Saturday, September 5, 2009

ပြည်တွင်းဖြစ် နိုင်ငံခြားသား ကိုရွှေမြန်မာ များသို့

ရေးသူ- လူထုစိန်ဝင်း

“ကျွန်တော်တို့ စိတ်ဓာတ်တွေ အများကြီး ပြင်မှကို ဖြစ်မယ်ခင်ဗျ။ သူများတွေနဲ့ အများကြီး ပြတ်ကျန်နေရစ်ပြီ” စင်ကာပူ မှာ ဆယ်နှစ်ကျော်သွားပြီး အလုပ်လုပ်နေခဲ့တဲ့ ကျောင်းသားဟောင်း တယောက် ခေတ္တပြန်လာတိုင်း၊ ကန်တော့နှုတ်ဆက်ရင်း ပြောလိုက်တဲ့ စကားဖြစ်ပါတယ်။ ဟိုနိုင်ငံ ဒီနိုင်ငံတွေက ပြန်ရောက်လာတဲ့ လူတိုင်းပြောမြဲ စကားမို့ မဆန်းတော့ပါဘူး။


ဘ၀င်လေဟပ်သူတွေရဲ့စကား

စိတ်ဓာတ်တွေ ပြင်ရမယ်လို့သာ ပြောတာ။ ဘာစိတ်ဓာတ်မျိုးတွေ ပြုပြင်ရမှာလဲ လို့တော့ တိတိကျကျ မပြောပါဘူး။ နိုင်ငံခြားပြန် တွေ ပြောနေကျ စကားတွေ ကြားရဖန်များလို့ ရိုးတောင်နေပြီ။
´´ မြန်မာတွေပျင်းတယ်``
´´မြန်မာတွေညံ့တယ်၊ ဖျင်းတယ်``
´´ မြန်မာတွေ စည်းကမ်းမဲ့တယ်``
´´ မြန်မာတွေ ကြိုးစားအားထုတ်မှု မရှိဘူး`` စတဲ့စတဲ့ အပေါ်စီးက ကြည့်တဲ့လေသံနဲ့ ပြောစကားမျိုးတွေ ဖြစ်ပါတယ်။

နွားနဲ့ရုန်းနေတာ ပျင်းတာလား

မြန်မာတွေ ပျင်းတယ်ဆိုတာ ဘယ်သူတွေကို ကြည့်ပြီး ပြောတာလဲ။ မနက်အရုဏ် မလာခင်ထ၊ ထွန်ထယ်ကို ထမ်းပြီး လယ် ထဲဆင်း၊ တနေ့လုံး နေပူကြီးထဲမှာ နွားနဲ့အတူ ရုန်းအလုပ်လုပ်၊ ညနေ၊ နေ၀င်ရီသရောမှ အိမ်ကို ပြန်ရတဲ့ မြန်မာနိုင်ငံရဲ့ ၈၀ ရာနှုန်း လောက်ရှိတဲ့ လယ်သမားတွေကို မြင်ဖူးကြလို့လား။ ခရီးသွားတဲ့အခါ အဝေးပြေး လမ်းမကြီး တွေ မှာ လမ်းခင်းလမ်းပြင် လုပ်နေကြတဲ့ မြေတူး ကျောက်ထု လုပ်နေကြတဲ့ မိန်းမ၊ ယောက်ျား အလုပ်သမားတွေကိုတော့ မြင်ဖူးကြမှာပါ။ ခြစ်ခြစ်တောက် ပူလောင်နေတဲ့ လမ်းတွေပေါ်မှာ မျက်နှာလေးတခုပဲ ဖော်ထားပြီး တခေါင်းလုံးပုဆိုးနဲ့ ပတ်ရင်း အလုပ်လုပ် နေရှာကြတယ် မ ဟုတ် ပါလား။ သူတို့ ခြေထောက်တွေမှာ ဖိနပ်တောင် မပါကြပါဘူး။ မြို့ရွာနဲ့ အလှမ်းဝေး ကွာတဲ့ နေရာများမှာဆိုရင် လမ်းဘေး မှာပဲ သစ်ခက်တဲနန်းထိုးပြီးနေကြ၊ ချက်ပြုတ် စားကြရ တာပါ။ ဒီလူမျိုးတွေကို ပျင်းသတဲ့လား။

တီထွင်လုပ်တတ်တဲ့လူတွေ

နောက်ပြီးတော့ မြို့တွေရွာတွေ သန့်ရှင်းမှုအားနည်းတာ၊ လမ်းပေါ်အမှိုက်ပစ်တာ၊ ကွမ်းတံတွေးထွေးတာ စတာတွေနဲ့ ပတ်သက်ပြီး မြန်မာတွေ စည်းကမ်းလုံးလုံး မရှိဘူးလို့ အပြစ်ပြောကြတာ ရှိသေးတယ်။ စင်ကာပူများ သိပ်သန့်ရှင်းတာပဲလို့လည်း ခဏခဏ ပြောကြတယ်။ စင်ကာပူက လမ်းထောင့်တိုင်းမှာ ယူနီဖောင်းဝတ်ရဲတွေ စောင့်နေကြပြီး စည်းမဲ့ကမ်းမဲ့ လမ်းဖြတ်ကူးသူတွေ၊ အမှိုက် ပစ်ချသူတွေကို ချက်ချင်းဖမ်း ဒဏ်ရိုက်လုပ်တာ တွေကျတော့ ထည့်မပြောကြဘူး။ ဘယ်နိုင်ငံက ဘယ်လူမျိုးမဆို ပညာ အခြေခံ နည်းပြီး စိတ်ယဉ်ကျေးမှု နိမ့်ကျသူတိုင်းဟာ ``ပြည်သူ့နီတိ´´ ကို လစ်လျူရှု တတ်ကြပါတယ်။ ``ထွီ၊ ထွမ်´´ နဲ့ လူရှေ့သူရှေ့မှာ တံတွေးထွေးတဲ့နေရာမှာတော့ အရှေ့တိုင်းက လူဝါတွေလောက်ဆိုး တာ ဘယ်မှာမှ မတွေ့ဖူးပါဘူး။ သူတို့နဲ့ စာရင် မြန်မာတွေက အများကြီးယဉ်ကျေးပါတယ်။

