Wednesday, July 30, 2008

မြန်မာ့ သမိုင်း အစဉ်အဆက် ထုတ်ပြန် ပြဌာန်း ဖူးသမျှ မီဒီယာ ဆိုင်ရာ ဥပဒေများ

ဒီပို့စ်ကို မနေ့တည်းက ဘလော့ဂါ နေဘုန်းလတ် ဖမ်းဆီး ခံရတာ ၆လပြည့် အထိမ်းအမှတ် အနေနဲ့ တင်ဖို့ ပါပဲ။ ဒါပေမယ့် နိုင်ငံရေး အကျဉ်းသားနဲ့ ရုံးထုတ်ဆဲ လူများကို လက်ထိတ် မခတ်ရတဲ့ အစဉ်အလာ ရှိလျက် လက်ထိတ်ခတ် ခေါ်ဆောင် လာတယ် ဆိုတဲ့ သတင်းကြောင့် စိတ်ဆိုးလို့ မူးနေတာနဲ့ ခုမှ တင်နိုင် တာပါ။ နေဘုန်းလတ်ကို လျှပ်စစ် ပုဒ်မ၊ နိုင်ငံတော် တည်ငြိမ်ရေးကို ပျက်ပြားစေသော လုပ်ရပ် ကျူးလွန်ခြင်း ပုဒ်မ နဲ့ ဗွီဒီယို ဥပဒေ တို့နဲ့ ဖမ်းတယ် လို့ ဆိုပါတယ်။ သူ့ကို စွဲဆိုတဲ့ ပုဒ်မကို အစဉ်အဆက် ထုတ်ပြန် ဖူးတဲ့ မီဒီယာ ဆိုင်ရာ ဥပဒေ စာရင်းထဲမှာ မတွေ့မိ ပါဘူး။

လျှပ်စစ် ဥပဒေ ဆိုတာကို ကြားကို မကြားဖူးလို့ အထူး မဆွေးနွေး ချင်တော့ ပါဘူး။ ဘယ် လွှတ်တော်၊ ဘယ်ညီလာခံ ကနေ ပြဌာန်း အတည်ပြု လိုက်တဲ့ ဥပဒေလဲ ဆိုတာ ကိုပဲ သိသူများ ကောမန့် ရေးခဲ့ ကြပါ။ နောက်ပြီး ဒီဥပဒေကို ဘယ်တုန်းက ပြဌာန်း အတည်ပြု အာဏာ တည်စေ ခဲ့သလဲ ဆိုတဲ့ ကြေညာချက်ကို ထုတ်ပြန် ခဲ့ဖူးခြင်း ရှိမရှိနဲ့ ဘယ်တုန်းက ထုတ်ပြန်တယ် ဆိုတဲ့ အကြောင်းလေးလဲ မသိလို့ သိချင် ပါတယ်။ နိုင်ငံတကာက တရားရုံးတိုင်းမှာ ဥပဒေ ထုတ်ပြန် ပြဌာန်း ပြီးရင်တောင် ဘယ်အချိန်က စလို့ အာဏာ တည်ပါတယ် ဆိုတဲ့ ကြေညာချက်ကို လနဲ့ချီပြီး လူသိအောင် အရင် ကြေညာ ပြီးမှ အာဏာ တည်စေ ရပါတယ်။ ခုများတော့ ကျွန်မ ဗဟုသုတ နည်းနေရင် ဖြည့်ဆည်း ပေးခဲ့ ကြပါ။

အတ္တတွေ မကြီးကြဖို့၊ လူသားချင်း စာနာစိတ်နဲ့ ကြင်နာ သနားစိတ်တို့ အကြောင်း၊ ကိုယ်ကျိုးစွန့် အနစ်နာ ခံမှုတွေ အကြောင်း၊ ဒီလို စိတ်ထားမျိုး ရှိတဲ့ နိုင်ငံသားများမှ နိုင်ငံတော် အေးချမ်း သာယာ တိုးတက်မယ် ဆိုတဲ့ အကြောင်းနဲ့ ပတ်သတ်ပြီး တိုက်တွန်းစာ အရေးများတဲ့ နေဘုန်းလတ်ရဲ့ ဘလော့ကို လူကြိုက် များလှ ပါ တယ်။ ဒါတောင်မှ နိုင်ငံတော် တည်ငြိမ်ရေးကို ပျက်ပြားစေသော လုပ်ရပ် ကျူးလွန်ခြင်း ပုဒ်မနဲ့ စွဲဆိုတယ် ဆိုတော့ နိုင်ငံတော် ဆိုတာကို ဘယ်လို အဓိပ္ပာယ် ဖွင့်ဆို လို့ပါလဲ ဆိုတာ ကျွန်မ မျက်စိလည် သွားခဲ့ ပါတယ်။ လူကြိုက်များ ထင်ရှားတဲ့ ဘလော့ဂါ တစ်ယောက်ကို ဖမ်းဆီး လိုက်တာဟာ ဆူပူမှု ဖြစ်အောင် လှုံ့ဆော်ရာ ရောက်သလား ဆိုတာ ကိုတော့ သူအဖမ်းခံ ရတာ ကျေနပ်သူနဲ့ မကျေနပ်သူ ဘယ်လောက် အချိုး ရှိသလဲ ဆိုတာကို ပိုင်ရှင် မရှိတဲ့ ဘလော့က စီဘောက်ခေါ် Shout Box နဲ့ ကောမန့် များမှာ ဆုတောင်း ပေးထားသူ အရေအတွက်ကို ကြည့်ခြင်းဖြင့် သိနိုင်ပါတယ်။ ဒီတော့ နိုင်ငံတော် တည်ငြိမ်ရေးကို တကယ် ပျက်ပြားအောင် လုပ်သူ အစစ် တွေဟာ ဘယ်သူ တွေလဲ ဆိုတာ လူတိုင်း မှန်းနိုင် မှာပါ။ မတရား ဖမ်းဆီး ထိန်းသိမ်းမှု မရှိရင် ပြန်လွှတ်ပေးဖို့ တောင်းဆိုသူလဲ ရှိစရာ မလိုတော့ ပါဘူး။

ဗွီဒီယို ဥပဒေနဲ့ ပတ်သက်လို့ ကတော့ သီးလေးသီး အခွေကို လက်ဝယ် တွေ့မှုလို့ ဆိုပါတယ်။ အငြိမ့်ခွေ ပြည်သူ့လက်ထဲ ရှိတာ မဆန်းပါဘူး။ အငြိမ့် ကြည့်ချင် နေတဲ့ သူတွေ ဘယ်လို နည်းနဲ့ မဆို ကြည့်ဖို့ ကြိုးစား နေသူတွေ သန်းနဲ့ချီ ရှိနေတယ် ဆိုတာ ငြင်းမရ ပါဘူး။ နေဘုန်းလတ် တစ်ယောက်တည်းကို ဖမ်းပြ လိုက်ရုံနဲ့ ဒီအငြိမ့်ကို ကြည့်ဖို့ ကြိုးစားသူ လျော့သွားမှာ မဟုတ်တဲ့ အပြင် ပိုများ လာပါ သေးတယ်။ စိတ်ဝင်စားမှုကို ဆွပေး လိုက်လို့ပါ။ ဒီတော့ ထပ် မေးချင် ပါတယ်။ နိုင်ငံတော် တည်ငြိမ်ရေးကို တကယ် ပျက်ပြားအောင် လုပ်သူ အစစ် တွေဟာ ဘယ်သူ တွေလဲ။

စာဖတ်သူ များလဲ အောက်ပါ စာရင်း အရ မြန်မာ့ သမိုင်း တလျှောက် ထုတ်ဖူးသမျှ မီဒီယာ ဥပဒေ များကို လေ့လာ ဆန်းစစ်ပြီး ဘယ်ပုဒ်မဟာ တရား ဥပဒေ၊ ဘယ်ပုဒ်မ ဟာဖြင့် မတရား ဥပဒေ ဆိုတာ စိတ်ထဲ ရှိတဲ့ အတိုင်း ကောမန့် ပေးခဲ့ ကြပါနော်။

Read this document on Scribd: Laws related to Media Freedom

4 comments:

Anonymous said...

နေဘုန်းလတ်. ..ရန်ရန်ချမ်း..ဒါတွေပဲ ဖင်မနေရုံနဲ့ ပြီးပြီလား .။ ဇာဂနာ ကိုဖမ်းတာ တော့ ကိုယ်လဲ လက်မခံဘူး... ဒီကောင်လေးတွေ က ဘလော့ရေးတာ အပြင် ဘာတွေ များနိုင်ငံအတွက် လုပ်နေကြလို့ ဒီလောက် ဘလော့တကာ လေမိုင်းခွဲနေကြတာလဲ ။ ကိုယ် မသိလို့လဲ ဖြစ်ရင်ဖြစ်မှာပေါ့ ..ကိုယ်က ပြည်ပရောက်တာ မကြာသေးတော့ ပြည်ပ က လေမိုင်းတွေ ရဲ့ ရာဇဝင်ကို မသိသေးသလို ဘလော့ဂါတွေရဲ့ နောက်ကြောင်းကိုလဲ မသိသေးဘူးကွဲ့..။ ပြော ပြပါလား..သူတို့ဘယ်ပုံဘယ်နည်း နိုင်ငံတော် အတွက် အနစ်နာခံ သယ်ပိုးခဲ့ သလဲ ဆိုတာ ကို...။ သူတို့ လုပ်ဆောင်ချက်တွေကို ပို့စ် တခု သပ်သပ်ရေးပြပါလား..ကိုယ်တို့လို မသိသေးတဲ့ သူတွေ သိရအောင်လို့...။

Anonymous said...

ဒီကောမန့်လေး ရေးတာတောင် နာမည် မဖော်ရဲတဲ့ သူရေ.. ကျွန်မရဲ့ ဘလော့ကို မတော်တဆ ရောက်လို့ ဒီကောမန့် ရေးတာလား တခြား ဘလော့တွေကိုရော လည်ကျင့် ရှိသလားတော့ ရှင်ပြောတိုင်းလဲ ကျွန်မ မယုံသလို စိတ်လဲ မ၀င်စား ပါဘူး။ ဒါပေမယ့် မိန်းကလေး တစ်ယောက်ရဲ့ ဘလော့မှာ ခုလို မိုက်မိုက်ရိုင်းရိုင်း ရေးတဲ့ ရှင့်ကိုတော့ လူကြီးလူကောင်း စာရင်းကို ကျွန်မ မသွင်း နိုင်တာ စိတ်မကောင်းပါဘူး။ နေဘုန်းလတ်နဲ့ ရန်ရန်ချမ်း ဘာတွေ လုပ်လို့ လူတွေက လွှတ်ဖို့ တောင်းဆိုတာလဲ ဆိုတာထက် သူတို့ ဘာလုပ်လို့ နအဖက ဖမ်းလဲ ဆိုတာကို လူတွေ စိတ်ဝင်စားလို့ ခုလို ဘလော့တကာက ရေးနေတယ် ဆိုတာလေး မှတ်ထားလိုက်ပါ။ သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို မသိသေးရင် အထဲက ၂ယောက် ပိုအခြေအနေ ဆိုးအောင် ချွန်ရာရောက်တဲ့ မေးခွန်းကို လာမမေး ပါနဲ့ ကိုယ်တိုင်လေ့လာ လိုက်ပါ... စရေးတဲ့ ကောမန့် ကိုက သူတို့ ၂ယောက် နာမည်ကြီး လူချစ်လူခင် များနေတာကို မျက်မုန်းကျိုးနေတဲ့ လေသံနဲ့ စကားလုံး အသုံးအနှုံး ရိုင်းရိုင်းကို သုံးပြီးမှတော့ ကျွန်မကို ခိုင်းတဲ့ လေသံနဲ့ အချိုး လာမချိုး ပါနဲ့ ဆောရီးပါပဲ.. ရှင်လောက်တော့ ပျင်းတောင် ပျင်းသေးတယ် မှတ်ပါ ဒါပါပဲ..

Anonymous said...

ဟားဟားဟား...ကွန်မန့် ကိုအလွယ်တကူ anonymous နဲ့ ရေးလိုက်တာက sign in လုပ်ရမှာ ပျင်းလွန်းလို့ကွဲ့...ဒီလောက်ကလေး ပြောတာ ကျ ရိုင်းတယ်ထင်သကိုး...မအေ နှမ နားမခံ သာအောင် ဒီမိုလိုလို ဟိုမိုလိုလို ဆဲနေကြတဲ့ သူတွေကျတော့ အတော်လေး ယဉ်ကျေးတယ် လို့ မှတ်ယူနေသလား...။ အထဲ က ၂ ယောက် ပိုအခြေအနေ ဆိုးအောင် လာမလုပ်နဲ့ ဆိုပဲ .....မသိလို့ မေးတာပါ ဆိုတော့လဲ အမိန့် ပေးတယ်ဆိုပြန်ပါရောလား..ကိုယ်တိုင်က ဘယ်သွားပြီးလေ့လာရမှာတုန်းကွဲ့ ..တယောက်တပြန်လည်ကြပတ်ကြ ဂုဏ်ဖေါ်ကြ ၊ ချီးကျူးကြ လုပ်နေတဲ့ ဒီဘလော့ တွေကလွဲလို့ ဘယ်နေရာမှာ ဒိအကြောင်းတွေ ရေးတာ ရှိသေးလို့လဲ ... ကိုယ်မသိလို့ ဆိုလဲ သိအောင်ပြောပြပါလား...မျက်မုန်းကျိုးရအောင် ဒီကောင်လေးတွေ ကို သိတောင် မသိဘူးကွဲ့ ..သူတို့ သီချင်းတွေလဲ နားစွန်နားဖျား တော့ ကြားဖူးပါရဲ့...

နေဘုန်းလတ်နဲ့ ရန်ရန်ချမ်း ဘာတွေ လုပ်လို့ လူတွေက လွှတ်ဖို့ တောင်းဆိုတာလဲ ဆိုတာထက် သူတို့ ဘာလုပ်လို့ နအဖက ဖမ်းလဲ ဆိုတာကို လူတွေ စိတ်ဝင်စားလို့ ခုလို ဘလော့တကာက ရေးနေတယ် ဆိုတာလေး မှတ်ထားလိုက်ပါ။ ဟားဟား....မင်းပြောတဲ့ အပြောလေးက အဓိပွါယ် အတူတူပဲလေကွယ်...

ဘာတွေလုပ်ကြလဲ လို့ မေးမိတာလေးကိုတောင် ဆတ်ဆတ်ခါ နာနေတယ်ဆိုတော့ ...။ စိန်နားကပ်ရောင်နဲ့ ပါးပြောင်ချင်တာလား..စိန်နားကပ်ဆိုရအောင်လည်း ဘာမှန်းမှ မသိတဲ့ ဟာ...သိအောင်ပြောပါဆိုတော့လည်း ထူးမခြားနားအဖြေ ....ဒါဆို ဇာဂနာ အကြောင်းရေးကြတာတွေ ...သူ့ဘလော့မှာဖေါ်ပြထားတာတွေကကော သူ့ကိုပိုပြီး အခြေအနေ ကောင်းစေလို့လား...ဟားဟားဟား..

ဘာပဲဖြစ်ဖြစ်ပါ..အပျင်းပြေ ဟာသ အရွှန်းလေး ဖေါက်ပေးတဲ့ အတွက် ကျေးဇူးပါကွာ....ဒီတခါလည်း စိုင်းအင် မလုပ်တော့ဘူးကွယ်... မင်းအတွက်ပါ..ပိုပြီး ရန်တွေ့လို့ကောင်းတာပေါ့ ...ဟားဟား..

Anonymous said...

မေ့ သွားတာ လေး တခု ရှိလို့ ထပ်ရေးလိုက်တယ်ကွယ်...ပြည်တွင်းမှာကတော့ ဒီကောင်လေးတွေ အချုပ်ထဲမှာလား...ထောင်ထဲမှာလား..အပြင်မှားလား ဆိုတာတောင် မသိကြဘူးကွဲ့ ...သူတို့ ဘာလုပ်ကြလဲသိဖို့ နေနေသာသာ... ပြီးတော့ အဲလို မသိအောင်လဲ မီဒီယာ လွတ်လပ်ခွင့်မရှိလို့တို့ ၊ သတင်းအမှောင်ချထားတာကိုးတို့ ပြောဦးမလို့လား... နားစွန်နားဖျားနဲ့ တိုးတိုးတိတ်တိတ် သိလိုက်ကြရတယ်ဆိုရင်တောင်....ဩော် ဟုတ်လား...ဘာမှုနဲ့လဲ ..ထုံးစံအတိုင်းဆေးမှု ပဲလား.ဒါကြောင့် သီချင်းအသစ်ထွက်တာ မတွေ့တာကိုး ဆိုတာလောက်က လွဲလို့ ဘယ်သူမှစိတ်မဝင်စားကြဘူး...ဟားဟား...မင်းတို့ ပြောသလို ပြည်သူတွေက မခံမရပ်နိုင်ဖြစ်နေကြတာ မဟုတ်ဘူးကွဲ့ ...ဒီလိုတွေ ဂုဏ်ပြုစာတွေ ၊လွမ်းဆွတ်တဲ့စာတွေ ၊ ဘယ်နှနှစ်မြောက်ဘာနေ့ အထိမ်းအ မှတ် ဆိုတာတွေ များများရေးမှ ဘလော့ရာဝင်မှာ မလို့ ဆိုရင်လဲ သဘောရှိပါကွယ်...ဟားဟားဟား