Wednesday, October 7, 2009

ပြည်တွင်းဖြစ် / နိုင်ငံခြားဖြစ် ရွှေမြန်မာ များသို့

ကျွန်မရဲ့ ဘလော့မှာ ယောက်ျားမိန်းမ ကွဲပြားမှုအပေါ် ထားတဲ့ အမြင်နဲ့ ပတ်သက်တဲ့ ပို့စ် တစ်ခု ပြီးရင် ပြည်တွင်းဖြစ် နိုင်ငံခြားသား ကိုရွှေမြန်မာများ ပို့စ်က ကောမန့် အများဆုံး ရတဲ့ ပို့စ် ဖြစ်နေပါရောလား။ ဒီပို့စ်ကတော့ ကျွန်မ ရေးတာ မဟုတ်ဘဲ ဆရာ လူထုစိန်ဝင်း ရေးတဲ့ ပို့စ်ကို တွေးစရာ အများကြီး ရတာနဲ့ စာဖတ်သူတွေကို ဝေငှလိုက်တာပါ။ စာဖတ်သူ တွေရဲ့ အတွေးအမြင်ကို သိချင်လို့ပါ။ ကျွန်မရဲ့ အတွေးတွေ ကတော့

မြန်မာတွေ ပျင်းတယ် ဖျင်းတယ် ရေသာခိုတယ် စည်းကမ်းမဲ့တယ် ကြိုးစား အားထုတ်မှု မရှိဘူး ဆိုတဲ့ စကားကို စပြီး ဆွေးနွေးချင်ပါတယ်။

နက်ဖန် လုပ်လို့ ရတဲ့ အလုပ် ဒီနေ့ မလုပ်ပါ ဆိုတဲ့ လူစားထဲ ကိုယ်ပါသလား စဉ်းစားကြည့်ပါ။ ကိုယ့် ပတ်ဝန်း ကျင် မှာ ဘယ်လောက် များလဲ စဉ်းစားကြည့်ပါ။ မြန်မာတွေ ဆိုပြီး ရှိသမျှ မြန်မာတွေကို ၀ါးလုံးသိမ်း မရမ်းချင် ပေမယ့် ကိုယ်နဲ့ တကွ ကိုယ့်ဝန်းကျင်မှာ ရာခိုင်နှုံး ဘယ်လောက် များများ ရှိလဲ စဉ်းစားပေးပါ။ ပြည်တွင်းမှာ ကျန်ခဲ့တဲ့ နေ့စား အလုပ်သမား တွေထဲ မှာ နက်ဖြန်အတွက် ထမင်းဖိုး ရှိနေရင် ဒီနေ့ အလုပ် မဆင်းတဲ့ လူ တွေ၊ ရသမျှငွေကို ချဲထိုးပစ်သူတွေ၊ နိုင်ငံခြား ကနေ ငွေပို့ပေးနေတဲ့ မိသားစုဝင်ရှိရင် ထိုင်စားပြီး ချဲထိုး ဂိမ်း ကဆော့ ပစ်နေတဲ့ ကျန်တဲ့ အိမ်သား တွေ ဒီလို လူတွေကို မြင်ဖူး ပါသလား…. ကျွန်မကတော့ ကိုယ်တွေ့ ကြုံနေ မြင်နေရပါတယ်။

ချဲသမား လောင်းကစား သမားကို ကျွန်မ သိပ်အထင်သေးပါတယ်။ ငွေကို လောင်းကြေး အဆနဲ့ နည်းနည်း ရင်း များများ လိုချင်လို့ ငွေကိုငွေနဲ့ လိုက်နေတဲ့ ကြိုးစား အားထုတ်မှု မရှိတဲ့ ရေသာခို သမားတွေလို့ ခုချိန်ထိ ကျွန်မ ထင်မြင် ယူဆ ပါတယ်။ သူတို့တွေဟာ ဘယ်တော့မှ လက်ကြောတင်းအောင် အလုပ်မလုပ်ဘဲ စားစရာ တရက်စာလောက် ရှိတာနဲ့ ကျန် ငွေကို လောင်းကစား လုပ်ပစ်ကြတာ ကိုယ်တွေ့မို့ပါ။ ကျွန်မရဲ့ ထင်မြင်ချက် ကို ခုချိန်ထိတော့ မှန်တယ်လို့ ကျွန်မ ထင် နေ တုန်းပါ။ မြန်မာနိုင်ငံမှာ ချဲသမား ရေသာခို သမား ဘယ်လောက် များပါသလဲ။ မိသားစု တစုမှာ ကြိုးကြိုးစားစား အလုပ် လုပ်သူ တယောက် ရှိရင် ဘယ်လောက် ချောင်လည် ပါသလဲ။ မိသားစု တစု ထဲမှာ ချဲရှုံးပစ်တဲ့ ချဲသမား တယောက် ရှိရင် ဘယ်လောက် ကျပ်တည်းပါသလဲ ။ ဟုတ်ကဲ့ မြန်မာ တနိုင်ငံလုံးမှာ ရှိတဲ့ မိသားစု အရေအတွက်နဲ့ ချောင်လည် ကြပ်တည်း မှု တွေကို တွက်ချက် ကြည့်လိုက်ရအောင်ပါ။

