Saturday, April 10, 2010

ရှမ်ဘဲလားသို့ အပြန်လမ်း (ဇာတ်သိမ်းပိုင်း)

ကပ်ဘေးတွေက များပဲ များနိုင်လှသည်။ မုန်တိုင်း ငလျင် ပြီးတော့ မုန်တိုင်း ချည့် ဆက်တိုက် လေးငါးခါ အကြီးအကျယ် စာဖွဲ့ ယူရလောက်အောင် တိုက်ခတ်ပြီး တခါ ငလျင်… ကပ်ဘေး ကယ်ဆယ်ရေး သမားတွေ လက် မလည်နိုင်အောင် ခြေကုန်လက်ပမ်း ကျလောက်အောင် အလုပ်များလှသည့် ရက်ပိုင်း ကုန်လွန်ပြီးနောက် ပညာရှင်တွေက သတိ ပေးလာ ပြန် သည်။ သဘာဝ ဘေး အန္တရာယ်ထဲမှာ disaster အဆင့်မကတဲ့ catastrophe မဟာကပ်ကြီး ဆိုက်ဦးမည် တဲ့။ ကြိုတင် ပြင်ဆင်ရေးတွေနဲ့ အစမ်းလေ့ကျင့်မှု သင်တန်းတွေ မနားတမ်း ဆက်နေသည်မို့ လူတိုင်း မောပန်းနွမ်းလျ နေကြ ပြီ။ ဒါပေမယ့် လုပ်စရာရှိတာတော့ ကိုယ့်ဘက်က ထောင့်စေ့အောင် လုပ်ထားရမည်။ သဘာဝဘေးကို လက်မြှောက် ခဲ့ကြရင် ကမ္ဘာပေါ်မှာ လူသားမျိုးတုံးတာ ကြာခဲ့ရော့မည်။ ဒီအပတ် သင်တန်းဆင်းပွဲ အပြီး ရုံးဆီကို ပြန်လာခဲ့သည်။ တောင်ကုန်း မို့မို့ ပေါ်က သဘာဝ ကပ်ဘေး ကြိုတင်ကာကွယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး ဦးစီး ဌာန ဆိုတဲ့ မုခ်ဦး ဆိုင်းဘုတ်က ထီးထီး မားမား။ လူ့အသက် များစွာကို သေမင်းလက်က တတ်နိုင်သလောက် လုယူဖို့ လို့ပဲ ပြောရမလား၊ ကယ်သင့် ကယ်ထိုက် သူတွေကို တတ်စွမ်းသမျှ ကယ်နိုင်ဖို့ လို့ပဲ ပြောရမလား။ ဒီဌာနကြောင့်သက်သာရာ ရသူတွေလဲ များပေ သည်။ တောင်ကုန်း ထိပ် ရောက်မှ မြို့ကလေးကို စီးမိုး ဖြန့်ကျက် ကြည့်လိုက်တော့ ညဦးယံ အမှောင်ထု ကို ကြယ်စင် အလင်းရောင် နဲ့ ဖြန့် ကြက် ဖြိုခွင်းထားတဲ့ ပင်လယ်ကမ်းစပ် မြို့ ကလေးက မခို့တရို့ အိပ်မောကျနေပြီ။ ကိုယ်တို့ အဖွဲ့ သားတွေ မှာသာ မအား နိုင် မနားနိုင်။ ကိုယ့်မိသားစု ကိုယ့်အိမ် တောင် မပြန်နိုင်ကြ။ ဘာပဲ ပြောပြော ချွေးထွက်များမှ သွေးထွက် နည်းမည် မို့ စာတွေ့ လက်တွေ့ သင်တန်းတွေ နေ့ည မနား ဆက်တိုက် စီစဉ် အပြီး ပြတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်မိတော့ အာရုဏ်တက်လို့ ရောင်နီတောင် ပျို့ နေချေပြီ…
********************************************


