Tuesday, February 19, 2008

ဇာပ၀ါပါး ကန့်လန့်ကာ ခြားတဲ့ စည်း

စိတ်ထက်ခြင်းနဲ့ ငါတကော ကောခြင်း
ရပ်တည်ချက် ခိုင်မြဲခြင်းနဲ့ ခေါင်းမာခြင်း
တော်၊ တတ်ခြင်းနဲ့ တလွဲဆံပင် ကောင်းခြင်း
ရိုးသားခြင်းနဲ့ ရိုးအခြင်း
လိမ်မာ ပါးနပ်ခြင်းနဲ့ ဖျံကျ လူပါးဝခြင်း
ရိုသေခြင်းနဲ့ အောက်ကျို့ခြင်း
လေးစားခြင်းနဲ့ ကြောက်ရွံ့ခြင်း
ဖော်ရွေခြင်းနဲ့ ဖော်လံဖား လုပ်ခြင်း
ဟာသဉာဏ် ရွှင်ခြင်းနဲ့ ပေါချာချာ နိုင်ခြင်း

So Close ဇာတ်ကားကို ကြည့်ပြီး စဉ်းစားမိတဲ့ စည်းလေးတွေပါ။ ဘော်ဘော်တို့လဲ စိတ်ကူး တည့်ရာ ခေါင်းစဉ် ကို ပို့စ်အဖြစ် ဆွေးနွေး ချင်စိတ် ရှိရင် ဆွေးနွေး ပေးကြပါဦးနော်။ အတွေးအမြင်လေးတွေ ဖလှယ် ချင်လို့ပါ။

Read More...

Monday, February 18, 2008

ကျေးဇူးပြုပြီး

ကျေးဇူးပြုပြီး
အတ္တတခွဲသားတွေနဲ့ ပြုံး
စေတနာ ဗလပွ တွေ အမုန်း ခေါင်းစဉ်တပ်ရင်း
ဖြစ်စေချင်လှချည်ရဲ့လို့
ကိုယ့်ခွင်တွေထဲ အတင်းမောင်းသွင်း
ဖိအားတွေ မပြင်းလိုက်ပါနဲ့
ကျေးဇူးတင်ရမှာ မွန်းကြပ်လွန်းလို့ပါ…

ကျေးဇူးပြုပြီး
ရှေ့ကို ရောက်စေချင်လွန်းလို့ပြောရင်း
တွန်းအားတွေ မပြင်းလိုက်ပါနဲ့
မင်းမမြင်တဲ့ချောက်နှုတ်ခမ်းပါး
ငါ့မှာ ကျလုလု…

ကျေးဇူးပြုပြီး
လွှတ်ချပေးပါ
တွန်းအားဒဏ်ကြောင့် ချောက်ထဲ ကျခါမှ
လွှတ်မချနိုင်ဘူးလို့ ကြွေးကြော်
ကယ်တင်မဟဲ့လို့ လေသံလွှင့်
ကြိုးကွင်းပစ် ဖမ်းခါမှ
ငါ့လည်ပင်း တန်းကနဲပေါ့
ချောက်ထဲကျခါမှ မသကာ ကျိုးရုံပေါ့
ခုများတော့ ကြိုးကွင်းကျ
ငါ့မသာ ချကာမှ အေးမယ်ထင့်
လွှတ်ချပေးပါ
ကျေးဇူးပြုပြီး…
ကျေးဇူး..
ပြု..
ပြီး …
.
.
.

Read More...

သင်ခန်းစာ ပေးရာဝယ်

မြကျွန်းညိုညို တက္ကသိုလ်ကို လေးနှစ်တာ ပိတ်ထားတဲ့ အတောအတွင်း ကေသရီတို့ သူငယ်ချင်း တစ်စုကတော့ မိန်းမလှကျွန်း လို့ အမည်တွင်တဲ့ စီးပွားရေး တက္ကသိုလ်ထဲမှာ အလွမ်းပြေ စာရင်းကိုင် ဒီပလိုမာ သင်တန်း များ တက်ရောက် သင်ကြားရင်း ခေတ်အဆက်ဆက် သမိုင်းကြောင်း ရာဇ၀င် ကြီးလှတဲ့ ကံ့ကော် လှိုင်ဝေ အမိ တက္ကသိုလ် မြေရဲ့ ရင်ခွင်ကို ခိုလှုံ ပျော်ရွှင် နေကြသည်။ တက္ကသိုလ် တက်ရ တာချင်း တူတူ တက္ကသိုလ် ကျောင်းသူ ဘ၀ မဟုတ်ဘဲ စာရင်းကိုင် သင်တန်းသူ ဖြစ်ရတာ ကိုတော့ မကျေနပ် ချင်ပါ။ အို.. ဘာပဲ ဖြစ်ဖြစ်

အရင်တုန်းက တက္ကသိုလ် ကျောင်းသူ ကျောင်းသား များနဲ့ စည်ကား သိုက်မြိုက်နေမယ့် ကျောင်း တော်ကြီး ခုချိန် ဘယ်လောက် တိတ်ဆိတ် ခြောက်ကပ် နေပါစေ၊

အရင်က လူသူ စက်ဘီး ကားတို့နဲ့ ပြည့်နေမယ့် လမ်းကြီး လမ်းငယ် အသွယ်သွယ် အခုတော့ ရွက်ကြွေတွေနဲ့ ပြည့်နေပါစေ

အရင်က လူသွားလူလာ စည်ကားနေမယ့် ကွန်ကရစ် လမ်းသွယ်လေးတွေ ခုတော့ ကွန်ကရစ်နဲ့ မြက် ရောနှော ပေါက်ရောက် နေပေမယ့် ကဗျာ ဆန်တုန်း၊ တကသိုလ် ကျောင်းသူ ကျောင်းသားတွေရဲ့ ရာဇ၀င် တွေ၊ ဇာတ်လမ်းတွေ၊ ၀ိညာဉ်တွေ ခိုအောင်းတုန်း၊ အားလုံးကို တ၀ကြီး လိုက်နှုတ်ဆက် ပစ်လိုက်သည်။

ကျောင်းကြီးကို အသက်ဝင်အောင် သူမတို့ လေးယောက် အသံစာစာလေးတွေနဲ့ တတ်နိုင်သမျှ ပေါက်ပေါက်ဖောက်ပစ်လိုက်သည်။ သူမတို့ အုပ်စုတွင် ကေသရီက အငယ်ဆုံး ဆယ်ကျော်သက်။ ကျန်၂ယောက်က အပျိုကြီးများ။ မနော် တစ်ယောက်သာ အိမ်ထောင်သည်။ ထို့ကြောင့် မိန်းမထိန်း များနဲ့ ကျောင်းတက်ရသော ကလေး သဖွယ် ဗရုတ်ကျ သလောက် ဖြတ်ထိုး ဉာဏ် ကောင်းသော ဟာသဉာဏ် ရွှင်သော ကေသရီ ပူဆာ သမျှ ကျန် ချစ်မ များက ချစ်လဲ ချစ်သလောက် အလို လိုက်ကြ ရှာသည်။

ကေသရီ။ ။ ခြေထောက်တွေလဲ ညောင်းတောင့် နေပြီ မသန့်ရာ။ ဗိုက်လဲ ဆာပြီ။ ဟိုနားက ဆိုင်မှာ စိုးမြင့်ကျော် စားရင်း နားရအောင် .. အတန်း ပြီးတည်းက လမ်းလျှောက်နေတာ ခု ညနေ တောင် စောင်းပြီ

သဇင်သန့်။ ။ အိုကေ ဗိုက်ဖြည့်ပြီးရင် ကန်ဘောင် သွားမယ်လေ နော် ကေသရီ.. ပြီးရင် ပြန်ကြစို့ ကောင်းတယ်ဟုတ် မနော်နဲ့ မစန်း

မနော်၊ မစန်း။ ။ ဟုတ်.. ကောင်းတယ် .. အ၀ စားပစ်မယ်

လေးယောက်သား လမ်းအပြည့် လျှောက်ရင်း တိတ်ဆိတ် ခြောက်ကပ်နေသော အဓိပတိ လမ်းပေါ် ကနေ ဘွဲ့နှင်း သဘင် ခန်းမကြီး နဲ့ သူ့ဘေး တဖက် တချက်က အလှကုန် ဖူးပွင့် နေသော ပန်းမိတ်ကပ် ရောင် ခြယ်သ ထားသည့် အသောက ပင်ကြီး ၂ပင်ကို ဓာတ်ပုံ တဖျပ်ဖျပ် ရိုက်ရင်း တနေ့စာ နှုတ်ဆက် လိုက်သည်။ နောက်တော့ အီကိုဘက်ကို ပြန်လာရင်း စားသောက်ပြီး အင်းလျား ဘက် ဂိတ်ကနေ ကန်ဘောင်ပေါ် ရောက်ခဲ့သည်။ ကန်ဘောင်ကို စုံတွဲများချည့် အသုံးချ နေသည်ကို မကျေနပ်သူ များထဲတွင် သူတို့လဲ ပါသည်။ ကန်ဘောင်ကို စုံတွဲများချည့် နေရာ ယူထား သလို ဖြစ် နေ သည်ကို လုံးလုံး မကျေနပ်။ သူမတို့ ကန်ဘောင် သွားသည် ဆိုလိုက်သည်နဲ့ မိသားစု ဆွေမျိုး ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းက အတွဲရှာဖို့လို့ချည့် ထင်သည်ကို မကျေနပ်ဆုံး။ တကယ်က ကန် ဘောင် ပေါ်က ညနေ ဆည်းဆာရဲ့ အလှကို အတွဲ များချည့် ခံစား တတ်သည် မဟုတ်။ သို့သော်တဲ့ .. သို့သော်
စန်း။ ။ မသန့်နဲ့ မနော် ဟိုမှာ ကြည့်စမ်း အဲဒီ တစ်ယောက်က တို့ အတန်းက မဟုတ်လား ဒီနေ့ တို့နောက် တစ်နေကုန် လိုက်နေတာ ဂျူဗလီဟောနား တို့ရောက်နေတည်းက သူပါမှန်း မစန်း

