Saturday, June 14, 2008

ရှမ်ဘဲလားသို့ အပြန်လမ်း (ဒုတိယပိုင်း)

ဒါဆို တချို့ တအားဆိုးနေတဲ့ လူလိုစဉ်းစား မပေးတတ် လောက်အောင် နားလည် မပေးနိုင် လောက်အောင် ဆိုးနေတဲ့ လူတွေ နှစ်ပေါင်းများစွာ ဘာလို့ ဆက်ပြီး သရဖူ ဆောင်းနိုင် နေတာလဲ မယ်မယ်

သူတို့ ဒီလို သရဖူ ဆောင်းနိုင်တာ အကြောင်းရှိတာပေါ့ သမီးငယ်။ ငရဲ ဟာ ကမ္ဘာဦး အစမှာ လူသားမျိုးနွယ် စပေါ်စမှာ မရှိသေးဘူးတဲ့။ လူတွေ အချင်းချင်း ကြီးနိုင်ငယ်ညှင်း လုပ်ကြရာက အနိုင်ကျင့် ခံရသူတွေက ဆုတောင်းတယ်တဲ့။ သူ့ထက် အင်အားကြီးပြီး သူ့ကို နိုင်သူ ပေါ်ပါစေ၊ သူ ၀ဋ်လည်ပါစေလို့ ဆုတောင်းကြ ကျိန်ဆဲ ကြတယ်တဲ့။ ဒါနဲ့ အားလုံးထက် အဆိုးဆုံး ငရဲ ဆိုတာကြီးက လူဆိုးကို ၀ဋ်ကြွေး ပေးဆပ်ဖို့ လူကောင်း အနိုင်ကျင့် ခံရသူတွေရဲ့ စိတ်တန်ခိုး အပေါင်းအစုကြောင့် ပေါ်ပေါက် လာရသတဲ့။ လူကောင်းဆိုတာက မကောင်းမှုကို မလုပ်တဲ့ အတွက် သူ့အပေါ် မကောင်းတဲ့ လူဆိုးကို လက်တုန့်ပြန် ရန်ကြွေး မဆပ်ပေမယ့် လူဆိုးဟာ သူ့ဆိုးဒဏ်ကို သူပြန် ခံရတာက ခံရတာပါပဲ.. အဲဒါ သမီးငယ် ကြားဖူးသလား

ကြားဖူးပါတယ် မယ်မယ်.. ဒါပေမယ့် ခုက လူ့လောက ပတ်ဝန်းကျင် မှာတင် လူတွေက လူစင်စစ်က ဘီလူးသရဲ ငရဲသား တွေလို ရက်စက် ကြမ်းကြုတ် နေကြတာလေ။ အခုခေတ်က နေရာမှန် မှာ သတ္တ၀ါမှန် ရောက်နေတာ မဟုတ်သလိုပဲ။