သိမ့်ခနဲ တချက် လှုပ်ရှားမှုကို ခြေထောက်က တဆင့် ခံစားရချိန် လူက ယိမ်းထိုးသွားသည်… ခပ်ဝေးဝေးကနေ နီးနီး လာသည့် အသံကို ယိမ်းထိုးလျက်က နားစွင့်မိတော့ တော်လံသံကြီးက မြည်ဟည်း သထက် မြည်ဟည်း လာသည်။ အုတ်အော် သောင်း တင်း သံတွေက ပွက်လောထ လာပြီ်။ အိမ်ထဲက ပြေးထွက်လာတော့ မြင်ရတဲ့ မြင်ကွင်းကြောင့် ကြက်သေ သေ။ အထပ် မြင့် တိုက်ကြီးတွေက ယိမ်းကနေသည်။ မြို့တော်ရင်ပြင် ကွင်းကျယ်ကြီးက အမြဲ လဲလျောင်းနေရတာ ညောင်း သည် ထင့်။ တွန့် လိမ် ကုန်းထ နေလိုက်သည်မှာ ခ၀ါသည် စောင်လှန်း နေသည့်အလား။ ရင်ကွဲပက်လက် အမိမြေက ရင် ထဲက ခံစားချက် နှလုံး သွေးတွေ ပန်းထွက် နေသည့်အလား.. မြေပြင် အက်ကွဲကြောင်း ဟက်ခနဲ ဟက်ခနဲ ကွဲထွက် နေ သည့် အထဲက မီးရည်တွေ ဖွားကနဲ ဖွားကနဲ နေအောင် ပန်းထွက် နေသည်။ ကယ်ပါ ယူပါ တစာစာနဲ့ ပြေးလွှားနေတဲ့ လူများရော ငိုင်တွေ ရပ်မော နေသူ များပါ မြေပြင် သိမ့်ခနဲ တချက် အခါမှာ လွင့်ထွက်သွားသူ သွားကြ၊ မြေပြင် ပတ်ကြား အက် အကွဲထဲ လိမ့်ကျ သူ ကျကြ။ ကမ္ဘာပျက်တယ် ဆိုတာ ဒါလား လို့ လဲမကျေအောင် အနိုင်နိုင် ထိန်းရင်း ဖျတ်ခနဲ တွေးလိုက် မိသေးသည်။ ၅မိနစ် လောက် ပြင်းပြင်းထန်ထန် လှုပ်အပြီးမှာ ငြိမ်ကျသွားပြီ။ တော်သေးတာ က ငလျင်ဆိုတာ လှုပ်တာ မကြာ တတ်။ ငလျင်လှုပ် လေ့ ရှိတဲ့ လမ်းကြောတွေ ကလဲ သူ့ဟာနဲ့သူ ရှိပြီးသားမို့ ငလျင် လှုပ်နေကျ နေရာပီပီ သည်မြို့လေးက သူ့အတွက် အထာနပ်ပြီးသားပါ။ အ ဆောက် အဦတွေကလဲ ငလျင်ဒဏ် ခံနိုင် အောင် ဆောက်ထားပြီး သားမို့ အထူး ပူစရာ မလိုတော့။ ငလျင်ကြီး ပြီးရင်တော့ ငလျင် သေးသေးလေးတွေ ဆက်တိုက် လှုပ်ဦးမည်။

ဖျတ်ခနဲ အသိအ၀င်… ငလျင်ဒီလောက် ကြီးရင် ပင်လယ်ကမ်းစပ်မြို့ တွေမှာ မကြာခင် မရဏ လှိုင်းလုံးကြီးတွေ ၀င်တတ် သည်။ အခန်းထဲ ပြေးအ၀င် စက်တွေက အချက်ပြနေသည်မှာ အထင်းသား… မကြာခင် အချိန် အတွင်း မရဏ ရေလှိုင်း လုံးကြီး ဆူနာမီ ၀င်တော့မည်။ ဆူနာမီ အချက်ပေး တာဝါတိုင် က အချက်ပေး ဥသြသံက ညံထွက်လာသည်။

ပေါ်………….. ပေါ်……………. ပေါ်……………… ပေါ်

သတ်မှတ်နေရာကို အရေးပေါ်ကားတွေအမြနှ်ဆုံး ရောက်အောင် စီစဉ်၊ လူတွေကိုကားတွေပေါ် အမြန်ဆုံးရောက်အောင် တင်ပြီး ကြို ရှာထားတဲ့ ဘေးလွတ်ရာကို မောင်းပြေးရမည်။

