ကျင့်သုံးနိုင် ကြပါသည်။ ကျင့်သုံး နိုင်ကြပါစေ။ အောင်မြင်မှုများ၊ စိတ်ကျေနပ်၊ ချမ်းသာ၊ အေးမြမှုများ ရရှိ ခံစား နိုင်ကြ ပါစေ။

3 comments:

Tayy Aye Yate said...

အောက်လမ်းနဲ့ တိုက်ချင်တဲ့သူဟာ
-သူ့ ရဲ့ ပညာအဆင့်
-တစ်ဘက်လူရဲ့ ကံနိမ့်တဲ့အချိန်
-တိုက်လို့ ရအောင် ပေးတဲ့အခြေအနေ တွေရှိပါမှ ဖြစ်ပါတယ်။

ပြီးတော့လည်း အောက်လမ်းပညာ ကို စသင်ကတည်းက သစ္စာတွေဆိုရပါတယ်။ ခြေဖ၀ါးမှာ ဗုဒ္ဓပုံတော်မြတ်ကို Tatto ထိုးပြီးတော့ သူ့ တို့  အယူအရ နံနှိမ်တယ်ပေါ့၊ အဲသလိုထိုးတာတွေလုပ်ပြီး သစ္စာဆိုတာတွေ လုပ်တယ်လို့  မှတ်သားဖူးပါတယ်။ ဘာမဖြစ်ခဲ့သော်၊ အယူပြောင်းခဲ့သော် ဘာညာအစရှိသဖြင့် အဓိဌာန်တွေ လုပ်ပြီး ပျက်ပြားခဲ့သည်ရှိသော် ခြေဖ၀ါးမှာ နင်းထားတဲ့ သဲမှုန် ပမာဏအတိုင်း အ၀ီဇိငရဲ မှာ ခံရပါစေ ဘာဘာညာညာပေါ့။
ဒီအဆင့်တွေဟာ အောက်လမ်းပညာ အဆင့်မြင့်တွေဖြစ်ပါမှ လုပ်လို့ ရပါတယ်လို့  မှတ်သားဖူးပါတယ်။
ခုခေတ်ကာလမှာတော့ အပင်းသွင်းတာ။ ပုဏက တိုက်တာ။ အကောင်ပလောင်မွေးပြီးလုပ်တာ။ အင်းချတာ ၊ အဲဒါတွေပဲ ကျန်တော့တယ် ထင်ပါတယ်။
အောက်လမ်းနဲ့ တိုက်တာဟာ
-ချစ်လို့  ခင်လို့ ဖြစ်စေ
-မုန်းလို့ ဖြစ်စေ
- တစ်ခြားသူ မှ ငွေကြေး ဥစ္စာ တစ်ခုခု ပေးပြီး ခိုင်းတာဖြစ်စေ
- ကိုယ့်ပညာ ဘယ်အဆင့်ထိ ရောက်ပြီလဲ ၊ စွမ်းနေပြီလဲ ဆိုတာ သိချင်လို့ ဖြစ်စေ

မခွန်မြလှိုင်ပြောသလိုပါပဲ။ သီလသမာဓိ ရှိနေတဲ့သူ ဆိုရင်တော့ တိုက်လို့ တောင်မရ။ ကြည့်လို့  တောင်မရပါဘူး။ မရမက ကြံရင်တော့ အသေဆိုးနဲ့  သေတယ်လို့ မှတ်သားဖူးပါတယ်။

ရတနာ ၃ ပါး အစရှိတဲ့ ဗုဒ္ဓ၊ဓမ္မ၊ သံဃာ့ ယတြာတွေဟာ အကောင်းဆုံးပါပဲ။

အတုတွေ ပေါပေါလောလော ပေါများနေတဲ့ ဒီခေတ်ကြီးထဲမှာ စားဝတ်နေရေး အတွက် ရုန်းကန်နေရတဲ့သူတွေ အားကိုးရာမဲ့ ဖြစ်နေတော့ သူတို့ အကြိုက်တွေ့ တာပေါ့။
နောက်ဆုံး အရင်းစစ်လိုက်ရင်တော့ ဒုံရင်းက ဒုံရင်းပါပဲ။
အဲဒါတွေ ရဲ့ အရင်းခံ ဟာ ဘယ်သူကြောင့်လဲ ?

imaginary clouds no 2 said...

(မခွန်မြလိုင် )အသိမိတ်ဆွေ ဖြစ်ရတာဝမ်းသာပါတယ်။ကျနော် ကူးထည့်ထားတဲ့ ကာလာမသုတ် ကို ဆရာ မောင်ဝဏ္ဏ ၏ ဒုက္ခကို မြိန်ရေရှက်ရေခံစားနေသော ---(့ပုဂံ စာအုပ်တိုက်ထုတ်)မှ ယူတာပါ ။ (ကို ) ညီလင်းဆက် က ကျန်ခဲ့တဲ့ နှစ်ထဲက သူရေးတဲ့ ပို့ စ တစ်ခုမှာ သူ ရေးဖူးပါတယ်။ သူ့ ရဲ့ ဘလော့ခ မှာ လဲရှိပါတယ် ။ သူ ဘယ်သူမူကို ယူသလဲတော့ ကျနော်သေချာမမှတ်မိပါ ။ ဆရာ မောင်ဝဏ္ဏ ရဲ့ (ဒုက္ခကို မြိန်ရေရှက်ရေခံစားနေသော ---) စာအုပ်ဟာ သူ အတော် စေတနာ ထားပြီးရေးထားတာလို့ထင်ပါတယ် ။ ကျနော်တော့ အတော်ကြိုက်ပါတယ် ။ ဆရာကို တကယ်ကျေးဇူးတင်ရမှာပါ .။

ကိုဖြိုး said...

ကျွန်တော်တစ်ခုပြောချင်ပါတယ်။ ဗုဒ္ဓယတြာဆိုတဲ့ အသုံးအနှုန်းကိုပါ။ ဗုဒ္ဓရဲ့ တရားဓမ္မတွေဟာ ကျင့်သုံးဖို့ပါ။ ယတြာချေဖို့ မဟုတ်ပါ။ ဒီအသုံးအနှုန်းဟာ ခေတ်ပေါ်ဗေဒင်ဆရာများရဲ့ ဗုဒ္ဓကို အသုံးချနည်းတစ်ရပ်လို့ ထင်မိမြင်မိပါကြောင်း .. (ကျွန်တော်လွဲမှားခဲ့ရင် နားလည်ခွင့်လွှတ်ပေးပါ)