Saturday, May 26, 2007

ရိုးရာအမွေ (၁)

တူ..တူ..တူ
မနက်စောစော ဖုန်းသံကြောင့် အိပ်ချင်မူးတူးနဲ့ ဖုန်းပြန်ထူးရတာ နိုင်ငံခြားရောက် မြန်မာတွေ အတွက် ဇိမ်အပျက်ဆုံး လို့ထင်ပါတယ်။
"ဟဲလို"
"ဟဲလို.. သမီး.. မေမေပါ"
"သြော်.. မေမေလား .. မေမေနေကောင်းလား"
"အိပ်ပုတ်လေး .. လာမဖားနဲ့ .. အိပ်ရာထတော့ .. ကျောင်းမမီမှာ စိုးပြီး ဘုရားရှိခိုး မပျက်စေနဲ့"
"အင်.. အင်းပါမေမေရဲ့"
"သမီးတို့ နိုင်ငံခြားမှာ ကုသိုလ်ရေး အတွက် ဘုရားသွား၊ ကျောင်းတက် ဥပုသ်ယူ ပုံမှန် လုပ်နိုင် ကြတာ မဟုတ်ဘူး .. ကုသိုလ်လေး ပုံမှန်ရဖို့ မနက်တိုင်း မှန်မှန် ဘုရား ဆွမ်းတော်ကပ်၊ ဘုရားရှိခိုး၊ ငါးပါးသီလယူ၊ မေတ္တာပို့နော်.. ဗုဒ္မ္ဓဘာသာ ၀င်တွေရဲ့ ပန်းတိုင် ဖြစ်တဲ့ နိဗ္ဗာန်ကို ရောက်ဖို့ လိုအပ်တဲ့ ပါရမီဆယ်ပါး တပြိုင်တည်း ဖြည့်ပြီးသား ဖြစ်တယ် သမီးရဲ့"

