Thursday, October 23, 2008

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဟာ ကျွန်မတို့နဲ့ သက်ဆိုင် သလား (၂)

ဒီလို စက်မှုဇုန်တွေ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး တွေက ကျွန်မတို့ မိန်းမသားတွေ အိမ်ရှင်မ တွေနဲ့ ဘာဆိုင်လဲ ဘာကြောင့် သိဖို့ သတိထားဖို့ ထိန်းသိမ်းဖို့ လိုသလဲ လို့ မေးလာရင် သဘာဝ ပတ်ဝန်းကျင်ထဲမှာ နေထိုင်၊ စက်မှု ဇုန်တွေနားမှာ နေထိုင်သူများ အဖို့ ဒါတွေဟာ ကျန်းမာရေး၊ ကိုယ် ရည် ကိုယ်သွေး၊ ပျော်ရွှင်ဖွယ် မိသားစုဘ၀၊ ပတ်ဝန်းကျင် ဆက်ဆံရေးနဲ့ လူမှုရေးတွေ အားလုံးကို အကျိုးသက်ရောက်မှု ရှိတာကြောင့် ဖြစ်ပါတယ်။

ဘယ်လိုဆိုင်လဲ ပြောပါဦးမယ်။ စက်မှုဇုန်တွေက ထွက်တဲ့ လေထု ညစ်ညမ်းမှု၊ ရေထု ညစ်ညမ်းမှု၊ မြေထု ညစ်ညမ်းမှု အားလုံးဟာ လူသားတို့ရဲ့ ကျန်းမာရေးကို တိုက်ရိုက် ထိခိုက်ပါတယ်။ အိမ်တအိမ် မှာ အိမ်သားတစ်ယောက် နေမကောင်း ဖြစ်ရင် အိမ်ရှင်မ ဖြစ်တဲ့ ကျွန်မတို့ မိန်းမသား တွေက အလုပ် အများဆုံး စိတ် အပူတတ်ဆုံး မဟုတ်ပါလားရှင်။ ကျန်းမာရေး မကောင်းရင် နိုးကြားတက်ကြွမှု မရှိ နိုင် တဲ့ အတွက် ကိုယ်ရည် ကိုယ်သွေး ကျပါတယ်။ အိမ်သားထဲက တစ်စုံတစ်ယောက် နေထိုင် မကောင်း ဖြစ်နေရင် မိသားစုဟာ ပျော်နိုင်မှာ မဟုတ်ပါဘူး။ စိတ်ညစ် နေတဲ့သူဟာ ပတ်ဝန်းကျင်က လူတွေနဲ့ ဆက်ဆံရေး ကောင်းနိုင်မှာလဲ မဟုတ်ပါဘူး။ ဒါဆိုရင် လူ့ဘ၀မှာ အောင်မြင်သော လူတစ်ယောက် ဖြစ်နိုင်ဖို့ တော်တော် ခဲယဉ်း ပါလိမ့်မယ်။

လေထု ညစ်ညမ်းမှု

ဒါဆို ကျွန်မတို့ သဘာဝ ပတ်ဝန်းကျင်က စက်မှု ဇုန်နဲ့ စက်မှု ထုတ်ကုန်ပစ္စည်း တွေက ကျွန်မတို့ အ ပေါ် ဘယ်လို အကျိုး သက်ရောက်မှု တွေ ရှိနေသလဲ တချက် ကြည့်ကြရ အောင်ပါ။ အနီးစပ်ဆုံး က တော့ ကျွန်မတို့ နေတဲ့ အိမ်တွေမှာ လုံလောက်တဲ့ ပြတင်းပေါက်နဲ့ လေ၀င် လေထွက် ကောင်းမွန် မှု မရှိရင် အိမ်တွင်းမှာ လေဆိုးတွေ လှောင်နေ နိုင်ပါတယ်။ ဥပမာ တချို့အိမ်တွေထဲ ၀င်လိုက်ရင် ကြောင်သေးနံ့ လှောင်နေ သလိုမျိုး၊ ခြင်ဆေးတွေ သုံးလွန်း အားကြီးလို့ မီးခိုးမှိုင်းနံ့ မွှန်နေတာမျိုးပါ။ ဒါမျိုးဟာ ရေတိုမှာ မသိသာ ပေမယ့် ရေရှည်မှာ အဆုတ် နဲ့ အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ရောဂါ တွေရဲ့ အစပါပဲ။ ဒါ့အပြင် သွေးကလဲ လိုအပ်တဲ့ အောက်စီဂျင်ကို အဆုတ်ကနေ လုံလုံ လောက် လောက် မရနိုင်တဲ့ အတွက် သွေး မသန့်တဲ့ ရောဂါတွေအထိ နောက်ဆက်တွဲ ဖြစ်ပေါ် လာနိုင် ပါတယ်။ အိမ်ပြင် လမ်းပေါ်မှာ လေထု ညစ်ညမ်းမှု ကလဲ အိမ်ပြင်ထွက် အလုပ်လုပ် သူတွေ အတွက် ဆိုးရွားတဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှု ဖြစ်ပါတယ်။ ဈေးနား၊ အမှိုက်ပုံနား၊ မီးခိုးငွေ့ သိပ်ထွက်တဲ့ စက်ရုံနား နေထိုင်သူများ အထူး သတိထား ရမယ့် ပတ်ဝန်းကျင် အခြေအနေ တစ်ခု ပါပဲ။

ရေထု ညစ်ညမ်းမှု

ရှူတဲ့လေ ပြီးရင် သောက်တဲ့ သုံးတဲ့ ရေအကြောင်းလဲ သတိထားဖို့ လိုပါတယ်။ မြန်မာလူမျိုး အများစု ဟာ ရေတွင်းရေ ဆိုရင်၊ မိုးရေဆိုရင် သန့်ပြီးသားလို့ ထင်တတ်ကြတာ အများစုပါ။ ဆယ်ရာခိုင်နှုံး မပြည့်တဲ့ လူများ ကသာ ရေသန့်ကို သောက်သုံး ကြပြီး စည်ပင်သာယာက ရေပိုက်လိုင်း သွယ်ယူ သုံးစွဲ နိုင်သူ ရာခိုင်နှုံးကလဲ တနိုင်ငံလုံး အတိုင်းအတာနဲ့ ယှဉ်ရင် နည်းလွန်းပါတယ်။ စက်မှု မထွန်း ကားချိန် တုန်းက ဆိုရင်တော့ တွင်းရေနဲ့ မိုးရေဟာ သဘာဝ နည်းအရ လက်ရှိ အခြေအနေထက် ပို သန့်စင် နေနိုင်ပါတယ်။ ခုတော့ စက်မှုဇုန် များက ထွက်တဲ့ ညစ်ညမ်းတဲ့ ရေဆိုးတွေ၊ လူနေ သိပ် သည်းမှု ကြောင့် ထွက်လာတဲ့ ရေဆိုးတွေဟာ သဘာဝနည်းနဲ့ ပြန်လည် သန့်စင် နိုင်လောက်တဲ့ ပမာဏထက် ပိုများ လာတဲ့ အတွက် သဘာဝ အရ ပြန်လည် မသန့်စင် နိုင်ခင် လူတွေဆီကို ပြန် ရောက် လာပါ တော့တယ်။ စက်ရုံ တစ်ရုံ သို့မဟုတ် စက်မှု ဇုန် တစ်ခုက စွန့်ထုတ် လိုက်တဲ့ ရေတွေ ဟာ သေသေချာချာ ရေသန့်စက်တွေနဲ့ သန့်စင်မှု မလုပ်ရင် ပတ်ဝန်းကျင် မြေထု ထဲကနေ တဆင့် မြေအောက် ရေကြောထဲ အထိ ရောက်သွား နိုင်ပါတယ်။ မြေအောက် ရေလွှာကြောတွေဟာ မြေပေါ် က မြစ်ချောင်း တွေလိုပဲ မြေအောက်မှာ ကျောက်လွှာ အနေအထားပေါ် မူတည်ပြီး စီးဆင်း နေတာပါ။ မြေလွှာ ကျောက်လွှာ အထပ်ထပ်က ရေထဲက အညစ်အကြေး တွေကို ရေစစ်လို စစ်ယူ ထားလိုက် နိုင် ပေမယ့် ဘယ်လောက် အတိုင်းအဆ ပမာဏသာ စစ်ယူ နိုင်မလဲ ဆိုတာကို သိဖို့ ခက်လှ ပါတယ်။ ဒီတော့ အိမ်ရှင်မတို့ အသုံးပြု နေတဲ့ ရေတွင်းထဲက ရေတွေ ထဲမှာ ဒီရေဆိုးတွေ ရောက်လာ နိုင် ပါတယ်။ ဒါကို သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ အင်ဂျင်နီယာ များက သေချာ တွက်ထုတ် ပေးနိုင် ပါတယ်။ ဒါ့အပြင် သင့်အိမ်ရဲ့ အနီးအနားမှာ ရေဆိုး စွန့်ထုတ်တဲ့ စက်ရုံ သို့မဟုတ် စက်မှုဇုန် ရှိလာပြီ ဆိုရင် သင့်အိမ်ထဲက ရေတွင်း ထဲက ရေဟာ အရင်လို သန့်မသန့် ဓာတ်ခွဲခန်းမှာ စစ်ဆေး ကြည့်ပြီး လိုအပ်တဲ့ ကြိုတင် ကာကွယ်မှု တွေ လုပ်နိုင်မှု မိသားစု ကျန်းမာရေးကို ကာကွယ် နိုင်မှာ ဖြစ်ပါတယ်။ အခုလို ပြောရ သတိပေး ရတာ အကြောင်း ခိုင်ခိုင် လုံလုံ ရှိပါတယ်။

ရန်ကုန်- အင်းစိန် လမ်းမပေါ်က ဆပ်ပြာ စက်ရုံ တစ်ရုံ တည်ရှိရာ ရပ်ကွက် တစ်ခုမှာ အခုဆိုရင် ခွေး လေ ခွေးလွင့်၊ ကြောင်လေ ကြောင်လွင့်၊ ကြွက်သာ မက ကုန်ကုန် ပြောရရင် အဲဒီ စက်ရုံနားက ရေ မြောင်း တွေမှာ သက်ရှိ ဆိုလို့ ငါးနဲ့ ရေညှိတောင် မရှိတော့ လောက်အောင် အဆိပ်သင့် နေခဲ့ ပါပြီ။ ပိုဆိုးတာက အဲဒီ ရပ်ကွက်မှာ အသက် ၇၀ ကျော် သက်ကြီး ရွယ်အိုလဲ မရှိတော့ ပါဘူး။ သူတို့ အား လုံး ဗိုက်ကြီးတွေ ဖောင်းကားပြီး ကျောက်ကပ် ပျက်စီးလို့ သေဆုံး ခဲ့ကြ ပါတယ်။ ၀မ်းနည်း စရာ ကောင်းတာက ဒီအကြောင်းကို သက်ဆိုင်ရာကို အကြောင်းကြား တဲ့အခါ အရေးယူမှု အနေနဲ့ အလွန် မြင့်တဲ့ အုတ်တံတိုင်းနဲ့ အဲဒီ စက်ရုံကို ၀င်းခတ် လိုက်တာပါပဲ။ အပြင်ကနေ ဓာတ်ပုံရိုက် ယူလို့ မရ တော့ဘူး ပေါ့လေ။ အဲဒီ ရပ် ကွက် ထဲက ရေတွင်းတွေ ထဲက ရေတွေ ထဲမှာတော့ ကော့စတစ် အဆိပ် ဓာတ်တွေက ဓာတ်ခွဲခန်း အဖြေတွေ အရ တနေ့တခြား မြင့်တက်ဆဲ၊ ဒါမျိုး ကိစ္စဟာ ဒီတနေရာတည်း မဟုတ် ပါဘူး။ ဓာတု ဗေဒ ပစ္စည်း သုံးစွဲတဲ့ စက်ရုံတိုင်းက စွန့်ထုတ် လိုက်တဲ့ ရေဆိုးနဲ့ မီးခိုး အားလုံး ကို သတိထား စစ်ဆေး ရတာပါ။ နိုင်ငံတကာမှာတော့ ဒီလို စစ်ဆေးရေး အဖွဲ့တွေက ဘက်မလိုက် စစ်ဆေး ထိန်းကွပ်မှု၊ စီမံ ခန့်ခွဲမှု ရှိပေမယ့် ကျွန်မတို့ မြန်မာ နိုင်ငံမှာတော့ မျက်နှာ ကြီးရာ ဟင်းဖတ် တင် မက အကုန် ပါနေတာ မဟုတ်လား။ တာဝန်ရှိ ပုဂ္ဂိုလ် မဟုတ် ပေမယ့် တာဝန်သိ လူငယ် တွေ က ဒီလို အခြေအနေ တွေကို လိုက်လံ စုံစမ်း ဖော်ထုတ်ပြီး နိုင်ငံတကာ ဓာတ်ခွဲခန်း တွေက အဖြေ တွေကို စုဆောင်းပြီး လှုပ်ရှားမှု လုပ်ဖို့ ပြင်ဆင်ဆဲ ပါပဲ။

ဈေးက ၀ယ်လာတဲ့ စားသောက်ကုန် ညစ်ညမ်းမှု

ဈေးက ၀ယ်လာတဲ့ စားသောက်ကုန် ညစ်ညမ်းနေရင် ရေနဲ့ ဆေးလိုက် ပြီးတာပဲလို့ အလွယ် တွေး ရင် မှားမှာပါ။ စားသောက်ကုန်က ဘယ်လို အတိုင်းအတာနဲ့ ညစ်ညမ်း နေတာလဲ ဆိုတာ သိဖို့ လို ပါတယ်။ အိမ်ရှင်မများ ဈေးက ၀ယ်လာတဲ့ ဟင်းသီး ဟင်းရွက်တွေ ဆိုရင် စိမ်းလန်း နေမှ လတ်ဆတ် တယ်လို့ ထင်တတ် ကြပါတယ်။ စိမ်းနေတိုင်း လတ်ဆတ် သလား။ ဟင်းသီး ဟင်းရွက် အသားထဲထိ ၀င်အောင် ဆိုးထားတဲ့ ဆိုးဆေး အသုံးပြုနည်း အကြောင်းလေး ပြောပါမယ်။

ကျွန်မကိုယ်တိုင် ဓာတ်မြေသြဇာ စက်ရုံ တော်တော် များများကို လေ့လာရေး ခရီး ဆင်းဖူးပါတယ်။ မြန်မာ နိုင်ငံထဲကို သွင်းနေတဲ့ ဓာတ်မြေသြဇာ စက်ရုံ တွေကို တမင် သွားလေ့လာ ပါတယ်။ အဲဒီမှာ မြန်မာလို ရေးထားတဲ့ အသုံးပြုပုံ အညွှန်းကပ် မြေသြဇာ ထုပ်များကိုပါ တွေ့ပါတယ်။ ဟင်းရွက် တွေ သန်မာ ထွားကြိုင်းဖို့ ကြာရှည်ခံဖို့ အားဆေး မြေသြဇာကို အစိမ်းရောင် ဆေးဆိုးပါတယ်။ အသီးတွေ ဖွံ့ထွား ကြာရှည်ခံဖို့ အားဆေး မြေသြဇာကို အနီရောင် ဆေးဆိုးပါတယ်တဲ့။ ဘာကြောင့် အဲလို ဆေး ဆိုး သလဲ ဆိုတော့ စာမတတ်တဲ့ စိုက်ပျိုးရေး သမားတွေ မြေသြဇာချင်း ခွဲခြား နိုင်အောင်တဲ့။ မဲ့ပြုံး တစ်ချက် ပြုံးမိ ပါတယ်။ ကျွန်မက ပန်းအလှပြင် ၀ါသနာရှင်မို့ ပန်းတွေကို ပွင့်ဖတ်ထဲ ဆေးဝင်အောင် ဘယ်လို ဆေးဆိုး ရလဲ ဆိုတာ ကောင်းကောင်း သိပါတယ်။ ဆိုးဆေးရည်တွေ ဖျန်းလိုက်တဲ့ အခါ အမြစ်ထဲကနေ တဆင့် အရွက်ထဲ အသီးထဲကို ဆေးရောင်တွေ ရောက်သွားလေ့ ရှိပါတယ်။ အိမ်ရှင်မ တွေကတော့ စိမ်းနေတဲ့ ဟင်းသီး ဟင်းရွက် တွေကို လတ်ဆတ်တယ် ထင်ပြီး ၀ယ်ယူ စားသုံးကြ ပါမယ်။ ဆိုးဆေးတွေ ကတော့ ဟင်းသီး ဟင်းရွက် တွေကနေ တဆင့် စားသုံးသူ တွေရဲ့ အူတွေထဲမှာ ကောင်းကောင်း ဒုက္ခ ပေးပါ လိမ့်မယ်။ ဒီလို မလုပ်ဖို့ စက်ရုံက တာဝန် ရှိသူတွေကို သက်ဆိုင်ရာက မကြီးကြပ် နိုင်ရင် ကျွန်မတို့ စားသုံးသူတွေ ဘယ်လို ဘေးကင်းအောင် စားသုံးကြ မလဲ။

နောက်ပြီး ယနေ့ ခေတ်စား နေတဲ့ ရွက်ဖြန်း မြေသြဇာပါ။ ဈေးက ၀ယ်လာတဲ့ ဟင်းရွက်တွေ ပေါ်မှာ ရွက်ဖြန်း မြေသြဇာရည်တွေ အရွက်ထဲကနေ တဆင့် အကုန် အပင်ထဲ ၀င်သွား ပြီလား၊ ဟင်းရွက်တွေ ပေါ်မှာ တင်ကျန် နေဆဲလား။ အဲလို ဟင်းရွက် တွေပေါ်မှာ တင်ကျန်နေဆဲ ရွက်ဖြန်း မြေသြဇာ ရည် တွေကို သာမန် ရေနဲ့ ဘယ်နှစ်ခေါက်လောက် ဆေးကြောရင် စင်ကြယ်မလဲ၊ ဘယ်လိုဆေးမှ သေချာ စင်ကြယ် မလဲ။ သိဖို့ လိုပါတယ်။ အကောင်းဆုံး ကတော့ ဆိုးဆေးရည်တွေ အတတ်နိုင်ဆုံး ပြန် ထွက် သွားဖို့နဲ့ ရွက်ဖျန်း မြေသြဇာတွေ ဟင်းရွက်တွေ ပေါ်ကနေ စင်ကြယ် သွားဖို့ ဈေးက ၀ယ်လာ တဲ့ ဟင်းရွက်တွေကို မလှီးဖြတ်မီ အိမ်သုံးဆားနဲ့ ဖျော်ထားတဲ့ ရေသန့်ထဲ အနည်းဆုံး ဆယ့်ငါးမိနစ် လောက် စိမ်ထားပြီး ရေသန့်သန့်နဲ့ ခပ်ဖွားဖွား ဆေးကြော ပစ်တာက အလွယ်ဆုံး နည်းပါပဲ ရှင်။

ဒါတွေ အပြင် စည်သွပ်ဗူး၊ အချိုရည်ဗူးနဲ့ အသင့် စားသောက်နိုင်တဲ့ ရယ်ဒီမိတ် စားကုန်တွေ အ ကြောင်း ကိုတော့ နောင်မှ တစ်ခုချင်း သေသေ ချာချာ တင်ပြ ပါဦးမယ် ရှင်။ ဒါတွေ အကုန် သိရင် စား စရာတောင် ကျန်မှာ မဟုတ်ဘူးလို့ တဖက်သတ် အလွယ် သိမ်းကြုံး ပြောလို့တော့ မရနိုင် ပါဘူး။ ဘေးကင်းအောင် ရှောင်ရှား နိုင်တဲ့ နည်းလမ်း ရှိပါတယ်။ အသက်က ကိုယ့်အသက်၊ ပါးစပ်က ကိုယ့် ပါးစပ်၊ ကိုယ် သတိထား နိုင်မှ ကိုယ့်မိသားစု နဲ့ ပတ်ဝန်းကျင် ဘေးကင်း လုံခြုံ သက်ရှည် ကျန်းမာ ဖြစ်မှာ မို့လားရှင်။

အလှကုန်နဲ့ လူသုံးကုန် ပစ္စည်းများ ညစ်ညမ်းမှု

မိန်းကလေး ပီပီ လှချင်တာ ဘာထူးဆန်းလဲနော်။ အလှကုန်တွေက ဘယ်လိုများ ညစ်ညမ်းပါလိမ့်။ အလှကုန် ထဲမှာ မိတ်ကပ်၊ နှုတ်ခမ်းနီက စလို့ ခေါင်းလျှော်ရည်၊ မျက်နှာသစ်ဆေးက အဆုံး အကုန် ပါဝင် ပါတယ်။ ရွှံ့ရော ထားတဲ့ သနပ်ခါး၊ မြေဖြူမှုန့်၊ ကံ့ကူဆံတွေနဲ့ ဂရစ်စလင် အလှဆီကို ရောမွှေ ပြီး အမွှေးနံ့နဲ့ အရောင်ထည့် ထားတဲ့ အပေါစား မိတ်ကပ်တွေ၊ ခဲဆိပ်သင့်တဲ့ နှုတ်ခမ်းနီ၊ ပက်ပက် စက်စက် သဘောင်္ဆေးကို ပြုပြင်ပြီး ဈေးပေါပေါနဲ့ ရောင်းတဲ့ နှုတ်ခမ်းနီ ဆိုးမိလို့ ထိုင်းတောင်ပိုင်းက စက်ရုံ အလုပ်သမလေး ၂၅ယောက် သေဆုံး ခဲ့ရတဲ့ သတင်း၊ ဖော်မြူလာ မှားထုတ် မိလို့ သွန်ပစ် စွန့်ပစ် ရမယ့် ခေါင်းလျှော်ရည် တွေကို စက်ရုံမှူး မသိအောင် နောက်ဖေးပေါက်က ခိုးထုတ်ပြီး ဗူး သွင်းလို့ ဈေးပေါပေါနဲ့ ရောင်းတဲ့ ခေါင်းလျှော်ရည် တွေကြောင့် ဦးရေပြား ကင်ဆာနဲ့ ဆံပင် ကျွတ် ခြင်း တွေကို ခံစား ခဲ့ရတဲ့ မိန်းကလေးတွေ၊ ဒါတွေကို ကြားဖူး နားဝ ဗဟု သုတ ရှိပြီး သတိထား ရှောင် ရှား နိုင်မှ တော်ကာ ကျပါမယ်။ နိုင်ငံခြားက လာတယ် ဆိုတိုင်း အထင်ကြီးပြီး မစူးစမ်းဘဲ အပြိုင် အဆိုင် ၀ယ်သုံး တာဟာ ကိုယ့်ကိုယ်ကို ဒုက္ခပေးရာ ကျပါတယ်။ နိုင်ငံခြားထုတ် ပစ္စည်းက ဆုတံဆိပ် လက်မှတ်တွေ အများကြီး ပြပြီး ကြော်ငြာအား ကောင်းကောင်းနဲ့ ကြော်ငြာလို့ ရောင်းအကောင်းဆုံး စာရင်းဝင် ဖြစ်လာတဲ့ မျက်နှာသစ်ဆေး တစ်မျိုးကို လက်ဆော့ပြီး ဓာတ်ခွဲခန်းမှာ စစ်ကြည့်တဲ့ အခါ သူကြော်ငြာသလို ကလေးမျက်နှာလို အရေပြား တင်းပြီး နုပျိုစေတဲ့ နှင်းဆီပွင့်ရဲ့ အဆီအနှစ်နဲ့ ဆေး ဖက်ဝင် အဆီတွေတော့ မတွေ့၊ မျက်နှာက အသားမျှင်တွေ အဆိပ်သင့်ပြီး တင်းရင်း ယောင်ယမ်း စေ တဲ့ ဖီနော ဓာတ်တွေ ကိုပဲ တွေ့ပါတယ်။ ဟုတ်ကဲ့။ အသားမျှင်တွေ ယောင်မှတော့ အရေပြားက တင်း ပြီပေါ့နော်။ အရေပြားက တင်းမှတော့ မျက်နှာပေါ်က အရေးအကြောင်း တွေက ပျောက်တာပေါ့။ ဒါ ပေမယ့် ကောင်းသော ပျောက်ခြင်းတော့ မဟုတ်ပါဘူး၊ ဒီလို အဆိပ်သင့်မှု ကြာရှည်ရင် အလွန်နုနယ် တဲ့ မျက်နှာ ပေါ်က အရေပြားလဲ ကင်ဆာ ဖြစ်စေနိုင်သလို အသားမျှင် တွေပါ ပျက်စီး နိုင်တာမို့ တော်တော် ကြောက်စရာ ကောင်းလှ ပါတယ်။ ဒါကြောင့် စီးပွားရေး သမားများရဲ့ လက်ခုပ် ထဲက တချို့ ဓာတ်ခွဲခန်း အကဲဖြတ် ရလာဒ် တွေက ယုံရမှာ ကြောက်စရာပါ။ ဒါလေးတွေက နမူနာ တချို့ပဲ ရှိပါသေးတယ်။

ဒီညစ်ညမ်းမှု လေးမျိုးလုံးဟာ စက်မှုလုပ်ငန်းတွေနဲ့ စက်မှု ထုတ်ကုန်တွေက ကျွန်မတို့အပေါ် သက် ရောက် လာတဲ့ ထိခိုက် လာစေတဲ့ ညစ်ညမ်းမှုတွေပဲ ဖြစ်ပါတယ်။ ဒါတွေရဲ့ ဘေးရန် ကနေ ကျွန်မတို့ ကိုယ့်ကိုယ်ကို အစွမ်းကုန် ကာကွယ် ရမှာ အထူးပြောစရာ လိုပါ့မလားရှင်။

(ဆက်လက် ဖော်ပြ ပါမည်)


1 comment:

Unknown said...

ဟုတ်ပါတယ်ဗျာ