Wednesday, May 7, 2008

မုန်တိုင်းက ပေးတဲ့ စည်းလုံးမှု

နာဂစ် မုန်တိုင်း မြန်မာပြည်ကို ၀င်မွှေသွားတာဟာ ၂၀၀၄ ခုနှစ်က ဆူနာမီ ပြီးရင် လူသေ အများဆုံး ဆိုပေမယ့် တိုင်းပြည် အနေနဲ့ ကြည့်ရင်တော့ မြန်မာပြည်က အဲဒီ ဆူနာမီထက် အထိနာ တယ်လို့ ပြောရ မလိုပါပဲ.. ဆူနာမီ တုန်းက နိုင်ငံ အားလုံး ပေါင်းရဲ့ လူသေနှုံးက တစ်သိန်းကျော်ပေမယ့် မြန်မာပြည်က နာဂစ်မုန်တိုင်းက တနိုင်ငံ တည်းကတင် သေပျောက်နှုံး တစ်သိန်း ကျော်မယ်လို့ မှန်းနေရ ပါတယ်။ နောက်ပြီး ဆူနာမီက ကမ်းခြေ လေးပဲ ထိတာမို့ ကယ်ဆယ်ရေး အတွက် နေရာကျဉ်းပါတယ်။ လူဦးရေနဲ့ နေရာ သိပ်သည်းမှု များလို့ ကယ်ဆယ်ရေး လုပ်ဆောင် ရတာ သွားလာရေး အတွက် ၀န်မကျယ်ပါဘူး။ မြန်မာပြည်က နာဂစ် မုန်တိုင်း ကတော့ ဆူနာမီထက် ဆိုးပါတယ်။ ဒီရေ တက်ရက် ဖြစ်တဲ့ လကွယ်ရက်မှာ လေပါ ထပ်ပေါင်းလို့ ရေလွှမ်း သွားလိုက်တာ လေနဲ့ သပ်ချပြီး ရေနဲ့ ဆွဲချ သွားတာ ဖြစ်တဲ့ အတွက် ကြောင့်ရော၊ ထိခိုက်မှု ဧရိယာ (ကမ်းခြေ+ ကုန်းတွင်းပိုင်း) ကျယ်ပြန့်တာ ကြောင့်ပါ ကယ်ဆယ်ရေး လုပ်ရတာ ပိုခက်ခဲ ပါတယ်။ မြန်မာနိုင်ငံရဲ့ ပို့ဆောင် ဆက်သွယ်ရေး ကလဲ သိတော် မူတဲ့ အတိုင်း မဟုတ်လား ..
မုန်တိုင်း သတင်း များကို ကိုလူသစ်၊
မခင်မင်းဇော်၊ ပန်ဒိုရာ နဲ့ အခြား ဘလော့ဂါ များက တင်ပြ ဆော်သြ နေသလို မနိုင်းနိုင်းစနေ၊ လင်းလက်ကြယ်စင်ဒေါက်တာ စိုးထက် နဲ့ အခြား ဘလော့ဂါ တို့က ကယ်ဆယ်ရေး အကူအညီ ပေးနေတဲ့ လင့်ခ်များကို ဖော်ပြ ကူညီ နေကြသလို ယုယမြတ်နိုး လို သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေး သုတေသီ များကလဲ လူကိုယ်တိုင် တိုက်ရိုက် သွားရောက် ကူညီဖို့ ပြင်ဆင် နေကြပါပြီ။ ပြည်တွင်းမှာလဲ ပြည်ပ အကူအညီများ လာခဲ့ရင် အလေအလွင့် အနည်းဆုံး ဖြစ်အောင်နဲ့ ပြည်သူ့လက်ထဲ အထိရောက်ဆုံး ရောက်သွားအောင် ကူညီ လှူပေးနေကြ ဘလော့ဂါ ကိုအောင်ပိုင်စိုး က ရန်ကုန်တိုင်း အတွင်းက ပျက်စီး၊ ဒုက္ခသည် နဲ့ ဒုက္ခသည် စခန်း ဖြစ်နေကျ ဘုန်းကြီးကျောင်းများနဲ့ အဓိက လိုအပ်ချက်များ စာရင်းကို အသင့် ကောက်ယူ ပြီးစီး နေပြီး ဧရာဝတီတိုင်းထဲက ကယ်ဆယ်ရေးကိုတော့ နတ်မောက်လမ်းက ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ နိုင်ငံ ရုံးချုပ် ကို တိုက်ရိုက် ဆက်သွယ် ရင်း သူတို့ရဲ့ ကယ်ဆယ်ရေး ပရောဂျက် နဲ့ အတူ ရောပါ လှူဒါန်း နိုင်ကြောင်း အလှူရှင်နဲ့ ကိုယ်ထိလက်ရောက် အတိအကျ လှူပေးမယ့် အဖွဲ့တို့ကို သိသမျှ ဖောက်သည် ချလိုက်ရပါတယ်။

No comments: