Sunday, September 19, 2010

ကျွန်မ ဆိုးခဲ့ဖူးပါသည် (အပိုင်း- ၂)

သမိုင်းဟောင်းတွေ ဖတ်ရတာ မ၀လို့ သမိုင်းသစ်တွေ ရေးပါဦးလို့ တောင်းဆို လာကြတာ ကြောင့် နောက်ထပ် အဆိုး သမိုင်းသစ်လေးတွေ ထပ်ရေးဖို့ စဉ်းစားရပါတယ်။ အင်းပေါ့လေ ပြန်စဉ်းစား ယူရ တာပေါ့။ ကြီးလာတော့ ငယ်သူမို့ မသိပါ လုပ်လို့ မရတော့ဘူးလေ။ ဒီတော့ ချင့်ချင့် ချိန်ချိန် ဆိုး အဲလေ သိပ်မဆိုးတော့ဘူးလို့ ထင်တာပဲ။ ဒါနဲ့ ခုတလော face book နဲ့ သတင်းတွေမှာ ခေတ်စား နေတဲ့ ရန်ကုန် ဆေးရုံကြီးက ဆေးကုသမှု စနစ် အကြောင်း ဖတ်မိတော့ ဒီနေရာမှာ ပြည်သူနဲ့ တပ်မတော် ထူးမခြားနား တသားတည်း ရှိကြောင်း သတိရ တာနဲ့ သမိုင်းသစ်ကို ရေးလိုက်ပါတယ်။

ဆွေကြီးမျိုးကြီးက ဆင်းသက်လာတဲ့ ကျွန်မမှာ ညီအမ မောင်နှမ ၀မ်းကွဲ ခြောက်ဆယ်ကျော် ရှိပါ တယ် (ဒီလိုကြီးတဲ့ ဆွေကြီး မျိုးကြီး နော်) သူတို့ထဲက ကျွန်မထက် ငယ်တဲ့ တချို့ကို ကျွန်မက study guide လုပ်ပေးရတာက အကြီး တာဝန်ပေါ့။ ဆယ်တန်း အပြီး ကျောင်း လေးနှစ် ပိတ်ထားချိန် မှာတော့ မျက်နှာ နာရတဲ့ အသိမိတ်ဆွေတွေ သူတစိမ်း တွေရဲ့ သားသမီးတွေ ကိုလဲ study guide လုပ်ပေးရ ပါတယ်။ ဒီမှာတင် ကျွန်မရဲ့ လူငယ် ဘ၀လေး ဆုံးရှုံးသွား ပါရော။ အနေအထိုင် ဗရုတ်ကျ မလား .. မင်္ဂလာပါ ဆရာမ ဆိုတဲ့ လက်ညှိုးလေး ပါးစပ်နား တေ့ပြီး နှုတ်ဆက်သံ အဆုံးမှာ သေချင် စော် နံသွား တတ်ပါ တယ်။ ကျောင်းတွေ ပြန်ဖွင့်လို့ ကျွန်မ တက္ကသိုလ် ဒုတိယနှစ် အရောက် မှာ တော့ ကျွန်မ စာသင် ပေးခဲ့တဲ့ မောင်ငယ် တွေက စစ်ဆေး တက္ကသိုလ် ကျောင်းသား ကြီးတွေ ဖြစ်နေ ပါပြီ။ ကျွန်မ မှာတော့ ဘွဲ့ ရဖို့ နေနေသာသာ ကျောင်းတွေ တဆက်တည်း ဆက်တိုက် ဖွင့်ပါစေ ကြောင်း ဆုတောင်း နေရတဲ့ ဘ၀။ ဒါကြောင့်လဲ သူတို့က ကျောင်းဆက်တိုက် ဖွင့်မှာ သေချာတဲ့ တက္ကသိုလ်ကို မိဘတွေ အတင်းပို့လို့ ရောက်ခဲ့ကြ တာပဲကိုးး