မြန်မာတွေက ရေသာခို အချောင်လိုက်စိတ် သိပ်ကြီးမားတယ်။ ကြိုးစားပမ်းစား မလုပ်ချင်ဘူးလို့လည်း စွပ်စွပ်စွဲစွဲ လုပ်လေ့ ရှိကြတယ်။ နိုင်ငံခြားရောက် မြန်မာလူငယ်လေးတွေ အများစုဟာ နေ့အလုပ်၊ ညအလုပ် နှစ်ခုလုပ်ပြီး တပင်တပန်း ပိုက်ဆံရှာ နေကြတာတွေကို မမြင်လို့လား၊ တချို့များဆို အိပ်ရာဝင်တာတောင် အလုပ်ကပြန်တဲ့ အ၀တ်အတိုင်း ဖိနပ်တောင် မချွတ်ဘဲ ၀င်ကြရပါတယ်။ မနက် အချိန်ကျတာနဲ့ အိပ်ရာထဲကတန်းပြီး အလုပ်ကိုပြေးနိုင် အောင် အဆင့်သင့် လုပ်ထားရတာလေ။ မြန်မာတွေ ကြိုးစားသလား။ မကြိုးစားဘူးလား သိချင်ရင် သူများနိုင်ငံတွေမှာ လုပ်ခပေးသလိုပေးပြီး ခိုင်းကြည့်လိုက်စမ်းပါလို့ ပြောလိုက်ချင် တယ်။

မြန်မာတွေဟာ မပျင်းပါဘူး။ မညံ့ပါဘူး။ ဖျင်းလည်း မဖျင်းပါဘူး။ နိုင်ငံခြားသွားပြီး ပညာသင်တဲ့သူတွေ အားလုံးနီးပါးဟာ သူတို့ သင်ယူတဲ့ ပညာရပ်ကို ကောင်းကောင်းသင်ယူ နိုင်ကြတာချည့်ပါ။ စာမလိုက်နိုင်လို့ ပြန်လာရတယ် ဆိုတာ မရှိသလောက်ပါ။ ဘိလပ်သွားပြီး MRCP တို့၊ FRCS တို့လို ဘွဲ့တွေသွားသင်ယူတဲ့ ဆရာဝန်တွေ၊ စာမလိုက်နိုင်လို့ ပြန်လာရတယ်ဆိုတာလည်း မရှိသလောက်ပါပဲ။ မြန်မာလူမျိုးတွေဟာ လူသာဆင်းရဲချင် ဆင်းရဲမယ်။ ဥာဏ်ရည် ဥာဏ်သွေးမှာတော့ မဆင်းရဲပါဘူး။ အခွင့်အရေးရရင် ရသလို ဘာမဆိုဖြစ်အောင် လုပ်နိုင်ပါတယ်။

ကိုရွှေဗမာတွေ

မြန်မာတွေညံ့လို့ မတိုးတက်တာ၊ မြန်မာတွေ သိပ်ပျင်းတာ၊ သိပ်ဖျင်းတာလို့ ပြောကြသူများဟာ နိုင်ငံခြားမှာ အလုပ်လုပ်နေကြတဲ့ ´´ ပြည်တွင်းဖြစ် နိုင်ငံခြားသား`` ကိုရွှေဗမာများသာ ဖြစ်ကြပါတယ်။ ကိုယ်တိုင်ဘာလုပ်နေကြတယ် ဆိုတာတော့ ပြန်မကြည့် ဘဲနဲ့ ပြည်တွင်းမှာ ရှိနေကြတဲ့ သူတွေကို စွပ်စွပ်စွဲစွဲ အရှက်မရှိ ပြောနေကြတာဖြစ်တယ်။ မြန်မာနိုင်ငံလောက် သယံဇာတ ပေါ ကြွယ်ဝတဲ့ နိုင်ငံ၊ အာရှတိုက် တတိုက်လုံးမှာ မရှိပါဘူး။ စားစရာအတွက်၊ နေစရာအတွက်၊ ၀တ်စရာအတွက် ဘာမှပူစရာ မရှိ ပါဘူး။ ပြည်တွင်းမှာ လုံလုံ လောက်လောက်ရှိတယ်။ နောက်ပြီးတော့ ရေနံ ဓာတ်ငွေ့တွေလည်း ထွက်တယ်။ တခြား ဓာတ်သတ္တု မျိုးစုံနဲ့ ကျောက်သံပတ္တမြားတွေလည်းပေါတယ်။ ဒီသယံဇာတ ပေါကြွယ်ဝတာ တွေကို ခေတ်မီနည်းပညာတွေ အသုံးချပြီး ထုတ်ယူ သုံးစွဲကြရမှာ မဟုတ်လား။ ရောင်းဝယ် ဖောက်ကား ကြရမှာ မဟုတ်လား။

သတိပေးလိုက်ချင်တယ်


အခုတော့ အဲဒီလိုလုပ်ရမယ့် နိုင်ငံ့အညွန့်အဖူးတွေ၊ တိုင်းပြည်ရဲ့ ဦးနှောက်တွေက နိုင်ငံရပ်ခြားတိုင်းပြည်တွေအတွက်သွားပြီး အလုပ် လုပ် ပေးနေကြတယ်လေ။ မြန်မာနိုင်ငံက သင်ပေးလိုက်တဲ့ ပညာတွေနဲ့ သူများနိုင်ငံတွေ သွားအလုပ် လုပ်ပေးနေကြတာ အခြေအနေ အရ အခိုက်အတန့်အဖြစ် ကိုယ့်အကြောင်းနဲ့ကိုယ် သွားရောက် လုပ်ကိုင်နေကြရတာကို နားလည်နိုင်ပါတယ်။ အပြစ်မတင်ပါဘူး။ ဒါပေမယ့် ဘယ်မှမသွားဘဲ ကိုယ့်တိုင်းပြည်မှာ ကိုယ်နေပြီး တက်စွမ်းသလောက် ကိုယ့်အား ကိုယ့်အင်နဲ့ ကိုယ့်တိုင်းပြည်အတွက် ကြိုးစား ရုန်းကန်နေတဲ့သူတွေကိုတော့ ပျင်းတယ်၊ ဖျင်းတယ်၊ စည်းကမ်းမဲ့တယ်၊ ရေသာခိုတယ် စတဲ့ စွပ်စွဲမှုတွေနဲ့ ပုတ်ခတ်စော်ကား မလုပ်ကြဖို့တော့ သတိပေးလိုက်ချင်ပါတယ်။

