Sunday, June 21, 2009

ယနေ့ မြန်မာ့ ပေါ်လစီ ပြသနာ

ကျွန်မ ထိုင်းတက္ကသိုလ် တစ်ခုမှ ပညာသင်စဉ်က အသင်းအဖွဲ့နဲ့ ကိုင်တွယ်ဖြေရှင်းမှု ဘာသာရပ် ကို သင်ယူစဉ်က ပေါ်လစီနဲ့ ပတ်သက်လို့ တစ်ကဏ္ဍ သင်ယူခဲ့ရပါတယ်။ ဒီကဏ္ဍမှာ အောင်မြင်တဲ့ ပေါ်လစီဖြစ်ဖို့ လိုအပ်ချက်က ၄ရပ်ပဲ ရှိပါသတဲ့။

၁) ပြသနာရဲ့ ရင်းမြစ်ကို အမှန်အတိုင်း နားလည်ခြင်း
၂) ဒီပြသနာထဲမှာ ပါဝင်နေတဲ့ လူတိုင်း ဒီရင်းမြစ်ကို နားလည်စေခြင်း
၃) ဒီရင်းမြစ်ကို ဖြေရှင်းတဲ့ ပေါ်လစီဟာ လူတိုင်း အဆင်ပြေပြေ ပါဝင်လှုပ်ရှား ဆောင်ရွက်နိုင်တဲ့ ပေါ်လစီ ဖြစ်ခြင်း
၎) အဲဒီပေါ်လစီကို ပါဝင်အကောင်အထည်ဖော်သူတိုင်း မှန်မှန်ကန်ကန် ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်ပြီး တက်တက်ကြွကြွ ပါဝင် လှုပ်ရှား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း တို့ ဖြစ်ပါတယ်တဲ့။

ဒီလိုဆိုရင် ခု မြန်မာ့ ပဒေသရာဇ် နောက်ဆုံး မင်းနေပြည် ဖြစ်ခဲ့တဲ့ မန္တလေးမြို့က ပြသနာကို ကြည့်ရအောင်ပါ။ ပလတ်စတစ် မသုံးရလို့ အမိန့်ထုတ်ပါတယ်တဲ့။ ပလတ်စတစ်က ဘာဖြစ် နေလို့လဲ။ ပလတ်စတစ် မသုံးရရင် စားသုံးသူ ပြည်သူ လူထုက ဘာသုံးရမလဲ။ ၀န်ဆောင်မှု ပေးနေတဲ့ လူတွေကရော ဘာသုံးရမလဲ။ ဒီအမိန့်ကြောင့် ကိုယ့်မြို့သူမြို့သား ပလတ်စတစ် လုပ်ငန်းရှင်တွေ အတွက် ဘာတွေ ပြန်စီစဉ် ပေးထားလဲ။

ပလတ်စတစ်ဟာ အမှိုက်ဖြစ်လာခဲ့ရင် မြေမှာ မြှုပ်ရင် မဆွေးမြေ့ လွယ်တဲ့ အတွက်၊ မီးရှို့ရင် ထွက်တဲ့ အခိုးအငွေ့တွေက လေထုကို အဆိပ်အတောက် ဖြစ်စေတဲ့ အတွက်၊ မှန်မှန် ကန်ကန် ကိုင်တွယ် ဖြေရှင်းမှု မပြုလုပ်နိုင်ရင် သဘာဝ ပတ်ဝန်းကျင်အတွက် ၀န်ထုပ်ဝန်ပိုး ကြီး ဖြစ်ပါတယ်။ ဒါပေမယ့် ပလတ်စတစ်ကို အမှိုက်ဖြစ် မလွယ်အောင် မှန်မှန်ကန်ကန် အသုံးပြုရင်တော့ ဒီဆိုးကျိုးတွေ အဖြစ်နည်းပါမယ်။