သမီးရေ သမီးမောင်လေး ဆေးရုံ တင်ထားရတယ် အဖျားက ၁၀၆ ဖြစ်နေတာ ၅ရက် ဆက်တိုက်မို့ သူ့ စီနီယာတွေက သူ့ကို မင်္ဂလာဒုံ စစ်ဆေးရုံ တင်ထားရတယ်တဲ့။ အမေတို့တော့ လူနာမေး သွားပြီးပြီ ဒါပေမယ့် မောင်လေးက သူ့ မမကြီးကို တွေ့ချင် တယ်လို့ မှာလိုက်တယ် သွားတွေ့လိုက် ပါဦး သမီးရယ် လူမမာ အားရှိတာပေါ့

အမေက ဒီစကား ကို ဆိုလာတော့ စိုးရိမ်စိတ်က ကြီးလာပါတယ်။ ဒီမောင်ငယ်နဲ့ ကျွန်မက စိတ်လှိုင်း အလျားချင်း တူပုံ ရတယ် ။ တယောက် တနေရာစီ ဘယ်လို ကွဲနေပါစေ .. သူ တခုခု ဖြစ်တော့မည် ဆိုရင် ကိုယ် အိပ်မက် မက်တတ် သလို ကိုယ် တခုခု ဖြစ်နေပြီ ဆိုရင်လဲ သူ အိပ်မက် မက်တတ်တဲ့ အကျင့် ရှိတယ်။ ဒီတော့ အရေးအကြောင်းဆို အချင်း ချင်း အမြဲ သိနေကျ။ အဲဒီနေ့ မတိုင်ခင် ညကပဲ သူ ရေတွင်းထဲ ကနေ ပြန်မတက်နိုင်တဲ့ ပုံကို အိပ်မက် မက်ထား တာမို့ ပိုစိတ်ပူသွားပါရော။ ဒါပေမယ့် ကျွန်မက mid-term စာမေးပွဲ ကို နောက်နေ့ စဖြေရ တော့မှာပါ။ ကျွန်မအိမ် ကနေ မှော်ဘီက ကျောင်းကို အသွား လမ်းမှာပဲ မင်္ဂလာဒုံ စစ်ဆေးရုံ ကို ဖြတ်ရတာမို့ မနက်အစောကြီးထ ဘတ်စ်ကား နဲ့ ဆေးရုံသွား လူနာ မေး ပြီးရင် ခဏတဖြုတ် စကားပြော အားပေးပြီး ကျောင်းကား ကို ဆေးရုံရှေ့က တားစီး လိုက်ရင် စာမေးပွဲ လဲ မပျက် ကလေးလဲ စိတ်ချမ်းသာမယ် ဆိုပြီး အဲလို စီစဉ် လိုက်ပါတယ်။ စာမေးပွဲသာ ရှိတာ ကျောင်းက အပြန် တန်းပြီး ၀င်ရမယ့် ညနေပိုင်း study guide အလုပ် ကလဲ ဆက်လုပ် ရဦး မယ်လေ။ အချိန် တွေက ကွက်တိ။

မနက်စောစော ဆန်ပြုတ်ကျို၊ ရေခဲဗူးနဲ့ ထည့်ပြီး ဆရာမနဲ့ တူအောင် ၀တ်ရ စားရ သေးသည်။ ကျောင်းသားက ကိုယ် နဲ့ အသက် သိပ်မကွာလို့ အနေနီးလို့ စိတ်ကစားတာ မဖြစ် ရအောင် အိုရုပ် ထွက်အောင်က ၀တ်ရသေး။ ခါးတို လက် ရှည် ကြေးအို ရောင်ဖျော့ နဲ့ ဒူးနားချိတ် အညိုရင့်ကို ၀တ်ရင်း ခါးထိအောင် ရှည်တဲ့ ဆံပင် တွေကို သေချာ စည်းရ သည်။ ပြီးမှ ကျောင်း စာမေးပွဲ အတွက်ရော စာပြန် သင်ဖို့ ကျောင်းသား တွေအတွက် စာရွက်စာတမ်း တွေကိုပါ စစ် ဆေးပြီး အိမ်က ထွက်လာ ခဲ့ပါတော့တယ်။

