Monday, July 9, 2007

ရိုးရာအမွေ (၃)

မြန်မာ့နောင်ရေး စိတ်အေးဖို့ ကလေးများကို ပေးဆော့စို့

နိုင်ငံခြားမှာမဟာဘွဲ့လေး ရမလားလို့ သွားသင်မိပါတယ်။ စကားရည် လုနည်းနဲ့ ရန်တွေ့နည်းကို မဟာ မြောက်အောင် တတ်လာခဲ့ပါတယ်။ အိမ်နီးချင်း နိုင်ငံများက နိုင်ငံသားများဟာ မြန်မာကို တော်တော် ချစ်ပုံရ ပါတယ်။ အိန္ဒိယ နိုင်ငံသား အတန်းသား တစ်ယောက်က မြန်မာဟာ သိပ်ဗိုလ်ကျ ချင်ပါသတဲ့။ သူတို့ရဲ့ အာသံ၊ မဏိပူရ၊ ကချာနယ် တွေကို နှစ်ရာချီပြီး အခါခါ သိမ်းဖူးသတဲ့။ တရုတ် ကျောင်းသားကလည်း တရုတ်နိုင်ငံ တောင်ပိုင်းကို ၃ခါ အသိမ်းခံ ရဖူးကြောင်း ပြောရင်းဆိုရင်း ထောက်ခံပါတယ်။ ကျန်တဲ့ထိုင်း ကျောင်းသူများက ကက်ကက်လန် သွားအောင် ပြောလိုက်တာ ကတော့ သူတို့ ထိုင်းမင်းဆက် ခေတ်ကလေး ၃ခေတ်ရှိတာ (လန်းနခေတ်၊ ဆူခိုထိုင်း ခေတ်နဲ့ အယုဒ္ဓယ ခေတ်) ရှိသမျှ မြန်မာ ကြောင့်ချည့် ပျက် ရသတဲ့။ အဲ..