"ဟင်..ဒါလေး လုပ်တာနဲ့ ပါရမီဆယ်ပါးလုံး တပြိုင်တည်း ပြည့်ရောလား မေမေရဲ့ ..သည်အတိုင်းဆို မလွယ်လွန်း ဘူးလား" "သာမန် ပြီးစလွယ် လုပ်ရင်တော့ ဘယ်ပြည့်မလဲ သမီးရယ် .. စိတ်ထားတတ်ဖို့တော့ လိုသေးတာပေါ့ ... ဘယ်နေရာ မှာမဆို စိတ်ထား တတ်ဖို့က အရေးကြီးဆုံးပဲလေ.."
"ဘယ်လို စိတ်ထားပြီး ဘယ်လိုလုပ်မှ ပါရမီဆယ်ပါး ဖြည့်ပြီးသား ဖြစ်မလဲမေမေ"
(၁) ဘုရား ဆွမ်းတော် ကပ်တဲ့အတွက် ဒါန ပါရမီ
(၂) သီလခံယူ ဆောက်တည်တဲ့ အတွက် သီလ ပါရမီ
(၃) မေတ္တာ ပွားများတဲ့ အတွက် မေတ္တာ ပါရမီ
(၄) နေ့စဉ်ပုံမှန် ပြုလုပ်သွားတာ ဖြစ်တဲ့အတွက် အဓိဋ္ဌာန် ပါရမီ
(၅) အဓိဋ္ဌာန် ပေါက်မြောက်အောင် အားထုတ် လုပ်ဆောင်မှုကြောင့် ၀ီရိယ ပါရမီ
(၆) ၀ီရိယ၊ ဇွဲနဲ့ တရားအမှန် တွေကို တကယ် ပြီးမြောက်အောင် အားထုတ်တာမို့ သစ္စာပါရမီ
(၇) ညောင်းညာမှု၊ ပျင်းရိမှုတွေကို သည်းခံပြီး ၀တ္တရား မပျက် အားထုတ်မှုကြောင့် ခန္နီ ပါရမီ
(၈) မေတ္တာပွားရာ၊ အာရုံရှိရာကို ဥာဏ်ရောက်အောင် ပို့လွှတ်ပြီး ဥာဏ်ထဲမှာ ထင်မြင်လာအောင် ပွားများရတာမို့ ပညာပါရမီ
(၉) မေတ္တာ ဘာဝနာကို စူးစူးစိုက်စိုက် ပွားများ နေတဲ့အခါ မိမိစိတ်ဟာ ကာမဂုဏ် အာရုံတို့မှ လွန်မြောက်နေတဲ့ အတွက် နိက္မ္ခမပါရမီ
(၁၀) မေတ္တာ ပို့တဲ့အခါ ချစ်သူ၊ မုန်းသူ၊ သူ့လူမျိုး၊ ကိုယ့်လူမျိုး မခွဲခြားဘဲ တသားတည်း မေတ္တာ ပွားတဲ့အတွက် ဥပေက္မ္ခာ ပါရမီ
"ကဲ.. သည်လို ဆိုရင် လက်တွေ့ ကျကျ၊ ရှင်းရှင်းလင်းလင်း သိရတော့ လွယ်မသွားဘူးလား။ ပြီးတော့ တကယ်ရော ဖြစ်မြောက်အောင် လုပ်ဖို့ မခဲယဉ်းတာ တွေ့ပြီလား.."
"အင်း ..ဟုတ်တယ်နော်။ နေ့စဉ် အမှတ်တမဲ့ လုပ်နေတတ်တဲ့ မြန်မာရိုးရာ ဓလေ့ထုံးစံ တွေဟာ သည်လောက် အဓိပ္ပါယ် ပြည့်ဝနေလိမ့်မယ်လို့ မတွေးမိခဲ့ဖူးဘူး"
"ရှေးမြန်မာ ကြီးတွေသာ အမှုမဲ့ အမှတ်မဲ့ လုပ်တတ်ရင် မြန်မာ့ သမိုင်းကြောင်းကြီး လွယ်လွယ် ဘယ် ထွန်းပြောင် ခဲ့ပါ့မလဲကွယ်။ခက်တာကို နောင်လာ နောင်သားတွေ လွယ်လင့်တကူ လိုက်နာနိုင်အောင် ရိုးရာအဖြစ် အကျင့်လုပ် ပေးခဲ့တာကိုးကွဲ့။ သို့ပေမယ့် အနှစ်ကို နားလည်သိရှိ လိုက်နာ ကျင့်သုံးနိုင်မှ အကျိုးများ မှာပေါ့။ ရိုးရာအမွေကို ထိန်းသိမ်းတယ် ဆိုတာ သည်လို အနှစ်ကိုပါ ထိန်းသိမ်းမှ တကယ် ထိန်းသိမ်းရာ ရောက်တယ် သမီးရဲ့။ အမွေကို ဆက်ခံတယ် ဆိုရာမှာလည်း ဆက်ခံရုံနဲ့ မပြီးဘဲ သည် အမွေ အရှည် တည်တံ့ ပွားများအောင် ကြိုးပမ်းရမယ့် တာဝန်ကိုပါ ဆက်ခံရမယ့် ၀တ္တရားဟာ အမွေ ဆက်ခံသူရဲ့ မရှိမဖြစ် ရှိရမယ့် ၀တ္တရားပဲသမီးရဲ့"
"ဟုတ်ကဲ့ပါ မေမေ .. သမီး ရှေးရိုးတွေကို လွယ်လွယ် အထင်မသေး တော့ပါဘူး။ပြီးတော့ မေမေ သည်နေ့ ဆုံးမတာတွေ ကိုလည်း သမီး နားထောင် လိုက်နာပါ့မယ်"
"သမီးစကားကြားရတာ မေမေ၀မ်းသာပါတယ် ..ကဲ.. ကျောင်းမနောက်ကျအောင် လုပ်စရာရှိတာလုပ်တော့ .. မေမေ ဖုန်းချလိုက်တော့မယ် .. လိမ်လိမ်မာမာ နေနော်သမီး။ လိမ်မာတယ် ဆိုတာ လူကြီး ပြောသမျှ နားထောင်တာကို ပြောတာမဟုတ်ဘူး။ လိမ်မာပါးနပ်စွာ နေတာကို ပြောတာနော်။ မေမေ ဖုန်းချလိုက်တော့မယ်"
"ဟုတ်ကဲ့ပါမေမေ..စိတ်ချပါ"
တူ..တူ..တူ

1 comment:

Army Soul said...

ဘုရားဆွမ်းတော်ကပ်လှူခြင်းကို အစ်မရဲ့မေမေ ရှင်းပြတာလေးကို ဖတ်လိုက်ရတာ.. ကျေးဇူးတင်ပါတယ်။ အစ်မ ခွန်မြလှိုင်။