ပလတ်စတစ်ကို မသုံးဘူးဆိုရင် ဘာတွေကို သုံးကြမလဲ။

စက္ကူဟာ ကုန်ကြမ်း ဘ၀ ကနေ စက္ကူ ဖြစ်လာအောင် ထုတ်လုပ်မှု ဖြစ်စဉ် အဆင့်တိုင်းမှာ သဘာဝ ပတ်ဝန်းကျင်ကို ပလတ်စတစ် ထက်ကို ဆိုးဆိုးရွားရွား ထိခိုက်စေပါတယ်။ စက္ကူ ထုတ်ဖို့ ပထမဆုံး သစ်တော၊ ၀ါးတောတွေ ပြုန်းတီးပါတယ်။ ကြိတ်ခွဲထားတဲ့ သစ်သား၊ ၀ါး ပျော့ဖတ်တွေကို ဓာတု ပစ္စည်းတွေ အများကြီး သုံးပြီးမှ စွမ်းအင်တွေ အများကြီး၊ ရေအရင်း အမြစ် တွေ အများကြီး သုံးပြီးမှ စက္ကူ ဖြစ်လာတာပါ။ ဒါကြောင့် သဘာဝ ပတ်ဝန်းကျင် ထိန်း သိမ်းရေး ရှုထောင့်ကြောင့် ပလတ်စတစ် မသုံးဘဲ စက္ကူ သုံးရင် မှားပါတယ်။ စက္ကူအမှိုက်ကို မြေမြှုပ်၊ ရေမျှောရင် စက္ကူမှာ သုံးထားတဲ့ ဓာတု ပစ္စည်းတွေဟာ သဘာဝ ပတ်ဝန်းကျင်ထဲ ရောက်သွားပါတယ်။ ရေထု၊ မြေထုကို ညစ်ညမ်းစေပြန်ပါတယ်။

ဒါဆို ရှေးရိုးရာ အတိုင်း ဖက်၊ သစ်ရွက်တွေ သုံးမယ် ဆိုပါစို့။
• လက်ရှိ ခေတ်၊ စနစ် အခြေအနေ အရ ဒါဟာ ဖြစ်နိုင်ခြေ ရှိရဲ့လား
• စားသုံးသူ ဘယ်နှစ်ယောက်ကို ထုပ်ပိုး ပေးဖို့ ဖက်/သစ်ရွက် ဘယ်လောက် လိုမလဲ
• အဲဒါတွေက ခူးပြီးပြီးချင်းကနေ မသုံးခင် အထိ မညှိုးမနွမ်းဘဲ ဘယ်နှစ်ရက် ခံမလဲ
• ထုပ်ပိုးဖို့ လိုအပ်တဲ့ နေရာကို ဒီ ဖက်/သစ်ရွက်တွေ ရောက်အောင် ဘယ်နေရာကနေ သယ်လာရမလဲ။ လမ်းမှာ အပူချိန်ကြောင့် ညှိုးနွမ်း လာမလား။ လက်ဆောင် ပေးချင်သူအတွက် ဒီဖက်/သစ်ရွက် အညှိုးအနွမ်းတွေနဲ့ ထုပ်ပိုးထားတဲ့ ပစ္စည်းကို လက်ဆောင် ပေးချင်ပါ့မလား။

နောက်ပြီး အစိုင်အခဲကို စက္ကူနဲ့ ဖက်/သစ်ရွက်နဲ့ ထုပ်ပိုးတာတော့ ဟုတ်ပါပြီ။ လက်ဖက်ရည် တို့၊ မုန့်ဟင်းခါး ဟင်းရည်တို့လို အရည်တွေကို ဘာနဲ့ ထုပ်မလဲ။ ရှေးရိုးရာ ချိုင့်ဆွဲ ဆိုရင် တော့ ဟုတ်ပါပြီ။ ဘာချိုင့်နဲ့ ဆွဲမလဲ။ စတီးချိုင့်၊ မယ်လမင်းချိုင့်၊ ကြွေရည်သုတ်ချိုင့်၊ ဒန်ချိုင့် ပေါ့။ ဒါတွေက သူ့ဟာနဲ့သူ ဈေးကြီးတယ်လေ။ ဆင်းရဲသား ပြည်သူလူထု တတ်နိုင် ပါ့မလား။ မြန်မာပြည်မှာ ဆင်းရဲသား ရုပ်ရှင်ကား မရိုက်ရ ရုံလေးနဲ့ ဆင်းရဲသား မရှိဘူး လို့တော့ မပြော ပါနဲ့။ အော့နှလုံး နာလွန်းတယ်။ ပြီးတော့ ဒီစကားက ကလေးဆန်လွန်းတယ်။ ကလေးတွေ ကိုယ့်မျက်လုံး ကိုယ်မှိတ်ပြီး ကိုယ်မမြင်ရတော့ရင် သူများလဲ မမြင်တော့ဘူးလို့ ထင်တတ်တာ နဲ့ တူလွန်းတယ်။ နောက်ပြီး ငှက်ကုလားအုတ်တွေ ပြသနာကြုံရင် ကိုယ့်ခေါင်းကို သဲထဲ ၀ှက် ထားပြီး ကိုယ်မမြင်ရရင် ပြသနာ မရှိတော့ဘူးလို့ ထင်တတ်တာနဲ့ တူလွန်းတယ်။

