Monday, October 20, 2008

မောင်၊ နှမလေးများ အားမငယ်စေချင်

ပျင်းရိခြင်း အကြောင်း ခြောက်ပါးကို အော်ကျက် နေတဲ့ ကလေး တစ်ယောက်ကို သူ့အမေက တစ်ပါး ကျန် ခဲ့ တယ်လို့ ထောက်ပါတယ်။ ဘာလဲ အမေရ ဖတ်စာထဲမှာ ၆ပါးတည်းပါ ဆိုတော့ အဲဒါ လက်တွေ့ မကျ ဘူးတဲ့။ လက်တွေ့ကျတာ ၇ပါး တဲ့။ အေးသည်၊ ပူသည်၊ မိုးချုပ် သည်နှင့် စောသည်၊ ဆာသည်၊ ပြည့်အင့် သည်၊ မီးပျက်သည်တဲ့။ သားအမိ နှစ်ယောက် တခွစ်ခွစ် ရယ်မောသံ က ကြည်နူး စရာ ပေမယ့် ကလေး တွေ စာကြိုးစား ချင်စိတ် တက်ကြွ နေရမယ့် အစား ပျင်းရိခြင်း အကြောင်း တပါး တိုးရတဲ့ အတွက် စိတ်မ ကောင်း ဖြစ်ရ ပါတယ်။ ဒါ့အပြင် အတန်းပိုင် ဆရာမ ဆီမှာ ကျူရှင် မယူရင် အဆင့်တစ် မရဘူး ဆိုတဲ့ ကော လဟလတွေ၊ ကျောင်းက ဆရာမ ဆီမှာ ကျူရှင် ယူသူ မေးခွန်း ရတယ်၊ ဂုဏ်ထူး ရတယ် ဆိုတဲ့ အသံတွေ ကျွန်မ အထက်တန်း ကျောင်းသူ ဘ၀ တည်းက ကြားဖူး နေပေမယ့် ဖတ်စာအုပ်ကို သင်ရိုးကုန် အာဂုံ ဆောင်ရုံ မက ကလေး ပုံပြင် ဖတ်သလို နားလည် အောင်ကို လေ့လာ တတ်တဲ့ ကျွန်မ အတွက် ပင်ပန်း တယ် မထင်သလို သီးခြား ဖိနှိပ် ခံရတာ မရှိ သလောက်ပါ။

ဒါနဲ့တောင်မှ စိတ်ဓာတ် မပျက်ပြား သေးဘဲ အားတင်း ရပ်တည် နေတဲ့ လူလတ်တန်းစားနဲ့ အောက်ခြေ လူတန်းစား အလွှာက မောင်နှမ လေးများ အတွက် ကျ တော့ အားလပ်ချိန်မှာ လေ့လာ စရာ စာကြည့် တိုက်၊ အင်တာနက်၊ စာဖတ်ခန်း၊ သင်တန်း တွေက ရှားပါး လက်လှမ်းဝေး ရတဲ့ အထဲ သင်တန်းကြေးနဲ့ ခရီးစရိတ်က ပိုလို့ လက်လှမ်း ဝေးနေတာမို့ အကြောင်းပြချက်သာ ရှာရမယ် ဆိုရင်ဖြင့် ပြမဆုံး နိုင်အောင် ပါ။ မနက်ဖြန် ကျရင် ဘာဖြစ်ရမယ် ဆိုတဲ့ မျှော်လင့်ချက်တွေ အတွက် ကြိုးစားတိုင်း မဖြစ်နိုင် လောက် အောင်၊ ကြိုးစား ချင်စိတ်တွေ ပျက်စီး ရလောက်အောင် မျှော်လင့်ချက်တွေ ရိုက်ချိုး ခံနေ ရတဲ့ မောင်နှမ လေးများ အတွက် မျှော်လင့်ချက် ရောင်ခြည် လေးများ ပေးနိုင်မလား ဆိုပြီး အင်တာနက် တခွင်၊ ကိုယ့် ပတ်ဝန်းကျင် တခွင် လှည့်ပတ် ရှာဖွေ နေခဲ့ ရာက ခုတော့ ရှာရကျိုး နပ်အောင် သတင်းတစ်ပုဒ် တွေ့ လာ တာနဲ့ ချက်ချင်း ဝေမျှ လိုက်ပါတယ်။