လူထုစိန်ဝင်း

(၃.၉.၂၀၀၈ ရက်နေ့ထုတ် Weekly Eleven အတွဲ(၃)၊ အမှတ် (၄၆) စာ-၂၀ မှ လူထုစိန်ဝင်း၏ ဆောင်းပါးအား ကူးယူ ဖော်ပြသည်)

Ref: http://mayaonlinemagazine.blogspot.com/

ဘလော့ရှင်ရဲ့ မှတ်ချက်။ ။ ဆရာ လူထုစိန်ဝင်းက ပြည်တွင်းဖြစ် နိုင်ငံခြားသား ကိုရွှေမြန်မာများကိုသာ ရည်ညွှန်းပေမယ့် ကျွန်မကတော့ ပြည်တွင်းဖြစ် နိုင်ငံခြားသား/မြန်မာ နိုင်ငံသား ကို/မ ရွှေမြန်မာများကို ရည်ညွှန်းပြီး ဆရာ့ရဲ့ ဆောင်းပါးကို ပို့စ်ကို တင်လိုက်ပါတယ်။ နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့သူတွေ ပြန်လာခဲ့ကြ နာဂစ် ဒေသမှာရော မြန်မာ တနိုင်ငံလုံးမှာ လယ်စိုက်စရာ လုပ်စရာ အလုပ်တွေ ပေါတယ်လို့ နိုင်ငံတော် ၀န်ကြီးချုပ်က မိန့်ကြားထားပါတယ်။ လုပ်ခ ပေးမယ် မပေးဘူး နိုင်ငံခြားမှာ အလုပ်လုပ်ရင် ရသလောက် လစာငွေ ရစေရမယ်/ မရနိုင်လောက်ဘူး ဘာမှ အာမခံချက် မပေးထားပါဘူး။ အဲဒီ အပြင် ဘ၀တက်လမ်း ရှိသလား ဆိုတော့ ထိပ်ပိုင်းရာထူး မှန်သမျှ မဆိုင်တဲ့ ဘောင်းဘီဝတ်တွေက တန်းစီ ပိတ်ယူထားပြီး မြေအောက် ရေကြောကို မရှိတဲ့ နေရာမှာ ရေကို မထွက်မချင်း တွင်းတူးခိုင်းတာမျိုး၊ တံတားကြီး တစင်းလုံး ပြီးခါနီးမှ ရေလယ် တိုင် တတိုင် ဖြုတ်ခိုင်းတာမျိုး၊ ဘယ်လောက် စာမေးပွဲတွေ အောင်အောင် ဘယ်လိုအရည်အချင်း ရှိရှိ JE ဆို သိန်း၃၀၊ AE ဆို သိန်းခြောက်ဆယ် ဆိုတာမျိုးတွေ ပပျောက် မသွားဘဲ နဲ့တော့ ဘယ်ပညာရှင်ကမှ ကျင့်ဝတ် သိက္ခာ အပျက်ခံ၊ ဘ၀ တက် လမ်း အပိတ်ခံပြီး ပြန်လာ အလုပ်လုပ်မှာ မဟုတ်ပါဘူး။ ပိုဆိုးတာက အခြေခံပညာမှာ တုန်းက အတန်းထဲ ငါ့နားရွက် ဆွဲထားတဲ့ မိန်းမ၊ ငါက စစ်အင်ဂျင်နီယာမို့ ဆိုဒ်ထဲ ရောက်လာရင် တွေ့မယ် ဆိုတဲ့ လူစားတွေကို နေရာပေး ထားသရွေ့ အဲလိုစနစ်မျိုး အမြစ်တွယ် နေသရွေ့ ဦးနှောက် ယိုစီးမှု၊ လုပ်အား ယိုစီးမှုကို တားနိုင်မှာ မဟုတ်ပါဘူး။ ဟုတ်ကဲ့... နိုင်ငံခြားမှာ အလုပ် လုပ်ရင် ရသလောက် လစာငွေ ကိုမမျှော်မှန်းပါဘူး ပညာရှင်ကို သူ့နေရာနဲ့သူ လုပ်ပိုင်ခွင့်ပေးပြီး အနှောင့်အယှက် ကင်းကင်း လွတ်လွတ်လပ်လပ်နဲ့ နိုင်ငံခြား လစာငွေရဲ့ သုံးပုံနှစ်ပုံပဲ ပေးရင်တောင် ခွန်မြလှိုင်တို့က ရှေ့ဆုံးက တန်းစီပြီး ပြည်တော်ပြန် အလုပ်လုပ်မှာ ဖြစ်ပါတယ်ရှင့်။

18 comments:

ကလူသစ် said...

ဒီဆောင်းပါးတင်ထားတဲ့ဘလော့ဂ်တခုမှာ သွားပြီး ကော်မန့်ပေးဘူးတယ်။ သိတ်သဘောမတူတာလေးတွေကိုပေါ့။ နောက်တခါသွားတော့ ကလူသစ်ကော်မန့်လေး မရှိတော့ဘူး။ သတိရလိုက်တာ။ အဟင့်

တခါတလေ ရှေးလူကြီးတွေအတွေးအခေါ်က ခေတ်နဲ့မညီတာတွေရှိတတ်တာပဲလေ။ ရှေးလူကြီးပါဆိုမှ..... :)

ck said...

I would go back to burma if I get paid 10% of what I get now.

Anonymous said...

"I would go back to burma if I get paid 10% of what I get now..."

Wow...

Sick of This Stupid thinking idea..

Hey, where 's your country..?

What are U doing now...?

For who..?

How old already are U..?

when are U coming back to work for your country and your country people..?

So what..?

Don't better give me Idiot' excuses ..

See U in myanmar...with totally nothing can do that time @ your old retired period dreaming days..

i think better don't come back..if U can...

Good Luck for your life..

Anonymous said...