သေချာရဲ့လား သမီးငယ်ရဲ့။ ဒါဆို မယ်မယ် ပြောမယ်။ ဟိုရှေးခေတ်က မိဘ ၀တ္တရား ငါးပါးထဲမှာ မကောင်းမြစ်တာ၊ ကောင်းရာ ညွှန်လတ်၊ အတတ် သင်စေ၊ ပေးဝေ နှီးရင်း၊ ထိမ်းမြားခြင်း ဆိုပြီး မိဘ ကျင့်ဝတ် ၅ပါးကို လူတိုင်း မိဘတိုင်း လိုလို က သားသမီး ဘက်က စဉ်းစားပေးပြီး သားသမီး ကောင်းကျိုး အတွက် ကျင့်ခဲ့ကြတယ်။ မိဘ မေတ္တာနဲ့ သစ္စာဆိုပြီး မြွှေဆိပ်တောင် ဖြေနိုင် ခဲ့ကြတယ်။ ခုခေတ် ပတ်ဝန်းကျင်က မိဘ ဆိုတဲ့သူတွေကို ကြည့်စမ်း။ ကိလေသာ ကာမဂုဏ်ကို လိုက်စားလို့ မတော်တဆ ကလေး ရလာရင် ကိုယ်ဝန် ဖျက်ချပြီး ကိုယ့်ရင်သွေး ကိုတောင် ကိုယ်သတ်ရက် ကြတယ်။ မဖျက်ချ တဲ့သူများကလဲ မိဘ ကျင့်ဝတ် ကျေကြ ရဲ့လား။ သားသမီး နိုင်ငံခြား ရောက်နေရင် ပဒေသာ ပင်ပေါ် ရောက် နေတယ် ထင်ပြီး ဇွတ်အတင်း ငွေမှာ၊ အကြွေးတင် နေပါပြီ လိမ်ပြောပြီး နောက်ပိုင်းက ချဲထိုး၊ လောင်းကစားလုပ်၊ ကိုယ့်သားသမီး ဘယ်လို ငွေရှာ နေရတယ် ရုန်းကန် နေရတယ်ဆိုတာ မစဉ်းမစား အတင်း သူတို့ ဖြစ်စေချင် တာတွေ သူတို့ လိုဘတွေ အတွက် ဖိအား တွေပေး၊ ကိုယ်တိုင်က အလှူရှင် အဖြစ်နဲ့ ကြွားချင်တိုင်း သားသမီးကို မညှာမတာ ပိုက်ဆံ စွတ်မှာပြီး စေတနာ မပါတဲ့ အလှူ ပွဲကြီးတွေ လုပ်ကြ၊ သားသမီးကို ဆင်စီး မြင်းရံ စေချင်တယ်လို့ ခေါင်းစဉ် တပ်ပြီး သူတို့ရဲ့ ဂုဏ်တွေ ပကာသန တွေအတွက် စီစဉ်တဲ့ မင်္ဂလာပွဲ တွေမှာ သားသမီးတွေရဲ့ ဘ၀ကို စတေး ခိုင်း၊ သားသမီး တွေက မိဘ သဘောမတူတဲ့ သူကို အတင်း လက်ထပ်ရင် မရမက ကုန်းတိုက် ချောပစ် အကွက်ဆင် ရန်တိုက်ပြီး လင်မယားချင်း ကွဲအောင် လုပ်ကြတယ်။ သားသမီးကို ပေးဝေ နှီးရင်း လုပ်ဖို့ ဝေးစွ၊ သားသမီးက မိဘကို ယုံကြည်လို့ အပ်နှံထားတဲ့ အရင်းအနှီး လုပ်ဖို့ ငွေကို တလွဲ သုံးပစ်ကြတယ်။ ဒီလို မိဘတွေ ဘယ်လောက် များနေလဲ.. ငါမိဘ ဆိုတိုင်း အနန္တောအနန္တ ငါးပါး ဂိုဏ်းထဲ အလိုလို ရောက်သွားတာ မဟုတ်ဘူး။ စောစောက ကျင့်ဝတ်တွေနဲ့ ညီမှ ဖြစ်တာ.. ဒါကို ငါမိဘ ငါ့စကား နားမထောင်ရင် ငါ ကျိန်ဆဲရင် နင်တို့ တသက်လုံး မကြီးပွားဘဲ နေမယ်ဆိုပြီး ခြိမ်းခြောက်တာ မိဘ အလုပ်လား။ မိဘ စိတ်ဓာတ်လား။ ကိုယ့်သားသမီး အပေါ်မှာတောင် ဒီလို လုပ်ရက် လောက်အောင် အတ္တကြီး စိတ်ထားဆိုး နေတဲ့ သူတွေကို သူတို့ထက် ပိုဆိုးတဲ့ လူတွေက အုပ်ချုပ် မင်းမူ သရဖူ ဆောင်းနိုင်တာ ဆန်းသလား သမီးငယ်… လောက ငရဲ ဆိုတာ ဒါမျိုးကို ခေါ်တာပါပဲ။ လောကမှာ ဒီလို လူစားတွေ ရှိနေသရွေ့ ဒီလူတွေ ကိုယ့်အကျင့် ကိုယ် မပြင်သရွေ့ ဒီနည်းနဲ့ ၀ဋ်လည်နေပြီး တန်ရာ အုပ်ချုပ်သူ မင်းမူ သရဖူ ဆောင်းတာကို ခံနေရ ဦးမှာပဲ သမီးငယ်..
ဒါ့အပြင် ဒီ အုပ်ချုပ် မင်းမူ သူတွေကလဲ ဒီအကြောင်း တရားကို သိထားလို့ ဒီလို အတ္တကြီးတဲ့ မိဘ တွေကို အားပေး အားမြှောက်လုပ်ပြီး အကုသိုလ် တရား ကြီးမားနေ စေပြီးမှ သူတို့ သက်ဆိုးရှည်ဖို့ တမင်သက်သက် ၀ါဒဖြန့်ပြီး ဗုဒ္ဓ သာသနာကို ခုတုံး လုပ်လို့ တန်ဆေးကို လွန်ဘေး ဖြစ်စေပြီး အာဏာရှင် သာသနာကို ထူထောင်ကြ တယ်လေ.. မိဘ ကျေးဇူးကို အလွန်အကျူး ညွှန်းဆိုတာ အပေါ်ယံကြော ကြည့်ရင် ဗုဒ္ဓဘာသာ အရ သဒ္ဓါ လွန်တယ်လို့ ထင်ရပေမယ့် တကယ့် စေတနာနဲ့ လုပ်ဆောင်ချက်က အာဏာရှင် စနစ်ဆီကို မျှားခေါ် နေတာပဲ သမီးငယ်… ဗုဒ္ဓက မဇ္ဈိမ ပဋိပဒါ အရာအားလုံးကို အလယ်အလတ် တော်သင့်ရုံမျှ တန်ဆေး လွန်ဘေး အဖြစ်ပဲ ဟောခဲ့ပါတယ် …