ဒါဆို ဈေးသက်သာတဲ့ ပလတ်စတစ်ကို မှန်မှန်ကန်ကန် အသုံးပြုပြီး ပြသနာ ဖြေရှင်းရင်ရော မရဘူးလား။

ရေမြောင်းတွေ ပိတ်၊ အမှိုက်ပုံတွေ များပြီး ရေကြီးမှု ဖြစ်ရတဲ့ ပြသနာရဲ့ အဓိက အရင်းအမြစ် က ဘာလဲ
လူတွေ အမှိုက်ပစ်လို့ပါ
ဒါဆို ကမ္ဘာ့ အသန့်ရှင်းဆုံး မြို့ က မြို့သူ မြို့သားတွေရော အမှိုက်မပစ်ဘူးလား
ပစ်ပါတယ်
အမှိုက်ပစ်ပုံချင်း ဘာတွေ ကွာခြားကြလဲ
စည်းကမ်းရှိရှိ စနစ်တကျ အမှိုက်ပစ်ပုံ ပစ်နည်းနဲ့ အမှိုက်သိမ်းတဲ့ မြို့တော် စည်ပင်ရဲ့ လုပ်ပုံကိုင်ပုံ တွေပဲ ကွာခြားပါတယ်။

အမှိုက်ရဲ့ အဓိပ္ပာယ်က ဘာလဲ
အမှိုက် ဆိုတာ လူ့အကျင့်စရိုက်ကို ပြဆိုနေတဲ့၊ လူ့လုပ်ရပ်ရဲ့ ရောင်ပြန် ဖြစ်ပါတယ်တဲ့။ မှတ်ကရော နော်… ဟုတ်တယ်လေ။ ကိုယ် ဘာတွေ သုံးခဲ့တယ်၊ ဘာတွေ လုပ်တတ်တယ်၊ ကိုယ့်သုံးလိုက်လို့ ဖြစ်လာတဲ့ အမှိုက်ကို ကိုယ့်တာဝန် ကိုယ်ယူပြီး ဘယ်လိုပစ်တယ် ဆိုတာ တွေ အားလုံးရဲ့ ဖော်ကောင်ဟာ အမှိုက်ပါ။

အိမ်တအိမ်မှာ အမှိုက်ပွ နေရင် အိမ်သားတွေ သိက္ခာကျ ပါတယ်။
ကျောင်းတကျောင်းမှာ အမှိုက်ပွ နေရင် ကျောင်းအုပ်ကြီးက စလို့ ကျောင်းသူကျောင်းသား တွေ အားလုံး သိက္ခာကျ ပါတယ်။
မြို့တမြို့မှာ အမှိုက်ကို နိုင်နင်းအောင် မသိမ်းနိုင်ဘူးဆိုရင် မြို့တော်ဝန်က စလို့ မြို့သူမြို့သား အားလုံး သိက္ခာကျ ပါတယ်။

မြို့တော် စည်ပင်က ဆွေးမြေ့ပြီးကိုယ့်မျက်စိအောက်က ပျောက်သွားတာမျိုး မဖြစ်တဲ့ ပလတ် စတစ် အမှိုက်ကို နိုင်နင်းအောင် မသိမ်းနိုင်တိုင်း ပလတ်စတစ် မသုံးရ ဆိုတဲ့ အမိန့်ကို ထုတ် တာ ဆိုရင်တော့ တော်တော် စိတ်ပျက် စရာ ကောင်းတဲ့ ပေါ်လစီ ပါပဲ။

