Monday, July 9, 2007

အဓိပ္ပာယ်ပြည့်ဝလှတဲ့ မြန်မာ့စကားလုံး အသုံးအနှုံး များနဲ့ မြန်မာ့ဓလေ့ထုံး

အိမ်သာ။ ။ ၀မ်းတစ်လုံး ကောင်းရင် ခေါင်းမခဲ ဆိုတဲ့ အတိုင်း ၀မ်းမှန်မှန် သွားသူတိုင်း ဇက်ကြောတက်၊ ခေါင်းကိုက်နာ ဖြစ်ခဲကြပါတယ်။ သည်လို အခင်းကြီး ကောင်းကောင်း သွားနိုင်ဖို့က အိမ်သာ ကောင်းကောင်း သန့်သန့် တစ်လုံးက အိမ်တိုင်းမှာ မရှိမဖြစ် လိုတာပါ။ အိမ်တိုင်းမှာ ဧည့်ခန်းနဲ့ အိပ်ခန်းသာ ပေါင်းထားရင် ထားမယ်။ အိမ်သာ တစ်လုံး ကတော့ မရှိမဖြစ် သီးသန့် လိုတာပါ။ ၀မ်းကိုက် ၀မ်းလျှော ရောဂါကို ကာကွယ်ဖို့ ယင်လုံအိမ်သာ ရှိဖို့ သိပ်အရေးကြီး ကြောင်းလည်း ပညာပေး လုပ်ငန်းများစွာ လုပ်နေတာ သတိထား မိကြ ပါလိမ့်မယ်။ အိမ်သာမှာ မပြောကောင်း မဆိုကောင်း ချော်လဲခဲ့ရင်တော့ နာရီပိုင်းအတွင်း အသက်ဆုံးလေ့ ရှိကြပါတယ်။ ရောဂါပိုး ပေါင်းစုံက အိမ်သာ မသန့်လို့ ကတော့ ပျော်ပျော်ကြီး နေရာယူလေ့ ရှိလို့ ဖြစ်ပါတယ်။ အိမ်တစ်အိမ်မှာ သာသာ ယာယာ ရှိနိုင်ဖို့ အရေး အကြီးဆုံး နေရာ ဖြစ်တဲ့ အတွက် အိမ်သာလို့ ခေါ်တာ ဖြစ်ပါ တယ်။ ရှေးမြန်မာ တွေဟာ အိမ်သာကို ဘယ်လောက် တောင် အရေးထားလဲ ဆိုရင် သားအတွက် ချွေးမလောင်း ရှာချိန်မှာ မိန်းကလေးရှင်ရဲ့ အိမ်က အိမ်သာကို တက်ချင် ယောင်ဆောင်ပြီး အိမ်သာ သန့်ရှင်းမှု ကနေ တဆင့် မိန်းကလေးရဲ့ အရည်အချင်း ကို အကဲခတ် လေ့ရှိပါတယ်။ အိမ်သာကို သန့်ရှင်းအောင် ထားတတ်တဲ့ အိမ်ရှင်မ ဟာ အနည်းဆုံးတော့ သည် အိမ်သားတွေ ကျန်းမာရေး ကောင်းအောင်တော့ တော်တော် သတိထား လိမ့်မယ် ဆိုတဲ့ မျှော်လင့်ချက် နဲ့ပါ။