ဒီလိုဆို ကမ္ဘာ လောက ကြီးက ဆိုးသထက် ဆိုး၊ ရိုင်းသထက် ရိုင်းတော့ မှာလား မယ်မယ်.. နောက်ပြီး အလင်း ကိုတောင် စုပ်ပစ် နိုင်စွမ်းတဲ့ တွင်းနက်ကြီး ဆိုတာတွေ စကြ၀ဠာ ထဲမှာ ပေါ်နေတယ် အချိန်နဲ့ အမျှ ကြီးမား ကျယ်ပြန့် လာနေတယ် ဆိုတာ သိပ္ပံ စာစောင် တွေမှာ ဖတ်ရ တယ်။ ဒါဟာ လောကမှာ အဆိုးတရား၊ အမိုက်တရားက အကောင်းကို အလင်းတရားကို ၀ါးမျို ပစ်တော့မယ် ဆိုတဲ့ သဘောလား မယ်မယ်..

တွင်းနက်ကြီးက အလင်းတွေကို စုပ်ပစ်တယ် ဆိုတာ သူ့ဆွဲအားကို သူမထိန်း နိုင်လို့ တခြား ဂြိုလ်တွေနဲ့ ဂြိုလ်သိမ် ဂြိုလ်မွှားတွေကို စုပ်ယူရင်းနဲ့ တွင်းနက်ထဲ အလင်းမှုန်နဲ့ အလင်းလှိုင်းတွေ ရောက်ကုန်တာပါ။ သူ့ရဲ့ အမှောင်က ဂြိုလ်သိမ် ဂြိုလ်မွှားတွေ အချင်းချင်း ပွတ်တိုက် ကြေကွဲလို့ ဖြစ်လာတဲ့ ဖုန်မှုန့် တွေကြောင့် မှောင်မဲ နေတာပါ။ အဲဒီ ပွတ်တိုက်အားကြောင့် အပူဓာတ်က အလိုလို တွင်းနက်ထဲ ရှိနေ ပြီးသား သမီးငယ်ရဲ့။ အလင်းတွေ တွင်းနက်ထဲ ရောက်ကုန် တဲ့ အခါ အလင်းတိုင်းမှာ အပူ စွမ်းအင် ပါပြီးသားမို့ အဲဒီ အလင်းက ပေးတဲ့ အပူနဲ့ ဖုန်မှုန့်တွေ မီးလောင် တဲ့ အခါကျရင် တွင်းနက်ရဲ့ အမှောင်စွမ်းနဲ့ သံလိုက်စက်ကွင်း ဖရိုဖရဲ ဖြစ်လို့ ပျက်စီးပါလိမ့်မယ်။ လောကမှာ အမှောင် သို့မဟုတ် အဆိုး တရား ဟာ ဘယ်တော့မှ ရာသက်ပန် အားမကြီး နိုင်ပါဘူး သမီးငယ်။

