Monday, June 16, 2008

မြို့ရန်ကုန် ပြောင်ကတုံးကို သျှောင်ထုံးစို့လား

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဓိကနဲ့ ထိုင်းမှာ ကျောင်းတက် ခဲ့ပေမယ့် ဘလော့မှာ သဘာဝ ပတ် ၀န်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်တဲ့ ပို့စ် ဆိုလို့ တခါသုံး တူ အကြောင်းပဲ တင်ဖူးပါတယ်။ အကြောင်း ရင်း ကတော့ ကျွန်မရဲ့ စာတမ်း တွေကို ကျွန်မရဲ့ မေးလ်ထဲက ဖောက်ယူ သွားပြီး သူများ ဘလော့မှာ ဧ။်သည် မလွဲ ခပ်တည်တည် အခန့် သားကြီး ဖတ်ရတဲ့ အတွက် စိတ်ပျက် စိတ်ကုန် လို့ ဖြစ်ပါတယ်။ (ကျေးဇူးရှင် တို့ရေ. Grammar လေးတော့ ပြောင်းပြီး တင်ကြပါ .. နိုင်ငံတကာ ဂျာနယ် တွေကို ပို့ပြီးသား တွေမို့ တရားစွဲရင် ရပေမယ့် မြန်မာချင်း အမှု မတက်ချင် ပါဘူးနော်).. ကျွန်မ နေခဲ့ဖူးတဲ့ ရန်ကုန် မြို့ကြီးဟာ အရှေ့တောင် အာရှမှာ အစိမ်းဆုံး မြို့တော် ဖြစ်ခဲ့ ရာက မြန်မာ့ မြို့တော် ကြပ်ပြေးကို ပြောင်းရွှေ့ သွားပြီး တဲ့နောက် သူ့ဂုဏ်ပုဒ်များ တစ်ခု ပြီးတစ်ခု လျော့ကျ သွားခဲ့ လိုက်တာ ခုတော့ နာဂစ် မွှေလို့ မြို့ ကတုံးကြီး ဖြစ်သွား ရပါ တော့တယ်။ ဒီအခါ မှာတော့ ကျွန်မလဲ မနေနိုင် တော့ဘဲ ရန်ကုန် အတွက် ရန်ကုန်သူ ရန်ကုန်သားနဲ့ ရန်ကုန်မှာ နေထိုင် နေသူတွေ အတွက် ဒီပို့စ်ကို ရေးရခြင်း ဖြစ်ပါတယ်။ ရန်ကုန်မှ မဟုတ်ဘဲ ဘယ်မြို့မှာ မဆို ဒီပို့စ်ကို apply လုပ်နိုင်ပါတယ်ရှင်။

မနှစ်တည်းက ရန်ကုန်မြို့ဟာ မြို့တော် အဖြစ်က အဆင့် လျှောကျ သွားပြီး တည်းက ရန်ကုန် လေထုဟာ ပုံမှန် မသိမ်း တော့သော အမှိုက်ပုံများ၊ ရေစီးရေလာ မကောင်းသော မြောင်းများ၊ မြို့တွင်း မောင်းနှင် နေသော ကား အများစု ဖြစ်သည့် အင်ဂျင်ကျ နေသော ကားဟောင်း ကားစုတ် များက ထွက်သော မီးခိုးများ၊ လျှပ်စစ်မီး မလာမှု ကို အကြောင်းပြုပြီး ခုတ်မောင်း နေသော ဒီဇယ်သုံး မီးစက်၊ ရေတင်စက် များက ထွက်သော လေထု ညစ်ညမ်း မှုများ၊ စက်မှုဇုန် အင်္ဂါရပ်နှင့် တစ်စက်မှ မညီဘဲ မြေကွက် ရိုက် အကွက်ဖော် ဆောက်လုပ် ထား သော စက်မှုဇုန် များကြောင့် မြို့ထဲ လမ်းလျှောက် ထွက်ရုံနှင့် ရင်ကြပ်စေ လောက်အောင် လေထု ညစ်ညမ်းပြီး ဖြစ်ပါသည်။ သို့သော် စိမ်းလန်း မှိုင်းညို့ဆဲ ဖြစ်သော နှစ်ရာကျော် သက်တမ်းရှိ သစ်ပင်ကြီး များက ရန်ကုန် လေထုကို အနိုင်နိုင် သန့်စင် ထိန်းသိမ်း ပေးထား ခဲ့ကြသည်။

