Monday, December 6, 2010

သုံးကျောင်းပြောင်းတဲ့ ရှင်တို့ခေတ်

ဦးလေး အဒေါ် အကို အမတို့

ဂုဏ်ယူ ပျော်ရွှင် တက်ခဲ့ဖူးတဲ့ ကျောင်း

နှစ်လွှာပေါင်းတရွက် တင်စားချက်ရဲရင့်

သမိုင်းတင့်ခဲ့တဲ့ စွယ်တော်ရိပ်ညို

ခေတ်ပြောင်းခဲ့တဲ့ အမိတက္ကသိုလ်





ကံကြမ္မာ အလှည့်အပြောင်းက

ရိုင်းအောင်ဖန်ပြန်တော့

စွယ်တော်ရိပ်က မြစိမ်းရောင်စို

ပြည်ထောင်စုကျောင်းတော်ဘ၀က

ရန်ကုန်သားချင်းတောင် ၂ခြမ်းခွဲ

သန်လျင် မှော်ဘီ ကွဲခဲ့တယ်

အင်္ကျီဖြူ အရေးအခင်းနဲ့

ခေါင်းလောင်းတီးမှ အတန်းပြင်ထွက်

ကျောင်းသားတို့ အခွင့်အရေး

တိုက်ယူမှ ပေးခဲ့ပေမယ့်

မပီပြင်တဲ့ ကျောင်းသားဘဝ

မြောင်းထဲဆို့တဲ့ အမှိုက်ကွ တဲ့…

ပြီးပြီးရောလို့ သဘောထား

ငါးလနဲ့ တတန်းပြီးခဲ့ရ

အစိုးရရဲ့ စေတနာတွေ…

လှည်းငုပ်ချောင်း ရွာအစွန်က

မှော်ရုံတောလို့ ကင်ပွန်းတပ်

ရန်ကုန်မြောက်ပိုင်း နည်းပညာ ကောလိပ်လို့ ကမ္ပည်းတင်

ရပ်စွန်ရွာပြင်က ငါတို့ကျောင်း

Informer တွေ သောင်းပြောင်းရောလို့။



ဘယ်မလဲ ဂျီဟော... ဘယ်မလဲ ထီးကိုးလက်

ဘယ်မလဲ နွေးအေး... ဘယ်မလဲ သြဘာလမ်း

ကျောင်းကားတွေက မလုံလောက်

စာသင်ခုံတွေ မလုံလောက်

ရပ်ပေဦးတော့ ခပ်တောင့်တောင့်

စာခြောက်ရုပ် မင်းညို

တေးချင်းကို ဆိုရင်း

“ တို့ဦးထားတဲ့ ထိုင်ခုံနော်”

“နောက်ဆုံးခုံတန်းကို ၀မ်းလျားမှောက် ဦးထားကွ”

“ဘောလုံးကိုကျော်မယ်ဆရာ” “ တန်းလေးတွေ ကိုင်ထားမယ်.. ခြေနင်းကွက်လေးတွေ မြဲပစေနော်…

ကွေ့မယ် ၀ိုက်မယ် လိုအပ်ရင် ဘရိတ်သုံးမယ်” “ စိုက်ကြည့်ရင် အလိုက်သိပါ” “ လက်တို့တောင်းရင် ရှက်ဖို့ကောင်းတယ်နော်”

Toll gate က စစ်သားကို

T-Square နဲ့ တဒိုင်းဒိုင်းပစ်

၂နှစ်ကြာလို့ တရွာပြောင်း

ထိန်ပင်ကုန်း တက္ကသိုလ် ကင်ပွန်းတပ်

ရန်ကုန် အနောက်ပိုင်း နည်းပညာတက္ကသိုလ်မှာ တခန်းရပ်ပြန်ရော့။



သူပုန်မျိုးဆက် ကျူငုတ်ဖြတ်မတဲ့

တကြောင်းတည်းသော ထွက်ရာလမ်း

အကဲစမ်းရင် ငရဲလမ်းမြန်းမယ်

ထိပ်ပေါက်မှာ ရဲစခန်း ဘေးချင်းကပ်က သုသာန်

Lab ၀င်ဖို့က မီးမလာပြန်ဘူး

“ပေါင်ချိန်ရေ… နင်ဘယ်မတုံး

တို့မြင်ရအောင် သွားလေးဖြီးပြ”