အင်တာနက်ပေါ်ကနေ စီးပွားရေး ပွဲစား အကုန်လုပ်လို့ရနေပါတယ်။ ကျားမ ခွဲခြားနေစရာ မလိုပါဘူး ကျွန်မ လေဖြတ် နေ စဉ် က အိမ်နေရင်း အ၀တ်နဲ့ ကွန်ပြူတာရှေ့ ထိုင်ပြီး ချတ်တင်းကနေ ဈေးစကားပြောလို့ ကျောက် ပန်းချီ၊ ခရုနဲ့ လုပ်ထား တဲ့ fancy ဆွဲကြိုးလက်ကောက်တွေ ဖောက်သည်ပေး ရောင်းပါတယ်။ ဒီလောက်ဆို ရှင်းပါပြီနော်။ မြန်မာပြည်က အင်တာ နက် ဆိုင်တွေမှာ နေ့စဉ်နဲ့ အမျှ ချတ်တင်းရိုက်နေတဲ့ ယောက်ျား လေး မိန်းကလေးများ ဘာအကြောင်းအရာတွေ ချတ်ပါ သလဲ.. ကျွန်မ နာမည် ခွန်မြလှိုင်မို့ ယောက်ျားမှတ်ပြီး ကုလား စမိုင်က အရှုံးပေးရအောင် ချိုအီနေတဲ့ ညုတုတု စကား တွေနဲ့ လာပြီး အီစီကလီရိုက်တဲ့ မိန်းကလေး များကိုတောင် တွေ့ရ ပါသေးတယ်။ ငွေရှာနိုင်တဲ့ ယောက်ျားကို ရအောင် ယူချင်တာ ရေသာခိုတဲ့ မိန်းမ လို့ ပြောရင် ကျွန်မ လွန်မလား… လေဖြတ်နေတဲ့ ကျွန်မ အဲဒီအချိန်က လက်တွန်းလှည်း ပေါ်ကနေ အလုပ်လုပ် နေခဲ့ပါတယ်။ ယောက်ျား လုပ်စာကို ကြည်နူးမှုနဲ့ စားပါတယ် ကိုယ့်လုပ်စာကို ဂုဏ်ယူမှုနဲ့ စားပါ တယ်။ တမျိုးစီ အရသာ ရှိပါတယ်…

ဒီလိုဆိုရင် ပြောစရာ ရှိလာနိုင်ပါတယ် အဲလို အင်တာနက်က နေ စီးပွားရေး လုပ်လို့ရကောင်းမှန်း မသိလို့ နေ မှာ.. ကိုယ် သိတိုင်း သူများကို မနှိမ့်ချ ပါနဲ့လို့ ပြောလာရင် ကျွန်မ ရီမိမှာပါ။ ကျွန်မနဲ့ ချတ်မိတဲ့ မိန်းကလေး တွေကို ကျွန်မ သင်ပေး ပါတယ်။ ကွန်ပြူတာ ပစ္စည်းတွေ ကျွန်မက ပို့ပေးမယ်ဆိုရင် ရောင်းဖို့ စိတ်ဝင်စားလား ဆိုပြီး လမ်းပါ ဖွင့်ပေးပါတယ်။ ဟုတ်ကဲ့ လူချင်းမမြင်ဖူးတဲ့လူ တစ်ယောက်ကို မျက်စိမှိတ် ယုံရ လောက်အောင် ကျွန်မ မမွှန် မတုံးအ ပါဘူး။ သူ ကျွန်မကို ထပ်ခါ ထပ်ခါ လိမ်ပါတယ်။ ဈေးတင်ရိုက်ပါတယ်။ ကျွန်မ ပြန် စစ် ဆေး နိုင်ကြောင်းနဲ့ အမှန်တိုင်း ပြောဖို့ ဖျောင်းဖြပြီး အခွင့်အရေး ထပ်ပေးပါတယ်။ ထပ်လိမ်ရုံမက ကောင် လေး တယောက်နဲ့ ချိတ်ပေးပြီး ကျွန်မကို အီစီကလီ လုပ်ဖို့ အဲဒီ ကောင်လေးကို ထပ်ပြီး ခိုင်းပါတယ်။ မှတ်ရော။ ကျွန်မ တင်မှ မဟုတ်ပါဘူး။ ကျွန်မ သူငယ်ချင်း ယောက်ျားလေး တွေလဲ ဒီလို အဖြစ်မျိုး ကြုံရပါတယ်။ လင်ကြီး နဲ့ လင်ငယ်ကို မောင်နှမ ၀မ်းကွဲပါလို့ အပြုံးမပျက် မိတ်ဆက် ပေးနိုင်တဲ့ မိန်းက လေး တယောက်က အသက် ၁၇နှစ်ပဲ ရှိပါသေးတယ်။ ဆရာဝန် တယောက်ကို ရည်းစားထားပြီး နယ်အလုပ် ဆင်းတယ်လို့ သူ ထင်တဲ့ အချိန် လင်ကြီးနဲ့ ရုပ်ရှင်ရုံ ရှေ့မှာ ပက်ပင်းမိလို့ နောက်ယောင်ခံ လိုက်တော့မှ ဆရာဝန်ဆီက ငွေကို လင် မယား ၂ဦး သဘောတူ ချူစားနေတာ ပေါ်တဲ့ အဖြစ်တွေ… လက်ဖျား ခါရလောက်တဲ့ သတင်းတွေက တနှစ် ကို ဆယ်ခု လောက်က အသားလေးပါ။ ဒီတော့ မြန်မာတွေ စိတ်ဓာတ်ရေးရာ ပျက်စီးကုန်ပြီ ဆိုတဲ့ စကား ကို ကျွန်မက ထောက်ခံ ရမှာလား အဆို တင်သွင်း ရမှာ လား.. မြန်မာ အားလုံးကို မဆိုလိုပေမယ့် အသက် အစိတ်အောက် မြန်မာတွေနဲ့ အသက် အစိတ် အထက် မြန်မာတွေ စိတ်ဓာတ်ရေးရာ တအား ကွာထွက်သွားတာကို ကျွန်မ ကောင်းကောင်းကြီး သိလိုက် ပါတယ်. ဘာလို့ ဒီကလေးတွေ ငယ်ငယ် ရွယ်ရွယ် နဲ့ အဲလောက် စိတ်ဓာတ် ရေးရာ သိမ်ဖျင်း အောက်တန်းကျ ကုန်ကြတာလဲ။ ဗီဇလား၊ ခေတ်လား၊ စနစ်လား။