သူလေး ကတော့ မြန်မာ့ အိမ်နီးချင်း အိန္ဒိယ နိုင်ငံမှာ အဆင်းရဲဆုံး ဖြစ်တဲ့ ဘီဟာ ပြည်နယ် ထဲက ၁၂နှစ်သား မြို့သား လေး တစ်ယောက်ပါ။ သူ့မြို့လေးဟာ အိန္ဒိယမှာ ဘယ်လောက်တောင် နာမည်ဆိုးနဲ့ ကျော်ကြား သလဲ ဆိုရင် လေးနာရီ မှာ တစ်ခါ လူသတ်မှု ဖြစ်ပါတယ်။ ခြောက်နာရီ မှာ တခါ မုဒိမ်းမှုနဲ့ ရှစ်နာရီမှာ တစ်ခါ ပြန်ပေးဆွဲမှု ဖြစ်လောက်အောင် ဆိုးသွမ်းသူများ စုဝေး နေတဲ့ မြို့ ဖြစ်ပါသတဲ့။ သူ ကျောင်းတက် ရတဲ့ ပတ်ဝန်းကျင် ကလဲ ကျောင်းသားတွေ ဓားစာခံ အဖြစ်နဲ့ တချိန်လုံး ပြန်ပေးဆွဲ ခံရတတ်တဲ့ နေရာ ဖြစ်ပြန် သတဲ့။ ဒါ့အပြင် လျှပ်စစ်မီးနဲ့ အင်တာနက် ဟာလဲ ပြတ် ချိန်နဲ့ လာချိန်က မြန်မာပြည်နဲ့ နှိုင်းလို့ ရနိုင် လောက်ပါတယ်။ ဒါတင် ပဲလား ဆိုတော့ သူ့မိဘ များဟာ အလုပ် လက်မဲ့ များလဲ ဖြစ်ပါသတဲ့။ ဆွေမျိုး တွေရဲ့ ပေးစာ ကမ်းစာ လေးနဲ့ ရှင်သန် နေရတဲ့ သူဟာ မိနစ် အနည်းငယ် အကြာ တိုင်းမှာ အင်တာနက် ရော လျှပ်စစ်မီးပါ ပြတ်တဲ့ ကြားက သူဖတ် ရမယ့် စာတွေကို အင်တာနက် ကနေ ဇွဲနဲ့ ရည်မှန်းချက် ရှိရှိ ကြိုးစား ပမ်းစား ဒေါင်းလုပ် လုပ်ပြီး လေ့လာ ခဲ့ရ ပါတယ်တဲ့။

ခုတော့ အိန္ဒိယရဲ့ အထူးချွန်ဆုံး လူငယ် ပြိုင်ပွဲမှာ ပြိုင်ပွဲဝင် ကလေးငယ်ပေါင်း တစ်သောင်း ခြောက်ထောင် ဦးရေဟာ ပထမဆုံး ရေးဖြေ စာမေးပွဲကို ဖြေဆို ကြပေမယ့် ၃၂၀ ယောက်ကိုသာ ရွေးချယ်လို့ နှုတ်ဖြေ တယ်လီဖုန်း အင်တာဗျူးကို ဖြေဆိုခွင့် ရကြပါတယ်။ နှုတ်ဖြေ စာစစ်ပွဲ အပြီးမှာတော့ ဇကာတင် အယောက် ၆၀သာ ကျန်တော့တယ်လို့ ဆိုပါတယ်။ ဆီမီးဖိုင်နယ် စာစစ်ပွဲ အပြီးမှာ ကျန်တဲ့ ၁၈ယောက်ရဲ့ နောက်ဆုံး ပြိုင်ပွဲ ကိုတော့ ရုပ်မြင်သံကြားရဲ့ စတားဝါးလ် လိုင်းကနေ တိုက်ရိုက် ထုတ်လွှင့် ပြသ ခဲ့တယ်လို့ ဆိုပါ တယ်။ ဆယ်လတာ ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲမှာ ပထမ ရရှိလို့ ဆုအဖြစ် ရုပ်တု၊ စွယ်စုံကျမ်း၊ ရွှေနဲ့ ငွေတို့နဲ့ ပြုလုပ်ထားတဲ့ ဖောင်တိန် တစ်စုံ အပြင် အိန္ဒိယ ရူပီးငွေ တစ်သန်း ကိုလဲ ဆုအဖြစ် ဆွတ်ခူး ရရှိလို့ မိဘနဲ့ သူ့ပြည်နယ် အတွက် ဂုဏ်ထူးဆောင် ကလေး တစ်ယောက် ဖြစ်ခဲ့ ပါပြီ။ ဒါ့အပြင် အိန္ဒိယ သမတ ကလဲ သူတို့ လေးတွေကို တွေ့ဆုံ အားပေး ဂုဏ်ပြု ခဲ့ပါတယ်။



ဒါကြောင့် မီးပျက်ရုံ၊ သင်ထောက်ကူ ပစ္စည်း များနဲ့ လက်လှမ်း ဝေးနေရုံ လောက်လေး နဲ့ကတော့ စိတ်ဓာတ် မကျ ကြပါနဲ့။ ကြိုးစား အားထုတ် ကြပါလို့ ဒီ အိန္ဒိယ လူငယ် လေးရဲ့ သတင်းနဲ့ တကွ အားပေးလိုက် ရပါတယ်။

ဒါပေမယ့် နောက်ပိုင်း ပိုဆိုး လာတဲ့ ပညာရေး လောက နဲ့ ၀န်ထမ်း လောက အကျင့်ပျက် မှုတွေက လာဘ် ပေး သူကို မေးခွန်းပေး၊ ဂုဏ်ထူး ပေးရုံ မကဘဲ လာဘ် မပေးသူကို တမင် စာမေးပွဲ ချတာ၊ ဂုဏ်ထူး ပေး သင့် လျက်နဲ့ မပေးရုံမက လာကန်တော့ရင် စာစစ် ပွဲ အအောင် ပေးမယ်၊ ဂုဏ်ထူး ပေးမယ် လို့ ပေါ်တင် ဆွယ်တာ တွေပါ ရှိလာတဲ့ အခါ တချို့ ကလေးတွေ ကတော့ ငါဘယ်လောက် ကြိုးစား ကြိုးစား အဆင့်တစ် ရမှာမှ မဟုတ် ဘဲ၊ အောင်မှာ ဂုဏ်ထူး ထွက်မှာမှ မ ဟုတ် ဘဲလို့ စိတ်ဓာတ် အကျကြီး ကျပြီး ရိုးသား မှန် ကန်စွာ ကြိုးစား အားထုတ်မှု လုံးဝ ပျောက်ဆုံးပြီး ငါး ပွက်ရာ ငါးစာချ၊ အမြီးကျက် အမြီးစား၊ ခေါင်းကျက် ခေါင်းစား စတဲ့ သေးသိမ် နုံဖျင်း အောက်တန်း ကျတဲ့ စိတ်ဓာတ်တွေ ၀င်ကုန်ကြ ပါတော့ တယ်။ တကယ် တော့ ဒီလို အခြေအနေမှာ အနာဂတ်ရဲ့ ခေါင်းဆောင်လောင်း လူငယ် တွေရဲ့ စာရိတ္တကို ရိုက်ချိုး ဖျက်ဆီး ပစ်တာဟာ သက်ဆိုင် ရာ တာဝန်ရှိသူ လို့ နာမည် ခံယူ ထားတဲ့ လုပ်ပိုင်ခွင့် ပိုင်ရှင် တွေပဲ ဖြစ်ပါတယ်။ ဒီလို အခြေအနေ မျိုး အတွက် ဆိုရင်ရော လို့ ဆင်ခြေ တက်လာ နိုင်မယ့် မောင်နှမ လေးများ အတွက် တစ်ခု ထပ်ပြီး အားပေး ချင်ပါ သေးတယ်။

လူရည်လူသွေး ဆိုတာကို ပြိုင်ပွဲလေး တစ်ခု တည်းနဲ့တော့ သတ်မှတ် တိုင်းတာလို့ မရပါဘူး။ လူရည် လူ သွေး အစစ် အမှန်ကို လောကဓံနဲ့ တိုင်းတာ တဲ့အခါ လောကဓံက စာမေးပွဲ စစ်တဲ့ အခါ လိမ်လည် လှည့် ဖျားလို့ မရတော့ဘဲ အမှန်အတိုင်း ရင်ဆိုင် ရလေ့ ရှိပါတယ်။ အသေးဆုံး ဥပမာ ပေးရ ရင် ပြည်တွင်းမှာ လာဘ်ထိုးလို့ ပြည်တွင်း တက္ကသိုလ်မှာ အမှတ် အမြင့်စားနဲ့ အောင်ပြီး နိုင်ငံခြားမှာ လာကျောင်းတက် တော့ ကျောင်းဝင် ခွင့်တော့ အောင်ပါရဲ့။ နောက်ပိုင်း စာမေးပွဲမှာ တဘုန်းဘုန်းကျပြီး ပြည်တော် ပြန်ရသူ တွေ ထဲမှာ မြန်မာတင် မက ကမ္ဘာ မှာပါ နာမည်ကြီး ပုဂ္ဂိုလ် များရဲ့ သားသမီးများတောင် ပါပါရဲ့။ လူ တစ် ယောက်ချင်း ကို နာမည်နဲ့ ရာဇ၀င်ပါ သိပေမယ့် အပုပ်ချရာ ရောက်မှာ စိုးလို့ လိုရင်းကနေ လွဲမှာ စိုးလို့ အကျယ် မရေးတော့ ပါဘူး နော်။ ဒါကြောင့် ပြိုင်ပွဲ ၀င်သည် ဖြစ်စေ၊ မ၀င်သည် ဖြစ်စေ၊ အများရဲ့ သတ် မှတ် ချက်မှာ အောင်နိုင် သည် ဖြစ်စေ၊ ကျရှုံးသည် ဖြစ်စေ၊ လူတစ်ယောက် ဟာ ကိုယ်ရည် ကိုယ်သွေး (၀ါ) လူရည်လူသွေး ၀မ်းစာ ပြည့် နေရင်ဖြင့် ဘ၀မှာ မျက်နှာ ငယ်စရာ မလိုဘဲ အနည်းဆုံးတော့ စိတ်ဓာတ် အင်အား ပြည့်ဝ နေပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိနေမှာ ဖြစ်ပါကြောင်း အားပေး လိုက်ပါတယ် နော်။


1 comment:

လင်းလက်ကြယ်စင် said...

လူကောင်းလူတော်များအားလုံးအတွက် အကျိုးရှိ ၊ အားပေးထောက်ကူမှုပြုစေသော ဒီပို့စ်လေးတစ်ခုအတွက် ကျေးဇူးပါ မမ :)