သတိထားမိတယ် .. တိုက်ဆိုင်တယ် မှတ်တာ .. ခု ကန်ဘောင်ထိ ပါလာပုံ ထောက်ရင် တိုက်ဆိုင်တာ မဟုတ်တော့ဘူး ထင်တယ်နော်

သန့်။ ။ အားးး.. အပျိုကြီးတို့များ သတိကောင်းချက်.. ဟုတ်တယ် ဒါ သန့်တို့ အတန်းထဲက ကျောင်းသားပဲ

နော်။ ။ ကြည့်စမ်း မှတ်မိနေလိုက်ကြတာ ကျောင်းတက်တာဖြင့် မကြာသေးဘူး ဟွန်းဟွန်း

ကေ။ ။ အာ… မနော် ကလဲ.. အတန်းထဲ ကျောင်းသားကျောင်းသူ 150 ထဲမှာ ယောက်ျားလေးဖြင့် ၅ယောက် တည်း ပါတာ.. တစ်ယောက်က ၀တုတ်၊ တစ်ယောက်က ထိပ်ပြောင်၊ နောက် တစ်ယောက်က မှန်ကြောင်၊ နောက်တစ်ယောက်က မဲလုံး၊ ကြည့်လို့ ဖြစ်တာ သူတစ်ယောက်တည်း ပါတာကိုးး
စန်း။ ကေသရီရယ်… ဝေဖန်လိုက်တာလဲ ရက်စက်ပါ့

အားလုံး။ ။ ဟားဟားဟား
နော်။ ။ အဲဒီ တစ်ယောက်က အသားအရည်တော့ တော်တော် လှတယ်နော်။ ဖွေးပြီး ၀င်းနေတာပဲ မိန်းကလေး ရှုံးတယ်
ကေ။ ။ ဟွန့် သူ့အသားလေး နည်းနည်းဖြူတာကို ပေါ်လွင်အောင် ၀တ်လိုက်ရင် အ၀ါတောက် တောက် အစိမ်းခြောက်ခြောက်၊ အနီစူးစူးနဲ့။ ဆရာ စာသင်နေတုန်းချည့် အတန်းထဲ ၀င်လာလိုက်ရင် ဆရာ့ကို အာရုံ စိုက်နေရင်းတောင် မျက်လုံးထောင့်က လင်းခနဲ ရဲခနဲ အရောင် ၀င်လာရင် ကြည့်လိုက်.. သူချည့်ပဲ.. လူသိပ် သတိထားမိ ခံချင်ပုံနဲ့
သန့်။ ။ အေး… ကေသရီ ပြောတာ ဟုတ်တယ်
နော်၊ စန်း။ ။ အင်း ဟုတ်တယ် ဟုတ်တယ်
သန့်။ ။ သူက ကျောင်းတက်လိုက်ရင်လဲ အခြံအရံနဲ့နော်။ ကားကိုယ်တိုင် မောင်းလို့ ကျောင်းတက်နိုင်တာ..
နော်။ ။ အမယ်လေး လမ်းကြုံလိုက် ကားစီးတဲ့ သူငယ်ချင်းတွေ ဖြစ်မှာပေါ့ အဲဒါကို အခြံအရံလို့ ပြောလို့ ရပါဘူး
ဒီလိုနဲ့ ကန်ဘောင်ရဲ့ ဆည်းဆာကို ထိုကျောင်းသားရဲ့ အတင်းနဲ့ မြည်းရင်း ကေသရီတို့ အိမ်ပြန် ခဲ့ကြသည်။
************************************************

မသန့်နဲ့ ကေသရီက တလမ်းတည်း အတူနေသူ များမို့ တူတူ သင်တန်း တက်ကြ ပေမယ့် မစန်းနဲ့ မနော်က တစ်နေရာစီ။ ကျောင်းရောက်မှသာ တွတ်ထိုးနိုင်ကြသည်။ သင်တန်း ကာလ ၃လ အရောက်တွင်တော့
ကေ။ ။ မာလာ မှတ်တိုင် ပါတယ်
ဟိုးထား ဆရာရေ့ လေးဘီးလုံး ရပ်မယ်
ဘတ်စ်ကားက ပြည်လမ်းပေါ် တရိပ်ရိပ် ပြေးနေရာမှ မာလာ မှတ်တိုင် အနီး ရုတ်တရက် ဘရိတ်အုပ် လိုက်သောကြောင့်
ဟဲ့.. အို
အမေ့.. သွားပြီတော့
ဘတ်စ်ကား အရပ်မှာ အရှိန် မထိန်းနိုင်ဘဲ တစ်ယောက် ခြေထောက် တစ်ယောက် တက်နင်းမိကြရင်း မသန့် ဖိနပ် ပြတ်လေပြီ။ ကား ခဏ အရပ်မှာ မာလာ မှတ်တိုင်မှာ အရောင် စူးစူးကြီးနဲ့ သူ့ကို အထင်းသားကြီး တွေ့လိုက် ရသည်။
သန့်။ ။ ကားဆရာ လှည်းတန်းသာ မောင်းတော့။ အဲဒီကျမှ ဆင်းတော့မယ်။
စီးတော်ယာဉ် ပြတ်သွားပြီ ဆရာရေ့ လှည်းတန်းသာမောင်း
အာချောင်သော စပယ်ယာနဲ့ အမောင်းကြမ်းသော ဒရိုင်ဘာကို ပွစိပွစိနဲ့ တိုးတိုး ကျိန်ဆဲရင်း ကေသရီနဲ့ သန့်တို့ လှည်းတန်းမှာ ဆင်းရသည်။
လှည်းတန်းဈေးထဲ ဖိနပ် ၀င်ဝယ် ရသောကြောင့် ကျောင်း နောက်ကျ လေပြီ။
သန့်။ ။ tea break ပေးမှ ၀င်တော့မယ်ကွာ.. လူရှေ့ သူရှေ့ ကျောင်းနောက်ကျပြီး အတန်းထဲ ၀င် မထိုင်ချင်ဘူး
ကေ။ ။ အင်း ဟုတ်တယ်။ လူဝိုင်းကြည့် ခံချင်ပါဘူး။ ကန်တင်းန် မှာပဲ မုန့်စားရင်း စောင့်တော့မယ် နော် မသန့်
အိုကေ
ဘယ်တော့မှ ငြင်းစရာ မလိုသော သူတို့ ၂ယောက် လှည်းတန်းကနေ ပြည်လမ်းအတိုင်း လမ်းလျှောက်ရင်း ကျောင်းကို ပြန်လာတော့ မာလာ မှတ်တိုင် အရောက်
ခုန ဖိနပ်ပြတ်သွားတာလား
အေးကွာ ဒါနဲ့ ငါလဲ လှည်းတန်း သွား ဖိနပ်ဝယ်ပြီး ပြန်လာခဲ့ရတယ်
ကေသရီနဲ့ သန့်တို့ ၂ယောက်သား မျက်လုံးရော နှုတ်ခမ်းပါ အ၀ိုင်းသား ဖြစ်လျက် အသံလာရာဆီ ပြိုင်တူ ကြည့်မိတော့ စပ်ဖြဲဖြဲနဲ့ ဟို သတ္တ၀ါ။ မျက်စောင်းခဲရင်း ဆက်လျှောက်လာတော့ ဒင်းတို့က နောက်က ပါလာခဲ့ပြီ
မသန့်ရေ။ ကန်တင်းန် ထိုင်လို့ မဖြစ်တော့ဘူး ထင်တယ်
အင်း ဟုတ်တယ်။ နောက်ပေါက်ကနေ ၀င်ပြီး နောက်ဆုံးတန်း ၀င်ထိုင် ကြရအောင်
အိုကေ
တော်ပါသေးသည်။ မနက်အစော သင်တန်းချိန်မို့ ကျောင်းသားများ လွတ်လေ့ ရှိသော အတန်းချိန် ဖြစ်တာ သူမတို့ ကံကောင်း သွားသည်။ နောက်ဆုံးတန်း ၂တန်း လုံးတွင် ဘယ်သူမှ မရှိ။ ဆရာ ကျောက်သင်ပုန်းဘက် ပြန်အလှည့် သူမတို့ ၂ယောက် ဒုတိယ နောက်ဆုံး ခုံတန်းတွင် လှစ်ခနဲ ၀င်ထိုင် လိုက်ကြသည်။ သို့သော်
ဟို ၂ယောက် အတန်းနောက်ကျတယ်
ဆရာ့စကားအဆုံး သူမတို့ ၂ယောက် တုန်ခနဲ ဖြစ်သွားကြသည်။
ဆောရီး ဆရာ.. ၀င်ခွင့်ပြုပါ ခင်ဗျာ
အေးး ဒီတခါ နောက်ဆုံး ဖြစ်ပါစေ။ နောက်တခါ အတန်းထဲ ပေးမ၀င်ဘူး ကြားလား
ဟုတ်ကဲ့ပါ ဆရာ
ဟူးးးးးးးး
သူမတို့ ၂ယောက် ခုမှ အသက်ရှူမိကြသည်။ လက်စသတ်တော့ ဟို ၂ယောက်က သူမတို့ နောက်ခုံကို ၀င်အထိုင် ဆရာက မြင်သွားခြင်းပါပေ။ ဒီနေ့ ကံတ၀က် မကောင်းပါလားနော်
**********************************************