ဒီနေရာမှာ အများ မိုးခါးရေ သောက်လို့ ကိုယ်လိုက်သောက်ရတယ် မသောက်လို့ မဖြစ်ဘူး။ အထက်လူက မပေးရင် ငြိုငြင် တယ်။ သူ့ကိုပေးဖို့ ကိုယ်ကလဲ အောက်လူဆီက ယူရတာပါ စတဲ့ ဆင်ခြေတွေ များအားကြီးလို့ ရိုးလွန်း အီလွန်း နေပါပြီ။ မိုးခါးရေ မသောက်ဘဲ စမ်းရေ ကန်ရေ သောက်စရာ မရှာချင်တော့တာလား အလွယ် မိုးပေါ်က ကျလာတဲ့ ရေကို ခေါင်းမော့ ပါးစပ်ဟ အလွယ်ခံသောက် လိုက်ချင်တာလား။ တခြား နည်းလမ်းကို သေချာ အင်တိုက် အားတိုက် ရှာခဲ့ ရဲ့လား။ ရွေးစရာ ပေါလွန်းတဲ့ လောကကြီးမှာ ကိုယ်က ရှာဖို့ ၀တ္တရား ပျက်ကွက် ခဲ့ပြီး ရွေးစရာ လမ်းမရှိတော့ လို့ပါ ဆိုပြီး အလွယ် လိုက်ခဲ့မိတာလား ကိုယ့်ကိုယ်ကို မညှာတမ်း ဝေဖန် ဆန်းစစ် စေချင်ပါတယ်။ ကျွန်မကိုယ် ကျွန်မလဲ အမြဲတမ်း အတတ်နိုင်ဆုံး ရက်ရက်စက်စက် မညှာမတာ ဝေဖန် ဆန်းစစ်လေ့ ရှိပါတယ်။

မြန်မာပြည်တွင်းက မြန်မာတွေ စိတ်ဓာတ်နဲ့ အတွေးအခေါ် ပျက်စီးတာ သိပ်များနေပြီ လို့ မှတ်ချက် ပေးကြ တာ အတော် များပါတယ်။ အပြင်က မြန်မာတွေကရော သူတို့ အပြင်ရောက်သွားလိုက်တာနဲ့ ငါတို့ကို ဆော်တယ် လို့ မျက်စိမှိတ် မ ပြော စေချင်ပါဘူး။ အပြင်က မြန်မာတွေ ထဲမှာလဲ စိတ်ဓာတ်နဲ့ အတွေးအခေါ် ပျက်စီးနေကြတဲ့ လူတွေ ရှိပါတယ်။ အပြင် က မြန်မာတွေက မိဝေး ဖဝေး ဘာသာတရား အဆုံးအမ၊ မိဘ ဆွေ မျိုး အဆုံးအမနဲ့ ဝေးနေလို့ စိတ်ဓာတ်နဲ့ အတွေး အခေါ် ပျက်တယ်ပဲ ထားပါဦးတော့။ ပြည်တွင်းက မြန်မာ တွေက ဘာလို့ ပျက်စီးရတာလဲ။ တကယ်တော့ ပြည်ပမှာ လူ လည် တွေ များလို့ တော်ရုံ တန်ရုံနဲ့ အကျင့် စာရိတ္တကို အပျက် မခံရဲ ကြပါဘူး။ အကျင့်ပျက်မှန်း သိလိုက်တာနဲ့ ပက်ပက် စက်စက် ဟန်မဆောင်တမ်း အပြစ် တင်လေ့ ရှိကြသလို ရာထူး တက်လမ်း အလုပ် စတာတွေ ချက်ချင်း လက်ငင်း ဆုံးရှုံး တတ်လို့ပါ။ အကျင့် စာရိတ္တနဲ့ ပတ်သက်လာရင် ဘယ်သူ့ မျက်နှာမှ မထောက်ကြသလို ဘယ်သူက မှလဲ ဖုံးဖိ မပေးကြ ပါဘူး။ ထိုင်း ၀န်ကြီးချုပ် သက်ဆင်ရဲ့ သားဟာ သမ်မားဆက် တက္ကသိုလ်မှာ စာမေးပွဲတွင်း စာခိုးချလို့ ချက်ချင်း ကျောင်း ထုတ် ခံရပါတယ်။ သူ့အဖေ ၀န်ကြီးချုပ် ဘာမှ မတတ်နိုင်ပါဘူး။ ဒါ ထိုင်းပဲ ရှိပါသေးတယ်။ မြန်မာ ပြည် မှာ ဘယ်လို ဆို တာ အထူး ပြောစရာ မလိုပါဘူး။ ဘာပဲ ဖြစ်ဖြစ်ပါ။ ပြည်တွင်း ပြည်ပ အချင်းချင်း လက်ညှိုး ထိုး အပြစ်တင်မယ့်အစား ၂ဖက် လုံးက စိတ်ဓာတ်တွေ ပြင်ကြရင် ကောင်းပါတယ်။ သူများကို ဆရာလုပ် နေရ အောင် မင်းကိုယ်တိုင်ကရော ဘယ်လောက် ကောင်းလို့ လဲလို့ ပြန် အငေါ် တူးလာရင် ကျွန်မလဲ ဖြေပါ့မယ်။ ကျွန်မ ဆရာလုပ်နေတာ မဟုတ်ပါ။ ကိုယ့်လူမျိုး ကိုယ့် တိုင်းပြည်ကို လူတကာ အထင်ကြီး လေးစား တန်ဖိုးထား နေတာကို မြင်ချင်လွန်းလို့ တထောင့် တနေရာ ကနေ ကြိုးစား ကြည့် နေတာပါ။ ကျွန်မ ကိုယ်တိုင်လဲ ဆိုးမိမှာ စိုးလို့ သိတဲ့လူများ အကျိုးအကြောင်းနဲ့ တကွ ၀င်ထောက်ပြ ဆုံးမ သွားကြပါလို့ ခဏခဏ ရေးဖူး ပါတယ်။

