Monday, June 29, 2009

မွေးနေ့ရှင် မရှိတဲ့ မွေးနေ့များ

ဒီဇွန်လပေါ့
ရုပ်ဆိုးလွန်းတယ်
မွေးနေ့ရှင် မရှိတဲ့ မွေးနေ့တွေ
မြန်မာနိုင်ငံမှာ ကျင်းပ
ကမ္ဘာမှာ ကျင်းပ
ဘာကြောင့် ကိုးရက်ပဲ ခြားရသလဲ
မွေးနေ့ရှင်တွေ မရှိတဲ့ မွေးနေ့ပွဲ
ပြည်တွင်းပြည်ပမှာ ခြိမ့်ခြိမ့်သဲနေတယ်

နေဘုန်းလတ်ရေ
နင်တခါပြောဖူးရဲ့
ဘာမှ ကိုယ်ထိလက်ရောက် ကူညီမှု မလုပ်နိုင်
ဘာမှ ကိုယ်တိုင်ရပ်တည်မှုတောင် မလုပ်နိုင်ပေမယ့်
ဖြစ်တည်မှုလေး တစ်ရပ်တည်းနဲ့တင်
ပတ်ဝန်းကျင်မှာ အားသစ်ဝေစေနိုင်တဲ့ သူတွေ ရှိသတဲ့

အဲဒီစကား မှန်ကြောင်း
ဒီမွေးနေ့ပွဲတွေက သက်သေပြခဲ့ပေါ့

မွေးနေ့ရှင်တို့ရေ
ရှင်တို့ ကျမ်းမာအောင် နေရမယ်
ရှင်တို့ ကြံ့ခိုင်အောင် နေရမယ်
ရှင်တို့ ရဲ့ လွတ်မြောက်မှုဟာ
ကျွန်မတို့ရဲ့ လွတ်မြောက်မှုကို ဖော်ဆောင်နေတယ်
ရှင်တို့ရဲ့ စိတ်ဓာတ် ကြံ့ခိုင်မှုဟာ
ကျွန်မတို့ အတွက် ခွန်အားလဲ ဖြစ်တယ်

ဒါကြောင့်
ဘယ်နေရာ ရောက်ရောက်
ဘယ်လိုအခြေအနေရောက်ရောက်
မွေးနေ့ပွဲပေါင်း များစွာကို
ကျန်းမာ ကြံ့ခိုင်စွာနဲ့
ကျော်ဖြတ်နိုင်ကြပါစေ
ရှင်တို့ရဲ့နောက်
ကျွန်မတို့ ရောက်နေပေါ့…

4 comments:

maylay said...

အဲဒီမှာ အမေနဲ့ အစ်ကို ရှိတယ် ။ဘယ်သူသိသိ မသိသိ သူတို့ကို ကမ္ဘာကသိတယ်။ မမ ဆန္ဒပြုသလို မွေးနေ့ပွဲ များစွာကို သူတို့ ကျန်းမာကြံ့ခိုင်စွာ ကျော်ဖြတ်နိုင်မှာပါ။

maylay

win latt said...

လွတ်မကျတော့တဲ့ မြို့တော်

“ ဖွဲ့ဆိုချင်တဲ့ သံစဉ်ချိုတွေကို
ရင်ဘတ်ထဲမှာပဲ ကိုက်မြိုထားရတဲ့
ကြိုးပြတ်နေတဲ့ ဂစ်တာတစ်လက်ဟာ ကျွန်တော်ဖြစ်တယ်… ”(နေဘုန်းလတ်) .....တဲ့။
လောကအလှတရား
ခံစားချင်တိုင်း ခံစားလို့ ရနေတဲ့ လူသားတွေထဲမှာ
ငါတို့မပါတာ နာလိုက်တာ။
ရင်ဖွင့်ချင်တဲ့ စကား
နှုတ်ဖျားက ပွင့်ပွင့်လင်းလင်းပြောနေကြတဲ့ လူသားတွေထဲမှာ
ငါတို့မပါတာ နာလိုက်တာ။
ကမ္ဘာမြေမှာ ခြေစုံရပ်
သွားချင်တဲ့ အရပ် သွားလို့ရနေတဲ့ လူသားတွေထဲမှာ
ငါတို့မပါတာ နာလိုက်တာ။
အရသာစုံ ဆီဦးထောပတ်
လျှာအရသာခံ စားတတ်ကြတဲ့ လူသားတွေထဲမှာ
ငါတို့မပါတာ နာလိုက်တာ။
ငါတို့ရဲ့ရှင်သန်မှု
ငါတို့ရဲ့ လွတ်လပ်မှု
ငါတို့ရဲ့ပျော်ရွှင်မှုတွေအတွက်
ငါတို့ရဲ့သတ္တိတွေ ဓါးသွားလိုထက်
လှပတဲ့ မြို့တော်သစ်လေး တည်ဆောက်ကြဖို့ ခရီးဆက်
ငါ့တို့လက်ထဲက မြို့တော် လွတ်မကျစေရဘူး...
ဒီတစ်ခါ...
ညီလေး…မင်းလက်ထဲက မြို့တော်လွတ် မကျစေနဲ့တော့....။
ကိုနေဘုန်းလတ် ဇွန်၂၈ရက်နေ့ (၂၉)နှစ်ပြည့်မွေးနေ့ လက်ဆောင်

Admin (FREE NPL) said...

အစ်မရဲ့ကဗျာနဲ့ကိုဝင်းလတ်ရဲ့ကဗျာကို FREENPL မှာတင် ခွင့်ပြုပါ။

မေဇင် said...

မွေးနေ့ရှင်များနဲ့ အတူ ဆင်နွှဲနိုင်စေဖို့...