မနက် ၈နာရီ ကနေ ညနေ ၄နာရီ အထိ သင်ရသော ဒီပလိုမာ တန်းမို့ ဒီသတ္တ၀ါကို တနေကုန် မကြည့်ချင် မြင်လျက်သား။ ကန်တင်းန် ထိုင်လဲ မလှမ်းမကမ်း ၀ိုင်းမှာ ထိုင်ရင်း သူမတို့ ၂ယောက်ကို မျက်လုံး အစာကျွေးသော၊ စာသင်ခန်းထဲ ထိုင်ရင်လဲ အရင်လို သူ့ဟာသူ နောက်ဆုံးတန်းမှာ မထိုင်ဘဲ ကေသရီ ထိုင်လေ့ ရှိသော ရှေ့ဆုံးတန်း ညာအစွန် ခုံလေးရဲ့ နောက်မှာ ကေသရီ နေရာယူပြီးခါမှ လာထိုင်တတ်သော၊ ဆရာက ပုစ္ဆာ ပေးထားပြီး တွက်ခိုင်း ထားချိန်တွင် နောက်ကနေ အသံ တိုးတိုးဖြင့် သီချင်း စောင်းဆို တတ်သော သူ့ကြောင့် တတန်းလုံးကလဲ သူနဲ့ ကေသရီကို သတိ ထားမိ ချေပြီ။ သူကတော့ ဒီထက် ရှေ့ဆက် မတိုး
သန့်။ ။ ကေရေ.. ဟိုဘိုးတော်က ရှင့်ကို ပိုးနေတာ သေချာပြီ
ကေ။ ။ အလကားပါ မသန့်ရာ။ လုပ်နေပုံ အချိုးကိုက မခိုးမခန့်နဲ့။
သန့်။ ။ သူက တော်တော်ချောပြီး တော်တော်လဲ ချမ်းသာပုံပဲ ကေ ရဲ့။ နုဖပ် သန့်နေတာပဲ။ ၀တ်လိုက်ရင်လဲ အပျံစားချည့်။ ဒါကြောင့် မာန ခံနေတာလဲ ဖြစ်မှာပေါ့။
ကေ။ ။ ဒီအရွယ် ဒီအတန်းမှာ သူငွေ မရှာနိုင်သေးပါဘူး မသန့်ရာ။ ခုနေ ကြွားပြ နိုင်သမျှ သူ့အဖေ စည်းစိမ်ပါ။
သန့်။ ။ ကေ့ကို သူ ဖွင့်ပြောပြီလား
ကေ။ ။ မသန့် တချိန်လုံး ပါနေတာပဲ။ ကေ့ကို သူ တခုခု ပြောချင်ရင် မသန့်သိမှာပေါ့။
သန့်။ ။ ဟိုနေ့က ကေ့ စားပွဲ အံလေးထဲ သူ စာလာ ထည့်ထားတယ် မဟုတ်လား။
ကေ။ ။ ဟုတ်ချင် ဟုတ်မှာပေါ။့ ပံ့သကူ ပစ်သလို လာပစ်ထည့် ထားတာကို မက်မက်စက်စက် ကောက်ယူမယ့် အစားထဲ ကေ မပါဘူးလေ။ ဒီအတိုင်း ထားပစ်ခဲ့တယ်
သန့်။ ။ ကောင်းရော
*************************************************
(ဆက်ရန်)

Read More...

Thursday, February 14, 2008

နေဘုန်းလတ်ရဲ့ Valentines’ Day

ဒီနေ့ ချစ်သူများနေ့ ပါတဲ့ သူငယ်ချင်းများက ဆုတောင်း ပေးနေကြ ပါတယ်။ ကျွန်မက ပြောတဲ့ စကားကို သဘောကျတဲ့ သူငယ်ချင်း တစ်ယောက်က စီဘောက်စ်မှာ ပြန်နောက် သွားပါတယ်။ ဟုတ်ပါတယ် .. ကျွန်မ ပြောတဲ့ စကားက
ချစ်သူကို သတိရနေတဲ့ အချိန်တိုင်း Valentines
ချစ်သူကို သတိရနေတဲ့ နေရာတိုင်း Honeymoon ပါလို့..
သူများတွေ ပျော်နေချိန်၊ တချို့လဲ ၀မ်းနည်းနေမှာပေါ့လေ.. ဘလော့ဂါ တွေက ပျော်လျက် တဖုံ၊ ၀မ်းနည်း လျက် တနည်း၊ သံဝေဂတွေ တလီနဲ့ သူ့နည်းနဲ့သူ ကိုယ်ပိုင် ဘလော့လေး တွေမှာ ချစ်သူများနေ့ကို ဆင်နွှဲနေကြ ပါတယ်။ ဒါပေမယ့် အားလုံးထဲမှာ စိတ်မကောင်း ဖြစ်ရဆုံးက လွတ်ကျခဲ့တဲ့ မြို့တော် ပိုင်ရှင် အနုပညာကို ရူးသွပ်စွာ ခုံမင် မြတ်နိုးတဲ့ စာရေးဆရာ၊ ကဗျာဆရာ၊ တေးရေးဆရာ ဘလော့ဂါ နေဘုန်းလတ် တစ်ယောက် သူ့ချစ်သူ အတွက် ချစ်သူများနေ့မှာ ဘာ အမှတ်တရမှ ဘလော့ပေါ် မတင်နိုင်ခဲ့ရှာပါဘူး။

သူ့ချစ်သူကို သူ တမ်းတ နေမလား
သူချစ်တဲ့ ဘလော့လေးကို မှန်းဆ နေမလား
သူချစ်တဲ့ ဘလော့ဂါ ရပ်ဝန်းကို လွမ်းဆ နေမလား
ဘာပဲဖြစ်ဖြစ် သူချစ်တဲ့ အရာအားလုံးကို သူ အိပ်မက် နေမှာတော့ သေချာပါတယ်
သူကိုယ်တိုင် ရေးစပ် သီကုံးပြီး သူ့ညီလေး ကိုသူ ကိုယ်တိုင်တီး၊ ကိုယ်တိုင် ဆိုထားတဲ့ ဒီ သီချင်းလေးထဲက အတိုင်း သူချစ်တဲ့ သူတွေ၊ သူချစ်တဲ့ အရာတွေကို တမ်းတ နေမယ့် နေဘုန်းလတ် ကိုယ်စား သူ့ကို ချစ်တဲ့ သူ့ သူငယ်ချင်း များကပဲ သူ့သီချင်းလေးကို ချစ်သူများနေ့ အမှတ်တရ အဖြစ် စာဖတ်သူများနဲ့ မျှဝေ လိုက်ပါ တယ်။ သူ့ဘလော့က အိပ်မက် နံပါတ် ၅ ဆိုတဲ့ ပို့စ်လေးကို ခံစား သီကုံး ထားတဲ့ သူရေးတဲ့ သီချင်း လေးကို စာဖတ်သူ အားလုံး ခံစား နားလည် နိုင်ကြ ပါစေနော်။

နေဘုန်းလတ် ရေးတဲ့ သီချင်း = အိပ်မက် နံပါတ် ၅

Read More...

Wednesday, February 13, 2008

ပြည်ထောင်စုနေ့က တွေးမိတဲ့ အတွေး ( ဗိုလ်ချုပ် အောင်ဆန်း မွေးနေ့ ဘာကြောင့် ကလေးများနေ့ ဖြစ်သလဲ)


ပြည်ထောင်စုနေ့ ပုံကို ကိုပြည့်စုံ ထံမှ လည်းကောင်း၊ ဗိုလ်ချုပ် အောင်ဆန်း ပုံကို မကေသွယ် ထံမှ လည်းကောင်း ရယူပါသည်။




ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ ကို ကလေးများနေ့ အဖြစ် ဘာဖြစ်လို့ သတ်မှတ် ခဲ့ကြတာလဲ။ ရှင်းပါတယ်။ မြန်မာ ကလေး တိုင်းကို ဗိုလ်ချုပ် အောင်ဆန်းလို လူတော်လူကောင်း ဖြစ်စေချင်လို့ သတ်မှတ် ခဲ့တာပါ။ ဗိုလ်ချုပ် အောင်ဆန်း ဟာ ဘယ်လို လူတော်၊ ဘယ်လို လူကောင်း တစ်ယောက် ပါလဲ။ အသက်အရွယ်နဲ့ မလိုက် လောက်အောင် ထူးချွန် ထက်မြက် ပြီး မြန်မာပြည် အင်္ဂလိပ် လက်ကရော ဂျပန် လက်ကပါ လွတ်လပ်ရေး ရအောင် ကိုယ်ကျိုး မဖက် အသက် စွန့် စွမ်းဆောင် ကြိုးစား ခဲ့တဲ့၊ အဲလို ကြိုးစား ပေးတဲ့ အတွက် သူ့အတွက် ဘာဆို ဘာမှ အကျိုး ခံစားခွင့် မယူ ခဲ့တဲ့ လူကောင်း လူတော် တစ်ယောက်ပါ။ ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်း လို လူကောင်း လူတော် လေးများ ဖြစ်အောင် ဗိုလ်ချုပ် အောင်ဆန်းရဲ့ မွေးနေ့မှာ အနာဂတ်ရဲ့ ခေါင်းဆောင်လောင်း လေးများ ဖြစ်တဲ့ မြန်မာ ကလေးငယ် များရဲ့ နေ့ကို တရက်တည်း အတူတူ သတ်မှတ် ခဲ့ကြတာ ဖြစ်ပါတယ်။

(ဗမာ့လွတ်လပ်ရေး အတွက် တပ်မတော်ဖွဲ့ဖို့ ဂျပန် ပြည်မှာကွယ်
တကယ်ပဲ အသက်နဲ့ လဲလို့ဆင်းရဲဒုက္ခခံကာ ကြံစည်တယ်
သူရဲကောင်းတဲ့ ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ်)၂
(ငါတို့ မြန်မာပြည် မိဘတိုင်းက ရယ် ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေ ရှိဖို့ မွေးရမယ်
ငါတို့ မြန်မာပြည် မိဘတိုင်းက ရယ် အာဇာနည် အစစ်တွေကို ရှိဖို့ မွေးရမယ်)
သြော် ဘုရင့်နောင်နဲ့ ရာဇာ ဓိရာဇ် တို့လို မင်းရဲကျော်စွာ ပမာပုံနှယ် အလောင်းဘုရား တို့လိုကွယ်
မြန်မာတိုင်း မြန်မာမျိုး အားကိုး လောက်ပေရဲ့ မကြောက်တမ်း မရွံတမ်း မြန်မာတွေ အောင်ပန်း ဆွတ်ကြ ရှာလေတယ်
{(ရာဇ၀င် အထ္ထုပ္ပတ္တိလည်း ရှိရတယ် မော်ကွန်းလဲ ထိုးလောက်တယ် မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်.. )၂
တိုင်းပြည်အကျိုး ရှိဖို့ရယ် များဇာနည်နွယ်
လွတ်လပ်ဖို့ ဒို့များကို ကျွန်တွင်းမှ ကယ်
တို့မြန်မာ စိုးမိုးဖို့ မျှော်ကြရှာလို့ ပေါ်လာတယ်.}၂

ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဘုရင့်နောင်တို့ဟာ နိုင်ငံတော် တည်ငြိမ်ရေး အတွက် အင်မတန် အရေးပါတဲ့ တိုင်းရင်း သား စည်းလုံးရေး အတွက် စွမ်းစွမ်းတမံ ကြိုးစားခဲ့ ကြတဲ့ မြန်မာ့ စံပြ ခေါင်းဆောင်များ ဖြစ်ကြပါတယ်။ သူတို့ လို သူရဲ ကောင်း တွေ ဖြစ်ဖို့ အနာဂတ်ရဲ့ ခေါင်းဆောင်လောင်း ရင်သွေးငယ် များကို လူကြီးမိဘတွေ ဘယ်လို မွေးမြူ ပျိုးထောင် ခဲ့ကြ ပါသလဲ။ ငါပြောသလိုလုပ်၊ ငါလုပ်သလို မလုပ်နဲ့ ဆိုတဲ့ ပြုစု ပျိုးထောင် နည်းမျိုးနဲ့ ပျိုးထောင် ခဲ့ကြ ပါသလား။

မင်း သူလောက်မှတော်အောင် မကြိုးစားနိုင်ဘူးလား သူ့ထက် သာအောင် မကြိုးစားနိုင်ဘူးလား.. သူ့-ျီး တတုံး လောက် စားထားဖို့ ကောင်းတယ်
သည်ကျောင်းသား ကတော့ တော်လိုက်တာ ကျန်တဲ့ ကျောင်းသားတွေ … မင်းတို့ သူ့ကို နမူနာ ယူကြ … သူ့လို တော်အောင် ကြိုးစားကြ

သည်လို စကားတွေ ကျွန်မတို့ ကလေး ဘ၀က မိဘ ဆရာ တွေရဲ့ ဆုံးမ စကား အဖြစ် နားမွှန်အောင် ကြားဖူး ခဲ့ပါ တယ်။ ဒီစကား တွေကြောင့် မခံချင် စိတ်နဲ့ ကလေးများ ကြိုးစား ခဲ့ကြ သလား။ ကလေး အချင်းချင်းကြား မနာလို ၀န်တိုစိတ် တွေနဲ့ ရန်လိုမှုတွေ တိုးပွား လာခဲ့ကြ သလား။ အဲဒီ အကျင့် တွေက “ ကျောင်းတော်က ရန်စ” အဖြစ်နဲ့ လူကြီး ဘ၀ထိ ပါလာ ခဲ့ကြ သလား။
ငါ့စကားဆို တခွန်းထဲနဲ့ နားထောင်စမ်း၊ မိဘ ဆရာ ဆိုတာ မင်းတို့ထက် တတ်လို့ ဒီရာထူး ရပြီး မင်းတို့ထက် အသက်ကြီးလို့ မင်းတို့ ဘယ်အရွယ် ဘာလုပ်တတ်တယ် ဆိုတာ အကုန် သိပြီးသား။ အထွန့်တက်မယ် မကြံနဲ့။

ဟေ့ မိဘက မဲဆို မဲလိုက်စမ်း မိဘက ဖြူဆို ဖြူလိုက်စမ်း မိဘ ဆရာ ဆိုတာ အနန္တောအနန္တ ငါးပါး ဂိုဏ်းဝင်နော် ပြစ်မှားမယ် မကြံနဲ့ အ၀ီစိ ဂျိုးကပ်သွားမယ်

ဒီလိုစကားတွေ နားထောင်ပြီး ကြီးပြင်းလာတဲ့ ကလေး တစ်ယောက် လူကြီး ဖြစ်လာတဲ့ အခါ ဘာကြောင့် ဒါကို မဲရမှန်း ဖြူရမှန်း သိခဲ့သလား။ မိဘ ဆရာ လုပ်တဲ့ သူတွေက ကလေးတွေကို ဖွင့်ဆို ရှင်းပြပြီး နားဝင်အောင် ပြောရမယ့် အစား လွယ်လွယ်ပဲ ခြိမ်းခြောက်

ငေါက်ငမ်းပြီး ငါတကော ကောပြီး ထင်ရာ စိုင်းပြောချင်ရာ ပြောခဲ့သမျှ ကလေးရဲ့ မသိစိတ်က ဒါလို အကျင့်စရိုက်ကို မနှစ်မြို့လျက်က သင်ယူ ခဲ့ပြီး ဖြစ်နေပါပြီ။ ဒီစရိုက်နဲ့ ရွယ်တူကြား ပေါင်းသင်းဆက်ဆံရေးမှာ ငါပြောတာမှ မှန်ရမှ ဆိုတဲ့ စိတ်ဓာတ်နဲ့ မြန်မာ ဆိုတာ ၂ယောက်ရှိရင် ၃ပါတီ ကွဲတယ်လို့ နိုင်ငံခြားသားက ရယ်သွမ်း သွေးတာ ခံနေရ ပါပြီ။ ဒီစရိုက် ဘယ်က လာခဲ့တာလဲ။ ဘယ်သူ့ဆီက လေ့လာ သင်ယူ ခဲ့တာလဲ။

မိဘက မဲဆို တာကို ဖြူလို့ ဆန့်ကျင်ရင် ပြစ်မှားရာ ရောက်သလား။ တကယ် ငရဲ ကြီးသလား။ မြတ်စွာဘုရားက ကာလာမ သုတ်မှာ အတိအလင်း ဟောပါတယ်.. ငါဘုရား ဟောရုံမျှနဲ့ မှန်တယ် လို့ မယုံလိုက်နဲ့ လိုက်မလုပ် လိုက်ပါ နဲ့ဦး။ ဆင်ခြင် စဉ်းစား လိုက်ပါဦးတဲ့။ အနန္တော အနန္တ ငါးပါးထဲမှာ ဘုရားက ထိပ်ဆုံးကပါနော်။ သူ့ကို ဝေဖန် လို့ တောင် ပြစ်မှားရာ မရောက်ဘဲ ငရဲ မကြီးဘဲနဲ့ မိဘနဲ့ ဆရာ ကို ဘာလို့ ဖြူရ မဲရ သလဲ မေးတာလောက်နဲ့ ငရဲနဲ့ လှည့်

ခြိမ်းခြောက်နေရင် ဘယ်လောက်များ သာသနာဖျက်ရာ ကျနေပြီလဲ။ မြတ်စွာဘုရားရဲ့ မိဘများ ယူတဲ့ အယူဟာ ဟိန္ဒူ ၀ါဒီပါ။ အတ္တ ၀ါဒီပါ။ မြတ်စွာဘုရားရဲ့ ဆရာတွေ ဖြစ်တဲ့ ဆရာရသေ့ ၂ပါးဟာ ထေရ၀ါဒ ဗုဒ္ဓ၀ါဒီ မဟုတ်ပါဘူး။ မြတ်စွာဘုရားသာ မိဘ နဲ့ ဆရာစကားကို တသဝေ မတိမ်း နားထောင်ခဲ့ရင် ဘုရား အဖြစ် ပွင့်လာ နိုင်ပါ့ မလား။ ကြပ်ကြပ် စဉ်းစား စေချင် ပါတယ်။ ဒီလိုနဲ့

လူအချင်းချင်းကြား ငါပြောတာမှ ဟုတ်ရမှ၊ ငါ့စကားမှ မှန်ရမှ ဆိုတဲ့ လူတွေ များလာရင် တိုင်းရင်းသား စည်းလုံး ညီညွတ်မှု တကယ် ရလာ မှာလား။ ပြည်ထောင်စုကြီး တကယ့်ကို တည်တံ့ ခိုင်မြဲ လာနိုင် မှာလား။ ဒီလို ကလေး ပြုစု ပျိုးထောင် ပုံမျိုးနဲ့ ငါတို့ မြန်မာ ပြည် မိဘတိုင်းက ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေ ဖြစ်အောင် မွေးနိုင်မှာလား၊ ပြုစု ပျိုးထောင် နိုင်မှာလား။

မနေ့က ၆၁ နှစ်မြောက် ပြည်ထောင်စုနေ့မှာ စဉ်းစားတာ များလို့ ဘာပို့စ်မှ မတင်နိုင်ခဲ့ လောက်အောင် ပါပဲ။ အဲဒီ အတွေး များဟာ ဒီနေ့ ဗိုလ်ချုပ် အောင်ဆန်းရဲ့ မွေးနေ့ ပြီးတော့ ကလေးများနဲ့ ဆက်စပ် လာတဲ့ အခါမှာ….

(ငါတို့ မြန်မာပြည် မိဘတိုင်းက ရယ် ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေ ရှိဖို့ မွေးရမယ်
ငါတို့ မြန်မာပြည် မိဘတိုင်းက ရယ် အာဇာနည် အစစ်တွေကို ရှိဖို့ မွေးရမယ်)

ဟုတ်ကဲ့.. ကျွန်မတို့ ကလေး ပြုစု ပျိုးထောင်နည်း ပြောင်းဖို့ လိုနေပါပြီ။ လူကြီးနဲ့ လူငယ်ကြား ဆက်ဆံရေးလဲ ပြောင်းဖို့ လိုနေ ပါပြီ။ ဒါက ကျွန်မရဲ့ အမြင်ပါ။ စာဖတ် ပရိသတ် ကြီးရော ဘယ်လို မြင်ပါသလဲရှင်။


Read More...