အမှိုက်ပုံး။ ။ အိမ်တစ်အိမ်ရဲ့ အသုံးစာရင်းနဲ့ အိမ်သားများရဲ့ အကျင့်စရိုက်နဲ့ စည်းစနစ် တို့ကို အလွယ်ဆုံးနဲ့ အမြန်ဆုံး သိနိုင်ဖို့ အမှိုက်ပုံးကို ကြည့်နိုင် ပါတယ်။ ဘယ်လို အမှိုက်မျိုးကို ပစ်လေ့ရှိလဲ ဆိုတာကို ကြည့်ပြီး ဘာပစည်းမျိုးကို ဘယ်လိုသုံးသလဲ ဆိုတာ အိပ်ခန်းထဲထိ စပ်စုစရာ မလိုပေမယ့် အိပ်ခန်းထဲ က အမူအကျင့် ကိုပါ သိနိုင်တာပါ။
စင်လေးစင်။ ။ ဘုရားစင်၊ စာအုပ်စင်၊ ပန်းကန်စင်နဲ့ ဖိနပ်စင်တို့ကို ဆိုလိုတာ ဖြစ်ပါတယ်။ အိမ်တစ်အိမ်မှာ သည်စင် လေးစင်ဟာ သန့်ရှင်း သပ်ရပ်စွာ ရှိနေမယ် ဆိုရင် သည်အိမ်ရှင်မ သို့မဟုတ် သည်အိမ်က လူတွေ စည်းကမ်း ရှိတယ်။ အလုပ်တိုင်းကို သေသပ်စွာ လုပ်တတ် တယ်လို့ အကြမ်းဖျင်း ယူဆတတ် ကြပါတယ်။ အိမ်ဖော် ရှိရင်တောင် အိမ်ဖော်ကို ထောင့်စေ့ အောင် ကောင်းကောင်း စီမံခန့်ခွဲ နိုင်တယ်လို့ ယူဆကြပါတယ်။
သည်လို မိန်းကလေးကို ယောက်ျားလေးရှင်က အကဲခတ် လေ့ရှိသလို မိန်းကလေးရှင် ကလဲ ယောက်ျားလေးကို သည်လို ပြန်အကဲခတ် လေ့ရှိပါတယ်။ နဖူးရေ ဒူးရေ ကတော့ မဆိုးပါဘူး ဆိုတဲ့စကားကို ကြားတိုင်းလည်း ပြုံးမိ ရပါတယ်။ နဖူးရေဆိုတာ ဥာဏ်စွမ်း ဥာဏ်စ၊ ဒူးရေဆိုတာ ကြိုးစား အားထုတ်မှုလို့  ယူဆပါတယ်။ ကိုယ့်ဒူး ကိုယ်ချွန် ဆိုတာမျိုးပေါ့။ သည့်အပြင် နောက်တနည်းမှာ နဖူးရေ ကတော့ လူရည် လူသွေးကို အင်္ဂ၀ိဇ္ဇာ နည်းပညာနဲ့ နဖူးကောင်း မကောင်း အကဲဖြတ်တာ ဖြစ်ပါတယ်။ နဖူးပြင် အရောင် အဆင်း မွဲခြင်း၊ နဖူးပြင် နိမ့်ချိုင့်ခြင်း၊ မညီညာခြင်း တို့ဟာ ဘ၀မှာ မအောင်မြင်မှု ကိုပြဆို ထားတာ ဖြစ်တယ်လို့ ယုံကြည် ကြပါတယ်။ နဖူး ကျဉ်းသူကို ဉာဏ်နည်း သူလို့ သတ်မှတ်ကြပါတယ်။ သည်နေရာမှာ နဖူးပြောင်သူကို ဉာဏ်ကြီးသူ လို့တော့ တိုက်ရိုက် မယုံတတ် ကြပါဘူး။ သို့သော် စဉ်းစားတာ များရင်တော့ ဆံပင် ကျွတ်ပြီး နဖူးပြောင် ထိပ်ပြောင်လေ့ ရှိတာ သေချာပါတယ်။ ဒူးရေ ကတော့ ပြုံးချင်စရာပါ။ အပျော်အပါး လိုက်စားသူ၊ အိမ်ထောင် ရှိဖူးသူ ဟုတ်မဟုတ်ကို ဒူးက အရေပြားကို ကြည့်ရင် သိပါသတဲ့။
ယနေ့ခေတ် မြန်မာ အမျိုးသား အများစုက ဘောင်းဘီတိုနဲ့နေခဲ ပေမယ့် သည်စကားပုံက ရှေးစကားပုံ ဆိုတော့ ရှေးမြန်မာ အမျိုးသား တွေက ညနေ ရောက်ရင် ခါးတောင်း ကျိုက်ပြီး ခြင်းခတ်လေ့ ရှိကြတော့ ဒူးအကြောင်း သိနိုင်တာပေါ့။ အိမ်ထောင်သည် သို့မဟုတ် အပျော်အပါး လိုက်စားသူ များဟာ လူပျို လူကောင်းတွေလို ကျန်းမာရေး ကောင်းတာချင်း တူနိုင်ပေမယ့် ဒူးမှာ အသားမာပြင် ရှိတာမျိုး၊ အားကစားသမားများ အကြော ပြတ်သလို ဒူးပတ်ဝန်းကျင်မှာ အကြောပြတ်တဲ့ အရာတွေ ရှိနေတာမျိုး၊ ထိုင်ထအခါ ၃၀ထက် ကျော်အောင် မလုပ်နိုင်တာမျိုး၊ စသည်ဖြင့် စမ်းသပ်နည်း များစွာရှိပါသတဲ့။ ယောက်ျားလေး အချင်းချင်း ဆိုရင် ပိုသိကြမယ် ထင်ပါတယ်။

1 comment:

MYO HAN HTUN said...

တော်တော်လေးကောင်းတဲ့ Post ပါပဲ ဗျာ ..

ကိုတိုး