ခုလို မြန်မာပြည် ဒုက္ခပင်လယ် ဝေနေချိန်မှာ သူတို့၃နိုင်ငံ ပေါင်းတိုက်ရင် မြန်မာ ဘာခံနိုင်မလဲ တဲ့လေ။ စိတ်ဆိုး လွန်းလို့ အသားများတောင် ဆတ်ဆတ် တုန်ပါရဲ့။ သူ့ဘိုးဘေး ညံ့လို့ တို့ဘိုးဘေးက သိမ်းတာ ခံရတာကို သည်ခေတ် ရောက်မှ ဆိုးမွေခံရ တော့မှာပါလား လို့တွေး မိတော့ မခံချင်ဘူးပေါ့။ သည်တော့ ဟန်ကိုယ့်ဖို့ ဆိုတဲ့အတိုင်း မြန်မာကို လွယ်လွယ် တိုက်လို့ မရနိုင်ကြောင်း ပြန်ချေပ ပါတော့တယ်။ ဘာကြောင့် လဲတဲ့။ အနုမြူ လက်နက် ပိုင်နေပြီ မို့လို့လားတဲ့။ အနုမြူ လက်နက် မပိုင်ရင်တောင် မင်းတို့ ၃နိုင်ငံလုံး ပေါင်းတိုက်တောင် မနိုင်အောင် တို့လူမျိုး ကိုယ်တိုင်က တော်ပြီးသားလို့ ပိတ်ပြောလိုက် တာပေါ့။ ဘယ်လိုအကြောင်း ကြောင့်လဲတဲ့။ အင်း.. သက်သေပြ ရတော့မှာပေါ့။ မှတ်လောက် သားလောက် တစ်ခွန်း ပြောလိုက်တယ်… တို့မြန်မာလူမျိုးတွေရဲ့ အက မှန်သမျှ သိုင်းကွက်… တို့ မြန်မာ ကလေးတွေရဲ့ ရိုးရာ ကစားနည်း မှန်သမျှ အခြေခံ စစ်ဗျူဟာ… လို့ယောအတွင်းဝန် ဦးဘိုးလှိုင်ဟာ အင်္ဂလိပ်တို့ရဲ့ ဘေးရန်ကို ကြိုတွက်ပြီး အကောင်းဆုံးကို မျှော်လင့် ပေမယ့် အဆိုးဆုံးကို ပြင်ဆင်တဲ့ အနေနဲ့ မြန်မာ့ရိုးရာ ကိုယ်ခံပညာကို ကဗျာလွတ် အကအဖြစ်ရော၊ နန်းတွင်း အကတွေ အဖြစ်ပါ တီထွင် မြုပ်နှံပြီး သမိုင်းမှာ သည်လိုရှားပါး အဖိုးတန်တဲ့ ပညာတွေ ပပျောက် မသွားအောင် ထိန်းသိမ်း ခဲ့ပါတယ်။ တရုတ် ဇာတ်လမ်းတွဲ တွေမှာ မြင်ဖူးကြ ပါလိမ့်မယ်။ မိဖုရားနဲ့ သမီးတော် တွေနားမှာ ခစား စောင့်ရှောက်ရတဲ့ အထိန်းတော် တွေဟာ သင်းကွပ်ထားတဲ့ ယောက်ျားတွေ ဖြစ်ပြီး သူတို့တွေဟာ တော်ဝင် မိသားစုကို ကာကွယ်ဖို့ ကိုယ်ခံ သိုင်းပညာရပ်ကို ထူးချွန်အဆင့် ထိ တတ်မြောက် ကြပါတယ်။ မြန်မာ နန်း တွင်းမှာလဲ သည်လို ကိုယ်ရံတော် တွေရှိပေမယ့် သင်းကွပ် ယောက်ျားတွေကို ကိုယ်ရံတော် အဖြစ် မထားဘဲ မိန်းမစိုးလို့ ခေါ်တဲ့ စွယ်စုံ ပညာရှင် အမျိုးကောင်း သမီးကြီးတွေကို ထားလေ့ရှိပြီး သူတို့ ရဲ့ ၂ဖက်စုံချ ပ၀ါ ရှည် ကြီးများဟာ အဆင့်မြင့်ဆုံး လက်နက်ပျော့များ အဖြစ် အသုံးချနိုင်ပြီး လည်ပင်းက ပုတီးကုံး များထဲက ပုတီးလုံးများနဲ့ ခေါင်းပေါ်မှာ ထိုးစိုက်ထားတဲ့ ဆံထိုးများကတော့ လက်နက်ပုန်းများ ဖြစ်ကြပါတယ်။ သည်လောက်ဆိုရင် ရှေးမြန်မာ အမျိုးသမီးတွေ ညံ့မညံ့ သိသာလောက်ပြီ ဖြစ်ပါတယ်။ သည့်အပြင် မြန်မာ့ရိုးရာ ကကွက် များဟာ ခေါင်း၊ ခါး၊ ခြေ၊ လက် အားလုံးကို အချိုးကျကျ ဘက်စုံပတ် လည် လှုပ်ရှားပြီးမှ ကလို့ရတဲ့ ကကွက် အရှင်များ ဖြစ်တာကို တရုတ်နဲ့ အိန္ဒိယနိုင်ငံ ကလွဲလို့ ကျန်တဲ့ ပတ်ဝန်းကျင် နိုင်ငံတွေက ရိုးရာ အကများရဲ့ ကကွက် အသေ များနဲ့ နှိုင်းယှဉ် ကြည့်ရင် ပညာသည်များက ရှင်းရှင်း လင်းလင်း သိမြင်နိုင် ကြပါတယ်။ တော်တော် မြန်တဲ့ ကကွက်အရှင်ကို တည်ငြိမ်စွာ ကတဲ့ ဆီမီးခွက်အက တစ်မျိုးကိုပဲ နမူနာ ကြည့်ပါဦးစို့။ အခြေခံစစ်ဗျူဟာများ ကိန်းအောင်း နေသော မြန်မာ့ရိုးရာ ကလေး ကစားနည်း များကိုလည်း စေ့စေ့စပ်စပ် လေ့လာကြည့် ကြပါဦးစို့…