Monday, February 11, 2008

အပြစ်မဲ့ ဘလော့ဂါ စာရေးဆရာ တစ်ဦး ညစ်တွန်းတွန်းပြီး ဖမ်းခံခဲ့ရတာ ရက်သတ္တ ၂ပတ် မြောက်တဲ့နေ့ အမှတ်တရ

အိပ်မက်တံခါးဝမှာ ရင်နာခဲ့ရတဲ့ ရက်စွဲတွေ

ပထမ ၅ရက်လုံးလုံး နင် မအိပ်ခဲ့ရဘူး ထင်ရဲ့
ငုတ်တုတ်တမျိုး မတ်တပ်တဖုံ
အိပ်မက်တံခါးဝကနေ
ငါစောင့်နေခဲ့တယ်.. နင်မပေါ်လာခဲ့ဘူး

၆ရက်မြောက်တဲ့ည..
နင်သတိပဲ လစ်နေခဲ့ပြီလား
‘သည်လိုမှမဟုတ်
စိုက်ခနဲ စိုက်ခနဲ ငိုက်လဲကျ နေခဲ့ပြီလား
ငါ့ အိပ်မက်ထဲ နင်ပြေးလွှားလို့


၇ရက်မြောက်ခဲ့ပြီ သူငယ်ချင်း
ဆို့နင့် မွန်းကြပ်နေတဲ့ ရင်အစုံနဲ့ တမ်းတ
နင်လဲ ခါးသီးမှု တစုံတခုနဲ့ တွေ့နေပြီ ထင်ရဲ့
အဲသည်ညက နင်အိပ်ပျော်ခဲ့ပုံ မရဘူး
ငါလဲ အိပ်မပျော်ခဲ့ဘူး

ဂရက်မြောက်တဲ့ည
အိပ်ရမှာ တောင် ကြောက်လာခဲ့ရ
နင်ဘာတွေ ဖြစ်နေခဲ့ပြီလဲ
အိပ်မက်ထဲမှာ ယောက်ယက်ခတ်ပြီး
ပေါ်လိုက်ပျောက်လိုက်နဲ့ ... နင်
သတိလစ်နေတာလား
စိုက်ခနဲ ငိုက်လဲ ကျ နေတာလား

၉ ရက်နဲ့ ဆယ်ရက်မြောက်တဲ့ည
ငါ မအိပ်ရဲတော့ဘူး
ငါ မအိပ်ပါရစေနဲ့တော့ သူငယ်ချင်း

ဒီနေ့ ၁၄ရက်မြောက်
ရက်သတ္တ ၂ပတ်လုံး
ဟိုအဆောင်က ဒီအဆောင်ပြောင်း
နင့်အကြောင်းကို စုံစမ်း မရအောင်
နည်းအမျိုးမျိုးနဲ့ အဆက်ဖြတ်
တကယ်တမ်းတော့
စိတ်ချင်းဆက်တာ ဘယ်သူတားနိုင်လဲ

ငါဖျားနေပြီ သူငယ်ချင်း
ဆောင်းတွင်းမှာ အနွေးထည်ရရဲ့လား
နင်ရော ဖျားနေခဲ့ပြီလား

အိပ်မက်တံခါးဝမှာ ရင်နာခဲ့ရတဲ့ ရက်စွဲတွေ
အမြန် ကုန်ဆုံးလို့
နင် ဘေးကင်းစွာနဲ့ ပြန်လာမယ့်ရက်
ငါတို့ သူငယ်ချင်းတွေ မျှော်လျက်ပါ..

တရားတဲ့ ဥပဒေ ထွန်းကားပါစေ
တရားတဲ့ ဥပဒေက လူကောင်းတွေကို ကာကွယ် နိုင်ပါစေ..

Read More...

Sunday, February 10, 2008

Happy Birthday to February-born Bloggers

Photo Ko Chit Oo,
Ma Bedar,
And Min Tasay,

The Bloggers I know
Who are Feb-born Bloggers

May all of you be blessed
to be independent
enjoying yourselves..

Read More...

ဘ၀လက်တွဲဖော်

နည်းပညာ တကသိုလ် ကျောင်းဆင်းရယ် မပြောရဘူး။ မသမုဒယ ပြောလို့ သူ့ဘလော့မှာ တွေ့ပေမယ့် အမှန် အတိုင်း ရေးလိုက်ရင် ရိုက်ပေါက်တွေ ဖြစ်ကုန်မှာ စိုးလို့ သာသာလေး ငြိမ်နေမဟဲ့လို့ တိတ်တိတ်လေး နေတာ မရဘူးဗျာ.. မလေးမ တို့များ ဘလော့တိုင် စီဘောက်စ် ရောက် လာအော် သွားတယ်.. တက်ထားတယ်တဲ့.. ဟွန့်.. ရေးချင် လျက် အော်ချက်ထုတ် အဲ.. ဟုတ်ပေါင်.. ကဲ .. ကဲ.. လာထားး

လက်မထပ်ခင် တစ်နှစ် အလို အထိ အိမ်ထောင်ပြုဖို့ လက်တွဲဖော် ရှာဖို့ လုံးဝ (လုံးဝ) စိတ်မကူး ထားပါ။ မှတ် ကရော နော်.. ပြတ်သားတယ်.. အကြောင်းပြချက်က မိဘ ၂ပါး တခြိမ်းခြိမ်း စကားများ လွန်းလို့ အိမ်ထောင် ရေးကို စိတ်ကုန်တာ ဖြစ်ပါတယ်.. ရည်းစား မထားရခြင်း အတွက် အကြောင်းပြချက်က

၁. အကိုဝမ်းကွဲ လေးဆယ်ကျော်နဲ့ အတူ ကြီးပြင်း လာတာ ဖြစ်ခြင်းကြောင့် ယောက်ျားတွေ အကြောင်းကို နောကြေအောင် သိပြီး သကာလ ယောက်ျား အများစုကို ကြောက်သောကြောင့် လည်းကောင်း (မယုံလို့ လို့ ပြောရင် အမြင်ကတ်မှာ စိုးလို့)၊

၂. တွေ့မြင်ဖူးသော ယောက်ျား အများစု ပါးစပ်က ပြောထွက်သော အချစ် ဆိုသည် ကြီးကို မယုံသောကြောင့် လည်းကောင်း (ယောက်ျားတွေ အကုန်လုံးလို့ ပြောဘူးနော်)၊

၃. အကိုတွေနဲ့ (Chess, acrobat, မြင်းစီး၊ စက်ဘီး၊ အဲ. အများကြီးပြောရင် ကိုယ့် အကြောင်း လူသိတယ်.. ယောက်ျားလေး အများစု လုပ်တတ် ကစားတတ် တာထက် နည်းနည်း ပိုလောက် အောင်ကို) ပြိုင်ဆော့ နေကျ မို့ တော်ရုံ ယောက်ျားလေး များကို အထင်မကြီးခြင်း (နင်တို့လောက်တော့ ငါ အားလုံး လုပ်တတ်တယ် ဆိုပြီး ဘာမှ အားမကိုး သောကြောင့် ကျောင်းမှာ နေဘုန်းလတ် တခါ ပြောဖူးသော စကားကို သတိရ မိပါ သည်။ နင် ဒီလောက်တောင် ယောက်ျားလေး တွေကို ပြိုင်ချင်နေရင် ငါနဲ့ ခြင်းပြိုင်ခတ်မလားတဲ့.. ခြင်းနုဆို လာထား ဆို တော့ မဟုတ်ဘူး၊ ပိုက်ကျော်ခြင်းတဲ့.. ငါက ပုဆိုး ခါးတောင်း ကျိုက်ပြီး ခတ်မှာ.. နင်က ထမီ ခါးတောင်း ကျိုက် ပြီး ခတ်နိုင်လား တဲ့ @#$%^&* သူငယ်ချင်းရေ … နင်ပြန် ထွက်လာရင် ငါ ရှမ်းဘောင်းဘီ ၀တ်ပြီး နင်နဲ့ ပြိုင် ခတ်မယ် ဟယ်.. ငါတို့ သူငယ်ချင်းတွေ ပြန်ဆုံနိုင် ပါစေ)

ငယ်ငယ်တည်းက ဖတ်ဖူးပါတယ်။ ဘုရားဟောတဲ့ ဇနီးသည် (၇) မျိုးပါ။ အမေနဲ့တူသော ဇနီး၊ နှမနဲ့ တူသော ဇနီး၊ အဆွေခင်ပွန်းနဲ့ တူသော ဇနီး၊ ကျွန်နဲ့ တူသော ဇနီး၊ အရှင်သခင်နဲ့ တူသော ဇနီး၊ သူသတ်နဲ့ တူသော ဇနီး၊ သူခိုးနဲ့ တူသော ဇနီး တဲ့.. အမေ၊ နှမ၊ မိတ်ဆွေ၊ ကျွန်နဲ့ တူတဲ့ ဇနီး မျိုးက နတ်ပြည်ရောက်ပြီး ကျန် ဇနီး မျိုးတွေက ငရဲပြည် ရောက်သတဲ့။ ဒါဆို အပြန်အလှန် အားဖြင့် အဖေ၊ အကို၊ မိတ်ဆွေ၊ ကျွန် နဲ့ တူတဲ့ ခင်ပွန်း ယောက်ျားတွေ နတ်ပြည် ရောက်မှာ ပေါ့နော်။ အဲလို ကတ်သီး ကတ်ဖဲ့ တွေးတာပါ။ ကျွန်လို ဆက်ဆံဖို့ ကို ရော အဆက်ဆံ ခံရဖို့ကိုပါ စိတ်ကို မကူးတာပါ။ ယဉ်ယဉ် ရိုင်းရိုင်း ကျွန်စနစ်ကို မွေးရာပါ မုန်းပါတယ်။ ဘ၀ လက်တွဲဖော်ကို အဖေ၊ အကို၊ မိတ်ဆွေ နဲ့ တူသော လူ ဖြစ်ရမယ်လို့ တမင် မတွေးထား ပေမယ့် သူငယ်ချင်း ယောက်ျားလေး တွေကို အဲလို ဆက်ဆံလို့ ရတဲ့ သူကိုပဲ ရွေးပေါင်းမယ် လို့တော့ တေးဖူး ပါတယ်။

ကံမကောင်းစွာ လေဖြတ်ပြီး နိုင်ငံခြားက ဆေးရုံပေါ် အထီးကျန်မဟုတ်ဘဲ အမကျန် ရောက်နေချိန်၊ တသက် လုံး လက်တွန်း လှည်းပေါ် နေသွား ရမယ် ဆိုလဲ တသက်လုံး ပေါင်းပါမယ် ဆိုပြီး လက်ထပ်ခွင့် တောင်းခဲ့တဲ့ သူငယ်ချင်းကို လက်ခံ ခေါင်းငြိမ့်ပြီး ၃လ အတွင်း ခင်ပွန်း သည် အဖြစ် ကံကောင်းစွာ လက်ထပ်ခဲ့ပါတယ်။ ပို ကံကောင်းတာက အဖေလို အကိုလို စိတ်ရှည်ပြီး (ကျွန်မ အဖေ ကတော့ စိတ်မရှည်တဲ့ အပြင် ပေါက်ကွဲ တတ်ပါ သေးတယ်။ စိတ်ရှည်တဲ့ အဖေကို ရည်ညွှန်း တာပါ) ချစ်တတ်တဲ့ အထိ စောင့်မယ် တဲ့လေ။ ထပ်ဆင့် ကံကောင်း တာကတော့ သူက အရက်ဆို allergy ဖြစ်လို့ သောက်မရ၊ ဆေးလိပ်ဆို သူကိုယ်တိုင်က အနံ့ မခံနိုင်၊ လောင်းကစားကို မွေးရာပါ အမြင် ကတ်လို့ အင်ဂျင်နီယာ ဖြစ်လျက် ဖဲတောင် မရိုက်တတ်၊ အနှိပ် ခန်းဆို ကျွန်မ က သူ့ကို ထိတာတောင် ယားတတ် တဲ့လူ၊ ကွမ်းစားတဲ့ ပါးစပ်ကို မုန်း၊ မိန်းမ ပွေဖို့ နေနေ သာသာ မိန်းကလေး များ အပေါ် ထားတဲ့ သဘော ထားကို သူရေး ထားတဲ့ ဟောဒီ ပို့စ်မှာ ဖတ်နိုင်ပါတယ်.. တော်တော် ကြီးကျယ် တဲ့လူ.. ဘယ်လို သမီး ရမလဲ မသိဘူး ဟိဟိ.. ဘယ်လို မိန်းမမျိုး ရတယ် ဆိုတာတော့ စာဖတ် ပရိသတ်ကြီး ကိုယ်တိုင်ပဲ ဆုံးဖြတ် ပေးလိုက်ပါ နော်..

ကဲ.. မလေးမနဲ့ ဘော်ဘော်တို့ရေ ကျေနပ်တယ်ဟုတ်.. မကျေနပ်လဲ ဒီလောက်ပဲ ကြောကြမယ်တွာ.. ကျေနပ်လိုက်ကြပါ နော်..

Read More...

Friday, February 8, 2008

ငါတို့ ပြန်တွေ့ကြမယ် သူငယ်ချင်း

သူငယ်ချင်းရေ… နင်ရေးတဲ့ ကဗျာလေးက နင့်အတွက် ပြန်ဖြစ်သွားမယ်လို့ မရည်ရွယ် မမျှော်မှန်း ခဲ့ကြဘူး။ ဒါပေမယ့် ငါတို့ပြန်တွေ့ကြမယ် သူငယ်ချင်း။ ပြန်တွေ့ဖြစ်အောင် တွေ့ကြမယ်။


 ကောင်းကင်ပြာကို
တိမ်ညစ်တို့ အုပ်စိုး
ပြီးတော့ ..
အက်ဆစ်မိုးတို့ ရွာချ
ဘ၀တွေ နစ်မွန်း သွားကြတယ်။
 ကျေးငှက်တွေက အတောင်ပံတွေကို တမ်းတ
ပန်းပွင့်တွေက ရနံ့တွေကို သတိရ
စမ်းချောင်းတွေက စီးဆင်းခွင့်တွေကို မျှော်လင့်ကြရင်း
စိတ်ကူးတွေကို မြိုသိပ်
တိတ်တဆိတ် ခရီးဆက်ကြတယ်။
 တနေ့နေ့ပေါ့…
တိမ်ညစ်တို့ ဖရိုဖရဲ
မိုးစက်တွေ စဲမယ့် တစ်နေ့
ငြိမ်းချမ်းခြင်းရဲ့ ရှေ့မှာ
ငါတို့ ပြန်တွေ့ကြမယ်။ ။

နေဘုန်းလတ်

Read More...

နေဘုန်းလတ်ရဲ့ သူငယ်ချင်းသို့ပေးစာ

နင့်ရဲ့ အဖြူရောင် စကားလုံးတွေက ပြောတဲ့ စကားတွေကို ငါတို့ သူငယ်ချင်းတွေ နှလုံးသားနဲ့ နားဆင်ရင်း တို့အတူ သွားမယ့် ခရီးကို လမ်းဆုံးတဲ့အထိ လျှောက်နေကြတယ် သူငယ်ချင်း..

Let’s go.. My Friends

In our Brain,
There is a firm Faith
Which is forever definite
For the eternity of fate.

In our Mind,
There is a gentle compassion
Without hoping anything
For everybody meeting.

In our Heart,
There is a white Love
Without any attachment
For the hate no end.

Let’s go My Friends
In the Momentary period
By living with the right and honest
Let’s leave the real history of the Guest
As the precious instance for the world of us.

နေဘုန်းလတ်

Read More...

Freedom for Right Time (ချိန်တန်ပြီ)

ချိန်တန်ပြီ

သတ္တလောကမှာ
ကျွန်တော့်နာမည် အများဆုံးထင်ရဲ့
လူဆိုတဲ့သတ္တ၀ါတွေလေ
ကျွန်တော့်ကိုနာမည်မျိုးစုံခေါ်ဝေါ်ကြတာကို
ကျွန်တော်အကုန်ဘယ်သိနိုင်ပါ့မလဲ
ဘောလုံးပွဲဆိုတာ
ကစားသမားထက် ပရိသတ်ကပိုမြင်ကြသတဲ့
ကိုယ်တိုးတက်ရာကိုယ်မလုပ်ကြဘဲ
ကျွန်တော့ဘ၀ကိုစပ်စုမှတ်တမ်းတင်ကြရဲ့။

သူတို့ကြောင့်ပဲ သူတို့သိကြရ
ငယ်ဘ၀အစက
လိပ်ပြာဥဆိုတဲ့ကျွန်တော်
ပိုးတုံးလုံးဘ၀ကို ဖြတ်ကျော်ပြီး
လက်ရှိဘ၀က ဘောက်ဖတ်တဲ့
စေးကပ်တဲ့အမျှင်တွေထုတ်ရင်း
ကိုယ့်ကိုယ်ကိုရစ်ဖွဲ့မိလို့
ကိုယ့်ထောင်နန်းကိုယ်ဖန်တီးရင်း
ကျွန်တော်အချုပ်မိနေတာကြာပေါ့။

ဘယ်တော့များမှာ ရောင်စုံဖြာတဲ့
ပန်းဥယျာဉ်ထဲ ၀ဲကာပျံရင်း
ပန်းဝတ်ရည်ချိုကိုသောက်သုံး
ပန်းဝတ်မှုန်တို့ကိုစားသုံးလို့
တောင်ပံဆန့်ရင်းခရီးနှင်
ကျယ်ပြောတဲ့ကောင်းကင်ပြင်မှာ
ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်
ရီဝေေ၀မျှော်ကာကြည့်ရင်း
ဘောက်ဖတ်အိမ်ထဲက ကျွန်တော်
ရုန်းထွက်ဖို့ကြိုးစားကြည့်နေတယ်။

ကျွန်တော့်ရဲ့မျိုးဗီဇ မညံ့တာသေချာပါရဲ့
နောင်တော်တွေအသီးသီး
ပိုးအိမ်ထောင်နန်းထဲက ဖောက်ထွက်ရင်းပျံသန်း
ယောင်ကန်းကန်းမျက်ဝန်းနဲ့ ငေးမိရဲ့။

ပိုးတုံးလုံးဘ၀ကများအာဟာရချို့တဲ့ခဲ့လေရော့သလား
ပိုးမျှင်တွေကပဲ သိပ်ကိုခိုင်ခန့်ခဲ့လေသလား
အားကုန်ထုတ်ရုန်းပေမယ့်လည်း
ပိုးအိမ်ကတော့ ခိုင်မာနေဆဲ
ပြန်မရနိုင်တဲ့အချိန်တွေလည်း ကုန်လှပေါ့။

လူတွေကပြောကြရဲ့
အားကုန်ထုတ်လို့မရုန်းနိုင်ရင်
သေပွဲဝင်ရတဲ့ကောင်စား
သည်လိုဘောက်ဖတ်များလှပေါ့တဲ့။

ကဲ!!! ငါယက်လုပ်တဲ့ပိုးအိမ်ရေ
အရေစုတ်လို့အရိုးကြေစေတော့
ကျယ်ပြောတဲ့ကောင်းကင်ပြင်ကို
တားဆီးမဲ့ကြည့်မြင်နိုင်ရုံနဲ့
သည်တန်ကြေးပေးရတောင် တန်ရဲ့
ငါကတော့ကြိုးစားမယ်
မှောင်မဲကျဉ်းကြပ်တဲ့ သည်ပိုးအိမ်ကိုမုန်းတယ်
မလှပတဲ့လိပ်ပြာငယ်
ဖြစ်စေလည်းဖြစ်တော့ပေါ့။ ။

Freedom for Right Time

There is a proverb that
Audiences can see more than players in football match,
Then those human beings recorded my life
Without doing their own work to be bright
Due to their research
They know all of my life’s processes
First process as an egg of Butterfly
Second process as a caterpillar I have passed by
Current processes I am living as a cocoon
Wrapping myself with sticky silks of worm
Like a life in jail created myself
This condition is already long last

Expecting to create my choice… my right
Traveling in the wide sky, spreading my own wings,
Flying upon the gardens painted by all colorful means
Consuming nectar and pollen at future process of butterfly
I am struggling to escape from silky wall wild

I am sure that
My gene is not too bad
As my elders have been tearing silky jail
And flying in the sky far far away
I keep on looking them with envy eyes
I have strong hope of freedom’s rhymes

Am I malnourished in the process of caterpillar?
Or are the silks too strong not to be torn out becoming weird?
Though I struggled too long time which is not retainable
As much my strength as possible
But the silky jail is still strong and impregnable

I heard the chats by the human beings
There are so many cocoons which are dying
For failing to struggle enough
To tear out the wall of silky jail of hard
Come on jail’s wall! Woven myself
Let’s challenge which is between us!
I won’t care for being torn off my skin and wings
Or I won’t care for being broken my spines
As the right of seeing wide sky without hindrances
Which is worthy for my life of accidents
As I hate the darkness of opaque, I will try my best to escape
Even if I can get opportunity to become, an ugly butterfly in my life-span

Time Magazine's Editors တွေပေးတဲ့ဆုကို ဆွတ်ခူးဖူးတဲ့ ကဗျာဟောင်း လေးပါ ကြွားတာ မဟုတ်ပါဘူး ခံစားချက်တွေ တိုက်ဆိုင် လာပြန်လို့ တကျော့ပြန် တင်လိုက်တာပါ

Read More...