ဟာာာာ.. ဒီလိုဆို စောစောက ပြောတဲ့ လူဆိုး သံသရာနဲ့ လောက ငရဲ ဟာလည်း တနေ့ကျ တွင်းနက် ဥပမာ လိုပဲ ပျက်စီးရမှာပေါ့နော် မယ်မယ်

ဒါပေါ့ သမီးငယ်…
****************************************************************************

ဖြူအေး မှုန်မွှားသော အလင်းဖျော့က တဖြည်းဖြည်း ပြန်မှိန် သွားချိန် ကမ္မဌာန်းကို ပြန်မှတ်တော့ စိတ်ရော ကိုယ်ပါ ဖျော့တော့ အေးချမ်း သွားခဲ့သည်။ နွေးထွေး ၀င်းထိန်သော အလင်းတန်းတို့ မျက်ခွံကို ဖောက်ဝင် လာချိန် အားတင်းပြီး မျက်လုံးဖွင့်မိတော့ မနက် အာရုဏ်ဦး နေခြည်က ခေါင်းရင်း ပြတင်းပေါက်မှ တိုးဝင် ဖြာဝေလျက်..

(ဆက်လက် ဖော်ပြပါဦးမည်...)

8 comments:

Anonymous said...

မိဘတိုင်းမဟုတ်ပါ.. မိဘတိုင်းမလုပ်ပါ။

ရွှန်းမီ said...

သားသမီး တွေက မိဘ သဘောမတူတဲ့ သူကို အတင်း လက်ထပ်ရင် မရမက ကုန်းတိုက် ချောပစ် အကွက်ဆင် ရန်တိုက်ပြီး လင်မယားချင်း ကွဲအောင် လုပ်ကြတယ်။ ငါမိဘ ဆိုတိုင်း အနန္တောအနန္တ ငါးပါး ဂိုဏ်းထဲ အလိုလို ရောက်သွားတာ မဟုတ်ဘူး။ ငါမိဘ ငါ့စကား နားမထောင်ရင် ငါ ကျိန်ဆဲရင် နင်တို့ တသက်လုံး မကြီးပွားဘဲ နေမယ်ဆိုပြီး ခြိမ်းခြောက်တာ မိဘ အလုပ်လား။ . . .
. . . အစ်မရေ.. အတော်များများက မိဘနဲ့ အဆင်မပြေဘူး ဆိုရင် သားသမီးကိုချည်း အပြစ်တင်ချင်တာ.. ခံစားဖူးမှ သိတာပါ..
မိဘအတော်များများရဲ့  စိတ်မှာတော့ ပိုင်စိုးပိုင်နင်း အတ္တကြီး ရှိတယ်။ ခံစားမိတဲ့ သားသမီးက မသိလိုက်တာရယ်၊ နာကျင်သွားတာရယ်၊ အောင့်ခံနေတာရယ် .. အဲလိုတွေတော့ ရှိမှာပါ။

.. . ဇာတ်လမ်းအဆက်ကို မျှော်နေပါတယ် ..

Doughnut IO said...

If you don't wanna answer, I won't ask again. But please answer (if you wanna) this. Is Shanbella the same with the Shambella used in literatures and comics? or different?

တန်ခူး said...

Messageတွေ အများကြီးရလိုက်တယ်…တတိယပိုင်း အမြန်နော်….

Anonymous said...

Too negetive to parents! Whoever you are, you can not be "You" if your parents didn't take care you well.

You might already know how they suffer and how they scarified to give birth a baby.

Do not make others confuse for the Great love of parents. That's so suck!

As a mother to be for me, I'm far too scare to have a child like you.

Anonymous said...