ကျွန်တော်လည်း တိုင်းတပါးမှာ အလုပ်လုပ်နေတဲ့ အင်ဂျင်နီယာ တစ်ယောက်ပါ၊ ကျွန်တော်မြန်မာနိုင်ငံကို တစ်ခါမှ ပုတ်ခတ်ပြီး မပြောမိသေးပါဘူး.... ဘာဖြစ်လိုလဲဆိုတော့ ကျွန်တော့်မိဘတွေလည်း မြန်မာနိုင်ငံမှာ ရှိနေသေးလို့ပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ နိုင်ငံခြားမှာ အလုပ်လုပ်ရတာ ကိုယ့်ပညာကို အသုံးချခွင့်ရှိတယ်လေ... ကိုယ့်တိုင်းပြည်မှာလည်း ဒီလိုသာပညာကို အသုံးချခွင့်ရှိနိုင်မယ်ဆိုရင် အခွင့်အရေးတွေရမယ်ဆိုရင် ပြန်လည်မယ့် ပညာတတ်တွေ အများကြီးပါ.... ဒီတော့ကိုယ်နိုင်ငံထဲမှာလုပ်နေ ကြတဲ့သူတွေဆိုတာ တိုင်းပြည်ကိုတကယ်ချစ်လို့ လုပ်နေကြတာလား...အခွင့်အရေးပေးရင် ပညာတော်သင်တွေခေါ်ပြီး နိုင်ငံခြားမှာ အလုပ်လုပ်ရမယ်ဆိုရင် မလာဘူးဆိုတဲ့သူတွေ ရှိနိုင်ပါ့မလား.... ကိုယ့်တိုင်းပြည်အတွက်ချစ်လို့ ကြိုးစားရုန်းကန်နေတဲ့သူတွေ ကိုလေးစားပါတယ် ကျွန်တော်တို့ နိုင်ငံခြားမှာနေတဲ့သူတွေ မပါပဲနဲ့တိုင်းပြည်တည်ဆောက်ကြာတာ လေးစားပါတယ်.... ကျွန်တော်တော့ လူ့အခွင့်အရေးတွေ ရမယ်ဆိုရင်တော့ ပြန်လာမှာပါ....(ဒီကွန့်မန့်ကိုမဖျက်စေချင်ပါဘူး)

Anonymous said...

...
ဒီတော့ကိုယ်နိုင်ငံထဲမှာလုပ်နေ ကြတဲ့သူတွေဆိုတာ တိုင်းပြည်ကိုတကယ်ချစ်လို့ လုပ်နေကြတာလား...

အခွင့်အရေးပေးရင် ........

ကျွန်တော်တော့ လူ့အခွင့်အရေးတွေ ရမယ်ဆိုရင်........

ဆိုရင်......

Who are U....?

khunmyahlaing said...

စာဖတ်သူများရှင့်

ဒီပို့စ်ကိုရော ထုလေမာလေ တို့ဗမာတွေ ဆိုတဲ့ ပို့စ်ရော ကျွန်မ ရေးစရာ အတွေးတွေ ကျန်ပေမယ့် မရေးသေးဘဲ အမြည်း တင်ထားပါတယ်။ စာဖတ်သူတွေရဲ့ ကောမန့် ကို စောင့်ဖတ်ချင်လို့ပါ။ နောက်ပြီး သမီးလေး နေမကောင်း ဖြစ်နေ တာမို့ အချိန်ပေးပြီး သေချာ မရေးနိုင်သေးတာကြောင့်လဲ ပါပါတယ်။ ဆင်ခြေ ပေးနေတာ မဟုတ်ပါဘူး နော်။ ခုတော့ သမီး နေပြန်ကောင်းပြီမို့ တင်နိုင်တော့မှာပါ။
ကလူသစ်ရေ… ရှေးလူကြီးမှ မဟုတ်ပါဘူး ခေတ်လူငယ်လဲ သူကျင်လည်ရာ အသိုင်းအ၀ိုင်းနဲ့ ယှဉ်ပြီး ရေးရင် သူမကျင်လည်ရာ အသိုင်းအ၀ိုင်းက အချက်အလက်တွေကို မျက်ခြေ ပြတ်သွားနိုင်ပါတယ်။ တကယ်လို့ ကျွန်မ ရေးတဲ့စာတွေမှာ ကျွန်မ မကျင်လည်ရာ အသိုင်းအ၀ိုင်းရဲ့ စံနှုံးတွေကို ကျွန်မ ထည့် မစဉ်းစား မသုံးသပ်မိရင် ထောက်ပြ ပေးသွားပါနော့
စီကေရေ.. သာဓု ခေါ်ပါတယ် ကျွန်မက အဲလောက်ကြီး မလုပ်နိုင်ဘူးရှင့်.. ကျွန်မ လှုပ်ရှားရာ လူမှုရေး အသိုင်း အ၀ိုင်း အတွက် ငွေလိုပါတယ်။ စီကေက အဲလောက်နဲ့ လုပ်နိုင်တယ် ဆိုလို့ ဂုဏ်ယူ သာဓုခေါ်ပါတယ်။
Anonymous ရေ… သူများကို မေးခွန်းတွေ မမေးခင် အပြစ်မတင်ခင် ရှင်ဘယ်သူ ဆိုတာ အရင် မိတ်ဆက်ပါဦး .. ဘာတွေ ဖြစ်သင့်တယ် ဆိုတာကို အရင် ဆွေးနွေးပါဦး ကိုယ်ယောင်ဖျောက်ပြီး အပြစ်တင် မေးခွန်းမေး တာက စစ်ကြောရေး စခန်းက ငရဲထိန်းတွေရဲ့ အကျင့် နဲ့ တူနေပါတယ်။ မလာရင် ပိုကောင်းတယ် ဆိုတော့… မလာစေ ချင်တာ ပေါ်တာပေါ့နော်။ ဒါမှ လုပ်စရာ ဂွင်ကို ပညာရှင်နဲ့ ယှဉ်လုစရာ မလိုတော့ဘူးပေါ့.. I really sick of this selfish idiot idea.
Nay ရေ ကျွန်မရဲ့ ဘလော့မှာ ဘယ်လို စာကိုမဆို မှတ်တမ်းတင်ပြီး ထားထားမှာပါ။ ကျွန်မကို ပုဂ္ဂိုလ်နဲ့ ယှဉ်ပြီး ဆဲဆိုတဲ့ ကောမန့်မျိုး စာမျိုးကိုတောင် မဖျက်ပါဘူးရှင်။ ဘာကြောင့်လဲဆို လူဆိုတာ ကိုယ်ကျင်လည် ဖြတ်သန်း ရာ ပတ်ဝန်းကျင်က ရိုက်ခတ်တဲ့ စာမျိုး စကားမျိုးကိုပဲ ပြောတတ် တာမို့ ကျွန်မ ဘက်က စည်းစောင့် တာဝန်ယူ သလို ကျွန်မ ဘလော့မှာ လာရေးသွားသူ တွေလဲ သူတို့စာကို သူတို့ တာဝန်ယူရမှာပါ။ စော်ကား သွားခဲ့ရင် တောင် စော်ကားသူက ရှက်ရမှာပါ အစော်ကား ခံရသူက မကောင်းမှု ပြုတာ မဟုတ်တဲ့ အတွက် ရှက်စရာ မလိုပါဘူးရှင်။ ဟီရိ သြတပ္ပ ဆိုတာ မကောင်းမှု ပြုလုပ်ရမှာ ရှက်ခြင်းနဲ့ ကြောက်ခြင်းမို့ မကောင်းမှု လုပ်တာ မဟုတ်သရွေ့ ကျွန်မကတော့ အလကား နေရင်း တလွဲ ဆံပင်ကောင်း မရှက် မကြောက်ပါရှင်။