ကျွန်မ လေ့လာ မိသလောက် ပြည်တွင်းက မြန်မာတွေက ယုံလွယ်ပါတယ်။ ပါးပါးလေး နေရာပေးရင် မြှောက် ပေးရင် အဲဒီ ကနေ တဆင့်တက်ပြီး ယုံကြည်ပြ ကိုးကွယ်ပြရင် သဘောကျပြီး ခိုင်းသမျှ လုပ်ပေး တတ်ကြ ပါ တယ်။ ဆိုက်ကို ဆိုတဲ့ စိတ်ပညာကို နားမလည်ဘဲ ရိုးအ ကြပါတယ်။ လူတော်တွေကို နိုင်ငံတကာမှာ မတော် တဲ့လူ တွေ အလွယ် တက်ကြတဲ့ နည်းပညာ တက္ကသိုလ်ကို ပေးတက်ပြီး ဘ၀င်မြင့်စေ ပါတယ်။ ဆယ်တန်း ရမှတ်နည်းပြီး ပေါ့တီးပေါ့ဆ သမားတွေကို ဘက် ပေါင်းစုံ ရှုထောင့် ပေါင်းစုံကနေ လှည့်ပတ် ဝေဖန် စဉ်းစား ချင့်ချိန်မှု အဓိက ဘာသာတွေကို ပေးယူစေ ကျောင်းတက် စေပါ တယ်။ ဒီလို ပညာရေး စနစ်နဲ့ လူတော်တွေနဲ့ လူ့လောကကို ဘက်ပေါင်းစုံ ရှုထောင့် ပေါင်းစုံကနေ လှည့်ပတ် ဝေဖန် ပိုင်းခြား ချင့်ချိန်တတ်မှုနဲ့ မတွဲမိအောင် ခွဲထုတ် ထားပါတယ်။ နောက်ပြီး ပညာရေး စနစ်မှာ အုပ်ချုပ်ရေး စနစ်မှာ အထက် က လူပြော သမျှ အကုန် မှန် ရမယ်။ အောက်လူက ပြန်ပြောခွင့် မရှိဆိုတဲ့ မူကို ချမှတ်ကျင့်သုံး ထားလေတော့ အောက်လူ ကလဲ အထက် ရောက် ရင် သူတွေ့ကြုံ ဖြတ်သန်း ခဲ့တဲ့ နည်းလမ်း အတိုင်း ငါတကောကော ပါတော့တယ်။ ဒီလိုနဲ့ ငါပြော တာ မှန်ရမှ၊ ငါ တကော ဓလေ့ ထုံးစံ ကြီး ထွန်းကားပြီး သူတပါးရဲ့ အတွေးအခေါ် ရှုမြင် စဉ်းစား သုံးသပ်ပုံကို တန်ဖိုး ထား နေရာပေး လေးစားရ ကောင်းမှန်း မသိတော့တဲ့ လူ့အဖွဲ့အစည်းကြီး ထွန်းကား လာပါတော့တယ်။ ဒိပြင် ကိုယ့်လုပ်ရပ်ကို တာဝန်ယူ တာဝန်ခံမှု အစား အခြေအနေ တခုခု ကြုံတွေ့ လိုက်တာနဲ့ ငါ့ကို အပြစ်တင်တော့ မှာပဲ ဆိုတဲ့ ကိုယ့်ကိုယ်ကို မလုံခြုံ စိတ်က လွှမ်းမိုးပြီး ဆင်ခြေကန် တဲ့ အနေနဲ့ သူများကို ဦးအောင် အပြစ်တင် တာတွေ၊ ကိုယ့်ကို ဘာမှ ပြောခွင့် မသာအောင် စကား ကို တရစပ် အချိတ်အဆက် မရှိ ပြောတာတွေနဲ့ အခြေ အနေကို ရန်လိုမှု ဗိန်းမောင်းနဲ့ စပြီး ရင်ဆိုင် ကြပါတော့တယ်။ ဒီတော့ ပြေပြေလည်လည် ဆွေးနွေး ပြောဆိုလို့ အဆင်ပြေရမယ့် အခြေအနေက တုတ်တပြက် ဓား တပြက် သွေးထွက်အောင် ဖြေရှင်းမှရတဲ့ အခြေအနေ ထိ ဖြစ်ကုန်ကြပါတယ်။ အဓိက တရားခံက ငါတကော ဓလေ့ ထုံးစံ ကြီးပါ။

ငါတကော ဓလေ့ ထုံးစံ ထဲကိုမှ လူလည်တွေက ဘ၀င် ဆိုတဲ့ ဆေးပါးပါးလေး ကို မြှောက်ပင့်မှု ပေါင်းစပ်ပြီး ဆိုးပေး လိုက် ကြ ပါသေးတယ်။ အများပြည်သူ အော့ကြောလန် သတင်းပေး ဒလန်ဖြစ်တဲ့ စွမ်းအားရှင် လူမိုက် တွေကို ငွေတပြားမှ မပေး ရဘဲ ဗိုက်ငှားဓားထိုး လူမိုက် လက်သုံးတော် အဖြစ် အသုံးပြုနိုင်တာ ပါးပါးလေး မြှောက်ပင့် နေရာပေးမှု ဆိုတဲ့ အချက် ကြောင့် ပါ။ မကောင်းတဲ့ စိတ်ဓာတ် လုပ်ရပ်တွေကြောင့် သာမန်လူတွေက ကြဉ်ပယ် ထားတာ ခံရသူတွေကို သနားဟန် ကိုယ်ချင်းစာ ဟန် သူတို့ ကိုယ်စား မခံချင်ဟန် ဆောင်ပြီး ပါးပါး လေး မြှောက်ပင့် နေရာပေးပြီး လူမိုက် မွေးကြတာတွေ မြင်တွေ့ နေရ ပါတယ်။ ဒါ့အပြင် ကိုယ်က မှန်တာ လုပ်နေ တာမို့ နိုင်ငံတကာ သတင်းဌာနတွေ သူတို့ ဖာသာ စုံစမ်းပြီး လာ အင်တာဗျူး တာကို ပေါ်တင် ဖြေရုံပဲ ဖုန်းကွယ် ၀ှက်ထားပြီး လူသိ မခံ တာမျိုး လုပ်စရာ အကြောင်း မရှိဘူးလို့ မြှောက်ပေး ပြီး ဖြေခိုင်း ကြလို့ တားမိသူကို ပြန်ရန်တွေ့ရင်း ဖြေမိလို့ နိုင်ငံခြား သတင်းဌာန တွေကို သတင်းပေးမှုနဲ့ အဖမ်းခံရ ထောင်နန်းစံ ရတဲ့ လူတွေ ရှိပါ သေးတယ်။ limitation ဆိုတဲ့ အပိုင်းအခြား ကန့်သတ်ချက် အထူအပါးကို နားမလည် ကြသေးတဲ့ လူတွေကို နားလည် ပြီးသား လူတွေက လက်တွဲ ခေါ်သင့်ပါတယ်။ ထိုးချပြီး ရာထူး နေရာ ယူတာကတော့ ကိုယ့်လိပ်ပြာ ကိုယ်ရှက် သင့်ပါတယ်။