ရွှီ…… ရွှီ…… ရွှီ

အချက်ပေး ၀ီစီကို အတတ်နိုင်ဆုံး မှုတ်ရင်း ပြေးလွှားစီစဉ်နေကြတဲ့ ကယ်ဆယ်ရေး လုပ်သားများ .. ဒီလောက် အသက် ဘေး နီးနေချိန်မှာ ကိုယ်လွတ်ရုန်း မပြေးနိုင်ဘဲ တပိုင်တနိုင် အထုပ်အပိုးသမား များက တမှောင့်။ အချိန်မီ မပြေးနိုင်ရင် အထုပ် မပြောနဲ့ အသက်တောင် မီဖို့ မလွယ်တာကို ပစည်းကို ခင်တွယ်လွန်းနေသည်က ခက်ပ။
ဟိုလူ့ကို စောင့်ပေးပါဦး
ဒီလူ ကျန်နေခဲ့သေးတယ်
ထွက်တော့ ဆရာမ ပြေးဖို့ အချိန် မမီဘဲ နေမယ်
သြော် မောပ… လှုပ်ရှားနေတဲ့လူတိုင်း အသက်ရှိတဲ့ လူချည့် … ကယ်ဆယ်ရေးသမားတွေလဲ သေမှာတော့ ကြောက်ကြ ပါတယ်။ ဒါပေမယ့် ကိုယ့် အသက်ကို ရင်းပြီး သူများကို ကယ်နေသူ တွေကိုမှ အားမနာ … ကိုယ်ဖြစ်ချင်တာတွေချည့် စွတ်အော်နေသော အတ္တ သမားများ… လူ့လောက မှာ လူစားတွေက စုံလွန်းသည်။

တသိမ့်သိမ့် လှုပ်နေတဲ့ ငလျင်သေးလေးတွေကြောင့် ထိုင်ချလိုက် ထပြေးလိုက်... လမ်းလျှောက်စကားပြောစက် တလုံးနဲ့ အလုပ်ရှုပ်နေရင်း ကိုယ့်အသံ ကိုယ်ပြန်မကြားတော့မှ အသံ အတော့ကို ၀င်နေပြီ မှန်း သူသိလိုက်သည်။ ကားတန်းကြီးက တရွေ့ရွေ့ ထွက်အသွားမှာ အိမ်ကို သူသတိရလိုက်သည်။ ဟုတ်သည်။ အိမ်… မိသားစုတွေ…

ကသောကမျော ဟပ်ထိုးလဲလုမတတ် ပြေးလာတဲ့သူ… ကားတစင်းပေါ်မှာ မိသားတစုလုံးကို အပြည့်အညပ် တွေ့လိုက် သည်။
“ပစည်းတွေ တင်နေလို့ ခုထိ မထွက်ရသေးတာ… ခဏခဏ ကပ်ဆိုက်လွန်းလို့ ကူညီမယ့် လူတွေ လက်ပန်းကျနေပြီ ဒါကြောင့် ကယ်ဆယ်ရေးက ရေရှည် ကူညီနိုင်မှာ မဟုတ်ဘူး။ လိုတာ အားလုံး အဆင်သင့် စုထားတာတွေ တင်နေရတာ”
“တော်ကြာ ကားလေးကျိုးဦးမယ် တင်ထားတာ မနည်းမနောဘဲ”
ပြန်သာပြောရသည် သူ့အသံကို သူ့နားကပင် ကောင်းကောင်းမကြားရ
“ဟဲ့ သမီး အောင်လက်မှတ်တွေ ထည့်ထားတဲ့ အိတ် ဗီ၇ို အောက်ဆုံးထပ်ထဲမှာ ကျန်နေသေးတယ် ပြေးယူလိုက်ဦး မြန်မြန် “
(((ပေါ်……… ပေါ်…….. ပေါ်…… ပေါ်)))
အာာ ခက်တော့နေပြီ မယူမချင်း ကားထွက်မှာ မဟုတ်.. ဆူနာမီ အထူး အချက်ပေးသံက လာနေပြီ။ ချာကနဲလှည့်ပြီး အိမ်ထဲ ပြေးဝင်လာခဲ့သည်။ ထောင်းလမောင်းထအောင် ပွရှုပ်နေတဲ့ ပစည်းပုံတွေကို လွှားခနဲ ခုန်ကျော်ပြီး ခြေချစရာ မရှိလောက်အောင် ပွနေတဲ့ ပစည်းတွေကို နင်းရင်း ဗီရိုထဲက ဖိုင်တွဲအိတ်ကို ယူပြီး အိမ်ထဲက အပြေးထွက် အလာ သိမ့်ခနဲ ထပ်ပြီး ငလျင်လှုပ် လာခဲ့ပြီ…. ခြေခွင်ပြီး လဲရာက ပြန်ကုန်းအထ နောက်ထပ် ငလျင်တလှိုင်းက သူ့ကို ပြန်လဲကျအောင် ရိုက်ခါ ချလိုက်သည်။
(((ပေါ်……… ပေါ်…….. ပေါ်…… ပေါ်)))
လဲကျရာက အားယူပြီး ပြန်အထ မထင်မှတ် ထားလောက်အောင် ကားက ထွက်သွားခဲ့ပြီ… အော်ရင်းဟစ်ရင်း နောက်က ပြေး လိုက်ပေမယ့် မမီနိုင်ခဲ့တော့… မောလွန်းမက မောရင်း ခြေမခိုင်နိုင်တော့တဲ့ အဆုံး ဒူးထောက်ရင်း အမောဖြေရ တော့ သည်… အပျက်အစီး ပုံတွေ ကြားမှာ သူတယောက်တည်း… နောက်ဘက်ကို လှည့်ကြည့် လိုက်တော့ မရဏ ရေလှိုင်း လုံးကြီး က တဝေါဝေါ အော်သံပေးပြီး တက်လာနေပြီ.. ရှေ့ဘက် မှာတော့ ကားတန်းကြီးက ကုန်းမြင့်ပိုင်းနဲ့ တောင်တန်း တွေ ရှိရာ အမြင့်ပိုင်းဆီကို မောင်းထွက်နေပြီ…