TGRmg said...

အမ ထပ်ရေးမှာတွေကို စောင့်ဖတ်နေမယ်။

ကလူသစ် said...

ခေတ်လူငယ်တွေမှာလဲရှိပါ့ဗျာ။ လက်ဆွဲပြီးတောင် ပြလိုက်ချင်သေးတယ်။ ဥပမာနဲ့ပြောရရင် ကိုယ်ပိုင်ကားကို အဲကွန်းဖွင့်ပြီး စီးလာတဲ့သူတယောက်က ကားခတောင်မရှိလို့ အထုတ်အပိုးကို နေပူကြဲကြဲမှာ ပင်ပင်ပန်းပန်း ထမ်းလာနေရတဲ့သူကို (ဒီလူနှယ် ခက်လိုက်တာ၊ ဆိုက်ကားလေးဘာလေး ငှားပြီးတင်လာရောပေါ့) လို့ ပြောနေတတ်တဲ့သူတွေလေ။ ဂရုဏာဒေါသဆိုတာနဲ့တော့ အကာအကွယ်ယူထားတတ်တာပေါ့ဗျာ။

nyi nyi said...

ဗမာတွေ သီလ စောင့်ထိမ်းတာ အရမ်း နည်းသွားတာတော့ ထောက်ပြချင်ပါတယ်။ အားလုံး မိုးခါးရည်ကို အသက် ရှင်သန်မှုအတွက် သောက်သုံးနေရပါတယ်။ ကိုယ်တိုင်တောင် အဲဒီလို နေရာမှာဆိုရင် သောက်မိမယ် ထင်ပါတယ်။

hein said...

I got MBA from Japan.But,I am working in Burma. with less than
what I had had in Japan.I want to contribute my native country.Although
I really hate Junta, I am still contributing extremely small amount.Something is better than nothing.We should also not blame on the people who's worked in abroad.Because,their income contributed to their families who are citizens of Myanmar. I really like them too.

စူး said...

ိုင်ငံခြားမှာ အလုပ် လုပ်ရင် ရသလောက် လစာငွေ ကိုမမျှော်မှန်းပါဘူး ပညာရှင်ကို သူ့နေရာနဲ့သူ လုပ်ပိုင်ခွင့်ပေးပြီး အနှောင့်အယှက် ကင်းကင်း လွတ်လွတ်လပ်လပ်နဲ့ နိုင်ငံခြား လစာငွေရဲ့ သုံးပုံနှစ်ပုံပဲ ပေးရင်တောင် ခွန်မြလှိုင်တို့က ရှေ့ဆုံးက တန်းစီပြီး ပြည်တော်ပြန် အလုပ်လုပ်မှာ ဖြစ်ပါတယ်ရှင့်။

သဘောတူကြောင်းးး

ငါကတော့ ဘယ်သူ့ကိုမှ အပြစ်မတင်ဘူး
ပြည်တွင်းက သူတွေ အသုံးမကျဘူးလို့လဲ ဘယ်တော့မှ မပြောဘူး
အပြင်မှာ နိုင်ငံသားခံသွားလဲ အပြစ်မပြောဘူး
လူတိုင်းမှာ အခြေံအကြောင်းတရားနဲ့ လိုအပ်ချက်တွေက အမြဲရှိနေကြတာပဲ..တဦးနဲ့တဦးမှ မတူနိုင်တာပဲ
ဒါကို အပြစ်မပြောသင့်ဘူးလေ..

ပညာရှင်တွေကို ပညာရှင်လိုဆက်ဆံမယ်။ ဘာမှမဆိုင်တဲ့ အစိမ်းဝတ်တွေကို ပညာရှင်အပေါ်မှာရှိနေတာက တော့ သိပ်အရုပ်ဆိုးတယ်။ ပီးတော့လာသေးတယ် မြန်မာပြည်ကမာစတာဆိုပဲ.. သူတို့ဘယ်လိုမာစတာရသလဲ ကိုယ်ကသိနေတော့ အဲလိုလူရဲ့ အောက်မှာ အလုပ်လုပ်ရတာထက်စာရင် အငတ်ခံပီး သေလိုက်မယ် ဒါမှမဟုတ် မုန့်ရောင်းစားမယ်

Nge Naing said...