1. ကာကွယ်ရေးပညာရပ်များ၊ တာဝန်ယူမှု နဲ့ ကြံ့ခိုင်ရေး လေ့ကျင့်ခန်း များကို ရောမွှေထားတဲ့ ကစား နည်းများ ကတော့ အရူးမကြီး မစာဥနဲ့ ရွှေစွန်ညို၊ ကျောက်ရုပ် ကျောက်ဖျက် စိန်ပြေးတမ်း အစရှိတဲ့ ကစားနည်းများ၊
2. စိန်ခေါ်ပြီးရင် ဘွာမခတ်ကြေး ဆိုတဲ့ စိတ်ဓာတ်ကို သင်ပေးတဲ့ ရိုးရိုး စိန်ပြေးတမ်း အစရှိတဲ့ ကစားနည်းများ၊
3. မျက်စိလျင်မှုကို ဦးစားပေးတဲ့ လိပ်ဥ ဖွက်တမ်း၊ တူတူ ပုန်းတမ်း အစရှိတဲ့ ကစားနည်းများ၊4. လူ့လောကရဲ့ စည်းကမ်းများနဲ့ လူ့စည်း၊ ဘီလူးစည်း တို့ကို စည်းမကျော် မိအောင် သတိပေး သင်ပေးတဲ့ ထုပ်စည်းတိုးတမ်း အစရှိတဲ့ ကစားနည်းများ
5. အကင်းပါးမှု၊ လျင်မြန် ဖျတ်လတ်မှု၊ တဖက်သားရဲ့ အားနည်းချက်ကို မြင်အောင် ကြည့်တတ်ပြီး အမြန်ဆုံး အနိုင်ယူနိုင်တဲ့ အခွင့်အရေးတို့ကို ရယူ အပိုင်ဆုပ်နည်း တို့ကို လေ့ကျင့်ပေးနိုင်တဲ့ စစ်တိုက်တမ်း၊ ခေါင်းအုံးရိုက်၊ အုန်းသီးလု၊ မျက်စိ အ၀တ်စည်း သံပုံးရိုက်ခြင်း အစရှိတဲ့ ကစားနည်းများ
6. အုပ်စုလိုက် စည်းလုံး ညီညွတ်မှုကို အခြေခံပြီး အဖွဲ့ ၂ဖွဲ့ ယှဉ်ပြိုင် အနိုင်ယူရတဲ့ ဂုံနီအိတ် စွပ်ပြိုင်ပွဲ၊ ကုန်းတွင်း လှေလှော်ပွဲ၊ လွန်ဆွဲပွဲ အစရှိတဲ့ ကစားနည်းများ
7. ဇွဲကြီးမှုကို လေ့ကျင့်ပေးတဲ့ ကြက်ဖခွပ် ပြိုင်ပွဲ၊ ချောတိုင်တက်ပွဲ အစရှိတဲ့ကစားနည်းများ
8. ကာယဆိုင်ရာ အပစ်အခတ် လေ့ကျင့်ခန်းများကို ပျော်ပျော်ကြီး ပေးနိုင်တဲ့ ဂူလီရိုက်ခြင်း၊ ကျည်းသား ရိုက်ခြင်း၊ ထွေပစ်ခြင်း၊ ဖန်ခုန်ခြင်း၊ ဇယ်တောက်ခြင်း၊ ဂျင်ပေါက်ခြင်း၊ ဂေါ်လီရိုက်ခြင်း အစရှိတဲ့ ကစားနည်းများ၊
9. ဖြတ်ထိုးဉာဏ်၊ ဗဟုသုတနဲ့ အကင်းပါးစွာ တွက်ချက်ခြင်း တို့ကို ဦးစားပေးတဲ့ ကြွေပစ်ခြင်း၊ နာမည်ဖွက်ခြင်း၊ စကားထာဖွက်ခြင်း၊ သံချပ်ထိုးခြင်း အစရှိတဲ့ကစားနည်းများ၊စသည်စသည်ဖြင့် ကလေးများအတွက် ဘ၀တွင် လူ့လောကနှင့် အသားတကျ နေထိုင် ကြီးပြင်း နိုင်စေဖို့ အခြေခံ ဗျူဟာများ စိမ့်ဝင်နေသော ကစားနည်းများကို အမြော်အမြင် ကြီးလှသော ရှေး မြန်မာကြီးများက စီစဉ်ထား ရှိခဲ့လေသည်။ သုတေသနကြီး တစ်ခု ပြုလို့ရ လောက်အောင်ပင် အမြော်အမြင် ကြီးမားစွာ စီစဉ် ထားရှိသော မြန်မာ့ရိုးရာ ကလေး ကစားနည်း များကြောင့် အဆော့ သန်သော မြန်မာကလေးများ အားလုံး လိုလို ဉာဏ်ကောင်း အကင်းပါးကာ နိုင်ငံတကာ နယ်ပယ်တွင် လူသူ ၀င်ဆံ့လျက် လူတော်များ ဖြစ်နေကြခြင်း