ရောက်ပါပြီ စစ်ဆေးရုံ။ ငါးထပ်ဆောင်တဲ့ အဆောင်တွေကို အထပ်ရေ.. ဟုတ်ပြီ။ ဆေးရုံ ၀င်းရဲ့ မြောက် ဘက်ဆုံးက အဆောင်။ ဓာတ်လှေကားက မီးပျက်နေလို့ ၅ထပ်ကို ခြေလျင်တက် ဟုတ်ကဲ့ လူနာဆောင်က *** ရောက်ပြီ။ ဘယ်သူနဲ့ တွေ့ချင်လို့ပါရှင့်။ ဒီအခန်းနော် ဟုတ်ကဲ့။ ဟော တွေ့ပြီ။

မြင်ရတဲ့ မြင်ကွင်းက ရွှေရင်ဆို့။ အလေးမ အားကစား လုပ်ဖူးတဲ့ ဗလ တောင့်တောင့် မောင်ငယ်က လူရုပ် မပေါ်အောင် ပိန်ချုံးပြီး တကိုယ်လုံးက နီစုတ် နေသည်။ အနားကပ် ကြည့်မှ အင်ပြင် အနီစက် တွေက တကိုယ်လုံး အပြည့်။ နဖူးစမ်း တော့ မီးလိုပူ ခြေဖ၀ါးက ရေခဲလို အေးစက်။ ဆေးရုံတက်တာ ငါးရက်ရှိပြီ ဆရာဝန် တယောက်မှ လာမကြည့် သေးဘူး တဲ့။ ဆရာဝန်က လူနာဆောင်ကို ဖုံးဆက်ပြီး တာဝန်ကျ သူနာပြုက ပြောသမျှ နားထောင်ပြီး ဘာဆေး တိုက်လို့ ညွှန်ကြား သတဲ့။ လူနာက ဒီလောက် ဖျားနေချိန်မှာ ဘေးကုတင်က လူကြီးပိုင်း လူနာတွေက စွပ်ကျယ်နဲ့ ဆေးလိပ် တဖွားဖွား။ ပြတင်းပေါက်က လေစိမ်းက ဒလဟော။

ဒီလူတွေက လူနာ မဟုတ်ဘူးလား ဆိုတော့ ရှေ့တန်း မထွက် ချင်တဲ့ ဗိုလ်မှူးတွေ ငွေပေးပြီး ဆေးရုံ အတက်ပြ နေ တာတဲ့။ ဒါကြောင့် ဒီအဆောင်ကို အရာရှိဆောင်လို့ ခေါ်ပြီး ဆရာဝန် တွေ တော်ရုံ မလာဘူးတဲ့။ ဒီလို အဆောင်ကို ဘာလို့ ပို့လဲ ဆိုတော့ အရာရှိလောင်း ဗိုလ်လောင်း မို့ပါတဲ့။ ကောင်းကြရော။ ဒါနဲ့ လူနာကို ပြုစုဖို့ သပ်သပ် ရပ်ရပ် ဖြစ်အောင် ဆံပင်ကို ဆံထုံး ကျစ်ကျစ် ပြင်ထုံး ပစ်လိုက်သည်။

ကဲ ဆေးရုံက ဘာကျွေးထားလဲ ဆိုတော့ ပုံစံ ဆန်ပြုတ်ကို ကြည့်တော့ အော့မိ မတတ်။ အမ ပြုတ် လာတဲ့ ဆန်ပြုတ်ပဲ သောက်ပါ ဆိုပြီး တိုက်တော့ အန်ချတဲ့ အထဲမှာ သွေးတွေ။ ပေရေ ကုန်တာ တွေကို ဆေးဖို့ အိမ်သာ ဘက်ကို ထွက် လာတော့ အ၀မှာတင် အနံ့က ထောင်းထောင်းထ။ ဟယ် ရေငုပ် ချန်ပီယံပဲ အသက်အောင့် ထားလိုက်စမ်း ..