ခွန်မြလိုင်ရေ ဖတ်လည်းဖတ်သွားတယ်၊ link လည်းလုပ်သွားပါတယ်။ Follow လည်း လုပ်လိုက်ပါတယ်။ မြန်မာတွေ ပြတ်ကျန်ခဲ့ပြီဆိုတာတော့ အပျက်သဘောနဲ့ မဟုတ်ပဲ အပြုသဘောနဲ့ ကျွန်မလည်း အမြဲပြောပါတယ်။ ဒီထဲမှာ ရေးထားတာတွေကိုလည်း လက်ခံပါတယ်။ ဒါကြောင့် ပြည်တွင်းက ဦးဝင်းတင်ရဲ့ ခံစားချက်နဲ့ ပြည်ပမှာ ရောက်နေတဲ့ ခွန်မြလှိုင်ရဲ့ ခံစားချက်တွေကို နားလည်လို့ရပါတယ်။ ဒါပေမယ့် ပကတိ ဖြစ်နေတဲ့ အခြေအနေတွေကိုတော့ ပြည်တွင်းရယ် ပြည်ပရယ်လို့ ကျွန်မ မဆိုလိုဘူး ခွန်မြလှိုင်တို့ ငြင်းလို့ ရမမယ်မထင်ဘူး။ ပထမဦးစွာ Lay ပြောထားတဲ့ သီလဆောက်တည်မှု အပိုင်းကို ကျွန်မလုံးဝထောက်ခံတယ်။ ဗုဒ္ဓဘာသာတွေလုပ်ပြီး မြန်မာတွေ သီလဆောက်တည်တဲ့နေရာမှာ ငါးပါးသီလကို တခြားလူမျိုးတွေထက် လွယ်လွယ်ကူကူ ချိုးဖေါက်နေကြတာကိုတော့ ခွန်မြလှိုင်အပါအ၀င် ဘယ်လူမှ ငြင်းနိုင်မယ်မထင်ဘူး။ သူများလူမျိုးတွေအတွက် ပုံမှန်မဟုတ်တဲ့ လာတ်ပေးလာတ်ယူ ကိစ္စလုပ်တာမျိုးကို ပေးသူနဲ့ ယူသူတွေဟာ ပုံမှန်သမရိုးကျ ကိစ္စလိုမျိုး မြန်မာလူမျိုး (အများစု) ကျင့်သုံးနေကြတယ်။ ပြီးတော့ တခြားလူမျိုးတွေမှာ မတွေ့ရတဲ့ အကျင့်တခုဖြစ်တဲ့ တယောက်နဲ့တယောက် ဆက်ဆံတဲ့နေရာမှာ သူဘာအလုပ်လုပ်တယ်။ သူ့အလုပ်က ဘယ်လောက် ဂုဏ်ရှိတယ်၊ သူ့အဆင့်က ဘယ်လို ငါနဲ့ ဘာကွာသလဲ၊ သူနဲ့ငါ ဘယ်သူသာတယ်ဆိုတဲ့ အကြည့်နဲ့ အရင်ကြည့်ပြီး ဆက်ဆံလေ့ရှိတယ်။ ဆိုလိုတာက အဆင့်အတန်း ခွဲခြားတဲ့နေရာမှာ သူများလူမျိုးတွေထက် အများကြီး ပိုဆိုးတယ်။ ဒါတွေကို အပြစ်သဘောဆိုတဲ့ ပံစုံမဟုတ်ပဲ ပကတိ ရင်ဆိုင်ကြုံတွေ့ရတာကို ဆွေးနွေးတာ ဖြစ်တယ်။ ဒါကြောင့် အကုန်လုံးကို မဆိုလိုပေမယ့် ယျေဘုယျအားဖြင့် စိတ်ဓါတ်ရေးရာတွေမှာ ပြတ်ကျန်နေပြီဆိုတာကို ကျွန်မ လုံးဝ လက်ခံပါတယ်။ ဘာကြောင့် ဒီလိုဖြစ်နေတယ် ဆိုတာကတော့ တခြားတပိုင်းပေါ့နော့်။ ဒါကြောင့်မို့ မိမိလူမျိုးတွေမှာ တကယ်အားနည်းနေတဲ့ ပကတိ အခြေအနေတွေကို ကျွန်မတို့ လက်ခံပြီး ပြုပြင်သွားရမှာ ဖြစ်တယ်။

Anonymous said...

အခွင့် အရေးတွေ လစာတွေ ဆိုတာက.. နောက်မှ ပြောကြရအောင် ..
အပေါ်က စာဖတ်သူ တော်တော်များများ .. ပြောသွားကြသလိုပါဘဲ ..ပညာရှင်ကို .. ပညာရှင်လို .. ဆက်ဆံမယ် . သူ့ပညာနဲ့သူ..လိုအပ်တဲ့ အလုပ်ပေးမယ်ဆိုရင်.. ၆၀% ကျော် သော .. ပြည်ပရောက်မြန်မာများ.. မိခင်ဌာနေကို.. ပြန်ကြမှာ ..သေချာပါတယ် ..
သူပညာနဲ့သူ.. မခိုင်တတ်တဲ့.. ဥပမာလေးတခုကတော့.. ၁၉၉၇ နောက်ပိုင်ကာလများက.. စိုက်ပျိုးရေးဝန်ကြီးဟောင်း ဗိုလ်ချုပ်မြင့်အောင် က.. စိုက်ပျိုးရေးဘွဲ့ရ လူငယ်တွေကို ..အစ္စေ၇းနိုင်ငံကို လွှတ်ပြီး ခေတ်မီတိုတက် စိုက်ပျိုးရေးနည်းပညာတွေကို .. လေ့လာစေတယ်.. လူငယ်များလေ့လာခဲ့တာတွေက .. သစ်ခွကို စီးပွားဖြစ် ဘယ်လိုစိုက်မယ်.. နေကြာကို စီးပွားဖြစ်ဘယ်လိုစိုက်မယ်.. ရေရှားတဲ့ဒေသမှာ.. ရေများများလိုတဲ့သီးနှံတွေကို.. အောင်မြင်အောင်.. ဘယ်လိုစိုက်မယ်.. ဆိုတာတွေပေါ့ .. ၁၁ လ ကြာပြီး.. ပြန်လဲရောက်ရော.. အားလုံးကို.. သမားရိုးကျ စပါးခင်းတွေဆီကို ဘဲ.. တာဝန်တွေ ခွဲချလိုက်ပြီးတော့.. အားလုံးလိုလိုဟာ .. ၀န်ကြီးလာရင် .. စာရင်းလိမ်တွေ တင်ပြနေရတဲ့ အလုပ်ကိုဘဲ.. လုပ်ရတော့တယ်။.
နောက်တခု ဥပမာကတော့.. ရန်ကုန်မြို့ က.. အခွန်ရုံးမှာ.. သေနတ်ပစ်တပ်တဲ့ .. စစ်တပ်ကသူတွေက... အကြီးဆုံးရာထူးတွေယူထားပြီး... Eco, ဘွဲ့ရ လူတွေက.. သူတို့ ရဲ့ ..လက်ထောက်တွေဖြစ်နေကြပါတယ်..

ကဲ.. ပြည်ပမှာ.. ပညာသင်ကြားလာခဲ့တဲ့ ရွှေမြန်မာများ..အမိမြေကို.. ပြန်လာမယ်ဆိုရင်.. စာရင်းလိမ်တွေ.. လုပ်ပြရမှာ လာ. ... စစ်တပ်က လူတွေ ကို.. ဆရာခေါ်ပြီး .. သူတို့ခိုင်းသမျှ .. မှားမှား မှန် မှန် .. ကြောက်ကြောက်နဲ့.. လုပ်ပေးရမှာလား ...

Anonymous said...

မြန်မာတွေဟာ မပျင်းပါဘူး ။ မညံ့ပါဘူး ။ မဖျင်းပါဘူး ။ ကလေးတွေကအစ အညွန့်တလူလူနဲ့ပါ ။ ဒါပေမယ့် အဲဒီတက်လာသမျှအညွန့်တွေကို ချိုးနေတာဘယ်သူတွေလဲ ။ ပြည်တွင်းမှာနေပြီး ကိုယ်တတ်ထားတဲ့ပညာနဲ့ တိုးတက်အောင်လုပ်ခွင့်မရှိအောင် လုပ်နေတာ ဘယ်သူတွေလဲ ။ စီနီယာ စီနီယာဆိုပြီး မှားလဲငြိမ်ခံ ပြန်ပြောဖို့မပြောနဲ့ မျက်လုံးနဲ့တောင် ပြန်မကြည့်ရဲအောင်လုပ်ထားတာ ဘယ်သူတွေလဲ။ လူငယ်တွေရဲ့ စိတ်ဓာတ်ကိုချိုးနှိမ် ၊ ပညာကိုလဲ သုံးလို့မရတော့တဲ့ သံချေးတက်ဓားလို လုပ်ထားမှတော့ နိုင်ငံခြားကိုထွက်ပြီး ပညာရှာ ဥစ္စာရှာကြတာ အပြစ်တဲ့လား ။ တဖက်ကနေ သဒ္ဒါလို့ပဲဖြစ်ဖြစ် မသဒ္ဒါဘဲနဲ့ပဲဖြစ်ဖြစ် နိုင်ငံအတွက် ဒေါ်လာတွေရှာပေးနေတာ မသိကြလို့ပဲလား ၊ မူလလက်ဟောင်းအတွေးကြီးနဲ့ စွပ်စွပ်စွဲစွဲပြောနေတာလား..။ နိုင်ငံ့အညွန့်အဖူးတွေ၊ တိုင်းပြည်ရဲ့ ဦးနှောက်တွေက နိုင်ငံရပ်ခြားတိုင်းပြည်တွေအတွက်သွားပြီး "အလုပ် လုပ် ပေးနေကြတာ" မဟုတ်ပါဘူး။ ဘယ်တုန်းကမှ သူတို့အတွက်လုပ်ပေးနေရတယ်လို့ မတွေးမိဘူး ။ ဒီကိုလာပြီး ပညာရှာရင်း ဥစ္စာရှာရင်းနဲ့ တိုးတက်အောင်ကိုယ့်ဘာသာကိုယ် ကြိုးစားနေကြတာပါ ။ ဟုတ်ကဲ့..။ အကြံပေးပါရစေ ။ နောင်ရေးမယ်ဆိုရင် ရှေးလူကြီးတွေအတွေးအခေါ်က ခေတ်နဲ့မညီတာတွေရှိတတ်တာပဲလေ လို့အပြောမခံရအောင် နိုင်ငံရပ်ခြားကိုထွက်ပြီး အမှန်တရားကိုသိအောင် အရင်ကြိုးစားကြည့်ပါလေ ။ အဲဒီအခါကြရင်လည်း မြင်သမျှသိသမျှကို မချွင်းမချန် အခုလိုပဲ ရေးနိုင်ပါစေ....။

တန်ခူး said...

လှိုင်ရေ… ဆရာ့ဆောင်းပါးရော လှိုင့်မှတ်ချက်ရော ကော်မန့် တွေပါ သေချာဖတ်သွားပါတယ်… မြန်မာတွေဗီဇက တော်ကြတာသေချာပါတယ်… တော်တဲ့ဗီဇက တော်ရုံမပျက်စီးနိုင်ပေမယ့် စိတ်ဓါတ်အတွေးအခေါ်ကတော့ ဖြစ်ပေါ်နေတဲ့ အခြေအနေပေါ်မူတည်ပြီး ကြံ့ခိုင်မှုမရှိရင်ပျက်စီးနိုင်တယ်… အမစိုးရိမ်တာ စိတ်ဓါတ်တွေပျက်စီးသွားမှာကိုပါပဲ… စိတ်ဓါတ်တွေ ကြံ့ခိုင်ကြပါစေလို့  ဆုတောင်းမိပါတယ်…

ဆောင်းမြူခိုး said...

ဟုတ်တယ်..မြန်မာတွေ မပျင်းဘူး လုပ်စရာ အလုပ်လောက်လောက်ငင မရှိကြလို့  မလုပ်ရတာ... သေသေချာချာ ဘာကို ပြုပြင်ရမယ်..ဘယ်လိုလုပ်ရမယ် ..မကူညီပဲ.. အဲ့ဒီလို အထက်စီးကနေ ပြောတတ်တဲ့ နိုင်ငံခြားပြန်တွေရဲ့ စကားကို အရင်ကတည်းက မကြိုက်ဘူးးး မခံချင်ဘူး

phoeko said...

