Friday, June 19, 2009

သူမ ဘယ်သူလဲ ဆိုတာ ပြောစရာ လိုသေးလား???

ဒီနေ့ အမျိုးသမီး တစ်ဦးရဲ့ မွေးနေ့ ဖြစ်တယ်။ အဲဒီ သူမက သူမရဲ့ မွေးနေ့ကို တရားရင်ဆိုင်ရင်း ထောင်ထဲမှာ ထီးတည်း ဖြတ်သန်း နေရရဲ့။

ဒါပေမယ့် သူ့မွေးနေ့ကို ကမ္ဘာ တ၀ှမ်းလုံးက ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေး စတဲ့ အလွှာပေါင်းစုံ က ခေါင်းဆောင်တွေ ပြီးတော့ ဘီလျံနဲ့ ချီတဲ့ လူ့အဖွဲ့အစည်း တစ်ရပ်လုံးက တခဲနက် သောင်း သောင်း ဖျဖျ ကျင်းပရင်း ဆုမွန် ကောင်းတွေ တောင်းနေခဲ့ကြတယ်။ အရှေ့တောင် အာရှဒေသက နိုင်ငံရေး ခေါင်းဆောင် များကလဲ သူမ မွေးနေ့အတွက် သူတို့ကိုယ်တိုင် ဦးဆောင်လို့ ညီလာခံ ကျင်းပ နေခဲ့ကြတယ်။ ပြီးတော့ အားလုံးက သူမရဲ့ လွတ်မြောက်ရေးကို တညီတညွတ်တည်း တောင်းဆို နေကြတယ်။

သူမက ဘယ်သူလဲ???

ဘာကြောင့် သူမကို တကမ္ဘာလုံးက လူထုရော အစိုးရတွေကပါ အရေးတယူ စိတ်ပူပန် နေကြ တာလဲ???

ဘာကြောင့် သူမရဲ့ လွတ်မြောက်မှုက တကမ္ဘာလုံး အတွက် အရေးပါ နေရတာလဲ???

မနေနိုင်လွန်းတဲ့ ကျွန်မ လူကိုယ်တိုင် သွားမေးမိပါတော့တယ်။

ဖိလစ်ပိုင် လွှတ်တော်အမတ် မစ် လော်ရတ်တာက ပြောပါတယ်။

ငြိမ်းချမ်းရေး အတွက် မရှိမဖြစ် အရေးပါတဲ့ လူ့အခွင့်အရေးအတွက် အစိုးရရဲ့ အချုပ်အခြာ အာ ဏာ ပိုင်မှုက အရေး မကြီး ပါဘူး။ ပြည်သူ့ရဲ့ အချုပ်အခြာ အာဏာပိုင်မှု အပေါ်မှာပဲ မူတည်တယ်။ သူမ ဟာ လူ့အခွင့်အရေးရဲ့ ပြယုဂ်ဖြစ်တယ်။ လူထုရဲ့ အခွင့်အရေး အတွက် ကာကွယ် လှုံ့ဆော် အားပေး တဲ့ သူမရဲ့ လွတ်မြောက်ရေးဟာ အရှေ့တောင် အာရှ တခွင်လုံးက ပြည်သူ တွေရဲ့ လွတ် မြောက် ရေး နဲ့ လူ့အခွင့်အရေးသာမက တကမ္ဘာလုံးက လူသားတွေရဲ့ လူ့အခွင့်အရေးလဲ ဖြစ်တယ်။ သူမ လွတ်မြောက်ခဲ့ရင် သူမဟာ ကျွန်မတို့ အားလုံးရဲ့ လွတ်မြောက်ရေးကို ကြိုးပမ်း ပေးနိုင်မှာ အမှန်ပဲ။ သူမ လွတ်မြောက်ရေးကို အသုံးပြုပြီး ကျန်တဲ့ တကမ္ဘာလုံးက စစ်အာဏာရှင် စနစ်အောက်က ပြည်သူ လူထုတွေရဲ့ လွတ်မြောက်ရေးနဲ့ လူ့အခွင့်အရေးကို ဆောင်ကြဉ်းယူရမှာ ဖြစ်တယ် တဲ့။

သူမဟာ အဲလောက်တောင် ကြီးမြတ်ပါလား။ တစ်ဦးတစ်ယောက်တည်းရဲ့ ပြောစကားနဲ့ မကျေနပ် နိုင်တဲ့ ကျွန်မ နောက်တစ်ယောက်ကို သွားရောက် မေးမြန်းပါတယ်။