ရီဝေေ၀ မျှော်ငေးရင်း ကြက်သေသေ… မောလိုက်သည်မှာလဲ ရင်ခေါင်းတခုလုံး ဟင်းလင်းပွင့်ထွက် တော့မတတ်… ခုမှ ရေငတ်မှန်း သတိရမိသည်။ မျိုချစရာ တံတွေးပင် မထွက်တော့…
ဘယ်မလဲ လူတွေ…
ဘယ်မလဲ မိသားစု
ဘယ်မလဲ သူချစ်တဲ့ အရာတွေ
ဘယ်မလဲ သူတန်ဖိုးထား လေးစားခဲ့ရတာတွေ
ဘယ်မလဲ သူပေးဆပ် ရင်းနှီးထားတဲ့ အပြန်အလှန် ကူညီပေးဆပ်တတ်မှုတွေ

စိတ်ကိုထိန်းရင်း သတိကပ်ပြီး အသက်ကို မှန်မှန် ရှူသွင်းရှူထုတ် လုပ်ရင်း လေးဘက် ထောက်လျက်သားကနေ တဖြည်း ဖြည်း မတ်တပ်ရပ်မိသည်။ ပတ်ဝန်းကျင် တခုလုံးက ဗြောင်းဆန်လျက် သွေးပျက်စရာ… တဖြည်းဖြည်းနဲ့ စိတ်ကို သတိနဲ့ ထိန်းနိုင် တော့ ရင်ထဲမှာ ဗလာကျင်းရင်း စိတ်ရောလူပါ ငြိမ်ကျ သွားသည်။ ပတ်ဝန်းကျင် တခုလုံး တော်လည်းသံတွေ ပွက် ပွက် ညံရင်း ငလျင်တွေ သိမ့်သိမ့်တုန် နေလျက်… ဆူနာမီ ရေလှိုင်းလုံးကြီး တဝေါဝေါ ပြေးလာ နေတာကို မြင်နေရ လျက် နဲ့ ဒီတခါ ထူးထူးခြားခြား စိတ်ထဲမှာ ဘယ်လိုမှ မခံစားမိတော့ လောက်အောင် ရှင်းလင်း အေးချမ်း နေတာကိုလဲ သတိ ထားလိုက်မိသည်။
အဲဒီ အခိုက် ဘေးနားမှာ ကားတစီး လာရပ်ရင်း ကားပေါ်က ယောက်ျားပျို တယောက်က မေးလာသည်

မင်း တယောက်တည်းလား အခြေအနေ မကောင်းဘူးလေ ကားပေါ်တက် ဘေးကင်းတဲ့ နေရာ ငါမောင်းလိုက်ပို့ပေးမယ်
တကယ်လား ရှင့်ကို ကားခ ဘယ်လောက် ပေးရမလဲ
မင်း ငါ့ကို လက်ထပ်ရင် ဖြစ်ပါတယ်

ဖျတ်ခနဲ အတွေးတချက်ကြောင့် မျက်လုံးလက်လက်နဲ့ သူမ ပြန်ဖြေမိသည်။

ဘေးလွတ်ပြီ ဆိုရင်တော့ ရှင့်ကို လက်ထပ်ဖို့ စဉ်းစားဖြစ်မယ် ထင်တယ်
မင်း သိပ်လည်တဲ့ မိန်းကလေးပဲ။ မင်းတွေးတာ ငါသိတယ်။ မင်းရည်ညွှန်းတာ ဒီကပ်ဘေး မဟုတ်ဘူး။ သံသရာဘေး။ ဒီလို အခြေအနေ မျိုးမှာ မင်းမျက်နှာ ဒီလောက် အေးချမ်းပြီး ငြိမ်သက်နေတာ ငါ သတိထားမိတာပေါ့။ ငါ ဘာမှ မတောင်းဆို ပါဘူး။ ကားပေါ်တက်ပါ။ မင်းကို မျှော်နေတဲ့ သူတွေ ရှိတယ်။ မင်းသွားရမယ့် နေရာကို ငါလိုက်ပို့ပါ့မယ်