ဒီ ဆောင်းပါးရှင် ဟာ ကျွန်တော်တို့ တွေ လေးစားရတဲ့ စာပေပညာရှင်တစ်ယောက်ပါ။ ဒါပေမယ့် သူ့ရဲ့ ဒီ ဆောင်းပါးကတော့ နဲနဲ တစ်ဖက်သက် ဆန်နေမလားလို့။

နွားနဲ့ ရုန်းတာ ပျင်းတာ မဟုတ်ပါဘူး။ ဒါပေမယ့် နွားနဲ့ပဲ ရုန်းနေဦးမယ် ဆိုရင်တော့ ကြာရင် ဖျင်းတာ ဖြစ်သွားပါတော့မယ်။ ဆယ်စု နှစ်တစ်ခု လောက် နောက်ကျ ကျန်ခဲ့ရာ က ရာစုနှစ် တစ်ခုလောက်ထိ ပြတ်ကျန်ခဲ့ ဦးမှာပါ။ လမ်းခင်း၊ လမ်းပြင် နေတဲ့ လုပ်သားတွေကို ကျွန်တော်တို့ တွေလဲ တွေဘူးပါတယ်။ ရန်ကုန်မြို့ကြီးမှာတောင် ဆယ်နှစ်ရာသီ မရွေး၊ လမ်းပြင်နေရတာပါ။ သူတို့တွေ မပျင်းကြပါဘူး။ ကျရာတာဝန်တွေကို ထမ်းဆောင်နေကြတာပါ။ ဒါပေမယ့် ဘာဖြစ်လို့ ကျွန်တော်တို့ ဆီမှာမှ သူတို့တွေ ဒီလောက်ပင်ပန်းကြီးစွာ လုပ်ကြရတာလဲ။ သူများနိုင်ငံတွေမှာ ရော လုပ်သားတွေဟာ ဒီလိုပဲလား။ နိုင်ငံတိုင်းမှာ အတူတူပဲ ဆိုရင်တော့ ဘာမှ မပြောလိုပါဘူး။ ကျွန်တော်တို့ ဆီမှာမှ ဆိုရင်တော့ အဖြေတစ်ခု ရှာဖို့လိုပါလိမ့်မယ်။

မြန်မာတွေက အများကြီးယဉ်ကျေးပါတယ် လို့ တကြော်ကြော်ပြောနေမယ့်အစား၊ အလုပ်နဲ့ သက်သေပြတာဟာ ပိုကောင်းမယ် မထင်ဘူးလား ခင်ဗျာ။ ဟိုးရှေးရှေးတုန်းက အာရှ မှာ မြန်မာရဲ့ ရန်ကုန်မြို့တော်ဟာ သန့်ရှင်းလှပ မှု အရှိဆုံးလို့ ကြားသိခဲ့ရပါတယ်။ ပုံပြင်တွေ မဟုတ်ဘူးဆိုရင်တော့ အကြွင်းအကျန် လေးတောင်မှ ကျွန်တော်တို့လို လူငယ်လေးတွေ မြင်တွေ့ခွင့်မရနိုင်တော့ဘူးလား ဟင်။ ယဉ်ကျေးမှု၊ ယဉ်ကျေးမှု လို့ နေရာတစ်ကာ မှာ ပြောမနေတော့ဘဲနဲ့ စည်းကမ်း သည်လဲ ယဉ်ကျေးမှု တစ်ရပ်ပါပဲလို့ နားလည်မယ်ဆို ရင်တော့.....

မှန်ပါ၏၊ မြန်မာတွေ ကြိုးစားကြပါတယ်။ ဒါပေမယ့် မြန်မာတွေရဲ့ ကြိုးစားမှုကို မြန်မာတွေ အသိအမှတ်ပြု ဖို့လိုအပ်ပါသေးတယ်။ နိုင်ငံတွင်းမှာ ဘယ်လိုနည်းနဲ့ မှ မရနိုင်တဲ့ အခွင့်အရေး၊ လစာနှုန်းထားငွေ၊ စတာတွေဟာ ပညာတတ် ယိုစိမ့်မှု ရဲ့ အခြေခံတွေပါပဲ။ သူများနိုင်ငံတွေမှ လုပ်ခပေးသလိုမျိုး ဆိုတာ ဘယ်တော့လောက်များလဲ လို့ သိချင်ပါသေးရဲ့.....

ဟုတ်ပါတယ် ခင်ဗျာ။ နိုင်ငံခြားသွားပြီး ပညာသင်တဲ့ သူတွေ အားလုံးနီးပါး ဟာ သူတို့ သင်ယူတဲ့ ပညာရပ်တွေကို ကောင်းကောင်းသင်ယူနိုင်ကြပါတယ်။ ဒါပေမယ့် ဒီလို အဆင့်မြင့်ဘာသာရပ်တွေကို သူများနိုင်ငံကို သွားမနေရဘဲနဲ့ နိုင်ငံတွင်းမှာ သာ သင်ခွင့်ရမယ် ဆိုရင်ဖြင့်.....

နိုင်ငံခြားမှ ရောက်နေတဲ့ သူ တစ်ယောက်၊နှစ်ယောက်ထဲ ကပြောတာဆိုရင်တော့ ထားပါ၊ အဲ၊ အကုန်လုံးကများ ဒီလိုပြောနေကြပြီ ဆိုရင်တော့ ပြန်သုံးသပ်ဖို့ လိုအပ်နေပါပြီ။ နိုင်ငံ ဟာ သယံဇာတ တွေ လွန်စွာပေါကြွယ်ဝပါတယ်လို့တော့ ငယ်စဉ်အခါက ပထ၀ီ ဘာသာရပ်မှာ သင်ကြားခဲ့ရဘူးပါတယ်။ ဒါနဲ့များ အခုလို ဘာဆိုဘာသယံဇာတမှ မရှိ တဲ့ စင်္ကာပူလို ကျွန်းလေးမှာ ပညာတတ်လူငယ်တွေ ထုနဲ့ ဒေးရှိနေတာလဲ ဟင်။

ဟုတ်ကဲ့၊ အသိပေးလိုက်ချင်တာကတော့၊

နိုင်ငံက သင်ပေးလိုက်တဲ့ ပညာကိုလေးစားပါတယ်၊ တန်ဖိုးလဲ ထားပါတယ်။ အသုံးချနိုင်ခွင့်၊ အသုံးပြုနိုင်ခွင့် တွေလိုအပ်တယ်ဆိုတာ သိဖို့လိုအပ်ပါတယ်။ အင်ဂျင်နီယာ ဘွဲ့ရတွေအတွက် စိုက်ပျိုးစားသောက်ဖို့ လယ်ကွက်တွေ အများကြီးစောင့်နေပါတယ် ဆိုရင်ကတော့ဖြင့်................

ck said...

This is a specific response to "Anonymous" who posted on September 5, 2009 8:34 AM.

Again: I would go back to burma if I get paid 10% of what I get now, - within 4 weeks if you could get me a solid written job offer period. My retirement age is at least 25 years away. Can you come up with more of your own stupidity?