Thursday, February 7, 2008

မိတ်ဆုံပွဲ



မြန်မာ ဘလောက်ဂါ တွေ ဖြစ်သန်းခဲ့ရတဲ့ ဘ၀အတွေ့အကြုံတွေ ကို အခြေခံပြီး ရေးဖွဲ့ထားတဲ့ အေးအေးလေး သီချင်းတွေ အများစုပါဝင်ပါတယ်…။ တေးရေးတွေ ကတော့ ကိုမျက်လုံး၊ မင်းယွန်းသစ်၊ ကိုဂေါက်၊ မောင်ခ အော် ရေးရင်းနဲ့ old blog band က လူအကုန် ကုန်ပြီ။ အော် ဘလောက်ဂါတွေ တွေကြုံခဲ့ရတဲ့ အဓိက အဖြစ်အပျက် တွေကို သီချင်း အအေး တွေနဲ့ ဖွင့်ချထားပါတယ်..။ ဘလောက်ဂါတွေလဲ ဒီပို့စ်ကို ၀ိုင်း ကြော်ငြာပေးကြ အုံးနော်..။ စပွန်ဆာက mbs ပါ။ နားထောင်ကြည့်လိုက်ပါ။ တခုခု တော့ ကိုယ်ဘ၀ တစ်ပိုင်းတစ်စ နဲ့ သွားပြီးတိုက်ဆိုင် ချင် တိုက်ဆိုက်နေပါလိမ့်မယ်.။ အောက်မှာ ဘလောက်မှာဖော်ပြဖို့ linkရေးပေးထားတယ်..။ ယူသွားပြီး ဘလောက်မှာ ကြော်ငြာပေးနော်…။

(img alt="funny" src="http://artofkha.files.wordpress.com/2008/02/funny-news01.jpg" /)

လက်သဲကွင်းများ နေရာတွင် '<' နှင့် '>' တို့အစားထိုးရန်


(ဤပို့စ်ကို ကိုခ ဘလော့ဂ်မှ ပြန်လည် ကူးယူဖော်ပြပါသည်။)

Read More...

နေဘုန်းလတ် မမေ့တဲ့ ရက်စွဲနဲ့ ကဗျာ

ကိန်းဂဏန်းတွေကို မုန်းတဲ့၊ ရက်စွဲတွေကို မေ့တတ်လွန်းတဲ့ နေဘုန်းလတ် တစ်ယောက် သူ့ဘလော့လေးမှာ သူမမေ့တဲ့ ရက်စွဲ အဖြစ် သူ့ဘလော့လေး စတင်တဲ့ ရက်စွဲ (၀၇- ၀၂- ၂၀၀၇) ကို ရေးထားခဲ့သလို ‘သူ မြတ်နိုးတဲ့ သူ့ဘလော့  လေးရဲ့ တစ်နှစ်ပြည့် မွေးနေ့ကို သူမှတ်မိနေမှာ သေချာပါတယ်။ ‘ဒါပေမယ့် သူ မှတ်မိမယ့် ရက်စွဲမှာ သူက တော့ ဖမ်းဆီး ထိန်းသိမ်း ခံနေရ တဲ့အတွက် သူ့ဘလော့လေးရဲ့ တစ်နှစ်ပြည့် မွေးနေ့ အတွက် ဘာ ပို့စ်မှ တင်နိုင် ရှာမှာ မဟုတ်ပါဘူး။ သူ သံယောဇဉ် ကြီးတဲ့ သူ့ဘလော့လေးရဲ့ မွေးနေ့ကို သူမြတ်နိုးချစ်ခင်တဲ့ ဘလော့ဂါ ရပ်ဝန်းက သူငယ်ချင်းများက ၀ိုင်းဝန်း ပြုလုပ်ပေးရင်း သူ့ကို ခင်မင်လေးစား တန်ဖိုးထားမှုကို ပြသ နေခဲ့ ကြပါတယ်။

ကျောင်းနေဖက် သူငယ်ချင်း တစ်ယောက် အနေနဲ့ ငါ့ဘ၀ထဲ မုန်တိုင်း ထန်နေ စဉ်က နင်ဟာ ငါ့ရဲ့ မိတ်ဆွေ ကောင်း၊ သူငယ်ချင်းကောင်း၊ ငါရင်ဖွင့် သမျှ နားထောင် ဖေးမ အကြံတွေ ပေးခဲ့တဲ့ နင်.. အမိမြေကို ခွာ ကာနီး ငါ့ကို တဘ၀စာ အမှတ်တရ ‘အကယ်၍ ဆိုတဲ့ ကဗျာလေးကို အမှတ်တရ ပေးခဲ့တဲ့ နင်.. အခု နင် ဒုက္ခရောက်တဲ့ အခါ နင့်ဘေးနားမှာ ငါမရှိနေခဲ့နိုင်ဘူးနော်..

မင်းရဲ့ ဖြူစင်ရိုးသားမှုတွေကို
လူလိမ်လူညာတွေက
မုသားတွေ အဖြစ်
ထောင်ချောင်ဆင် ညစ်တဲ့ အခါ
မင်းဟာ တည်တည်ငြိမ်ငြိမ်နဲ့ နာကြားနိုင်မယ် ဆိုရင်..

မင်းကလဲ သူတို့ကို အလိမ်အညာတွေနဲ့ ပြန်လည် မတုံ့ပြန်ဘူး ဆိုရင်..

သူငယ်ချင်း.. နင်ပေးခဲ့တဲ့ ကဗျာလေး ထဲက နင် ပြန်ပြီး အထူး Bold လုပ်ပေးခဲ့တဲ့ ကဗျာပိုဒ်လေးပါပဲ။

သင်္ဃန်းကျွန်း အိမ်ကနေ သုဝဏ အိမ်ကို ပြောင်းသွားတာ မကြာသေးတဲ့ နင့်ကို ပြည်ထဲရေး က ဗိုလ်မှူးက အချိန်တစ်ခုမှာ ဘယ်မှာ နေခဲ့လဲ မေးစဉ်က နင် အဲသည် အချိန်မှာ နေခဲ့တဲ့ နင့်ရဲ့ သင်္ဃန်းကျွန်း အိမ်လိပ်စာ ကို နင်ပြောခဲ့တယ်။ ‘ဒါပေမယ့် လက်ရှိ အချိန်မှာ အဲသည်အိမ်မှာ နင့်ဘိုးဘွားတွေ ပြောင်းရွှေ့ နေခဲ့ပြီးပြီ။ ‘ဒါကို နင်က အိမ်နေရာကို လိမ်ပြောတယ်လို့ စွပ်စွဲပြီး ပါးရိုက်မယ်လို့ ကြိမ်းဝါး ပြောဆိုတာ ခံခဲ့ ရတယ်။

နင်ပေးခဲ့တဲ့ ကဗျာလေး ထဲက လိုပါပဲ.. လိမ်ညာ မပြောတတ်တဲ့ နင့်ရဲ့ ရိုးသားဖြူစင်မှုတွေကို ဘယ်သူတွေ က ထောင်ချောက်ဆင် ညစ်ပါစေ ငါတို့က နင့်ရဲ့ ဖြူစင်ရိုးသားမှုကို အမြဲ ယုံကြည်နေတယ် သူငယ်ချင်း..

ရန်သူက ဖြစ်စေ မိတ်ဆွေက ဖြစ်စေ
မင်းကို နာကျင်အောင် မလုပ်နိုင် စေခဲ့ရင်

ပျားရည်ထဲ ခပ်ထည့်ထားတဲ့ အဆိပ်တွေလို မာယာတွေနဲ့ နင့်ကို ပိုမို ဒုက္ခ ရောက်အောင် တမင် လုပ်သူတွေ ရှိသလို နင့်ကို ကူညီချင်လျက်နဲ့ တကယ် ခင်မင်လျက်နဲ့ ကူညီဖို့ကြိုးစားရင်း နင့်ကို ပိုနွံနစ်အောင် လုပ်မိ သလို ဖြစ်ခဲ့တဲ့ အဖြစ်တွေ ရှိကောင်း ရှိမယ် သို့သော် နင့်ကို၊ နင့်ရဲ့ အနာဂတ်ကို၊ နင့်ရဲ့ ခံစားချက်တွေကို ဘယ်သူကမှ နာကျင်အောင် မလုပ်နိုင် ပါစေနဲ့လို့ ငါဆုတောင်းပေးနေတယ် သူငယ်ချင်း..

သူများ လုပ်ပြီးသွားကြတဲ့ အရာ တစ်ခုကို အစစ နောက်ကျ ပြီးမှ လုပ်ခဲ့ရပြီး အဲသည် အတွက်လဲ မမောပန်း ဘဲ နင်စောင့်နိုင်မယ် ဆိုရင်...

သူတပါးကို သိပ်ငဲ့ညှာ တတ်လွန်းတဲ့ နင်.. ရိုးရိုး သားသား မှန်မှန် ကန်ကန် နစ်နာမှုတွေ အတွက် တာဝန်ယူတတ် လွန်းတဲ့ နင်.. လူငယ်တွေကို တိုးတက်စေ ချင်လွန်းတဲ့ နင်.. လူငယ်တွေကို စည်းလုံး ညီညွတ် စေချင် လွန်းတဲ့နင်.. အများအကျိုး အတွက် ကိုယ်ကျိုး စွန့်တတ်တဲ့ နင်.. နင် လုပ်ချင် တာတွေ အတွက် အချိန် တစ်ခု ကို နင် စိတ်ရှည်ရှည်နဲ့ စောင့်နိုင်ပါစေ သူငယ်ချင်း... စိတ်ရောကိုယ်ပါ ကြံ့ခိုင်မှု တွေ ပိုမို တိုးပွားလာပါစေ...

ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့ သူငယ်ချင်း.. နင်ပေးခဲ့တဲ့ မွေးနေ့ လက်ဆောင် ကဗျာလေးကိုပဲ ငါ ပြန်ရေးရင်း နင့်ကို ငါတို့ ပြန်လည်တွေ့ဆုံဖို့ အဓိဌာန် ပြုနေကြမယ်

မိုးကောင်းကင်မှာ
တိမ်ညစ်တို့ အုပ်စိုး
ပြီးတော့ အက်ဆစ်မိုးတို့ ရွာချ
ဘ၀တွေ နစ်မွန်း သွားကြတယ်

ကျေးငှက်တို့က တောင်ပံတွေကို တမ်းတ
စမ်းချောင်းတွေက စီးဆင်းခွင့်တွေကို မျှော်လင့်ကြရင်း
တိတ်တဆိတ် ခရီးဆက်ခဲ့ကြတယ်

တနေ့မှာပေါ့
တိမ်ညစ်တို့ ဖရိုဖရဲ
မိုးစက်တို့ စဲတဲ့တနေ့
ငြိမ်းချမ်းခြင်းရဲ့ ရှေ့မှောက်
ငါတို့ ပြန်တွေ့ကြမယ်

ဟုတ်တယ်.. ငါတို့ ပြန်တွေ့ကြမယ် သူငယ်ချင်း..

Read More...

Tuesday, February 5, 2008

သူငယ်ချင်း နေဘုန်းလတ်သို့ ….

ဘလော့ဂ်ဂါမောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း "မြို့စားကြီး နေဘုန်းလတ်" လို့ နာမည် တွင်ခဲ့ တဲ့သူ။ မနှစ်က ဒီလို နေ့မှာပဲ "လွတ်ကျ ခဲ့တဲ့ မြို့တော်" ဘလော့ဂ် လေးကို သူကိုယ်တိုင် အသက် သွင်းခဲ့တယ်။

ဒီနေ့ တော့ တစ်နှစ် တင်းတင်း ပြည့်သွား ပြီပေါ့။ မှတ်မှတ်ရရ သူ့ ဘလော့ဂ်မှာ ပထမဆုံး တင်လိုက်တဲ့ ပို့စ် နာမည် ကလည်း "လွတ်ကျခဲ့တဲ့မြို့တော်" တဲ့။ လက်တွေ့ဘဝမှာ သူလွတ်ကျ ခဲ့တဲ့ စာရေးဆရာ၊ ဒါမှ မဟုတ် အနုပညာ သမား ဆိုတဲ့ အမည် နာမတွေ အတွက် သူ့ ဘလော့ဂ်ဟာ သစ္စာ ရှိတဲ့ လူယုံ၊ အစွမ်း ထက်တဲ့ လက်နက်၊ အရိပ် ကောင်းတဲ့ ညောင် သစ်ပင်လို အသုံးတော် ခံခဲ့တယ်။ ရက်ပေါင်း ၃၆၅ ရက် အတွင်း မှာ သူ့  မြို့တော်က စာကောင်း စာသန့် ၁၂၂ ပုဒ် မွေးထုတ် ပေးခဲ့ ပြီးပြီ။ ဒီစာ တွေကြောင့် ဖတ်သူတွေ အတွက် သုတ ပန်းတွေ လန်းလာ ခဲ့တယ် ၊ ရသ လမ်းတွေ ဆန်းလာ ခဲ့တယ် ၊ ပညာ မီးတွေ လင်းပ လာခဲ့တယ် ။ သူက တော့ သတိထား မိချင်မှ ထားမိ လိမ့်မယ်။


ဘလော့ဂ်ဂါတွေ အတွက် ပထမဆုံး ဆိုတဲ့ စကားလုံး တော်တော် များများမှာ သူနဲ့ လွတ်ကျ ခဲ့တဲ့ မြို့တော် လည်း ရင်းနှီး ကျွမ်းဝင် ခဲ့တယ်။ ဘလော့ဂ် ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့် စာအုပ် အတွက် တက်တက် ကြွကြွ နဲ့ သူ အစွမ်းကုန် ကြိုးစား ခဲ့တယ်။ စာအုပ် ကိစ္စ ဆွေးနွေး ပွဲတိုင်းကို မပျက် မကွက် တက်ရောက် ခဲ့သူ ဟာ လည်း သူ တစ်ဦး တည်း ရှိခဲ့တယ်။ နောက်ပြီး ရန်ကုန်မှာ ပထမဆုံး ကျင်းပခဲ့တဲ့ Blog Day Seminar အတွက် လည်း သူ ပါဝင် ခဲ့တယ်။ MRTV4 နဲ့ အခြားသော မီဒီယာတွေ အကြားမှာ ဘလော့ဂ် လောက အကြောင်းကို သူချပြ ရဲခဲ့တယ်။ ဝေဖန်မှု တွေကို လက်ခံ ခဲ့တယ်။ မေးခွန်း တွေကို အပြုံးနဲ့ ဖြေကြား ပေးနိုင် ခဲ့တယ်။

မြန်မာဘလော့ဂ်ဂါရပ်ဝန်းမှာ ဓလေ့ထုံးတမ်းတစ်ခုရှိတာက ဘလော့ဂ်တစ်ခု ဒါမှ မဟုတ် ဘလော့ဂ်ဂါ တစ်ယောက်ရဲ့ အထိမ်းအမှတ် နေ့တွေမှာ အထူး ရေးသားတဲ့ ပို့စ်တွေ တင်တတ် ကြတယ်၊ သူငယ်ချင်းတွေက လာနှုတ်ဆက် ကြတယ်၊ Comment တွေ ချီးမြှင့် ကြတယ်။

ဒီနေ့ သူ့ ရင်နဲ့ တည်ထားတဲ့ မြို့တော်ကြီး တစ်နှစ်ပြည့်တယ်။ ခုလို အချိန်မှာ သူသာ လွတ်လွတ်လပ်လပ် ရေးသားခွင့် ရမယ် ဆိုရင် သူ့ဘလော့ဂ် အတွက် အထိမ်းအမှတ် ပို့စ်တင်မယ့် အစီအစဉ် ရှိမယ် ဆိုတာ အသေ အချာပဲ။ ဒါပေမယ့် သူ … ဘယ်မှာလဲ ။ သူရေးမယ့် ပို့စ်မှာ Comment ရေးဖို့ ဘလောဂါ့ ရပ်ဝန်းက သူငယ်ချင်း တွေ သူ့ရဲ့ စာဖတ် ပရိသတ်တွေ မျှော်လင့် တကြီး စောင့်နေကြတယ်။ " မြို့စားကြီး " လို့ စနောက် ကြဖို့ စောင့်နေ ကြတယ် …

ဇန်နဝါရီ ၂၉ ကတည်းက ခြောက်သွေ့နေခဲ့ရတဲ့ သူ့ မြို့တော်မှာ အပြုံးတွေနဲ့ ဖုံးလွှမ်း နေစေ ချင်တာ … ရယ်သံ တွေနဲ့ စည်ညံ နေစေ ချင်တာ … ဒါတွေ အတွက် အားလုံးက စောင့်မျှော် နေဆဲပါ ..။

ဘလော့ဂ်ဂါတွေကို ချစ်ကြည်စေချင်တဲ့ သူ့အတွက်၊ လူငယ်တွေကို ကောင်းစေ ချင်တဲ့ သူ့ အတွက်၊ တိုင်းပြည်ကို တကယ် ချစ်တဲ့ သူ့ အတွက် ဘေးဒုက္ခဆိုတာ မြူတစ်မှုန် စာတောင် ကျရောက် မလာစေဖို့ ဘလောဂါ့ ရပ်ဝန်းမှ ညီအကို မောင်နှမ အားလုံးက ဒီအမှတ်တရ ပို့စ်လေးနဲ့ ဆုတောင်း လိုက်ပါတယ်။

Read More...

Sunday, February 3, 2008

Free Blogger Nay Phone Latt



သူငယ်ချင်းရေ.... ဥပဒေမဲ့ အကြောင်းပြချက်မဲ့ ဖမ်းဆီးခံထားရတာ ဒီနေ့ ၇ရက် ပြည့်ပြီနော်...
မသင်္ကာမှုနဲ့ ဖမ်းရင်တောင် ဥပဒေ အရ ၇ရက်ပဲ ဖမ်းထားလို့ ရပါတယ်...
ဥပဒေနဲ့ အညီ ပြန်လွှတ်ရင် လွှတ်၊ မလွှတ်ရင် အကြောင်းပြလို့ သက်ဆိုင်ရာကို တောင်းဆိုချင်ပါတယ်...
နင် အမြန်ဆုံး ပြန်လည် လွတ်မြောက် နိုင်ပါစေ..
ငါတို့ တိုင်းပြည်လဲ တရားဥပဒေ ပြန်လည် ထွန်းကားပါစေ..
ငါဆုတောင်းနေတယ် သူငယ်ချင်း...

Read More...