Thursday, May 7, 2009

ဖား၊ ကြာရွက်နဲ့ မိကျောင်း

အရင်လ တနင်္ဂနွေ တစ်ရက်က ကစားနည်း တစ်ခုကို မထင်မှတ်ဘဲ ကစားခွင့် ရခဲ့ပါတယ်။ ငယ်ငယ်တုန်းက ရေလား၊ ကုန်းလား ကစားနည်းနဲ့ခပ်ဆင်ဆင်ပါပဲ။ ဒီကလေး အမေက ကြီးတောင်ကြီးမားနဲ့ ဒီအရွယ်ထိ ဆော့ တုန်းလားလို့ စောဒက တက်လဲ ခံရုံပါ။ ဒါပေမယ့် ဒီကစားနည်းက အတွေး၊ အသိတရားနဲ့ စိတ်နေ သဘော ထား တခုခုကို ထူးထူးခြားခြား ရစေခဲ့တာ မဟုတ်ရင် ကျွန်မ ဘလော့ပေါ် တင်ဖို့ စိတ်ကူးမှာ မဟုတ် ပါဘူး။ တခုတော့ ကြိုပြော ပါရစေနော်။ ကျွန်မက ဆရာကြီး လေသံနဲ့ သြ၀ါဒ ပေးနေတာ မဟုတ်ပါဘူး။ ကျွန်မရဲ့ ခံယူချက်တွေ ခံစားချက်တွေ အတွေးတွေကို online diary တပိုင်း ဖြစ်တဲ့ ကျွန်မရဲ့ ဘလော့မှာ ကျွန်မ ဘာသာ တင်တာ ဖြစ်ပါတယ်။ ဒီလို တင်ရာမှာလဲ စာဖတ်သူကို တနည်းနည်းနဲ့ အဆိပ်အတောက် မဖြစ်စေ ရတဲ့ စာမျိုးကိုပဲ ကျွန်မ တင်ပါတယ်။ ကျွန်မရဲ့ ပို့စ်တိုင်းကို လူတိုင်း လွတ်လပ်စွာ သဘောထား ကွဲလွဲခွင့် အပြည့်နဲ့ ဝေဖန်နိုင်အောင် comment ပေးဖို့ စီစဉ်ထားပြီး ဘယ်လို comment မျိုးကို မဆို ကျွန်မ ဘယ်တုန်း ကမှ ဖျက်မချ ပါဘူး။ ကဲ… ကစားနည်းကို ပြန်စပါမယ်။

ကစားနည်းကို မိတ်ဆက်ပေးသူက မိကျောင်းအဖြစ် သရုပ်ဆောင်မှာ ဖြစ်ပြီး ကျွန်မတို့ ကျန်လူများက ဖား အဖြစ် သရုပ်ဆောင်ပါတယ်။ ကစားပွဲ ခန်းမကို ရေကန်အဖြစ် သဘောထားပြီး စာရွက်များကို ကြာရွက် အဖြစ် သဘော ထားရပါတယ်။ ကြာရွက် တစ်ရွက်ပေါ် ဖား ၂ကောင် မတက်ရပါဘူး။ ဖားအရေအတွက်က ကြာရွက် အရေ အတွက် ထက် များပါတယ်။ ဖားများက ကန်ထဲမှာ ပျော်ပျော်ရွှင်ရွှင် သီချင်းဆိုပြီး ကူးခပ် နေလေဟန် ခန်းမ ထဲမှာ ကျွန်မတို့ သီချင်းဆို လက်ခုပ်တီးရင်း လျှောက်သွားနေကြပါတယ်။ အဲဒီအချိန်မှာ မိကျောင်းက တစ်.. နှစ်.. သုံး ဆိုပြီး လိုက်ဖမ်းပါတော့တယ်။ ကြာရွက်ပေါ် ကမန်းကတန်း ခုန်တက်နိုင်တဲ့ ဖားက မိကျောင်း စား မခံရဘူးပေါ့။ မိကျောင်းဖမ်းမိတာ ခံရတဲ့ ဖားက ကစားပွဲထဲက ထွက်ပေး ရပါတယ်။ ကစားပွဲ ၃ကျော့ လောက် အထိ ပျော်ပျော်ရွှင်ရွှင်ပါပဲ။ သီချင်းဆိုသံ၊ ရယ်မောသံ၊ ကြာရွက်လုသံနဲ့ စည်ကား ပျော်ရွှင်လို့….

နောက်တော့ ကစားပွဲကို ပုံစံ တမျိုး ထပ်ပြောင်းပါတယ်။ ဒါကတော့ စည်းဝိုင်း ၀ိုင်းလိုက်ပြီး ရွေးချယ်ခံ အခွင့် ထူးခံ ဖားများကို စည်းဝိုင်းထဲ ထည့်လိုက်တာပါ။ စည်းဝိုင်းထဲမှာ ကြာရွက် အရေအတွက်က ဖား အရေ အတွက် ထက် များနေတဲ့ အတွက် စည်းဝိုင်းအပြင်မှာ ကြာရွက်က ဖား အရေ အတွက် ထက် တအားကို နည်းသွား ပါ တယ်။ ဒါ့အပြင် စည်းကမ်းချက် အသစ်က စည်းဝိုင်းအပြင်က ဖားက အထဲက ကြာရွက်ပေါ်ကို ၀င်မရပ် ရသလို စည်းဝိုင်းထဲက ဖားကလဲ အပြင်ဖားကို လက်မခံရပါဘူး။ ဒီစည်းကမ်းကို ချိုးဖောက်ရင် ပွဲထဲက ထွက်ရမယ့် အပြင် ထိုင်ထ ဆယ်ခါ လုပ်ပြီး အပြစ်ပေးခံရပါမယ်။ မတရားဘူးလို့ ၀ိုင်းအော်ကြသူများကို မိကျောင်းက ခပ် တည်တည်ပဲ ကျွန်တော်စီစဉ်တဲ့ ကစားဝိုင်းမှာ ကျွန်တော့သဘောပဲ မကျေနပ်ရင် ကစားပွဲက ထွက်နိုင်တယ်လို့ ပြောပါရော.. အားလုံးက ဆက်ကစားချင်နေသေးတာမို့ ဒီပုံစံအတိုင်းပဲ ဆက်ကစားပါတယ်။ ထူးခြားတာက သီချင်းသံ နည်းလာပါပြီ။ ကစားပြီးတဲ့ အခါ စည်းအပြင်မှာ ဖား တော်တော် နည်းလာပါပြီ။

တတိယအကြိမ် ကစားပွဲကို ပုံစံ ထပ်ပြောင်းပါတယ်။ ဒါကတော့ စည်းကမ်းချက် အသစ် တိုးတာပါ။ စည်းဝိုင်း ထဲက ဖားတွေက အပြင်က ကြာရွက်ကို ရအောင် ယူနိုင်ရင် ဆုချီးမြှင့် ခံရမှာ ဖြစ်ပြီး စည်းဝိုင်းအပြင်က ဖား တွေက စည်းဝိုင်းထဲ ကြာရွက် မပါသွားအောင် ကာကွယ်ရမှာ ဖြစ်ပါတယ်။ မိကျောင်းက တော့ ထုံးစံ အတိုင်း ကြာရွက် မရတဲ့ ဖားကို စားမှာပါပဲ။
ဒီစည်းကမ်းချက် အသစ်ကို ထုတ်တဲ့ အခါ မတရားဘူး ဆိုတဲ့ အသံ ထပ်ထွက် လာပြန်ပါတယ်။ မိကျောင်း က လဲ ခပ်တည်တည်ပဲ မကျေနပ်ရင် ကစားပွဲထဲက ထွက်နိုင်တယ်လို့ ထပ်ပြော လာပြန်ပါတယ်။ အားလုံးကလဲ ဒီကစားနည်းမျိုး မကစားဖူးသေးသူ ချည့်မို့ နောက်ဆုံး ဘာဖြစ်မလဲ ဆိုတာ သိချင်တာနဲ့ ဆက်ကစား ကြပါ တယ်။

ဒီတချီ ကစားပွဲ စတဲ့ အချိန်မှာတော့ စည်းထဲက တချို့ ဖားတွေက စည်းပြင်က ကြာရွက်ကို ရဖို့ ကြိုးစား ပေ မယ့် တချို့ကတော့ ကိုယ်ယူရင် ရနိုင်ပေမယ့် ကြာရွက်ကို လှမ်းမယူကြတော့ပါဘူး။ စည်းအပြင်က ဖားတွေ ကတော့ စောစောကလို ပျော်ရွှင် တက်ကြွမှု ကင်းစွာနဲ့ လှည့်နေရင်း ရှိစုမဲ့စု ကြာရွက်လေးများကိုပဲ မျှော်နေ ကြပါတယ်။ ထူးခြားတာက သီချင်းသံ လုံးဝ တိတ်သွားပါပြီ။ စည်းထဲစည်းပြင် ရှိသမျှ ဖားများ အားလုံး သီချင်း မဆိုနိုင် ကြတော့ပါဘူး။ မိကျောင်းကတော့ အချိန်တန်တော့ ကြာရွက် မရတဲ့ ဖားကို ဖမ်းစား လိုက်တာပါပဲ။
ကစားပွဲ ပြီးတဲ့ အခါ ကျွန်မတို့ ကစားပွဲက ရလာဒ်ကို ထိုင် ဆွေးနွေး ကြပါတယ်။
ကျွန်မတို့ဟာ စည်းအပြင်က ဖားတွေလား

စည်းထဲက ဖားတွေလား
ကြာရွက်တွေက ဘာတွေလဲ
မိကျောင်းက ဘယ်သူလဲ
စည်းတွင်း စည်းပြင်က ဖားတွေက ဘာလို့ မိကျောင်း လုပ်သမျှ ငုံ့ခံ နေတာလဲ
စည်းတွင်း စည်းပြင်က ဖားတွေက ဘာလို့ မိကျောင်းသတ်မှတ်သမျှ မတရားမှန်း သိသိနဲ့ ဒီပွဲကို ဆက်ကစား နေကြတာလဲ
ဒုတိယ အချီ ကစားပွဲက စပြီး ဘာလို့ သီချင်းသံ နည်းသွားတာလဲ
တတိယ တချီ ကစားပွဲမှာဘာလို့ သီချင်းသံ လုံးဝ တိတ်သွားတာလဲ
မိကျောင်းကရော တတိယ အချီ ကစားပွဲ အပြီးမှာ သတ်မှတ်ချက် နောက်တခုနဲ့ စည်းထဲက ဖားတွေကို စားဖို့ မကြံစည်နိုင်တော့ဘူးလား

ကဲ… စာဖတ်သူများရော…. ၀င်ရောက် ဆွေးနွေး အဖြေရှာ ပေးသွားခဲ့ကြပါနော်…


1 comment:

Anonymous said...

ပြောချင်တာကို နားလည်ပါတယ်.. ဥပမာပေးပုံလေးတကယ်ကောင်းတယ်..။