မြို့သူမြို့သား အားလုံး အမှိုက်ပစ်ရာမှာ စည်းကမ်းရှိလာအောင်၊ အမှိုက်လိုက်သိမ်းတဲ့ စည်ပင် ၀န်ထမ်းများကလဲ အမှိုက်ကို နီးရာ ရေမြောင်းထဲ သွန်ချပြီး အမှိုက်ကားကို ခေါက်ရေ လျော့ပြီး မောင်းပြီး ကျန်တဲ့ ဓာတ်ဆီ ရောင်းစားတာမျိုးတွေ မလုပ်အောင်၊ အမှိုက်သိမ်းတဲ့ စည်းစနစ် မှန်မှန် ကန်ကန် ဖြစ်အောင် သူများတိုင်းပြည်က မြို့တော်ဝန်တွေ ဘယ်လို လုပ်လဲ၊ ဘယ်လို စနစ်မျိုး၊ ပေါ်လစီမျိုးကို အောင်မြင်အောင် အကောင်အထည် ဖော်လဲ ဆိုတာ လေ့လာ သင့်ပါတယ်။

တခုတော့ ရှိတာပေါ့နော်။ ဒီနှစ်ပိုင်းမှာ နိုင်ငံခြားကို လေ့လာရေး လွှတ်လိုက်တဲ့ ပညာတော် သင်များကို ကျွန်မ ကိုယ်တိုင် တွေ့ဖူးပါတယ်။ လွှတ်လိုက်တဲ့ ကာလ အတွင်း ဆွေးနွေးပွဲ ထဲ ထိုင်ငိုက်၊ လေ့လာရေးထဲ စိတ်မ၀င်စားနိုင်ဘဲ တခုခုကို စဉ်းစားရင်း စိတ်ပူ၊ အားတဲ့အချိန်လေး မရ ရအောင် shopping ထွက်၊ ဟိုလူကြီး မှာလိုက်တဲ့ ပစ္စည်း၊ ဒီလူကြီး ခိုင်းလိုက်တဲ့ အလုပ် မှန်မှန်ကန်ကန် ပြီးစီး ခဲ့ဖို့၊ ရှိတဲ့ ပိုက်ဆံလေးနဲ့ အထက်လူကြီး လူစုံအောင် နိုင်ငံခြားပြန် ပစ္စည်းနဲ့ လည်ကန်တော့ဖို့ တွက်ချက်ရင်း စိတ်ဆင်းရဲ နေရတာနဲ့ လေ့လာရေး လွှတ်လိုက် တဲ့ ပညာရပ်က ဘာမှန်းတောင် မသိလိုက်ရပဲ ပြန်သွားမယ့် လူမျိုးတွေကိုတော့ ပညာတော် သင် လွှတ်ရတာ တိုင်းပြည် ဘဏ္ဍာပဲ နစ်နာပါတယ်လို့ ပြောလိုက် ပါရစေရှင်။

အမှိုက်သိမ်းနည်းနဲ့ပတ်သက်လို့ လေ့လာနိုင်တဲ့ လင့်ခ်များကို ဆက်လက် တင်ပြ ပေးပါ ဦးမယ် ရှင်။



3 comments:

Anonymous said...

right,

totally supported.

:)


MN

mg kyi poae said...

ပြသနာဖြေရှင်းနည်းများ -
၁ စိတ်ကူးတည့်ရာ အမိန့်ထုတ်မယ်
၂ ဘယ်သူဘာပြောပြောဂရုမစိုက်ဘူး
၃ ဘယ်သူတွေထိခိုက်သလဲ မသိချင်ဘူး
၎ အမိန့်အတည်ဖြစ်ဖို့အရေးကြီးတယ်
၅ ကိုယ်ပြောခဲ့တဲ့စကား ကိုယ်ဟာကိုယ်တောင်သတိပြန်မရဘူး
၆ ကိုယ့်ဆွေမျိုးတွေလာမထိသရွေ့ အမိန့်ကို ပြန်မပြင်ဘူး
ဟင်း ဟင်း သိတယ်မဟုတ်လားးးးးးးး-)

Nge Naing said...

ဒီပို့စ်လေး သိပ်ကောင်းပါတယ် ခွန်မြလှိုင်.
အားပေးလျက်
ငယ်နိုင်