ရဲဆေးတင်ပြီး ၀င်လိုက်တော့ ခြတောင်ပို့ တွေလို ထိုးထိုး ထောင်ထောင်။ အရာရှိဆောင် လုပ်နေပြီး အဲဒီလောက် စည်းကမ်း မဲ့ရ သလား လို့ စိတ်ထဲက ကျိန်ဆဲပြီး ရေဖွင့်တော့ အဖြေသိ သွားသည်။ ရေမလာပါ။ ဒါနဲ့ အောက်ထပ် ပြေးဆင်း … ဆေးရုံ ရှေ့ က စတိုးဆိုင်မှာ ရေသန့်ဘူး ဆယ်ဘူးဝယ်။ ၅ထပ်ကို ပြန်ပြေးတက်။ သန့်စင်ပေး။ ရေ၀တ်နဲ့ နဖူးကို အုပ်ပေးတော့ ကယောင် ကတမ်းတွေ သက်သာ သွားသည်။ ဆန်ပြုတ် နည်းနည်း ထပ်တိုက်။ ထပ်အန် .. သွေးစက်တွေက ပိုများလာပြီ။ လျှော့ထားတဲ့ စိတ်က ထောင်းကနဲ ပြန်ထ လာသည်။

ဒီ လူနာဆောင် တာဝန်ခံ ဘယ်သူလဲ

ခပ်ဆတ်ဆတ် အသံကြောင့် ဗိုလ်မှူး လူနာ ဆိုသူက ကြောင်အမ်းအမ်းကြည့် ယောင်တောင်တောင် လက်ညှိုးထိုးသည်။ သုံးပွင့်နဲ့ အမကြီး တယောက်

ဒီလူနာကို ဆရာဝန် တရက်မှ လာမကြည့်သေးဘူးဆို

ဆရာဝန်က လူကိုယ်တိုင် မလာပေမယ့် ကျွန်မတို့ တချိန်လုံး ရီပို့ တင်ပေး နေပါတယ်။ ပြီးတော့ ဆရာဝန် ညွှန်ကြား ချက် အတိုင်း ဆေးတွေလဲ ဂရုတစိုက် တိုက်နေတာ ပဲလေ။ ဒါ ကျွန်မတို့ ဆီက ထုံးစံပဲ။

အိမ်သာတောင် ရေမရှိ။ ဆရာဝန်က မျက်စိနဲ့တောင် လာကြည့်ဖော် မရတာ ဂရုတစိုက် လား။ ရှင်တို့ ဆေးရုံက ၀န်ဆောင်မှု ဒါအကုန်ပဲလား .. ဒါဆို ကျွန်မရဲ့ မောင်ကို ခု ဆေးရုံက ဆင်းပေး။ ကျွန်မ ဘာသာ အပြင်ဆေးရုံမှာ ကုမယ်
(((ဟာ))) (((ရှင်)))
အဲလိုတော့ ဆင်းပေးလို့ မရဘူးရှင့်။ ကျွန်မတို့ ဆီက လူနာကို တခြား ဆေးရုံမှာ ပေးမကုဘူး။ ဒါထုံးစံ မရှိဘူး

ဒါဆို ကျွန်မ မောင်က ဒီမှာ ငုတ်တုတ် အသေခံ ရမှာလား.. ရှင်တို့ ၅ရက် လုံးလုံး ဂရုတစိုက် ကုပေး ထားလို့ လူရုပ် တောင် မထွက်တော့ဘူး ဟော့ဒီ ရေခွက်ထဲ မြင်လား သွေးတွေ။ ကျွန်မ ရှင်တို့ရဲ့ ကုသမှုကို အယုံအကြည် တစက်မှ မရှိတော့ဘူး။ ခု ဆေးမှူး ဘယ်မှာလဲ။ ကျွန်မ သူနဲ့ အခု တွေ့ချင် တယ်။

ဆေးမှူးက သူ့ ရုံးခန်းမှာ ရှင့် ။ သူ လူနာဆောင် လှည့်ဖို့ အချိန်မရှိတော့ဘူး နောက် နာရီဝက် ဆိုရင် သူ အမှတ် ၂ စစ်ဆေးရုံ သွားရတော့မယ်

(((ဘာပြောတယ်)))… ဟားးးး နေစမ်း ပါဦး အမှတ် ၂က လူတွေ မှာမှ အသက်ပါ တာလား။ ကျွန်မရဲ့ မောင် မှာ အသက် မပါ ဘူးလား။ ကျွန်မရဲ့ မောင်က လူညွန့် တုံးနေတဲ့ လူ မဟုတ်ဘူးရှင့်။ ပညာ သိပ် တော်တဲ့ ဆရာဝန် ဗိုလ်လောင်း။ ဒီလိုလူ ကိုတောင် ရှင်တို့ က အသက် ပါတယ် မအောက်မေ့ဘဲ ဒီလိုပဲ ပစ်ထား သလား။ အဲဒီ ဆေးမှူး ဒီလူနာဆောင်ကို မလာနိုင်ရင် ကျွန်မ သူ့ဆီကို သွားမယ်။ ခု ဖုန်းဆက်ပေး။ ကျွန်မကို မတွေ့ဘဲ အမှတ်၂ကို ထွက်သွားမယ် ဆိုရင် ကျွန်မ အဆိုး မဆိုနဲ့။ အခု ချက်ချင်း ကျွန်မ သူ့ဆီ သွားတွေ့မယ်။ ဒီလူနာကိုပါ ခေါ်သွားမယ်။

ရှင်.. ဟုတ် ဟုတ်ကဲ့။ ဒီလူနာကို ဘယ်လို ခေါ်သွား မလဲ သူ့ကို သယ်ဖို့ ဘီးတပ် ကုတင်လဲ မရှိဘူး။ ပြီးတော့ ဆေးရုံ ထဲမှာ ဆွဲပေးတဲ့ shuttle bus လဲ ခုချိန် မလာသေးဘူး။

ကျွန်မမောင်ကို ကျွန်မဖာသာ ဖြစ်အောင် ထမ်းခေါ် သွားမယ်။ ရှင့် ဆေးမှူးဆီသာ ရှင်ဖုန်းဆက်။

ဒီလိုနဲ့ စိတ်ဆောင်ရင် ဘယ်က အားဝင် လာမှန်း မသိတဲ့ ကျွန်မဟာ ပေါင်ချိန် ၁၆၀လောက် လေးတဲ့ မောင်လေးကို ထမ်းနိုင် ခဲ့တယ်။ အမြင်မတော်တဲ့ ဆရာကြီး (လက်မောင်း ၂ရစ်နဲ့) တယောက်က ကူတွဲတာမို့ ၂ယောက် ညှပ် တွဲရင်း ဆေးမှူး ဗိုလ်မှူး အခန်းကို ရောက်ခဲ့တယ်။ ကြောင်တောင် တောင် နဲ့ နည်းနည်း ရှိန်နေ ပုံ ပေါ်တဲ့ ဆေးမှူးက သေချာ စစ်ပေးပြီး အလန့်တကြား အလော သုံးဆယ်နဲ့ အရေးပေါ် အခန်းကို ပို့ လိုက်ပါတယ်။ သွေးဖောက်စစ်တော့ ဖြစ်နေ တဲ့ ရောဂါက ၀က်သက်။ တိုက်ထားတဲ့ ဆေးတွေက တိုက်ဖွိုက် ဆေး။ နောက်ထပ် ၆နာရီ နောက်ကျလို့ ၀က်သက်ပိုး ဦးနှောက်ထဲ ၀င်ရင် သေ ရင် သေ မသေရင် ရူးတော့ မည်တဲ့။ ပိုက်ကြီး ပိုက်ငယ် အသွယ်သွယ်က ခြေမှာရော လက်မှာ ပါ ချက်ချင်း တန်းလန်း ဖြစ်သွားပြီ.. ပျာယာတွေ ခတ်ပြီး သူကိုယ်တိုင် မိဘ တွေဆီ ဖုန်းဆက်။ လူကြီး တွေက တပ်မတော် အစိုးရ လက်ထက်မှာ တပ်မတော် ဆေးရုံမို့ စိတ်ချ နေရာက ဒရောသောပါး ရောက် လာကြ။ စိတ်ချရတဲ့ အချိန် ရောက်လို့ ဆေးရုံကို ကျောခိုင်း ခဲ့ချိန်မှာ စာမေးပွဲချိန် ပြီးသွား ခဲ့ပြီ။