ဟိုးးး ငယ်စဉ်က ဆွေမျိုးသားချင်း တယောက်ရဲ့ ကလေးတယောက်အပေါ် ဂရုစိုက်တဲ့ ရင်းရင်းနှီးနှီး လေသံမျိုးမို့ သူမ ကား ပေါ် စိတ်ချလက်ချ တက်လိုက်သည်။ ကားပေါ်မှာ နေရာတကျ ထိုင်ပြီးတာနဲ့ တပြိုင်နက် ကားက ရှေ့ကို မမောင်းဘဲ အပေါ်ကို မြင့်တက်သွားသည်။ ကားပြတင်းကနေ ငုံ့ကြည့်မိတော့ မကြုံစဖူး ဆူနာမီ လှိုင်းလုံးကြီးက တောင်ထက်ကို မြင့်မားစွာ တဟုန်ထိုး လိမ့်တက်လာနေပြီ… လူတွေကတော့ လောဘမီး သောကမီး အပူမီးပေါင်းစုံနဲ့ လွတ်လောက်ပြီလို့ သူတို့ ထင်နေတဲ့ သူတို့ ရှေ့က တောင်ကုန်းမို့မို့ ဆီကိုသာ အမောတကော ပြေးလွှား သွားနေကြသည်။ ကောင်းကင် ဆီကို သူမ မြင့်တက်လာလေလေ ဟိုးးး အောက်ခြေက မြင်ကွင်းတွေက သေးသေး သွားလေလေ…

ဘယ်ဘက်ဆီ က အလင်းရောင် နီနီ တပွင့် လွင့်ထွက်လာလို့ လက်ခနဲ အကြည့်ရွှေ့မိတော့ ကမ္ဘာမြေ ထက်ခြမ်းကွဲက ချော် ရည်နီနီတွေကို ပန်းထုတ်နေပြန်ပြီ။ ဗြောင်း ခနဲ ပေါက်ကွဲသံ အပြီးမှာ တောင်တလုံး ၂ခြမ်းအကွဲ လူတွေက လွင့်ထွက် သွား လိုက်ကြတာ… အ၀တ်ကို ခါလှန်းချိန်မှာ ရေစက်ရေပေါက်လေးများ ဖြာထွက်သွားသလိုမျိုး… ဆူနာမီ ရေလှိုင်းကြီးက ရင်ကွဲ မြေပြင် ထဲ စီးအ၀င်မှာတော့ ရေငွေ့တွေက ဟုန်းခနဲ ရှူးခနဲ မှိုပွင့်တွေလို တဟုန်ထိုး တက်လာခဲ့သည်။ ဘယ်လိုမှ ဆက် မကြည့် ရက် စရာ မြင်ကွင်းမို့ မျက်နှာကိုလွှဲ မျက်စိကိုမှိတ်ပြီး အသက် ၀၀ ပြန်ရှူမိသည်။

သူတို့ကိုကျ ရှင် ဘာလို့ မကယ်တာလဲ
ဒီလောက် လူအများကြီး ဒီယာဉ်နဲ့ဘယ်ဆန့်မလဲကွ.. ပြီးတော့ သူများကို မကယ်ဖူးလောက်အောင် ကိုယ့်အတွက်ပဲ ကြည့်နေသူတွေက တပြန်တလှည့် အကယ်ခံခြင်းနဲ့ ထိုက်တန်လို့လား
သြော် ဒါဆို ကျွန်မက ကယ်ဆယ်ရေး လုပ်နေလို့ စိတ်စေတနာ အကျိုးပေးတာပေါ့လေ.. ဒါဖြင့် ကျွန်မ ရဲ့ လုပ်ဖော် ကိုင်ဖက်တွေရော…
မင်းရဲ့ လုပ်ဖော်ကိုင်ဖက်တွေထဲက တချို့က ရာထူး နေရာ ကျော်ကြားမှုနဲ့ နာမည်ကောင်းတွေ လိုချင်လို့ ကယ်ဆယ်ရေး လုပ်ခဲ့တာလေ.. စစ်မှန်တဲ့ စေတနာ မဟုတ်လို့ အကျိုး မပေးတာပေါ့ ဒါပေမယ့် တချို့ကတော့ စစ်မှန်တဲ့စိတ်နဲ့ ကိုယ်ကျိုး မဖက် လုပ်တာလေ… သူတို့ကတော့ မင်းရဲ့ ညာဘက်က ယာဉ်တွေပေါ်မှာလေ