ဘယ်သူလဲ သိပေမယ့် မဖော်စေချင်တဲ့ ပထမ anonymous ရေ… လှိုင်ကလဲ မိဘတိုင်းကို မဆိုလိုဘူးနော်.. စာထဲမှာလဲ ဒီလို မိဘ အမျိုးအစားတွေ များလာနေတယ် လို့ပဲ ရေးထားပါတယ်. အဲလို မိဘ အမျိုးအစားတွေ များလာမှာ စိုးရိမ်လို့ ဒီပို့စ်ကို ရေးတာပါ။
ရွှန်းမီရေ.. ဇာတ်လမ်းကို ဆက်ဦးမှာပါနော်
ကိုလောရှည်ရေ စီဘောက်စ်မှာ အော်ခဲ့ပြီးပြီနော့
မတန်ခူးရေ.. နားလည်ပေးတာ.. ပေးတဲ့ message ကို ရအောင် ယူနိုင်တာ ကျေးဇူးပါ.. တတိယပိုင်းကို ပိုကောင်းအောင် ကြိုးစားပါ့မယ်ရှင်…
ပေးထားတဲ့ message ကို သေချာ မဖတ်ဘဲ ရေးချင်ရာ လိုရာဆွဲ ရေးသား ဝေဖန်တတ်သူ အတွက် ကျွန်မမှာ ဖြေစရာ စကား မရှိပါဘူး anonymous ရေ… ဘယ်လို မိဘ အမျိုးအစားကိုသာ ကျွန်မ ထောက်ပြ ဝေဖန် ထားတယ် ဆိုတာ စာကို သေချာ ဖတ်တတ်ရင် ခွဲခြား မြင်ပါလိမ့်မယ်။ မိဘမေတ္တာကို ကျွန်မ တန်ဖိုး ထားပါ တယ်။ ထားလို့လဲ သားသမီး အပေါ် အတ္တ တကြီး စီမံ ခန့်ခွဲ မှုနဲ့ မေတ္တာနဲ့ စီမံ ခန့်ခွဲမှု ကြားက ကွာဟချက် ကို ကျွန်မ ထောက်ပြ ထားတာပါ။ သားသမီးနဲ့ မိဘ ကြားက ပဋိပက္ခတွေ လျော့နည်း စေချင်တဲ့ စေတနာ နဲ့ပါ။ ကျွန်မလဲ တဖက်သား ဘာပြော ချင်လဲ သေချာ မဖတ်ဘဲ ထင်ရာဆွဲ ကောက်ချက်ချ တတ်တဲ့ ရှင်လို အမေမျိုး ရမှာ ကြောက်ပါဘိ…

Nge Naing said...

ခွန်မြလှိုင်ရေ- တကယ်ထိတယ် ရေးထားတာ။ ခွန်မြလှိုင်ပြောတဲ့ မိဘလိုမျိုး တကယ်ရှိတယ်ဆိုတာ တကယ်ခံစားဖူးတဲ့ သူမှပဲ သိနိုင်တယ် မခံစားဖူးတဲ့သူ မသိနိုင်ပါဘူး။ မိဘမွေးထားလို့ လူဖြစ်လာတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် မိဘတာဝန်ဆိုတာ လူဖြစ်အောင် မွေးရုံနဲ့ မလုံလောက်ပါဘူး။ ကိုယ့်သားသမီးရဲ့ Physical, social, emotional wellbeing ကို တာဝန်ကျေဖို့ လိုပါတယ်။ မိစကားနားထောင်ရင် ဘယ်တော့မှ မမှားဘူးလို့ ဆိုကြတယ် ဒါပေမယ့် ကျွန်မအတွက်တော့ ငယ်ငယ်တုန်းကသာ မိဘစကားနားထောင်ခဲ့ရင် အခုလောက်ဆို ပြည်သူ့ချဉ်ဖတ် စစ်အုပ်စုရဲ့ ထောက်တိုင်ထဲမှာ အုပ်တချပ်သဲတပွင့် အဖြစ်နဲ့ ပါဝင်နေလောက်ပြီ။ အဲဒီအတွက် မိဘစကားနားမထောင်ခဲ့မိတဲ့ အကျိုးကြောင့် အကုသိုလ်က ရှောင်နိုင်ခဲ့တာလည်း အမှန်ပါပဲ။ သူများတွေကတော့ ကိုယ်တိုင်သားသမီးရမှ မိဘမေတ္တာကို သဘောပေါက်ပါတယ်လို့ ပြောကြတယ် ကျွန်မကတော့ သားလေးကိုရပြီးမှ မိဘမေတ္တာကို ပိုပြီးတောင် နားမလည်ဖြစ်သွားတယ်။ ငါက ငါ့သားလေးကို ချစ်သလိုမျိုး ငါ့မိဘက ငါ့ကိုဘာဖြစ်လို့ မချစ်တာလဲ ဆိုတာ အမြဲပဲတွေးမိတယ်။ နောက်ဆုံးတော့ သားသမီးတွေများလို့ပဲ ဖြစ်မယ်ဆိုပြီးနားလည် လိုက်တယ်။ သားသမီးများများထဲက ကိုယ်တယောက်တည်းကို ဘာဖြစ်လို့နှိမ်ရတာလဲဆိုတာ ကတော့ ကိုယ့်အရင်ဘ၀က လုပ်လာတဲ့ ကံကြောင့်ဆိုတာနဲ့ပဲ ဖြေသိမ့်လိုက်ပါတယ်။ တိုင်းပြည်မှာ အစိုးရမကောင်းရင် ပြည်သူလူထုညီရင် အစားထိုးလို့ ရနိုင်ပေမယ့် မိဘဆိုတာ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ကိုယ့်နဲ့ထိုက်လို့သာရတဲ့အတွက် ဘယ်လိုမှအစားထိုးလို့မရဘူး မဟုတ်လား။ အဲဒါကြောင့်မို့ မိဘဟာမိဘပါပဲ ငယ်ငယ်တုန်းက အနှိမ်ခံရတာရော ကြီးလာတဲ့အချိန်မှာ ပိုက်ဆံခဏခဏ လှမ်းမှာခံရလို့ ပေးရတာတွေကို ဒီဘ၀မိဘကျေးဇူးရော အရင်ဘ၀တွေက ပါလာတဲ့ အကြွေးတွေကိုပါ ဆပ်တယ်လို့ သဘောထားပြီး ကျေနပ်ရမှာပဲ။

Anonymous said...

ကိလေသာ ကာမဂုဏ်ကို လိုက်စားလို့ မတော်တဆ ကလေး ရလာရင် ကိုယ်ဝန် ဖျက်ချပြီး ကိုယ့်ရင်သွေး ကိုတောင် ကိုယ်သတ်ရက် ကြတယ်။ မဖျက်ချ တဲ့သူများကလဲ မိဘ ကျင့်ဝတ် ကျေကြ ရဲ့လား။ သားသမီး နိုင်ငံခြား ရောက်နေရင် ပဒေသာ ပင်ပေါ် ရောက် နေတယ် ထင်ပြီး ဇွတ်အတင်း ငွေမှာ၊ အကြွေးတင် နေပါပြီ လိမ်ပြောပြီး နောက်ပိုင်းက ချဲထိုး၊ လောင်းကစားလုပ်၊ ကိုယ့်သားသမီး ဘယ်လို ငွေရှာ နေရတယ် ရုန်းကန် နေရတယ်ဆိုတာ မစဉ်းမစား အတင်း သူတို့ ဖြစ်စေချင် တာတွေ သူတို့ လိုဘတွေ အတွက် ဖိအား တွေပေး၊ ကိုယ်တိုင်က အလှူရှင် အဖြစ်နဲ့ ကြွားချင်တိုင်း သားသမီးကို မညှာမတာ ပိုက်ဆံ စွတ်မှာပြီး စေတနာ မပါတဲ့ အလှူ ပွဲကြီးတွေ လုပ်ကြ၊ သားသမီးကို ဆင်စီး မြင်းရံ စေချင်တယ်လို့ ခေါင်းစဉ် တပ်ပြီး သူတို့ရဲ့ ဂုဏ်တွေ ပကာသန တွေအတွက် စီစဉ်တဲ့ မင်္ဂလာပွဲ တွေမှာ သားသမီးတွေရဲ့ ဘ၀ကို စတေး ခိုင်း၊ သားသမီး တွေက မိဘ သဘောမတူတဲ့ သူကို အတင်း လက်ထပ်ရင် မရမက ကုန်းတိုက် ချောပစ် အကွက်ဆင် ရန်တိုက်ပြီး လင်မယားချင်း ကွဲအောင် လုပ်ကြတယ်။ သားသမီးကို ပေးဝေ နှီးရင်း လုပ်ဖို့ ဝေးစွ၊ သားသမီးက မိဘကို ယုံကြည်လို့ အပ်နှံထားတဲ့ အရင်းအနှီး လုပ်ဖို့ ငွေကို တလွဲ သုံးပစ်ကြတယ်။
တကယ်ရှိတယ်အမ ကိုယ်တွေ့ လာကြည့်ပီးရေးလိုက်တာကြနေတာပဲ

ommar