မေလ ၂ရက်နေ့ နာဂစ် မုန်တိုင်း တိုက်ခတ် အပြီး တွင်တော့ လဲပြိုကျ သွားသော သစ်ပင် ကြီးများရဲ့ ဘေး ထွက် ပစ္စည်းများ ဖြစ်သော သစ်ကိုင်း သစ်ရွက်များ နဲ့ မုန်တိုင်း ဒဏ်သင့် လေလွင့် ပစ္စည်းများ ပုပ်ဆွေး ရာက ထွက်ပေါ် လာမည် ဖြစ်သော အဆိပ်သင့် ဓာတ်ငွေ့ များက နဂိုရှိပြီးသား ရန်ကုန် မြို့ရဲ့ ညစ်ညမ်း လေထုကို ထပ်မံ အားဖြည့် လိုက်သောအခါ ဘာတွေ ဖြစ်လာမည် ဆိုသည်ကို Environmental Protection Agency က ထုတ်ပြန်သော စာတမ်းအတိုင်း ဘာသာပြန် တင်ပြ ပေးမည် ဖြစ်ပါသည်။

လောလောဆယ်တော့ ရန်ကုန် လေထု ပြန်လည် သန့်ရှင်း ကောင်းမွန် လာရေး အတွက် ဘလော့ဂါ ညီမလေး ဘာညာ မှ စတင်ပြီး သစ်ပင် စိုက်ပျိုးရေး အကောင်အထည် ဖော်နေပြီ ဖြစ်ပါသည်။ သစ်ပင်ပေါက်များ စု ဆောင်းခြင်း၊ သစ်စေ့များ ပျိုးယူခြင်း စသည်တို့ကို တနိုင်တပိုင် စတင် ဆောင်ရွက် နေပြီး ရန်ကုန်မြို့တွင်း လမ်းဘေး ၀ဲယာ တို့တွင် တနိုင်တပိုင် စိုက်ပျိုး ကုသိုလ် ယူသွားမည် ဖြစ်ပါသည်။ သစ်တစ်ပင် ကောင်း ငှက်တစ်သောင်း နား ဆိုသည့် အတိုင်း ငှက်သာ မက လူများပါ သန့်ရှင်းသော လေထုကို ရှူရှိုက်ပြီး ကျန်းမာ စွာ နေထိုင် နိုင်ကြရန် ညီမလေး ဘာညာ နဲ့ အတူ ပူးပေါင်းပါဝင်ပြီး မြို့ ရန်ကုန် ပြောင်ကတုံးကို သျှောင်ထုံး ကြပါစို့လား ရှင်…

ကျွန်မတို့ လူသားများ နေ့စဉ်နဲ့ အမျှ အဆုတ်ထဲ ရှူသွင်းနေရတဲ့ လေထု ထဲမှာ သဘာဝ အရ အောက်စီဂျင်၊ နိုက်ထရိုဂျင်နဲ့ တခြား ဓာတ်ငွေ့များ အမှုန်များ ပါဝင်နေပါတယ်။ လူ့ ခန္ဓာကိုယ်က လိုအပ်တဲ့ ဓာတ်ငွေ့ဟာ အောက်စီဂျင် သန့်သန့်သာ ဖြစ်ပြီး လူတို့ကြောင့် ဖြစ်ပွားတဲ့ လေထု ညစ်ညမ်းမှုကြောင့် လေထုထဲ ပါဝင် လာတဲ့ အောက်ပါ ဓာတ်ငွေ့ များကတော့ လူ့ ကျန်းမာရေး ကိုသာ မက လူသားတို့ အသက်ရှင် ကျန်းမာဖို့ နေ့စဉ် စားသောက် နေရတဲ့ ကောက်ပဲသီးနှံ တို့ရဲ့ ထွက်နှုံးကိုပါ လျော့ကျ စေပါတယ်။ သူတို့ကတော့
• Ozone (အိုဇုန်း)
• Particulate Matter (အမှုန်များ)
• Sulfur Dioxide (ဆာလဖာ ဒိုင်အောက်ဆိုဒ်)
• Nitrogen Dioxide (နိုက်ထရိုဂျင် ဒိုင်အောက်ဆိုဒ်)နဲ့
• Carbon Monoxide (ကာဗွန်မိုနောက်ဆိုဒ်) တို့ဖြစ်ပါတယ်။ သူတို့ဟာ လူ့ကျန်းမာရေးနဲ့ သဘာဝ ပတ်ဝန်းကျင်ကို ဘယ်လို ထိခိုက်စေသလဲ၊ သူတို့ ဘယ်က ဘယ်လို လေထုထဲ ရောက်လာ သလဲ ဆိုတာ တစ်ချက် ကြည့်ကြ ရအောင်နော်…