သူပြောမှ သတိရပြီး ညာဘက်ကို သူမ လှည့်ကြည့်မိသည်… အိုးးး ကြာပန်း ပုံသဏ္ဍာန်နဲ့ ယာဉ်ပျံတွေ… ကြာပျံတွေ .. အဖြူ တွေရော အနီတွေရော… ကြာပွင့်ချပ်တွေ ကြားက ကြာဝတ်ဆံတွေပေါ်မှာ သူမရဲ့ လုပ်ဖော် ကိုင်ဖက် တချို့။ သူမရဲ့ ဆရာနဲ့ ဆရာမ တချို့…

အဖြူနဲ့ အနီက ဘာကွာလဲ
ကြာပျံ အဖြူကတော့ ပါရမီ ရင့်သန်ပြီးပြီမို့ စိတ်ထဲ ဘာအစွဲမှ မကျန်တော့ဘဲ ဟင်းလင်းရှင်းထွက်သွားတဲ့ သူတွေအတွက် ပေါ့ … သတ္တ၀ါ အားလုံးနဲ့ အခြေအနေ အားလုံးကို ခွင့်လွှတ် နားလည် နိုင်သွားပြီး သံယောဇဉ်လဲ ပြတ်သွားတဲ့ အတွက် သူတို့ တွေရဲ့ စိတ်လှိုင်း အလင်းရောင်က ဖြူစင် တယ်လေ။ ကြာပျံ အနီကတော့ လောကီ ဒုက္ခသည်တွေကို ဂရုဏာ သံယောဇဉ် မပြတ်သေးဘဲ ဆက်ပြီး ကယ်တင် ချင်နေသေးတဲ့ သူတွေပေါ့။ သူတို့ကတော့သူတို့စိတ်ရဲ့ စွမ်းအင်ကြောင့် ဒီ လူ့ဘုံလောကကို ပါရမီ မရင့်မချင်း သံယောဇဉ် မပြတ်မချင်း ပြန်လာပြီး သူတို့ တတ်အားသမျှ ဆက်ကယ်တင် ကြလိမ့် ဦးမယ်။

တိမ်သလ္လာ မုန်တိုင်းတို့ ကြီးစိုးတဲ့ ကောင်းကင်လွှာကို ဖြတ်ကျော် လွန်မြောက် ခဲ့ပြီ ဖြစ်လို့ ပြာလဲ့ ကြည်စင်နေတဲ့ ကောင်းကင် ယံ မှာတော့ ကြာပျံ အဖြူအနီ တို့က လှလှပပ ငြိမ့်ငြိမ့်ညောင်းညောင်း ပျံသန်းဆဲ.. ဟိုးအရှေ့ တနေရာ မှာတော့ တံလျှပ် တံတိုင်းက တလက်လက် တောက်ပလို့

အိုးးး ရှေ့မှာ တံလျှပ်နော်… ဖြတ်ရင် ပူမလား… ကြာပန်းကအပူ မခံနိုင်ဘူး ကြားဖူးတယ် … ကြာတွေ ညှိုးကုန်မယ် ထင်တယ်နော် … အနိစ္စ သဘောကတော့ ဘယ်လိုနေရာမဆို ရှိတတ်တာပဲနော်…
ဒါက တေဇာဓာတ် ကြောင့် ဖြစ်တဲ့ တံလျှပ် မဟုတ်ပါဘူး အကြောင်းရင်းခံ မြေသားတို့ ရေပြင်တို့က ဒီမှာ ရှိမှ မရှိဘဲလေ.. ဒါက အချိန်လွှာ ကွာခြားချက်ကြောင့် ဖြစ်တဲ့ တံလျှပ်ပါ။ တဖက်ခြမ်းမှာ မင်းကို မျှော်နေတဲ့ လူတွေ ရှိတယ်လေ။
************************************************************

စိတ်ကို သတိမပြတ်ကပ်ပြီး မှတ်သားနေဆဲ တံလျှပ် တံတိုင်းကို အဖြတ် စိတ်ထဲမှာ တဆင့်ပြီးတဆင့် သိမ်မွေ့ နူးညံ့ ရှင်း လင်း သွားတာကို သိမှတ်နေမိသည်။ သိမ်မွေ့နူးညံ့မှုတွေကိုလဲ မတပ်မက်၊ ဟင်းလင်း ရှင်းထွက်နေတဲ့ အနေအထားကိုလဲ မမက်မော… အရာအားလုံးကို အလိုက်သင့် စီးမျောရင်း သတိကိုသာ မပြတ်ကပ်နေမိစဉ်….

