Tuesday, July 3, 2007

သိုးရေခြုံသောဝံပုလွေ

ငယ်ငယ်ကသင်ခဲ့ရပေါ့ ... မြန်မာဖတ်စာထဲကပုံပြင်တစ်ပုဒ်
" သိုးရေခြုံသောဝံပုလွေ "တဲ့
ကောက်ကျစ်မှုသရဖူဆောင်း ဉာဏ်ကောင်းလှတဲ့ဝံပုလွေကြောင့်
သိုးကျောင်းသားအသိနောက်ကျတော့ သိုးငယ်လေးတွေအစားခံရ
သိုးငယ်တွေတရားခံသိပေမယ့် သိုးကျောင်းသားအသိနောက်ကျခိုက်
သိုးငယ်အသက်ရင်းလိုက်ရပေါ့ ....

ကိုယ်တွေ့သာကြုံရပေါ့ ... မျက်မြင်လောကဇာတ်လမ်းတစ်ပုဒ်
ယုန်မွေးဝတ်သောသူတဲ့
သိုးရေခြုံတဲ့ဝံပုလွေထက် ယုန်မွေးဝတ်သောသူက
ပိုမိုပြီးဉာဏ်ကောင်း အလှည့်အပြောင်းကတတ်နိုင်လွန်းတော့
အပြစ်ကင်းယောင်မျက်ဝန်း ... ရိုးသားယောင်မျက်နှာပေးနဲ့

လူအုပ်ရှေ့မှာ ဖော်ရွေ ... သိပ်ခင်လွန်းတော့ယုယ
ကွယ်ရာအရပ်မှာသနားဟန်နဲ့ ... ရစရာမကျန်တဲ့သတင်းကိုလုပ်ကြံ
အဟုတ်အမှန်ပါလို့အတည်ပြု ... လက်သီးပုန်းနဲ့တအားထုတော့
ခံရသူ့ခမျာမှာ ဘာကြောင့်မို့သည်လိုလုပ် ... အဖြေကိုထုတ်မရနိုင်ဘဲ
ဝန်းကျင်ကိုအကဲခတ်တော့ ... သရဲသဘက်ထက်ကြောက်စရာအဖြစ်
ဇာတ်မှန်သနစ်ကိုမရှင်းသာတာမို့
ခေတ်သစ်သိုးငယ်သူငယ်ချင်းရေ
ကံကိုသာယိုးမယ်ဖွဲ့ မထူးဟဲ့လို့လက်မှိုင်ချ
စိတ်ဓာတ်ကိုမကျပါစေနဲ့
အချိန်နဲ့သောကကိုရင်း
သစ္စာကိုလက်ကိုင်ပြုပါလို့အားမာန်ကိုတင်း။

No comments: