Saturday, June 27, 2009

မြန်မာ့ ရိုးရာ ကလေးကစားနည်းများနဲ့ ကျွန်မ (၃)

ဒီတခါ ကျွန်မ သတိရမိတာကတော့ ရွှေစွန်ညို ကစားနည်းပါ။ ဒီကစားနည်းလေးက မူလတန်း သင်ရိုးမှာ ကဗျာ အဖြစ် သင်ဖူးတာမို့ မြန်မာတွေ အသိများမယ့် ကစားနည်း ဖြစ်မယ် ထင်ပါရဲ့။ ဒါပေမယ့် ကြာ လို့ မေ့ နေသူတွေ အတွက် ပြန်ရေးပေးလိုက်ပါတယ်။ စိန်ပြေးတမ်း ကစားနည်း တွေ ထဲက မူကွဲ တမျိုး ဖြစ်တဲ့ ဒီကစားနည်းမှာ ရွှေစွန်ညိုအဖြစ် လိုက်ရမယ့်သူကို ရွေးရပါတယ်။ နောက်ပြီး မယ်ထွေး အဖြစ် ကစား ရမယ့်သူကို ရွေးပါတယ်။ ကျန်တဲ့လူများက မယ်ထွေးကို ရွှေစွန်ညို လက်က လွတ်အောင် ကာ ကွယ် ပေးရ သူတွေ ဖြစ်ပါတယ်။ ရွှေစွန်ညိုက ရှေ့မှာ ၀ဲရပြီး ကျန်သူတွေက တယောက်ခါး တယောက် ကိုင် လို့ တန်းစီ နေရပြီး မယ်ထွေးကတော့ နောက်ဆုံးမှာပေါ့။

လူတန်း။ ရွှေစွန်ညို ဘာကိုလိုလို့ ၀ဲပါတယ်
ရွှေစွန်ညို။ မထွေးလိုလို့ ၀ဲပါတယ်
လူတန်း။ မထွေးမပါ တို့ချည်းသာ
ရွှေစွန်ညို။ ပါပါလျက်သား နောက်ကထား
လူတန်း။ မထွေးအသား ခါးလှတယ်
ရွှေစွန်ညို။ ချောင်းငယ်ရေနဲ့ ဆေးပါ့မယ်
လူတန်း။ ချောင်းငယ်ရေ နွေမှာခမ်း
ရွှေစွန်ညို။ မြစ်ငယ်ရေနဲ့ ဆေးပါ့မယ်
လူတန်း။ မြစ်ငယ်ရေ နွေမှာခမ်း
ရွှေစွန်ညို။ ပင်လယ်ရေနဲ့ ဆေးပါ့မယ်
လူတန်း။ ပင်လယ်ရေ နွေမှာခမ်း
ရွှေစွန်ညို။ ပင်လယ်ရေ ဘယ်မခမ်း… မထွေး အမိဖမ်း…

လူတွေက ဘယ်လောက်ပဲ မယ်ထွေးအသား ခါးကြောင်း ပြောပြီး ကာကွယ် ပေမယ့် စားချင်နေတဲ့ အသား စားကြူးတဲ့ ရွှေစွန်ညို ကတော့ မယ်ထွေးကို မရ ရအောင် စားဖို့ နည်းပေါင်းစုံ ဆင်ခြေပေးပြီး လိုက်ဖမ်း တာပါပဲ။ ငယ်ငယ်တုန်းက ကစားဝိုင်း ထဲမှာ မဟုတ်ဘဲ လူကြီးဘ၀ ကစားဝိုင်းမှာရော .. ကျွန်မတို့ရဲ့ မယ်ထွေးကို ကျွန်မတို့ ကာကွယ် နိုင်ကြ ပါ့မလား။ ရွှေစွန်ညို ကတော့ မရမက ၀ဲပျံ ချောင်းမြောင်း နေမှာပါပဲ။ အဲလိုပဲ ကျွန်မတို့က ရွှေစွန်ညို အဖြစ်နဲ့ ကစား ချိန်မှာ ကျွန်မတို့ လိုလားတဲ့ မယ်ထွေးကို လူတန်း ရှည်ကြီးက တဗိုလ်ကျ တဗိုလ်တက် စနစ်နဲ့ ၀ှက်ကာ ထားရင် ရွှေစွန်ညို ကျွန်မ တို့ မရမက ၀ဲပျံပြီး မယ်ထွေးကို သုတ်ချီ နိုင်ကြ ပါ့မလား…. ငယ်ငယ်က ပျော်ပျော်ကြီး ကစား ခဲ့ဖူး သလို လူကြီး ဘ၀မှာ လောကဓံ ကစားပွဲကို ပျော်ပျော်ကြီး ကစားနိုင်ကြ ပါစေနော်။


1 comment:

maylay said...

ရွှေစွန်ညိုက ဘ၀ထဲကျတော့ တစ်ကောင်တည်း မဟုတ်တော့ဘူးနော်။ အများကြီးကို ကာကွယ်ရတာ။ ပြန်မျှပေးတာ ပြန်ပြီးသတိရသွားတဲ့အတွက် မမကို ကျေးဇူးနော်