“လိုက်မစနဲ့.. တို့လို ငပြောင် စိတ်မဆောင်ဘူး

ပီလောပင် ပက်ကျိတက် … ရုံးပတီသီး ကြော်ချက်နဲ့မှ”

စနောက် ထေ့ပြောင်

အသောအရွှန်းတွေဖောက်

ခဏနေတော့ စာမေးပွဲရောက်တယ်

ငါးလတတန်းမှာ သင်ရိုးတိုးတော့

အခြေအနေက အတော်ဆိုးတယ်

ဟေး ဟေး ဟေးးးး ဟေးးးးးးးးးးးး ဟေးးးးးးးးးးးးးး

မလန့်ပါနဲ့ စိတ်ထွက်ပေါက်ပါ

ဖြေနိုင်သလား လာမမေးပါနဲ့

တို့ ဆရာ ဆရာမများ

နာမည်ချိုသလောက် မေးခွန်းခါး

ညစာစားဖို့ မလိုတော့ဘူး

ဧဒင်ဆောင် မရဏတောင်ကြား

ကျားဌာနနဲ့ ဆည်းဆာဦး

အုတ်နဲ့ မြက် ရောခင်းထားတဲ့

ကွန်ကရစ်နဲ့ ရေညှို ထင်သလို မင်းမူတဲ့

ဆက်ကပ်လမ်းကြား

ထမင်းချိုင့် တဖားဖား T-Square တကားကား

YTU ကျောင်းသားဘဝ

လွမ်းစရာ မကျန်လဲ သတိရတယ်

စာပေနဲ့ သမိုင်းတင်

ကဗျာနဲ့ ရင်ဖွင့်

စာခြောက်ရုပ်တွေ ရဲရင့်ကြ

ရေကြည်အိုင်မှာ မှတ်ကျောက်တင်ခဲ့ရ

ဘ၀တချို့ ကြွေလွင့်ခဲ့ကြတယ်။





ကျောင်းမပြီးခင် MES

Orientation course တစခန်းတက်

အောင်လက်မှတ်တွေ ထုတ်ခါမှ

၂လွှာတရွက် စွယ်တော်ရိပ်ညို

ကွန်းခိုရပြန်တယ်

ဘီအီးငယ်ဖြူ နောက်ပိုင်းနှစ်

သုံးကျောင်းပြောင်းတဲ့ ရှင်တို့ခေတ်

ပုံရိပ်ဟောင်းတို့ သစ်ခဲ့ပြန်ပြီ

Facebook ဆိုတဲ့ ကွန်ယက်ဆီ…



7 comments:

မြူးမြူး said...

မမက မှော်ဘီကျောင်းမှာ တက်ခဲ့ရသေးတာကိုး.. မနေ့က ဓာတ်ပုံလေးမြင်တော့ မြင်ဖူးပါတယ်လို့တော့ ထင်သား.. ညီမက မှော်ဘီကျောင်းမှာပဲ ၅နှစ်လုံးလုံးတက်ခဲ့တာ..း)
စကားမစပ် မမသမီးလေးက ချစ်ဖို့အရမ်းကောင်းတာပဲ.. ညီမသားလေးနဲ့ရွယ်တူပေါ့.. သမီးလေးက ၃ရက်ပဲငယ်တယ်.. သားသားက ၁ရက်နေ့မွေးတာ..း)

ငဝန်နဒီ said...

ကျောင်းအကြောင်းကို ပြန်ရေးပေးတာ လွှမ်းတာထက်ပိုတဲ့ အတွေး ရင်ကို နှိုးထစေတယ်ဗျာ...မနေ့ တနေ့ ကလိုပဲ

Anonymous said...

ဓါတ်ပုံဆရာ လျှပ်တပြက် ရိုတ်ချက် က အပီဘဲ .. ကျောင်းရှေ့ မှာ .. မ၀င်ရ တဲ့

မင်္ဂလာပါ ..
mks

ပေတူး said...

အမှန်တွေပဲ ဆိုတော့ ဘာမှပြောစရာကို မရှိတော့ပါဘူးဗျာ။ အတိတ်ကို ပြန်တွေးကြည့်မိတော့ ရိစရာလေးတွေလား လွမ်းစရာလေးတွေလား။ အကြိုက်ဆုံးက တို့ ဆရာ ဆရာမများ

နာမည်ချိုသလောက် မေးခွန်းခါး

ညစာစားဖို့ မလိုတော့ဘူး


တကယ်ဗျာ.. စာမေးပွဲ မေးခွန်းကို ကြည့်ပြီး စိတ်လေတယ်။ ရှိသမျှ ရသမျှ ခြစ်ကုတ်ရေး . ဘယ် formula နဲ့ ဘယ်အပိုင်းက မေးတာလဲ.. ဆိုတာ စဉ်းစားရင်း အသေအကြေ တိုက်ပွဲဝင်ခဲ့ရတာပေါ့ဗျာ...

ခွန်မြလှိုင် said...

မြူးရေ... မှော်ရုံတော ထွက်တွေချင်း ဘလော့ပေါ် ပြန်ဆုံရလို့ ၀မ်းသာပါတယ်။
င၀န်နဒီရေ... ကျောင်းအကြောင်း ပြန်တွေးမိရင် ရင်ဘတ်တွေ အောင့်လာတယ်။
mks ရေ... အဲဒီဆိုင်းဘုတ်ပါ ဓာတ်ပုံထက် ပိုရင်နာရတဲ့ ဓာတ်ပုံတွေ ရှိသေးတယ်
ပေတူးရေ... ကျွန်မကတော့ သင်္ချာ ၁ နဲ့ ၂ ကို တွက်နည်းရော ဖော်မြူလာတွေပါ ရောဖြေပစ်ခဲ့တာ လေးနှစ်လုံးပဲ။ ဘယ်ပုစ္ဆာက ဘယ်အခန်း ဆိုတာ မှတ် မှ မမှတ်မိတော့တာ။ အဖြေ ထွက်ပေမယ့် တွက် နည်း ဘောင်ကျော်နေလို့ အမှတ်ပေးသင့် မပေး သင့် ဆရာတွေ အစည်းအဝေးထိုင်ရတာလဲ နှစ်တိုင်း ပဲတဲ့။ မှတ်ရော... တချို့ ဘာသာတွေ ဆိုရင်လဲ ပုစ္ဆာတွက်ဖို့ concept နားလည်ပေမယ့် ဖော်မြူလာတွေ မေ့ကုန်လို့ concept & flow ချည့် ချရေးပစ် ခဲ့တာ... အမှတ်က ပေးရမလို မပေးရမလိုတွေ ဖြစ်ကုန်ရောတဲ့။ နှစ်တိုင်း အနည်း ဆုံး ၂ဘာသာတော့ supplementary test ထိပြီချည့် မှတ်တာ... နှစ်တိုင်း လွတ်လွတ် ကျွတ်ကျွတ် အောင်လို့ တော်သေး။ ငါးလ တတန်းရဲ့ ဒဏ်တွေပေါ့။

myape said...

Myape Rit
တို့တတွေ ခြောက်ဆယ့်ရှစ် ၀င်၊ ခုနှစ်ဆယ့်ငါး ထွက် တွေ ရဲ့ အ မှတ်
ရချက်က- တက္ကသိုလ်ရွှေရတုအရေးအခင်း-ကျွန်းဆွယ်
အရေးအခင်း-အလုပ်သမားအရေးအခင်း-မောင်ဝင်းအရေးအခင်း-ဒေါက်တာ
လှဟန်တို့နိုင်ငံတော်ကေါင်စီတွေလာဟောစဥိက-ဦးသန့်အရေးအခင်း-သခင်ကိုတော်မှိုင်း အရေးအခင်း-တွေဟာ မနေ့တနေ့ ကလိုထင်ပြီး
အမှတ် ရ နေဆဲ ပဲ သူငယ်ချင်းတို့ရေ-

တန်ခူး said...

လှိုင်ရေ... ဒီကဗျာလေးဖတ်လိုက်ရတာ ရင်ထဲမှာ ဆို့ နင့်နင့်ကြီး... ပြီးတော့ မျက်ရည်လဲဝဲမိတယ်... ဒါပေမယ့်ညီမရယ်... သွေးဆိုတာ ခွဲရခက်တယ်... ဘယ်နေရာ ဘယ်ဒေသရောက်ရောက် ဒီသွေးဆိုတာ သိလိုက်ရတာနဲ့  ရင်ထဲမှာနွေးကနဲပဲ... ဒီအကြောင်းကို အမ စာတပုဒ်ရေးဖြစ်လိမ့်မယ်... ကျောင်းသွေးတွေတူလို့  ခုလို တနိုင်ငံဆီဝေးတာတော့ ဘယ်သူကခွဲလို့ ရလို့ လဲနော်...