((( ဟေးးးးးး…… ရှင်းနွီ ကုန်းထိုရ် ဟွေလိုင်င်င်င်င်………….))) (((ဟေးးးးးးးးးး ဟေးးးးးးးးးးးးး ဟေးးးးးးးးးးး)))

အသံကို ကြားရုံ သက်သက် ကြားလိုက်သည်။ အသံ သက်သက် အဖြစ်ကနေ ဖျတ်ခနဲ ပျောက်လိုက် ပေါ်လိုက် … မျက် လွှာ ၂ဖက် ဖြည်းဖြည်းချင်း အပွင့်မှာ မြင်လိုက်ရတာက အုတ်အုတ်သဲသဲ ကြိုဆိုနေတဲ့ လူအုပ်ကြီး..

ဘိုးဘိုး… ဘွားဘွား… ဖေဖေ… မယ်မယ်… အကြီးတော်… အားလုံးကို ဂါရ၀ပြု နှုတ်ဆက်ပြီး ကြိုဆိုနေတဲ့လူအုပ်ကိုလဲ တဆက် တည်း နှုတ်ဆက်လိုက်သည်… ပြီးတော့ သူမကို ခေါ်ဆောင်သွားရာ လမ်းတလျှောက်က လူအုပ်ကြီးကိုလဲ လက် ဝှေ့ယမ်း နှုတ်ဆက်ရင်း သူမ နေထိုင်မည့် အခန်းဆောင် ဆီရောက်လာခဲ့ပြီ

မွှေးပျံ့နေသော ရနံ့၊ လေငြိမ်တာကြောင့် အထက်ကို တတန်းတည်း လွင့်ပျံတက်နေတဲ့ အမွှေးတိုင် မီးခိုးတန်း၊ ငြိမ်ငြိမ် လေး လင်းနေတဲ့ ဆီမီးခွက်က မီးတောက် ၀ါဝါများ၊ လန်းဆန်း ကြွရွ နေတဲ့ ပန်းများ၊ ၀င်းမှည့် နေတဲ့ သစ်သီးများ ရဲ့ နောက် မှာ ငြိမ်းချမ်းတည်ကြည်နေတဲ့ အဘယ မုဒြာနဲ့ ဗုဒ္ဓမြတ်စွာဘုရား ဆင်းတုတော်။ ဘုရားခန်းက ထိုင်ဖုံပေါ်မှာ ကျကျ နန နေရာယူပြီး ဘုရားကို ကြည်ညိုစိတ်အပြည့်နဲ့ ကြည်ကြည်နူးနူး ရှိဦးချလိုက်သည်။ မြန်ဆန်လွန်းတဲ့ အပြောင်း အလဲ တွေကြောင့် သူမ လတ်တလော ဖြစ်ပျက်ခဲ့သမျှ အရာ အားလုံးက တကယ်လား အိပ်မက်လား ဆိုတာတောင် တွေး လိုက်မိ သေးသည်။ သို့သော် ထိုအတွေးက သတိရဲ့ သိမှတ်မှု အောက်မှာ ဖြတ်ခနဲ ပျောက်သွား ပြန်သည်။

သတိ အပြည့် စိတ်နဲ့ကပ်ရင်း ဘုရားခန်းက ထွက်လာပြီး သူမရဲ့ အိပ်ခန်းဆောင်ဆီ လှမ်းလာရင်း ခြေလှမ်းတွေကို ရေ တွက် မိသည်။ တသံသရာလုံး လှမ်းခဲ့ရတဲ့ ဒီခြေထောက်တွေ တော်တော့်ကို ညောင်းနေခဲ့ပြီ။ စိတ်ကလေးက တချက်သာ အိပ်ရာဆီ လှမ်းမယ်လို့ စိတ်ညွတ်လိုက်တာနဲ့ ခြေထောက်တွေက တစိတ်ပြီး တစိတ် ကူးနေတဲ့ စိတ်အလျဉ်ရဲ့ အမိန့်ကို နာခံရင်း တကောက်ကောက် လှမ်းခဲ့ရတာကို သူမ သိခဲ့တာ ကြာပြီလေ။ အိပ်ရာဆီကို အရောက်မှာ သူမရဲ့ အိပ်ရာပေါ်ကို အသာအယာ လှဲအချလိုက်… လောကကြီးနဲ့ အပြီးတိုင် အဆက်ပြတ်ခဲ့လေတော့သည်။ (ပြီးပါပြီ)




6 comments:

Anonymous said...