ဖြစ်ပါသည်။ ဒါ့ပြင် မိဘလက်ဖျားခါ လောက်အောင် အဆော့သန်သော မြန်မာ ကလေးငယ်များ အားလုံးသည် လွန်ခဲ့တဲ့ နှစ်ထောင်ချီ ကြာတဲ့ ရှေးခေတ် ကတည်းက ယနေ့တိုင် တွင်ကျယ်စွာ အသုံးပြုနေတဲ့ ကြိုးမဲ့ ဆက်သွယ်ရေး (၀ိုင်ယာလက်စ်) နည်းပညာလို့ နောက်ပြောင် ပြောဆိုကြ တဲ့အထိ အသုံးပြုကြတဲ့ အသံတိတ်၊ အသံထွက် ဆက်သွယ် အချက်ပေးနည်း များကိုလည်း ရှာရှာဖွေဖွေ တီထွင် အသုံးပြုကာ အချင်းချင်း ချိန်းဆို ကစားကြပါ သေးသည်။ သည်လိုနည်း များကတော့ ရေတွက် စာရင်းပြုလို့ ကုန်နိုင်မည်ပင် မထင်ပါချေ။ ဥပမာ အသံတိတ် ဆက်သွယ်ရေး အတွက် ကြက်ဥ၊ ဘဲဥခွံထဲ မီးဖိုပြာ၊ ဖုန်၊ သဲတို့ ထည့်ကာ ပစ်ခတ်ခြင်း၊ မီးခိုးထည့်ခြင်း၊ ခြေဟန်လက်ဟန် မျက်စမျက်န ပစ်ခြင်း၊ သစ်ရွက်ခြွေချ အချက်ပြ ခြင်း၊ ၀ါးရုံတော နှင့် ခြုံပုတ်တို့ကို ခါခြင်း အစရှိသည် တို့ဖြစ်ပြီး အသံထွက် အချက်ပြခြင်း အတွက် လက် ခေါက်မှုတ်ခြင်း၊ ၀ါးပိုးလုံးကို အချက် ရေတွက် ရိုက်နှက်ခြင်း၊ ၀ါးပိုးလုံး ခေါင်းထဲ ကျောက်ခဲထည့်ပြီး ခလောက်ခြင်း အစရှိသည်တို့ ဖြစ်ပါသည်။ လူကြီးများ ဗဟိုစည် တီးခြင်း၊ ဘုန်းကြီးကျောင်းမှ အုန်းမောင်း နှင့် သူကြီးအိမ်မှ တုံးမောင်း (အုန်းမောင်း နှင့် တုံးမောင်း မတူပါ) ခေါက်ခြင်း၊ စစ်တပ်မှ ခရာမှုတ်ခြင်း တို့ကို ကလေးများက သူတို့နည်း သူတို့ဟန်ဖြင့် တကယ် မတူအောင် အတုခိုးထားခြင်း ဖြစ်ဟန် တူပါ သည်။ သို့သော် မြန်မာ လူမျိုးတို့ရဲ့ အမျိုးသား ကိုယ်လုံပညာခေါ် သည်လို အဆင့်မြင့် ရိုးရာ ယဉ်ကျေးမှုများ ကို တန်ဖိုးထားရ ကောင်းမှန်း သိသူ နည်းပါးလာ ကြသောကြောင့် တဖြည်းဖြည်း တိမ်ကောလာပြီး နိုင်ငံရပ်ခြား တိုင်းတပါးကို အထင်ကြီး စိတ်ဖြင့် တိုင်းတပါး ရိုးရာ ယဉ်ကျေးမှု အကများနှင့် ကစားနည်းများ လွှမ်းမိုး ခံရမည်ကို စိုးရိမ်သောကြောင့် သည်ဆောင်းပါးကို ရေးသား လှုံ့ဆော် လိုက်ရခြင်း ဖြစ်ပါသည်။ အထက်ပါ ကစားနည်း များကိုလည်း သေသေချာချာ တစ်နည်းချင်း တင်ပြပါဦးမည်။ မြန်မာ ကလေးငယ်များ လွတ်လပ် ပျော်ရွှင် ငြိမ်းချမ်းစွာ ပွေပွေလီလီ၊ တီတီထွင်ထွင် ဆော့ကစား နိုင်ကြပါစေ။ သည်လို ကစားခြင်း ဖြင့် ကာယ၊ ဉာဏ အစချီကာ ဗလငါးတန် ပြည့်စုံ လိမ္မာသော နိုင်ငံသားကောင်း လေးများ ဖြစ်လာပြီး နိုင်ငံအကျိုး သယ်ပိုး နိုင်ကြပါစေ။

2 comments:

Anonymous said...

လှိုင်ရေ.. ဒါလေးဖတ်ရတာ အတော်ဗဟုသုတ တိုးတယ် ။ သူတို့နဲ့ စကားရည်လုနေတဲ့ လှိုင့်ပုံကို တွေးပြီး ပြုံးမိသေးး)

ခွန်မြလှိုင် said...

စကားရည် လုရတာ အကုသိုလ်တော့ များတယ် မဂျစ်ရေ့.. နောက်ထပ် စကားရည် လုပွဲ အတွေ့အကြုံတွေ လာဦးမယ်.. မြန်မာကို သိပ်နှိမ်တာ.. ကိုယ်က ငုံ့မခံ နိုင်တော့ ပွကြီးကို ဖြစ်လို့ :P