နိုင်ငံတကာ အသိုင်းအ၀ိုင်းမှာ လူလိမ် မရှိမဟုတ် ရှိပါတယ် အချိုးချရင် နည်းပါတယ်။ (မှတ်ချက်။ ရာဇ၀တ် အများဆုံး နယူးယောက် နဲ့ ၀ါရှင်တန် ဒီစီ ၂ခုတည်းနဲ့တော့ မနှိုင်းနဲ့ ပေါ့ရှင်။ ပျမ်းမျှခြင်း အနေနဲ့ ကြည့်ရ အောင်ပါ။ နောက်ပြီး အကျင့်ပျက် ခြစားမှု လို့ ခေါ်တဲ့ corruption case မှာ မြန်မာဟာ ကမ္ဘာ့ထိပ်ဆုံး တစ် နှစ် သုံး ကို နှစ်တိုင်း ၀င်ခဲ့တာ ကြာနေပြီ ဆိုတာကို မမေ့ပါနဲ့။ ) ကျွန်မနဲ့ တွဲမိပြီး အလုပ် အတူ လုပ်ဖြစ်တဲ့ ဂျပန် လူမျိုးတွေရော အီတလီနဲ့ ဒတ်ခ်ျ လူမျိုးတွေပါ အလုပ်လုပ်ရာမှာ သိပ် တိကျပြီး ပြတ် သား ပါတယ်။ မယုံ သင်္ကာ စိတ်လဲ နည်းပါတယ်။ အမှာစာ စမှာတဲ့ အချိန် မှာ သူတို့ ကျွန်မကို မမြင်ဖူးဘဲနဲ့ ငွေစလွှဲပြီး စမှာပါ တယ်။ ကျွန်မဘက်က အချိန်နေရာ အတိအကျ ကုန်စည် ကို ပို့ပေး နိုင်တဲ့ အခါ နောက်ထပ် ထပ်ပြီး အော်ဒါ အများကြီး မှာပါတယ်။ ကျွန်မ စီးပွားရေးကို ငွေရင်း တပြား မှ မပါဘဲ ဒီလို စလုပ် ခဲ့တာပါ။ အဲဒီ အချိန်မှာ ကျွန် မ မှာ ရင်းနှီး ထားတာ ဆိုလို့ ကွန်ပြူတာ တစုံ၊ အင်တာနက် နဲ့ ဖက်စ် ဖုန်း တလုံး ဒါအကုန် ပါပဲ။ ဒါလေးရင်းပြီး ဘလော့ရေး၊ ဘလော့ပေါ် ပစ္စည်း တင် ကြော်ငြာ၊ ချတ်တင် ကနေ ဈေးစကားပြော၊ ဖုန်းတလုံး နဲ့ ပါးစပ် တ ပေါက် ခေါင်းတလုံးရင်းပြီး စီးပွားရေး လုပ်ခဲ့ရ ပါတယ်။ အောင် မြင် ပါတယ်။ ကျွန်မလို လေဖြတ် နေတဲ့ လူ တောင် လုပ် နိုင်ရင် မြန်မာပြည်က တခြား လူ တွေလဲ အောင်မြင် အောင် လုပ်နိုင်ပါလိမ့်မယ်။ လုပ်ချင်စိတ်နဲ့ ရိုးသား ဖြောင့်မတ်မှု၊ ယုံကြည် ကိုးစား ထိုက်မှု၊ အလုပ်ကို အလုပ် နဲ့ တူအောင် တိတိကျကျ ပွင့်ပွင့်လင်းလင်း လုပ်ဖို့ပဲ လိုပါတယ်။ ကျွန်မထက် ပိုပြီး အဆက် အသွယ် ကောင်း သူ၊ မိတ်ကောင်းဆွေကောင်း များသူ၊ ငွေရင်း ငွေနှီး ရှိသူတွေ ဒိထက် ပို အောင်မြင် သင့်ပါ တယ်။ ကံနဲ့ စန်း ရှိသေးတယ် ဆိုရင် လေဖြတ်နေတဲ့ လူထက် ကံဆိုးဦးမလား လို့ မေးပါရစေ။ အတိတ်ကံ ဆိုးရင် ပစ္စုပ္ပန် ကံနဲ့ မြှင့်ယူလို့ ရပါတယ်။ ကံဆိုးလို့ တက်ကျိုးရင် လက်နဲ့ လှော်ကြတာပေါ့နော်။

မြန်မာတွေ စည်းကမ်း မဲ့တယ်ဆိုတဲ့ စကားကို ဆက် ဆွေးနွေးချင်ပါတယ်။ ဘာစည်းကမ်းကို မဲ့တာပါလဲ။ အိမ်ထောင်ရေး စည်းကမ်း၊ မိသားစု စည်းကမ်း၊ လူမှုရေး စည်းကမ်း၊ ရပ်ရွာ စည်းကမ်း၊ စစ်စည်းကမ်း စသဖြင့် စည်းကမ်းတွေက များလွန်း ပါတယ်။ ကိုယ်တိုင်ရော စည်းကမ်းမဲ့တဲ့ စာရင်းထဲမှာ ပါသလား။ ကျွန်မကတော့ အများ နဲ့ ဆိုင်တဲ့စည်းကမ်းကို တတ်နိုင် သမျှ သတိထားပြီး လိုက်နာပါတယ်။ ကိုယ့်ကိုယ်ကို ပြန်ချမှတ် ထားတဲ့ စည်းကမ်း ကိုတော့ သတိ လက်လွတ် ဖြစ်တဲ့ အချိန် မှာ စည်းကမ်း ချိုးဖောက် မိတုန်းပါ။ ၀န်ခံပါတယ်။ ဒါပေမယ့် သူများ သတ်မှတ် ထားတဲ့ စည်းကမ်းတိုင်းကိုတော့ ကျွန်မ မလိုက်နာ ပါဘူး။ လိုက်နာသင့် လိုက်နာထိုက်တယ် လို့ ကျွန်မ ကိုယ်တိုင် လိုလိုလားလား လက်ခံတဲ့ စည်းကမ်းကို ကျွန်မ လိုက်နာပါတယ်။
အလုပ်နဲ့ ပတ်သက်လို့ နိုင်ငံတကာ စံချိန်စံညွှန်း တခုကို ပြပါဆိုရင် ကျွန်မ ပထမဦးဆုံး ချပြမိမှာကတော့ ကိုယ်ရေး ကိုယ်တာ နဲ့ အလုပ်ကို ခွဲခြား ထားခြင်း ပါပဲ။ ကျွန်မ ရောက်ဖူးသမျှ ဘယ်နိုင်ငံ မဆို အလုပ်ကို ဦးစား ပေးပါတယ်။ ဒါကြောင့် ဖွံ့ဖြိုးပြီး နိုင်ငံတို့ ဖွံ့ဖြိုးဆဲ နိုင်ငံတို့ ဖြစ်နေကြတာ ထင်ပါရဲ့။ ကိုယ်ရေးကိုယ်တာ အရ ဘယ်လောက် မုန်းပြီး မျက်လုံးချင်း မဆိုင်နိုင် ဖြစ်နေကြပေမယ့် အလုပ် အတူ တွဲလုပ်တဲ့ အခါ ခံစားချက်ကို ဦးစား မပေးဘဲ ချိုးနှိမ်ပြီး အလုပ်ကို အတူ လက်တွဲလို့ အောင်မြင် အောင် လုပ်နိုင် ကြတာကို တွေ့ရပါတယ်။ မြန်မာပြည် မှာလို ငါ့အလှည့်ရောက်ရင် ထစ်ထား လိုက်မယ်။ ခေါက်ထား လိုက်မယ် အာဏာနဲ့ လုပ်ပိုင်ခွင့်ကို သုံးပြီး နှောင့်နှေး ထားလိုက်မယ် ဆိုတာမျိုးတွေ မတွေ့ရ ပါဘူး။ ဒီစိတ်ဓာတ် တွေဟာ နိုင်ငံတကာ မှာ မြန်မာတွေ နောက်ကျ ကျန်ခဲ့ရခြင်းရဲ့ အကြောင်းရင်း တွေပါပဲ။

ဖွံ့ဖြိုးပြီး နိုင်ငံ တနိုင်ငံကို ကျွန်မ လေ့လာရေး ခရီး သွားခဲ့စဉ်က လွှတ်တော် အမတ် တယောက် ပြောခဲ့တဲ့ စကား ခုထိ ရင်ထဲ စွဲနေပါတယ်။ work smart is more successful and meaningful than work hard တဲ့။ စဉ်းစား ချင့်ချိန် အကင်း ပါးမှု ဆိုတဲ့ ဥာဏ်ပါတဲ့ အလုပ်လုပ်ခြင်းဟာ ပင်ပင်ပန်းပန်း ကြိုးစားအလုပ်လုပ်ခြင်းထက် အဓိပ္ပာယ် ပိုရှိပြီး ပိုအောင်မြင် ပါတယ်တဲ့။ ဒီတော့ ဆရာ လူထုစိန်ဝင်း ပြောတဲ့ နွားနဲ့ ရုန်းတဲ့၊ ဖိနပ်မချွတ်ဘဲ အိပ်ရာဝင်ပြီး ကြိုးစားတဲ့ လူတွေကို ကျွန်မ ဘယ်လို ကင်ပွန်းတပ်ရပ။ မြန်မာနိုင်ငံလောက် သယံဇာတ ပေါ ကြွယ်ဝတဲ့ နိုင်ငံ၊ အာရှတိုက် တတိုက်လုံးမှာ မရှိပါဘူး …. ဒီသယံဇာတ ပေါကြွယ်ဝတာ တွေကို ခေတ်မီ နည်းပညာတွေ အသုံးချပြီး ထုတ်ယူ သုံးစွဲကြရမှာ မဟုတ်လား။ ရောင်းဝယ် ဖောက်ကား ကြရမှာ မဟုတ်လား။ ဆိုတဲ့ ဆရာ လူထုစိန်ဝင်း ပြောတဲ့ စာပိုဒ် ကိုလည်း ကျွန်မ ဆွေးနွေးချင်ပါတယ်။ အဲဒီ လွှတ်တော် အမတ်ကပဲ ပြောခဲ့ပါတယ် ဖွံ့ဖြိုးတိုးတက်မှု ဆိုတာ မြေကြီးထဲက သယံဇာတတွေ ဗုံးဘောလအော ထုတ်ယူ သုံးစွဲ ပြီး တိုက် ဆောက် ကားဝယ် လုပ်ပြ နိုင်ပြီး ကိုယ့်ရဲ့ နောင်လာမယ့် မျိုးဆက်တွေ သုံးစရာ စားစရာ မကျန်အောင် ဖြုန်းပစ် ခဲ့တာကို ပြောတာ မဟုတ်ဘူး။ သယံဇာတ အနည်းဆုံး ကနေ ဘေးထွက် ဆိုးကျိုး နည်းတဲ့ အကျိုးအမြတ် ခံစား ခွင့် အများ ဆုံး ရအောင် ကြံဆ စွမ်းဆောင် နိုင်စွမ်းတွေ တိုးတက် လာတာကိုမှ ဖွံ့ဖြိုးတိုးတက်မှု အစစ် လို့ ခေါ်ပါတယ်တဲ့။ ဒီလောက် ဆိုရင် ကျွန်မတို့ မြန်မာ နိုင်ငံ ဖွံ့ဖြိုး တိုးတက် လာသလား… မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်စေချင်ရင် အပြင်ကနေ အော်မနေနဲ့ ပြည်တွင်း ပြန်လာပြီး ကိုယ်တိုင် လုပ်ပါလား လို့ ပြောလာချင်သူတွေ ရှိနိုင်ပါတယ်။ ကျွန်မ ပြည်တွင်းမှာ ရနိုင်တဲ့ လျှပ်စစ် အင်တာနက် အခြေအနေနဲ့ ကျွန်မ တတ်ကျွမ်းတဲ့ ပညာ မအပ်စပ်ပါဘူး။ ကျွန်မ ပြည်ပ ကနေ လမ်းရှာပြီး ပြည်တွင်းကို ကူညီ နိုင်တာရဲ့ ဆယ်ပုံတပုံတောင် ကျွန်မသာ ပြည်တွင်းကနေ အလုပ်လုပ်ရင် တိုင်းပြည် အတွက် ကူညီ နိုင်မှာ မဟုတ်ပါဘူး။ အရေးကြီး တာက ပြည်တွင်းပြည်ပ ဆိုတဲ့ နေရာ မဟုတ်ပါဘူး။ ကူညီချင်စိတ် ရှိဖို့နဲ့ လက်တွေ့ ကူညီတဲ့ အဆင့် ရောက်အောင် အကောင်အထည် ဖော်မှုသာ အဓိက ကျပါတယ်။