ဒီလောက် လူအများကြီး ဒီယာဉ်နဲ့ဘယ်ဆန့်မလဲကွ.. ပြီးတော့ သူများကို မကယ်ဖူးလောက်အောင် ကိုယ့်အတွက်ပဲ ကြည့်နေသူတွေက တပြန်တလှည့် အကယ်ခံခြင်းနဲ့ ထိုက်တန်လို့လား”

ထိုက်တန်တယ်..ဒုက္ခဖြစ်နေသူတွေ အားလုံးဟာ ဖြစ်စဉ်ရဲ့နောက်မှာတူတူပဲ..ဒါကိုကယ်ဆယ်သူက သူကတော့ မကောင်းလို့သူ့မကယ်ဘူးဆိုရင်..သူဟာ ကယ်ဆယ်သူမမြည်ဘူး။
သူမကောင်းတာ..ကိုယ်နဲ့မဆိုင်ဘူး။ ကိုယ်ကကယ်ဆယ်သူဆို ကယ်တာကိုပဲစဉ်းစားရမှာ..
ကောင်းတယမကောင်းတာစဉ်းစားပီးကယ်မှတော့ ကယ်ဆယ်သူလုပ်မနေနဲ့ပေါ့..။

ခပ်တည်တည်ဝင်ချဲသည်။

မြတ်နိုး

ဘကြီးအောင် said...

အပိုင်းပိုင်း စောင့်ဖတ်ရပေမယ့် ဖတ်ရတာ တန်တဲ့ ဓမ္မအခြေခံ ၀တ္ထု တပုဒ်ပါပဲ။ လူ့သဘာဝတွေ အများကြီးကို စုံစုံလင်လင် တွေ့လိုက်ရပါရဲ့...

အပေါ်ကောမန့်က မြတ်နိုးဆိုတဲ့ ကြီးတော်ရေ... မြတ်စွာဘုရားတောင် ကျွတ်ထိုက်တဲ့ သတ္တ၀ါကိုမှ ရွေးချွတ်တယ် ဆိုတာ ခင်ဗျား မလေ့လာဖူးလို့ မသိတာလား သိသိနဲ့ ငါပြောလိုက်ရ ပြီးရော ဆိုပြီး ၀င်ရေးသွားတာလား...

ပုဂ္ဂိုလ် တဦးက ကယ်တာ မဟုတ်ဘဲ ကံကြောင့်ဖြစ်တဲ့ ကယ်ဆယ်မှုဟာ ကံ၊ ကံ၏အကျိုးကိုပဲ ကြည့်ပါတယ်...

Anonymous said...

ဘာဖြစ်လဲဘကြီးအောင်..
မကျေနပ်လဲမတတ်နိုင်ဘူး

အခုရေးတဲ့အထဲက ကယ်တဲ့သူဟာ မြတ်ွာဘုရားမဟုတ်ဘူးဆိုတာ သိတယ်ဆိုရင် ..
ငါ့စကားနွားရမပြောဘူးဆိုတာသိရောပေါ့

မြတ်စွာဘုရားက ကျွတ်မယ်ဆိုတဲ့သူကိုကျွတ်အောင်တရားပြတာ
အသက်ကိုကယ်တာမဟုတ်

မြတ်နိုး

တန်ခူး said...

ရှမ်ဘဲလားတောင် ဇာတ်သိမ်းပြီလား လှိုင်ရေ… အမတော့ အရသာပိုရှိအောင် အစက ပြန်ဖတ်မယ်… ပျော်ရွှင်ချမ်းမြေ့ဖွယ်နှစ်သစ်ဖြစ်ပါစေလို

Anonymous said...

အရမ်းကောင်းပါတယ်။
ကံ ကံ၏အကျိုးကို ကျွန်မလဲ ယုံကြည်ပါတယ်။
ကိုယ်လုပ်တဲ့ အလုပ် ကိုယ့်ရဲ့ အပြုအမှု ဟာ ကိုယ့်ရဲ့ကံပဲပေါ့။

သိင်္ဂါကျော် said...

ရှမ်ဘဲလားကို ဖတ်လာတာ ကြာပြီ.. အပေါ်ကဇာတ်လမ်းတွေတောင် မေ့သလိုလို ရှိနေလို့ ပြန်ဖတ်သွားပါတယ်..
ဘဝအဆက်ဆက် ကျင့်ကြံမှုတွေ ရှိထားလို့လည်း အဲဒီပဌာန်းဆက်တွေ ရှိတဲ့ နေရာကို ရောက်အောင်သွားနိုင်တာလို့ နားလည်ပါတယ်..။
ဘာပဲဖြစ်ဖြစ် ကမ္ဘာပျက်ကပ်ထဲမှာ ကိုယ်မပါဖို့.. ကိုယ့်အကျင့်သီလ ကို စင်ကြယ်အောင် လုပ်ထားရမှာပေါ့နော်..။