Tuesday, September 30, 2008

အောက်တိုဘာ ၁ ရက်နေ့: အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့

လူဆိုသည်ကို ခံစား ကြည့်ခြင်း

လူဆိုသည်မှာ မိမိရဲ့ ရေတို ရေရှည် အကျိုး၊ မိမိ ပတ်ဝန်းကျင်ရဲ့ ရေတို ရေရှည် အကျိုး၊ မိမိရဲ့ အမျိုးအနွယ် တစ်ခုလုံး (လူသား မျိုးနွယ် တရပ်လုံးကို ဆိုလိုပြီး ဆွေမျိုး အသိုင်းအ၀ိုင်း ကွက်ကွက်လေးကို မဆိုလိုပါ) ရဲ့ ရေတို ရေရှည် အကျိုးတို့ ကောင်းကျိုး စည်ပင် ဝေဖြာပြီး အညွန့် တလူလူ တက်နေအောင် စွမ်းဆောင် နိုင် သော သူကို လူဟု ခေါ်သည်ဟု သက်ကြီးစကား သက်ငယ် ကြားကာ လေ့လာ မှတ်သား ဖူးပါသည်။ ဒီလိုဆို လူကြီး ဆိုသည်မှာ အဘယ်နည်း။ ရှင်းပါသည်။ လူ့လောက ကောင်းကျိုးကို ကြီးကြီးမားမား စွမ်းဆောင် နိုင် သော၊ စွမ်းဆောင်နေသော၊ စွမ်းဆောင် ခဲ့ဖူးသော သူများသည် လူကြီးများ ဖြစ်ပြီး လူ့လောက ကောင်းကျိုးကို အနည်းငယ် စွမ်းဆောင် နိုင်သော၊ စွမ်းဆောင်နေသော၊ စွမ်းဆောင် ခဲ့သော လူကို လူငယ်ဟု သတ်မှတ်ပါမှ စကားလုံးနဲ့ အဓိပ္ပာယ် ကိုက်ညီ ပေမည်။

ကတ်သတ်ရန်ကောဟု ဝေဖန် ပြစ်တင် လာလျှင် မြန်မာ စကားလုံး နှစ်လုံးကို ကိုယ်စားပြုပြီး ငြင်းချက် ထုတ် ချင် ပါသည်။ မြန်မာ စာပေတွင် သက်ကြီးရွယ်အိုနဲ့ လူကြီး ဆိုပြီး သီးသန့် စကားလုံး နှစ်လုံး ရှိပါသည်။ ထို သို့ပင် အကြီးအကဲ ကျင့်ဝတ်၊ ခေါင်းဆောင် ကျင့်ဝတ်၊ ငယ်သား ကျင့်ဝတ် စသဖြင့် ရှိပါသည်။ အကြီး အကဲ ကျင့်ဝတ်နဲ့ လျော်စွာ ကျင့်မှ၊ လူ့လောက အကျိုးကို ကြီးကြီး မားမား စွမ်းဆောင် နိုင်မှ လူကြီးဟု သမုတ် ပါသည်။ အသက်ကြီးတိုင်း လူကြီးဟု မခေါ် သက်ကြီးရွယ်အိုဟု သီးသန့် စကားလုံး သတ်မှတ် ထားပါသည်။

သိုးဆောင်းတို့ ဘာသာစကားတွင်လဲ ‘Be grow up, don’t be grow old’ ဟု ဆုံးမ စကား ရှိပါသည်။ grow= ကြီးထွားသည် ဆိုသော်ငြား grow up= အထက်သို့ အညွန့် တလူလူ ကြီးထွား တိုးတက်ခြင်းနှင့် grow old= အသက် အရွယ်သာ ကြီးမား အိုမင်း သွားခြင်း တို့ကို ကွဲပြား ခြားနားစွာ စာလုံးပေါင်းပြီး အဓိပ္ပာယ် သတ်မှတ် ထားလေသည်။ သိုးဆောင်းတို့ရဲ့ သက်ကြီး ရွယ်အို များနေ့ကို သတ်မှတ် ကျင်းပ ကြခြင်း အကြောင်းရင်းမှာ သက်ကြီး ရွယ်အိုတို့ရဲ့ အိုမင်း မစွမ်း ဖြစ်မှုကို စာနာ နားလည်ကာ ဖေးကူဖို့ သတိရ စေရန် ဖြစ်လေသည်။ ထို့ပြင် သူတို့ နိုင်ငံတွင်း မိဘ ဘိုးဘွားနှင့် သားသမီး မြေးမြစ်များ စည်းစည်းလုံးလုံး အတူတကွ လက်ပွန်း တ တီး နေထိုင်လေ့ မရှိသော အစဉ်အလာ ကြောင့် အသက် ကြီးခါမှ အထီးကျန် ဆန်သော ခံစားမှု ကို ခံစား ရသော သက်ကြီး ရွယ်အို များကို မမေ့မလျော့ ကြရန် သည်နေ့ကို ကျင်းပ ရခြင်း ဖြစ်လေသည်။

ရှေးခေတ် မြန်မာတို့ အစဉ် အလာ ကြီးမား ခဲ့စဉ်က ကိုယ်ကျင့်သိက္ခာ အကျင့်စာရိတ္တ ပိုင်းဆိုင်ရာ စိတ်ဓာတ် ကြံ့ခိုင်မှု စွမ်းအားရော၊ ကျန်းမာကြံ့ခိုင်ခြင်း ဆိုင်ရာ ကိုယ်ခံ စွမ်းအား ပါ ပြည့်စုံသော အခါ ငါ့သား ငါ့သမီးက လူလားမြောက်ပြီဟု မိဘ လူကြီးတို့က အားရ ဂုဏ်ယူစွာ ပြောဆိုလေ့ ရှိကြသည်။ ယောက်ျား၊ မိန်းမ မရွေး အသက် ၅နှစ်ကျော်လျှင် ဘုန်းတော်ကြီးကျောင်း သို့ ပို့ကာ စာပေ၊ ယဉ်ကျေးမှု၊ လောကနီတိ တို့ကို ဆည်းပူး လေ့လာ သင်ကြား ကြရသည်။ မိန်းကလေး မှန်လျှင် စုလည်း ဆံထုံး ထုံးတတ်စ အရွယ် အသက် ၁၂နှစ် သမီး အရွယ် ရောက်လျှင် အိမ်ထောင်မှု အထိန်းအသိမ်း နိုင်နင်း ကျွမ်းကျင် လျက် ရှိပြီး ဖြစ်သလို ယောက်ျားလေး မှန်လျှင် အသက် ၁၆နှစ် အရွယ်တွင် ထိုခေတ်က သတ်မှတ်သော အဌာရသ ဆယ့်ရှစ်ရပ် အတတ် များကို ကျွမ်းကျင် နှံ့စပ် နားလည်လျက် ရှိပြီး ဖြစ်သည်ဟု မျှော်လင့် ဆုံးဖြတ် ခံကြ ရသည်။ ထိုမျှ မကသေး။ သက် ဆိုင်ရာ ခေတ်တွင် ပတ်ဝန်းကျင် နိုင်ငံ များနှင့် နှိုင်းစာလျှင် ခေတ်မီသော ပညာရပ် များကို ဆည်းပူး လေ့လာ တီထွင် ခဲ့ကြ သောကြောင့် ပျူခေတ်တွင်ပင် ကြေးကွင်းစွပ် တံခါးတိုင်နှင့် ကြေးသွန်း သံသွန်း ဗိသုကာ နှင့် ဆောက်လုပ်ရေး လက်သမားသုံး ပစ္စည်းများ၊ ပုဂံခေတ်တွင် ခေတ်လူတို့ ရင်သပ် ရှုမောဖွယ် ဆောက်လုပ်ရေး ပညာရပ်များ ရဲ့ လက်ရာ ဖြစ်တဲ့ ဘုရား စေတီ ပုထိုးများ သက်သေ ကျန်ခဲ့ခြင်း ဖြစ်လေသည်။ ရှေးမြန်မာ လူကြီး များသည် သူတို့ရဲ့ နောင်လာ နောင်သားများ ဂုဏ်ယူ အားကျ မာန်တင်း နိုင်လောက်အောင် သူတို့ရဲ့ လူသား စွမ်းရည် များကို အတတ်နိုင်ဆုံး မြှင့်တင် အား ထုတ်ခဲ့ ကြသည်။