ကျွန်မရဲ့ ဒီပို့စ်ဟာ ကိုယ့်အားကိုယ်ကိုး ကြိုးစားရုန်းကန်ပြီး တိုင်းပြည် တာဝန်ကို မှန်မှန်ကန်ကန် ထမ်းဆောင် နေကြသူ တွေကို ၀ါးလုံး၇ှည်နဲ့ သိမ်းရမ်းတာ မဟုတ်မှန်း စာကို သေချာစွာ ဖတ်တတ်သူတိုင်း နားလည် ကြမှာပါ။ ကျွန်မရဲ့ ပို့စ်က ဘယ်သူတွေကို ရည်ညွှန်း ပြောဆိုလဲ ဆိုတာကိုလဲ စိတ်ရင်းမှန်နဲ့ ဖတ်တတ်သူတွေ ရှင်းလင်းအောင် ဖတ်တတ် မြင်တတ် ကြမှာပါ။ ဒီပို့စ်နဲ့ အမိမြန်မာ နိုင်ငံ အတွက် ပြည်တွင်းပြည်ပ ကနေ တတ်နိုင်သလောက် စွမ်းဆောင် ပေးနေကြသူတွေကို ဂါရ၀ ပြုလိုက်ပါတယ်။


7 comments:

Nge Naing said...

အစအဆုံးဖတ်သွားပါတယ်။ ပို့စ်နဲ့ ပတ်သက်ပြီး ဘာမှ ပြောစရာမရှိပါဘူး။ တွေ့ကြုံခဲ့တဲ့ တချို့အတွေ့အကြုံတွေက တူနေတော့ အမြင်တွေလည်း သိပ်မကွာပါဘူး။ လေဖြတ်တဲ့ အကြောင်းကြားရလို့ စိတ်မကောင်းပါဘူး။ ဒါပေမယ့် ဒီလိုအခြေအနေကြားက ကြိုးစားလာတာကို ချီးကျူးမိပါတယ်။

Anonymous said...

အစအဆုံး ဖတ်ပြီး မောသွားပါတယ်။ စာရေးသူ ထောက်ပြသွားသလို ပျက်စီးနေတဲ့ အလွှာ တစ်ခု ရှိတယ်ဆိုတာ လက်သင့် ခံပေမဲ့ အဲဒီ အုပ်စုဟာ လူနည်းစု ဖြစ်တယ် ဆိုတာတော့ တင်ပြချင်ပါတယ်။ အထူးသဖြင့် နယ်တွေမှာ လူတွေက အဲလောက် မပျက်စီး ပါဘူး။ အလုပ် မလုပ်ချင်ရင်နေမယ်၊ ညုပြီး အင်တာနက်တက် မနေကြပါဘူး။ နဲပါးတဲ့ အခွင့်အရေးကို လုယူရ တဲ့ လူတွေ ဖြစ်တဲ့အတွက် တိုက်ကြဖဲ့ကြတာလဲ လူတွေကို အပြစ်တင်လို့ မရပါဘူး။ ကျွန်မ အနေနဲ့ကတော့ အဲလို အပြစ်တင်တာကို လက်မခံနိုင်ပါဘူး။ အင်တာနက်မှာ သိတဲ့ လူ အနည်းငယ်ကို မူတည်ပြီး တင်ပြတာ ဖြစ်နေပါတယ်။

ချိုမြင့် said...

ဟုတ်ပါတယ်.. ကျမကတော့
ခွန်မြလှိုင်ပြောတဲ့ စကားတွေကို
လက်ခံပါတယ်။ ကျမအနားမှာ
တွေ့နေရတာတွေက အဲ့ဒီအတိုင်းပါပဲ ဒါပေမဲ့ အကျိုးအကြောင်းဝေဖန်ပြ
လိုက်ရင် ရတဲ့အကျိုးက အမုံးခံရခြင်းပါပဲ။ ၁၀၀ ရာနှုံးပြည့်လို့တော့ မပြောလိုပါဘူး။ ဒါပေမဲ့ ရာခိုင်နှုံးတော်တော်များများက ဒီလိုပါပဲ ။

mg kyi poae said...

ဒေါ်လေးပြောတာနဲ့ စဉ်းစားစရာအတွေးတွေ တော်တော်ရ သွားတယ်။ မြန်မာတွေက ကာယလုပ်အားမှာတော့ ပျင်းလွန်းတဲ့ အဆင့်ကိုမရောက်သေးပေမဲ့ ဥာဏ်နဲ့ စဉ်းစားတဲ့အရာမှာတော့ လူတန်းစားမရွေး ပျင်းကြတယ် လို့ဆိုရမလိုပဲလို့ ထင်မိပါတယ်။ ဘယ်အသိုင်းအ၀ိုင်းမှာမဆို လူတစ်ယောက်က သတင်းတခုပြောလိုက်ရင် ယုံနေကြရော ကိုယ်ပိုင်ဥာဏ်နဲပ ဟုတ် မဟုတ်မစဉ်းစားကြတော့ဘူး။ ဟိုတခါပြောဖူးတဲ့ ချင်းမိုင်ကရွှေတွေ မဟာချိုင်ကိုမလာရဲဘူးဆိုတာလိုလေ။ ဒါတောင်အဲဒီလူတွေက ဗဟုသုတနဲတဲ့သူတွေမဟုတ်သေးဘူးနော်။ စကားမစပ် ဒေါ်လေးရေ အချိန်ရရင် ကျွန်တော့်သားလေးနာမည်ကို စဉ်းစားပေးပါဦး ။ ကျွန်တော်တော့ ကိုယ့်သားနာမည်ကို ဘယ်လိုပေးရမလဲဆိုတာ စဉ်းစားများလို့ ဆံပင်တွေပါကျွတ်ပြီး နဖူးပြောင်သလိုလိုလိုဖြစ်လာပြီ ဟီးဟီး

ခွန်မြလှိုင် said...

အနောနီးမတ်စ်ရှင့်... လူနည်းစု ဖြစ်စေဖို့ ကျွန်မ ဆုတောင်းပါတယ် တတ်နိုင်သမျှလဲ အဲလို မဖြစ်စေချင်ပါဘူး ဒါပေမယ့် နယ်ကလူတွေနဲ့ ပတ်သက်ပြီး ပြောရရင် ကျွန်မ ရည်ညွှန်းခဲ့တဲ့ လင်ကြီးလင်ငယ် နေသူ ဆယ်ကျော်သက် မိန်းကလေး ၂ယောက်ဟာ ပြည်နဲ့ ပဲခူးက မိန်းကလေးတွေပါ။ သူတို့ကို ကျွန်မ အပြစ်တင် မထားပါဘူး သူတို့ ဒီလို ဖြစ်ကုန်ရတာ ဗီဇလား ခေတ်လား စနစ်လား ကျွန်မ မသိဘူးလို့ ၀န်ခံထားပါတယ်။ အင်တာနက်ပေါ်မှာ သိတဲ့ လူ အနည်းငယ် အပေါ် မူတည်ပြီး တင်ပြနေတယ် ဆိုရင်တော့ မှားပါတယ်။ ကျွန်မ လေဖြတ်ပေမယ့် တနှစ်အတွင်း မိုင်တသောင်းကျော် ခရီးထွက်ခဲ့ပါတယ်။ ကျွန်မမှာ အင်တာနက်ပေါ်က သူငယ်ချင်း အနည်းဆုံး အယောက် ၂ထောင်လောက် ရှိပါတယ် အဲဒါတွေအပေါ် အခြေခံ စစ်တမ်းယူပြီးမှ ဒီပို့စ်ကို ရေးပါတယ်။ ဝေဖန်မှု တွေကို ကြိုဆိုလျက်ပါ။

တန်ခူး said...

လှိုင်ရေ… ကိုယ့်လူမျိုးပေါ် ထားတဲ့စေတနာတွေ ဒီပို့ စ်ပေါ်မှာ အထင်းသားပေါ်နေတယ်… မှန်ပါတယ်… ဘယ်လို ပတ်ဝန်းကျင်မျိုးရောက်ရောက် ဘယ်လို အခြေအနေမျိုးမှာရှိရှိ ကိုယ့်စိတ်ဓါတ်ကြံ့ခိုင်ရင် အလွယ်တကူ မပျက်စီးနိုင်ဘူးပေါ့… စိတ်ဓါတ်တွေ ကျန်းမာကြံ့ခိုင်ကြပါစေလို့  ဆုတောင်းပါတယ်….

maylay said...

မမလှိုင်ရေ ကျေးဇူးတင်စွာ ပြီးတော့ တွေးစရာများစွာနဲ့ ဖတ်သွားပါတယ်။ မမကိုလည်း လေးစားပါတယ်။ ပိုစ့်တင်တိုင်းရောက်တာဖတ်ဖြစ်တာမို့လို့ မမရဲ့ ပိုစ့်တိုင်းမှာ တကူးတက အချိန်ယူပြုစုထားတယ်ဆိုတာ မမရဲ့စေတနာကို တွေ့ပါတယ်။ ခေတ်လား ဗီဇလား စနစ်လား မသေချာပေမယ့် မမဆိုလိုတာကို မေလေး သဘောပေါက်ပါတယ်။ လက်လည်းလက်ခံပါတယ်။တွေ့နေရတာတွေက ဂလိုဘယ်လ်လိုက်ဇေးရှင်းဆိုတာလို အ ဆိုးတွေဘက်ကိုပဲ ဦးတည် သွားစုနေကြတော့။။။။။မမရေ ။ မမ ကျန်းမာပျော်ရွှင်ပါစေ