Ozone (O3)

မြေလွှာထုနဲ့ နီးကပ်စွာ အိုဇုန်းလွှာ ဖြစ်ပေါ် လာမှုဟာ အလွန် နည်းပါးသော နိမ့်ကျသော အဆင့်မှာ တောင်မှ လူသားတို့ရဲ့ ကျန်းမာရေးကို အကြီးအကျယ် ဒုက္ခ ဖြစ်စေတဲ့ လေထု ညစ်ညမ်းမှု တစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် ကောက်ပဲသီးနှံနဲ့ ဟင်းသီးဟင်းရွက် စိုက်ခင်း များကိုပါ ပျက်စီး စေပါတယ်။ မြို့ပြတွေမှာမှ ဖြစ်တတ်တဲ့ မီးခိုးမြူထု တို့ထဲမှာ အဓိက ပါဝင် ပစ္စည်းလဲ ဖြစ်ပါတယ်။
ကမ္ဘာ့လေထုကို အပိုင်းလေးပိုင်း ပိုင်းရင် မြေထုနဲ့ အနီးဆုံး အလွှာ ကနေ အဝေးဆုံး အလွှာများ အထိ အဆင့်ဆင့် မြင့်သွားတဲ့ အလွှာများ ဖြစ်တဲ့ ထရိုပို စဖီးယား၊ စထရာတို စဖီးယား၊ အိုင်ယွန်နို စဖီးယားနဲ့ အိပ်ဇိုး စဖီးယား အလွှာတို့ ရှိတဲ့ အနက် မြေလွှာရဲ့ အထက် ဆယ်မိုင်ကနေ မိုင်သုံးဆယ် အကွာမှာ ရှိတဲ့ စထရာတို စဖီးယား အလွှာမှာ ရှိတဲ့ အိုဇုန်းဟာ လူသားတို့ကို အကျိုးပြုတဲ့ အိုဇုန်း ဖြစ်ပါတယ်။ နေက ထုတ်လွှတ်တဲ့ ခရမ်းလွန်ရောင်ခြည် လူသားတို့အပေါ် မကျရောက်အောင် သူက ဒိုင်းသဖွယ် တားဆီး ကာကွယ်ပေး ထားပါတယ်။ ဒါပေမယ့် မြေလွှာနဲ့ ကပ်နေတဲ့ လေထု အလွှာမှာ ပေါ်လာတဲ့ အိုဇုန်းဟာ ဆိုးရွားတဲ့ အိုဇုန်းဖြစ်ပါတယ်။ ကားတွေ၊ စက်မှုဇုန်တွေက ဘွိုင်လာ အိုး တွေ၊ ဓာတ်အားပေးစက်ရုံတွေ၊ ဓာတုဗေဒ စက်ရုံတွေနဲ့ တခြား မီးခိုး ထွက်စေတဲ့ အရင်းအမြစ်တွေက ထွက်တဲ့ ညစ်ညမ်းမှုတွေဟာ ဓာတု ဓာတ်ပြုမှုတွေ နေရောင် အောက် မှာ ဖြစ်ပွား တဲ့ အခါ မြေလွှာအနီး အိုဇုန်းလွှာ ဖြစ်ပွားပေါ်ပေါက် လာတာပါ။ လေထု အတွင်း အိုဇုန်း ညစ်ညမ်းမှုဟာ နေသာတဲ့ လတွေမှာ ရာသီဥတု ကလဲ မြေလွှာအနီး ဖြစ် တဲ့ အိုဇုန်းလွှာ ပေါ်ပေါက်မှုကို ထည့်ဝင် အားပေးနေတယ်ဆိုရင် ဖြစ်ပွားလေ့ ရှိပါတယ်။ သာမန်အားဖြင့် ဖြစ်ပေါ်စေတဲ့ အချက်ကတော့ နေရောင်နဲ့ ပူနွေးစိုစွတ်တဲ့ အပူချိန် ရယ်၊ လေထု ညစ်ညမ်းမှုရယ် ပါပဲ။ အိုဇုန်းဖြစ်ပေါ် စေတဲ့ ဖော်မြူလာလေး ကတော့

ကာဗွန်ဒိုင် အောက်ဆိုဒ် + အောက်ဆီဂျင် --- နေရောင်+ ပူနွေးသော ရာသီဥတု -------- ကာဗွန်မိုနောက်ဆိုဒ် + အိုဇုန်း
CO2 + O2 ----- Sunlight + hot temperature --- CO + O3

ကျန်းမာရေးကို ဘယ်လို ထိခိုက်စေသလဲ

အိုဇုန်းဟာ အဓိက အားဖြင့် အဆုတ် လေရှူပြွန် များကို ယားယံ စေပြီး အရေပြားကိုလည်း နေလောင်သလိုကို လောင်ကျွမ်းစေ နိုင်ပါတယ်။ အခြား ရောဂါ လက္ခဏာ များကတော့ ရင်ကြပ်ခြင်း၊ ချောင်းဆိုးခြင်း၊ အသက် ပြင်းပြင်း ရှူတဲ့ အခါ နာကျင်ခြင်းနဲ့ လေ့ကျင့်ခန်း လုပ်ရာ၊ အိမ်ပြင် လှုပ်ရှားမှုများ ပြုလုပ်တဲ့ အခါ အသက်ရှူရ ခက်ခြင်း များ ဖြစ်ပေါ်စေပါတယ်။ နဂိုတည်းက အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကျန်းမာရေး ပြသနာ များ ရှိတဲ့ သူများအဖို့ အဆိုးရွားဆုံး ခံစားရလေ့ ရှိပြီး သာမန် ကျန်းမာရေး ကောင်းသူ များ အိမ်ပြင်မှာ သွက်သွက်လက်လက် လှုပ်ရှား လုပ်ကိုင် နိုင်သူများ အတွက်ကတော့ လေထုတွင်း အိုဇုန်း ပါဝင်မှု မြင့်လာတဲ့အခါမှ ခံစားရလေ့ ရှိပါတယ်။

အိုဇုန်း ညစ်ညမ်းမှုကို ထပ်ခါ ထပ်ခါ ထိတွေ့ ခံစားရတာ လပေါင်းများစွာ ကြာလာရင်တော့ အဆုတ် အပြီးတိုင် ပျက်စီးခြင်း ကိုခံစား ရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် နွေရာသီမှာ အိမ်ပြင် အဆောက်အဦ အပြင် ထွက်နေလေ့ ရှိသူများနဲ့ ကလေးသူငယ်တို့ ပိုမို ခံစား ကြရလေ့ ရှိပါတယ်။
အလွန်နည်းပါးတဲ့ အိုဇုန်းလွှာ ဖြစ်ပေါ်မှု အခြေအနေ မှာတောင် ဒီ အိုဇုန်းဟာ လူသားတို့ အတွက် အမျိုးမျိုးသော ကျန်းမာရေး ပြသနာများ ဖြစ်ပေါ်စေပါတယ်။ ဆိုးရွားပြင်းထန်သော ပန်းနာ ရင်ကြပ်ရောဂါ၊ အဆုတ်ရဲ့ လုပ်ဆောင်ချက် လျော့ကျခြင်း၊ နမိုးနီးယား အဆုတ်ရောင် ရောဂါနဲ့ အသက်ရှူ လေပြွန် ရောင်ရမ်းခြင်း စတဲ့ အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ကျန်းမာရေး ထိခိုက်မှု တို့ကို ဖြစ်ပေါ် စေပါတယ်။

အရောင် အနံ့ အရသာ မရှိတဲ့ အိုဇုန်းဟာ ဘယ်လို သတိထားစရာ ကောင်းတဲ့ အချက်မှ မရှိတာမို့ အိုဇုန်းကြောင့် ကျန်းမာရေး ထိခိုက်မှုဟာ ဘယ်လို သတိပေး လမ်းညွှန်မှုမှ မရှိဘဲ ဖြစ်ပွား နိုင်ပါတယ်။ ဒါ့အပြင် လေထုတွင်း အိုဇုန်းပါဝင်မှု မြင့်မားခြင်းဟာ ရက် အတန်ကြာ ဆက်ရှိနေနိုင်ပြီးမှ ပြန်လည် အားပျော့ သွားနိုင်ပါတယ်။ ဒါပေမယ့် အိုဇုန်းကြောင့် အဆုတ်ပျက်စီးခြင်းကတော့ လေထုတွင်း အိုဇုန်းပါဝင်နှုံး လျော့ကျ ပေမယ့် ဆက်လက် ဖြစ်ပွား နေနိုင်ပါတယ်။ ဒါကြောင့် ဖွံ့ဖြိုးပြီး နိုင်ငံ များမှာ နေ့စဉ် မိုးလေ၀သ သတင်း ကြေညာ ရာမှာ မိုးရွာ မရွာထက် အိုဇုန်းပါဝင်မှု လေထုထဲ ဘယ်လောက် အခြေအနေ ရှိနေပြီ လို့ပါ ထည့်သွင်း ကြေညာ နေကြပါတယ်ရှင်။ တချို့ရက်တွေမှာ အိမ်ထဲက အိမ်ပြင် မထွက်ဖို့ပါ ကြေညာ ထားရတဲ့ အထိ အရေးတယူ ပြုကြ ပါတယ်။ မိုးရေစိုရင် အ၀တ် လဲလိုက်လို့ ရပေမယ့် အိုဇုန်းကြောင့် အဆုတ်ပျက်ရင် အ၀တ်လဲသလို အဆုတ်ကို အလွယ်တကူ လဲပစ် လိုက်လို့မှ မရပဲနော်…

ဘယ်သူတွေ အိုဇုန်းဆိပ် သင့်မှု အများဆုံးလဲ

လူတော်တော်များများဟာ အိုဇုန်းဆိပ်ကို ခုခံမှု စွမ်းအား နည်းကြပါတယ်။ အထူးသဖြင့် ပြင်ပ လေထုထဲမှာ သွက်လက်စွာ သွားလာ လှုပ်ရှား နေကြသူတွေ ပါပဲ။ သူတို့ဟာ ရုပ်ပိုင်းဆိုင်ရာ အရ လှုပ်ရှားလေလေ အသက်ရှုနှုံန်းက ပိုမြန် ပိုပြင်း လာလေ မို့ အိုဇုန်းကို ပိုရှူမိလေပဲ မဟုတ်ပါလား။
• အိုဇုန်း ထိတွေ့မှု အန္တရာယ် အများဆုံး အုပ်စုကတော့ အဆော့သန်တဲ့ကလေးများပဲဖြစ်ပါတယ်။ နွေရာသီ ကစားကွင်း များမှာ အချိန် အကြာဆုံး လေထုနဲ့ ထိတွေ့သူများ မဟုတ်ပါလား။ ကလေးတွေ ရင်ကြပ် ပန်းနာ ဖြစ်တတ်ကြတာ အိုဇုန်းကြောင့် အဖြစ်များပါတယ်
• ပြင်ပ လေထုမှာ ကိုယ်လက် လှုပ်ရှားမှု နည်းတဲ့ လူများထက် ပြင်ပ လေထုမှာ အားကစား လေ့ကျင့်ခန်း နဲ့ အလုပ် လုပ်တဲ့ သူများဟာ အိုဇုန်း ထိတွေ့မှုဒဏ်ကို ပိုခံစားရလေ့ ရှိပါတယ်။
(ဆက်လက် ဖော်ပြ ပါဦးမည်)

ရည်ညွှန်း ကိုးကားချက်။
(၁) ရန်ကုန် ပြည်သူ့ ဆေးရုံကြီး အသက်ရှူ လမ်းကြောင်း ဌာန လူနာ စာရင်း
(၂) http://www.epa.gov/

5 comments:

တန်ခူး said...

တန်ဖိုးရှိတဲ့postလေးပါ…အားထုတ်မှုအတွက် ကျေးဇူးပါလှိုင်ရေ…

JulyDream said...

အခုလို ဝေမျှတဲ့အတွက် ကျေးဇူးတင်ပါတယ်။

တော်ကြာ စိုက်တာတစ်ဖွဲ့... ခုတ်တာတစ်ဖွဲ့... မဖြစ်ရလေအောင်လည်း ဓါတ်တိုင်ဓါတ်ကြိုးတွေနဲ့ လွတ်လွတ် ကျွတ်ကျွတ်နေရာတွေမှာ စိုက်ပျိုးကြပါဗျာ။

သစ်ပင်စိုက်တဲ့ စီမံချက်လေး အခက်အခဲ အနှောင့်အယှက် မရှိပဲ အောင်မြင်ပါစေလို့ ဆုမွန်တောင်းပါတယ်။

Nge Naing said...

သိပ်ကောင်းတဲ့ Post လေးဖြစ်တယ်။ ဒါကိုဖတ်ပြီး အဖြစ်အပျက်လေးတခုကို သွားသတိရပါတယ်။ တနေ့ ကျွန်မနဲ့ ကျွန်မသား (ဒုတိယတန်းသား) သားအမိနှစ်ယောက် လမ်းထိပ်က စားသောက်ဆိုင်မှာ စားစရာဝယ်ပြီး အိမ်ကိုပြန်အလာမှာ လမ်းဘေးက သစ်ပင်တစ်ပင်ကို ရပ်ကွက်ကောင်စီက လူ ၃ ယောက် အခက်ချိုင်နေတာတွေ့တာနဲ့ ကျွန်မသားက ဒီလူတွေဟာ No tree no breath ဆိုတာ ကိုနားမလည်ကြဘူးလားမသိဘူး သစ်ပင်တွေကို ဒီလိုပဲခုတ်သတ်နေရင် ကာဗွန်ဒိုင်အောက်ဆိုက်တွေ များလာပြီး အောက်စီဂျင်မရလို့ လူတွေသေကုန်တော့မှာပဲ လို့ပြောလိုက်တယ်။ ကျွန်မက ဒါ အပင်ခုတ်သတ်နေတာမဟုတ်ဘူး လူသွားလမ်းပေါ် အခက်ကျိုးကျပြီး လူတွေပိမှာစိုးလို့ အခက်ချိုင်တာလို့ ပြန်ပြောပြရတယ်။ ပြီးတော့ ကျွန်မသားက ဘယ်အမှိုက်ကို ဘယ်အရောင်ပုံးထဲမှာ ထည့်ရမယ် ပလပ်စတစ်အိတ်ကို ဘယ်လိုသိမ်းဆည်းရမယ်ဆိုတာကအစ ကျောင်းကပြန်ရင် အမြဲတမ်းလာပြောပြလေ့ရှိတယ်။ နိုင်ငံခြားတိုင်းပြည်တွေမှာ မူလတန်းကလေးတွေကအစ သဘာဝပတ်ဝန်းကျင် ဗဟုသုတ ကောင်းကောင်း နားလည်အောင်လုပ်ထားပေးတယ်။ မြန်မာပြည်မှာ ကျွန်မတို့ ငယ်ငယ်တုန်းကလည်း တခါမှမသင်ဖူးသလို အခုလည်း ကျွန်မလေ့လာရသလောက် သင်တယ်ဆိုတာ မသိရဘူး။ မြန်မာပြည်မှာ အခုထိ လူကြီးတွေတောင် အများစုဟာ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး ဘာမှနားမလည်ကြတာ များပါတယ်။ တကယ်တော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး စတဲ့ အကုန်လုံးနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ အတွက် အခြားအရေးတွေထက်တောင်မှ ပိုပြီး အရေးကြီးပါသေးတယ်။ ဒါကို ပြည်သူလူထု သတိထားမိလာအောင် သဘာပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး လေ့လာသင်ကြားထားသူတွေ အနေနဲ့ ပညာပေး အစီစဉ်တွေကို အလေးအနက်ထားပြီး လုပ်သင့်ပါတယ်။ Environmental အခုလိုဖေါ်ပြတာ သိပ်ကောင်းပါတယ်။ နောက်ထပ်လည်း များများဖေါ်ပြစေချင်ပါတယ်။

ပီကေ said...

တကယ့်ကို ရေးသင့် ဖတ်သင့်တဲ့ ပို့စ်လေးပါ။ ဆက်ရေးပေးပါဦး လို့လည်း တောင်းဆိုပါရစေ။ အားပေးနေပါ့မယ်။ အမှန်တကယ် ကျင့်ကြံနိုင်မယ်ဆိုရင် ရန်ကုန်သူ၊ ရန်ကုန်သားအနေနဲ့၊ ကမ္ဘာသူ ကမ္ဘာသား အနေနဲ့၊ မွေးရပ်မြေကိုလည်း ကျေးဇူးဆပ်ရာ ရောက်ပါတယ်။

ကလိုစေးထူး said...

အသေအချာအားထုတ် ရေးသားထားတဲ့ ဒီပို့စ်ကို ဂရုတစိုက်နဲ့ဖတ်သွားတယ် ညီမ။ နောက်ထပ် ဆက်ရန်ကိုလဲ နောက်တခေါက် ရောက်ဖြစ်တဲ့အခါ လာဖတ်ပါဦးမယ်။