ထို့ပြင် မြန်မာ့ အစဉ်အလာတွင် အနောက်တိုင်း အစဉ်အလာထက် သက်ကြီးရွယ်အိုများ နေရာ ရခဲ့ ကြခြင်း အကြောင်း များထဲတွင် ဦးခေါင်း သုံးလုံး ရှိသူ ထံမှ သင်ယူပါ ဆိုသော စကားကြောင့်လဲ အတိုင်းအတာ တစ်ခု အထိ ပါလေသည်။ ထိုစကား အတိုင်း အသက်ကြီးလေ၊ အတွေ့ အကြုံ ရင့်ကျက်ကာ စဉ်းစား ဆင်ခြင်နိုင်စွမ်း မြင့်မားလေ ဟု ယူဆကြသလို ထိုသို့ မျှော်လင့်ခြင်း ခံရသည့် အတိုင်း ရှေးမြန်မာ သက်ကြီး ရွယ်အို များသည် နောင်လာ နောင်သားများ ကောင်းကျိုး ပွားစေသော အပြောအဆို အပြုအမူ များကို ဦးစားပေး လုပ်ဆောင် ခဲ့ကြသည်။ ဥပမာ . မြေးငယ်များကို အဘိုးအဘွား တို့က ယဉ်ကျေး လိမ်မာ ဥာဏ်ကောင်း စဉ်းစား စေသော ပုံပြင် များ ပြောခြင်းဖြင့် အသိဥာဏ် ဖွံ့ဖြိုး တိုးတက် စေလေသည်။ ထို့ကြောင့် ရှေး မြန်မာ လူကြီး များသည် လူကြီး ပီသ ခဲ့ကြ လေသည်။

သို့သော် ဟစ်တလာ ကဲ့သို့သော သက်ကြီးရွယ်အို သည်ကား လောကရဲ့ အဆိပ် ဖြစ်လေသည်။ သူရဲ့ ဘ၀ အတွေ့အကြုံ များနှင့် ယှဉ်သော အသိဥာဏ်တို့ကို နောင်လာ နောင်သား လူငယ်များ ရဲ့ ကောင်းကျိုးနဲ့ လူ့ လောကကောင်းကျိုး အတွက် အညွန့် တလူလူ တက်အောင် အားမထုတ်ဘဲ သူ့ ရေတို တကိုယ်ကျိုး ကောင်း စားရေးနဲ့ အာဏာမြဲရေး အတွက် လူငယ်များကို မုန်တိုင်း တပ်ဖွဲ့ ဖွဲ့ပေး၊ မြှောက်ပေးကာ လက်ကတုံး လက် ပါးစေ တပ်နှင့် အဖွဲ့အစည်းများ ဖွဲ့ စည်းခဲ့သောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့်လဲ စေတနာနှင့် တူသော အကျိုးပေးကာ ဇာတ်သိမ်း မလှရခြင်း ဖြစ်ပါသည်။

ဟိုဟိုဒီဒီ အတွေးပွားရင်း ကိုယ့်ကိုယ်ကို မေးခွန်းတခု ပြန်မေး မိပါသည်။ ငါကိုယ်တိုင်ရော လူလား မြောက်ပြီ လား.. လူငယ်လား.. လူကြီးလား ဟုသာ။


No comments: