Saturday, June 27, 2009

ကြံကြံဖန်ဖန် မြင်မိတယ် (၃)

မိုးဦးကျမို့ မိုးပေါက်လေးများကျ ပလားဆိုရင် မိုးနဲ့ အတူ တဖြုတ်ဖြုတ် ကြွေတာ သရက်ကင်းများပေါ့။ သရက်သီး ကို ကျွန်မ ကြိုက်သလောက် သရက်သီးရဲ့ ဖွားဖက်တော် ယင်ကောင်ကို သိပ်ရွံပါတယ်။ ခြင်ကိုက် ခံနိုင်တဲ့ ကျွန်မက ယင်နား လုံးဝ မခံနိုင် ပါဘူး။ ဒီတော့ သရက်သီး ပေါ်ချိန်ဟာ ကျွန်မနဲ့ ယင်ကောင်တို့ စစ်ဖြစ်တဲ့ အချိန်ပေါ့။ အိမ်မှာ လေအေး ပေးစက် မတပ် နိုင်ခင် အချိန်က အပူဒဏ် မခံနိုင် တဲ့ ကျွန်မက ပြတင်းပေါက် မဖွင့်ထားရရင် မနေနိုင် ပါဘူး။

သရက်သီးမှည့်ကို သေချာ ရေစိမ်၊ ရေဆေး၊ အခွံခွာ၊ လေးစိတ်စိတ်ပြီး ပန်းကန်ပြားထဲ ထည့်ပြီးတာနဲ့ အုပ်ဆောင်းအောက် ကမန်း ကတန်း အုပ်၊ ပန်ကာဖွင့်၊ ပြီးမှ အုပ်ဆောင်းကို ပြန်ဖွင့်ပြီး သရက်သီးစိတ်ကို ကျွန်မက အားရပါးရ စားတတ်ပါတယ်။

လာပါပြီ ယင်ကောင်… ပန်ကာကို ချာလည်လည်ပြီး လေမှုတ်အောင် ခလုတ်နှိပ်ထားတော့ ပန်ကာက ဟိုဘက်ဝှေ့ချိန် ယင်ကောင်က ဒီဘက်က ၀င်၊ ပန်ကာလေက ဒီဘက်ဝှေ့ပြီဆို ယင်ကောင်က ဟိုဘက်က ၀င်ဖို့ ပျံနေလိုက်တာ တ၀ီဝီနဲ့.. ကဲ လာထား.. ပန်ကာကို သရက်သီးပန်းကန်နဲ့ တေ့မှုတ်ဖို့ အရှိန်အပြင်းဆုံး ခလုတ်နှိပ်လိုက်တယ် မောင်မင်းကြီးသား ယင်ကောင် သရက်သီး ပန်းကန်ဆီကို ဘယ်လိုမှ ပျံဝင်လာလို့ မရတော့ဘူးပေါ့။ ပန်းကန်နား ရောက်ရင်ကို ပန်ကာလေကြောင့် သူလွင့်ထွက် သွားတာကို မြင်ရလို့ ကျွန်မ စိတ်ချ လက်ချ သရက်သီးစိတ်တွေကို ခက်ရင်းနဲ့ ထိုးလို့ အရသာခံ စားနေ မိတယ်။ ခဏနေတော့ ယင်ကောင်ကို မမြင်တော့ဘူး.. အင်း သူစိတ်လျှော့ သွားပြီ ထင်တယ် လို့ တွေးရင်း စားပွဲ ၀န်းကျင်ကို သေချာ လိုက်အကြည့် မြင်ရတဲ့ မြင်ကွင်းကြောင့် တော်တော် လက်လန် သွားပါတယ်။

စားပွဲအောက်ကနေ စားပွဲ မျက်နှာပြင်ပေါ်ကို ခြေတလှမ်း ကုဋေ တသန်းတန် အိနြေ္ဒနဲ့ သတိကြီးစွာ ထားလို့ တလှမ်းချင်း လမ်းလျှောက် ပြီး သရက်သီး ပန်းကန်ဆီ ချီတက် လာနေတာ ရွှေ ယင်ကောင်ပေါ့... အရှိန် ပြင်းလှတဲ့ ပန်ကာလေနဲ့ လွင့်ပါ မသွားရအောင် ခြေ တ ချောင်း ရှေ့ကို ရွှေ့ချိန်မှာ ကျန်တဲ့ ခြေငါးချောင်း ကို မြဲနေအောင် ကုပ်ရင်း တလှမ်းချင်း လှမ်းနေတဲ့ ယင်ကောင်ကို ကြည့်ရင်း ကျောရိုး ရှိ၊ ကျောရိုးမဲ့၊ အင်းဆက် သတ္တ၀ါတွေထဲ ဥာဏ် အနိမ့်ဆုံး ဆိုတဲ့ အင်းဆက် ယင်ကောင်ကို အထင်မသေးရဲတော့ပါဘူး။ ဘယ်လောက်ပဲ ချောင်ပိတ်မိတဲ့ အဖြစ်ကို ရောက်နေပါစေ.. ဘယ်လို အခြေ အနေမှာ မဆို ဖောက်ထွက် စရာ နည်းလမ်း အမြဲ ရှိတယ် .. ရှာတွေ့ဖို့ပဲ လိုတယ် ဆိုတဲ့ အတွေးအခေါ်ကို အဲဒီ့ယင်ကောင် ကပဲ ကျွန်မကို သင်ပေးခဲ့ ပါတယ်ရှင်...


4 comments:

အိမ့်ချမ်းမြေ့ said...

ရွှေယင်ကောင်ကို တစိမ့်စိမ့်ကြည့်ရင်း သရက်သီးကို စိမ်ပြေနပြေစားနေမယ့် လှိုင့်ကိုပဲ မြင်ယောင်ပြီး ပြုံးမိတယ်..

ဘယ်အဆိုတော်မှ စွဲစွဲလန်းလန်းမကြိုက်တဲ့လှိုင်.. မလေးအဆိုတော်လုပ်ရင်ကော...
:D

သတိရလျှက်..

မောင် said...

ဒီလောက်ကြိုးစားတဲ့ ယင်ကောင်ကိုတော့ သ၇က်သီး ကျွေးသင့်ပါတယ်...

မီးမီးချစ် said...

သရက်သီးဆို အရမ်းကြိုက်..
ဒီမှာတော့ ဈေးကြီးလိုက်တာ..

maylay said...

အဟား မိုက်တယ် မမရေ။ ဘယ်လောက်ခက်ခဲပစေ။ လမ်းစက ရှိတာပဲ ဟုတ်တယ် ။ မေလေးလည်း အဲဒီအတွေးကို ယူသွားတယ် ကျေးဇူးမမ