မတတ်နိုင်။ တက္ကသိုလ်ဆီကို ဆက်လက် ချီတက်.. ဆရာမ တွေကို အနူးအညွတ် တောင်းပန်ပြီး တယောက်တည်း ပြန် ဖြေခွင့် လေးများ ရလိုရငြား တောင်းပန် ကြည့်မည် ပေါ့။ ကျောင်းကို ရောက်တော့ ဆရာမက ဟဲ့သမီး ဘယ်လို ဖြစ်လာ တာလဲ ဖြေနိုင်လား တဲ့။ တီချယ် ဒီလို ဒီလို ပါပဲ… သမီး မဖြေ လိုက်ရဘူး။ ဘယ်လို လုပ်ရမလဲ။ အသနား ခံစာ တင်ပြီး ပြန်ဖြေရ မလား … ဆရာမလဲ ကျောင်းအုပ် ကြီးနဲ့ တိုင်ပင်ပြီး မေးပေး ခွင့်တောင်း ပေးမယ် ဒါထက် သမီးရဲ့ ခုံနံပါတ်က ဘယ်လောက်လဲ

ဟောတော့။ အဖြေလွှာ အထပ်တွေ ကြားထဲမှာ ကျွန်မရဲ့ ခုံနံပါတ်နဲ့ အဖြေလွှာ လေးက အထင်းသား...

ကျောင်းသား အများကြီးကို ဆရာ ဆရာမ မလုံမလောက်နဲ့ သင်ကြား စေခဲ့တဲ့ စနစ်ရဲ့ အကျိုး သက်ရောက်မှု က ဘယ် ကျောင်းသားက ဘယ်ခုံနံပါတ် ဆိုတာ မမှတ်မိ၊ လူနဲ့ နာမည်နဲ့ မတွဲမိ။ ဒီတော့ ကျွန်မ ကိုယ်စား စာမေးပွဲကို ဘယ်သူ ၀င်ဖြေ ပေးခဲ့ မှန်းလဲ ခုချိန်ထိ မသိ။ အဖြစ်မှန်ကို အထက်ကို တင်ပြ ရင်လဲ ဖိထောင်း မယ့် အခြေအနေ တွေကြောင့် တိတ်တိတ် နေခဲ့ပြီး မဖြေ ခဲ့တဲ့ စာမေးပွဲ လေးလဲ အောင်ခဲ့ရ။

မောင်ငယ်လေး ဆေးရုံက ဆင်းလာတော့ လာနှုတ်ဆက်သည်။ မမကြီး ပေးတဲ့ အသက်ပဲ ရှိတော့သည် တဲ့။ ဒါထက် ဆေးရုံ မှာရော သူ့ကျောင်း မှာပါ ဟိုးလေး တကျော် နာမည်ကြီး သွားသည်။ ဆေးမှူး ဗိုလ်မှူး နဲ့ တကွ ဆေးရုံ တခု လုံး လူနာဆောင် တခုလုံးကို ပတ်ကြိမ်း ဆူငေါက် သွားခဲ့သော အနှီ မမသည် ဘယ် ဗိုလ်ချုပ် ကတော် ပါနည်း တဲ့။

သေဟဲ့ နန္ဒိယ!!!

စနစ်ကပဲ ဆိုးနေတာလား … ခေတ်ကပဲ ဆိုးနေတာလား … ကျွန်မကပဲ ဆိုးနေတာလား...

3 comments:

mielay said...

လူတွေကပဲ ဆိုးတာပါ....

Anonymous said...

အဲလို မျိုးလေး များများ ဆိုးပေး....

တို့ကတော့ ကားခေါင်းခန်းမှာ အရင် အလံလေးကို စက်မှု-၁ က ရောင်းထဲ့ ဝင်းသူဇာမှာ တွေ့လို့ ချစ်လို့ ဝယ်ပြီး တင်ထားတာ... မီးပွိုင့်ရောက်ရင်အလေးချည်းပြုခံရတော့ တာပဲ.... အဲလောက်... လွယ်ချက်က သန်းရွှေယောင်ဆောင်ရင်တောင် ရမယ် ထင်တယ်... ဟားဟား..

MANDY MAW said...

ဟိဟိ..အဆိုးထဲက အကောင်းလို့ပြောရမလား ပဲနော်..