လက်ရှိအာဏာရ ထိုင်းနိုင်ငံ ဒီမိုကရက် ပါတီ ဒုခေါင်းဆောင် ခွန်ခရိုင်ဆပ် ချွန်ဟဗန် က ပြောပါတယ်။

ပြည်သူ လူထုအတွက် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီက အရေးကြီးပါတယ်။ အရှေ့တောင် အာရှမှာ နိုင်ငံတိုင်းဟာ ဒီမိုကရေစီ နိုင်ငံ မဟုတ်ပါဘူး။ လောနိုင်ငံ ဆိုရင် ကွန်မြူနစ် နိုင်ငံ ဖြစ်ပါတယ်။ ထိုင်း နိုင်ငံ ဟာ ဒီမိုကရေစီ နိုင်ငံ ဖြစ်ပေမယ့် တက်လာတဲ့ အစိုးရက အာဏာရှင်ဆန်လာတဲ့ အတွက် စစ်မှန် တဲ့ ဒီမိုကရေစီ ပြန်ရအောင် ကြိုးစား ယူခဲ့ရတယ်။ သူမရဲ့ လွတ်မြောက်ရေးဟာ အာဆီယံ နိုင်ငံတွေကြား လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ တည်မြဲမှုကို လေးစားတဲ့ လူ့အဖွဲ့အစည်း ဖြစ်လာဖို့ မဖြစ်မနေ အရေးကြီးပါတယ်တဲ့။

ဒီလောက်တောင် အရေးပါတဲ့ သူမဟာ ဘယ်သူလဲ။

သူမဟာ ခုချိန် အထိ အရှေ့တောင် အာရှရဲ့ ပထမဆုံးနဲ့ တဦးတည်းသော တရားဝင် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဖြစ်တယ်။

သူမဟာ ကျန်ခဲ့တဲ့ ၁၉နှစ်တာ ကာလ အတွင်း ၁၃နှစ်ကြာ နေအိမ်အကျယ်ချုပ် ကျခံ နေရတဲ့ တစ်ဦး တည်းသော ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဖြစ်တယ်။

အဲဒီ သူမရဲ့ ဖခင်ဟာ အနှစ်တရာကျော် သူ့ကျွန်ဘ၀ ရောက်ခဲ့ရတဲ့ တိုင်းပြည် တပြည်ကို လွတ်လပ်ရေး ရအောင် ကြိုးပမ်းခဲ့တဲ့ အမျိုးသား ခေါင်းဆောင်ကြီး ဖြစ်တယ်။

သူမ ကိုယ်တိုင်ကတော့ ၂ခါပေါင်းမှ ၁၂နှစ်ပဲ ဒီမိုကရေစီ ရဲ့ အရသာကို ခံစားဖူးတဲ့ (ဒါပေမယ့်) အနှစ် တစ်ထောင်ကျော် အာဏာရှင် နိုင်ငံအဖြစ်နဲ့ အသားကျ နေခဲ့တဲ့ တိုင်းပြည် တပြည်က ပြည်သူလူထု အတွက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရရှိအောင် ကြိုးပမ်းနေတဲ့ ပြည်သူ့ ခေါင်းဆောင် ဖြစ်တယ်။

အဲဒီသူမဟာ မြန်မာ တမျိုးသားလုံးရဲ့ အမေ ဖြစ်တယ် ဆိုရင် ဘယ်သူ ငြင်းမလဲ???

အဲဒီ သူမဟာ ၆၄နှစ်မြောက် မွေးနေ့ကို အင်းစိန်ထောင်တွင်းမှာ ဖြတ်သန်းနေပါတယ်။

အဲဒီ သူမဟာ ဘယ်သူလဲလို့ ပြောစရာ လိုသေးလား???




1 comment:

Anonymous said...

အမေ ဒေါ်အောင်ဆန်းစုကြည်လေ။ အမေ ကျန်းမာနွေးထွေးလုံခြုံပါစေ။ ရောက်တဲ့နေရာ၊ရောက်တဲ့အခါမှာ အမေရပ်တည်ခွင့်တွေ မားမတ်လွတ်လပ်စွာ ရပ်တည်ခွင့်ရပါစေ။


အမေ့သမီး မေလေး


မမလှိုင်ကို ကျေးဇူးနော်