Saturday, April 26, 2008

နှစ် ၆၀ပြည့် လွတ်လပ်ရေးနဲ့ လွတ်လပ်အတွေး

(သံလွင်အိပ်မက် အတွဲ ၂၊ အမှတ် ၁ အတွက် ပို့ခဲ့ပေမယ့် သူ့မူနဲ့ မညီတဲ့ အတွက် အယ်ဒီတာ တွေ ပယ်ခဲ့တဲ့ စာမူလေးပါ။ နေဘုန်းလတ် တောင်းဆိုလို့ ရေးပြီး ပို့ကတည်းက “ပြင်းတယ်နော်.. ရွေးလို့ ဖြစ်မှရွေး.. သံလွင်အိပ်မက်ကို ပြသနာ ရှာနိုင် လောက်ရင် ပယ်လိုက်” လို့ ကြိုပြောတဲ့ စာမူ လေးလဲ ဖြစ်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် အမှတ်တရ အနေနဲ့ ဘလော့ လေးမှာ ပြန်တင်လိုက် ပါတယ်နော်…)

မကြာခင်ကပဲ မြန်မာနိုင်ငံတော်ကြီး အင်္ဂလိပ် လက်အောက်ကနေ လွတ်မြောက်လာတဲ့ နှစ် ၆၀ ပြည့် လွတ်လပ်ရေးနေ့ ကျရောက် ခဲ့ပါ တော့တယ်။ ဒီတော့ ကျွန်မလဲ လွတ်လပ်ရေး ဆိုတာ ဘာလဲ ဆိုတာရယ် လွတ်လပ်ရေးကို ဘာကြောင့် လူသားတွေ ဒီလောက် တမ်းတမ်း မက်မက် မြတ်မြတ် နိုးနိုး လိုချင် နေကြတယ် ဆိုတာရယ်၊ လွတ်လပ်ရေးရဲ့ ပတ်သက် ဆက်နွယ်မှု တွေ ရယ် ကို အတွေးနယ် ချဲ့ နေမိပါတယ်။

လွတ်လပ်ရေး ဆိုတာ ချုပ်ချယ်ခြင်း၊ ဗိုလ်ကျ နှိပ်စက် ညှင်းပန်းခြင်းတို့ရဲ့ ဆန့်ကျင်ဘက်။ လူမျိုး တစ် မျိုး က တခြား လူမျိုးတစ်မျိုးကို လာရောက် ဗိုလ်ကျ ချုပ်ချယ် နှိပ်စက် လာရင် ဖြစ် စေ၊ လူမျိုးတူ ချင်း က အချင်းချင်း ဗိုလ်ကျ ချုပ်ချယ် နှိပ်စက် လာရင် ဖြစ်စေ မခံနိုင် သူများက တော်လှန်ရင်း လွတ်လပ် ရေးကို တောင်းဆို တတ်ကြတာ သမိုင်းက သက်သေ ပြနေ ပါတယ်။ အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံတို့ လူမျိုး မတူလို့ လွတ်လပ်ရေးကို တောင်းဆို ရတဲ့ ဥပမာ တစ်ခုက အိန္ဒိယ နိုင်ငံရဲ့ လွတ်လပ်ရေး ဖြစ်ပြီး၊ လူမျိုး တူချင်း တိုက်ပြီး လွတ်လပ်ရေးကို တောင်းယူ ရတာ ကတော့ အမေရိကန် နိုင်ငံရဲ့ လွတ်လပ်ရေး ဖြစ်ပါ တယ်။ အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံတို့ လူမျိုး မတူလို့ သူ့လူမျိုး ကိုယ့်လူမျိုး ဘက်လိုက်လို့ တော်လှန်ပြီး လွတ်လပ်ရေးကို တောင်းဆို ယူရတာ မထူးခြားလှ ပေမယ့် လူမျိုးတူချင်း လွတ်လပ်ရေး တောင်းဆိုပြီး သီးခြား ခွဲထွက် ရတာ ကတော့ အခြေအနေ အရပ်ရပ်က တော်တော် ရှုပ်ထွေး နေတတ် ပါတယ်။ ဥပမာ ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရ ပီနန်ကျွန်း၊ မလေးရှား နိုင်ငံ ကနေ သီးခြား နိုင်ငံ အဖြစ် ခွဲထွက် ထူ ထောင်တဲ့ စင်ကာပူနဲ့ တရုတ် လက်အောက်ခံ ဖြစ်ပေမယ့် လွတ်လပ်စွာ ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရ ဟောင်ကောင် တို့ ဖြစ်ကြ ပါတယ်။

ဘာကြောင့် လူသားတွေဟာ လူမျိုး တူချင်း ဆီက ဖြစ်စေ လူမျိုး မတူ သူချင်း ဆီက ဖြစ်စေ လွတ်လပ် ရေး တစ်ရပ်ကို ဒီလောက် တမ်းတမ်း မက်မက် မြတ်မြတ် နိုးနိုး လိုချင် နေကြ ရတာလဲ.. ရှင်းပါတယ်.. တိရစ္ဆာန် များတောင်မှ အသိဉာဏ် အဆင့်မြင့်တဲ့ နွားများ၊ ခွေး များ ကြောင်များ တောင်မှ သူတို့ကို မာန်မဲ ငေါက်ငမ်း နေတဲ့ လူ အနားမှာ မနေချင် ကြဘဲလေ။ လူချင်း အတူတူ သူများ လက်အောက်ခံ အဖြစ် အဖိနှိပ် ခံပြီး မနေ ချင်ကြ လို့ပါ။ ဖိနှိပ် ခံရ လေလေ၊ လွတ်လပ် ရေးကို ပို လိုချင် လေလေပါ။ အသိဉာဏ် အဆင့် မြင့်မားတဲ့ လူသား တိုင်းဟာ လူချင်း အတူတူ ထိုက် တန်တဲ့ အခွင့်အရေး၊ တာဝန် ယူမှု၊ တာဝန် သိတတ်မှု တွေကို မြတ်နိုး ကြပါတယ်။ ယဉ်ကျေးမှု မျက်နှာ ဖုံးတပ် အစဉ်အလာ တွေရဲ့ အချိုသတ် မှုတွေ၊ မာယာ သကာဖုံး ထားတဲ့ ဖြစ်စဉ်တွေ၊ အကျည်းတန် လွန်းတဲ့ လူသားချင်း ဖိနှိပ် ညှင်းပန်း ရက်စက် မှုတွေကို ပညာ တတ်လေ ပိုမြင်လေ ပိုရွံမုန်းလေ ဖြစ်ပါ တယ်။ ဒီနေရာမှာ ပညာ ဆိုတာ ကိုယ်ကျင့် တရား ထိန်းသိမ်း မှုနဲ့ ယှဉ်တဲ့ အမှန် အတိုင်း ပိုင်းခြား ဝေဖန် ဆုံးဖြတ် နိုင်သော အသိဉာဏ်ကို ခေါ်ဆို ပါတယ်။

ဒီနေရာမှာ ပညာတတ်တွေ မျက်စိ လည်တဲ့ စကားလေး တစ်လုံးကို အာဏာရှင် ကြီးစိုးတဲ့ ပဒေသရာဇ် ခေတ်က တီထွင် ထားပါ တယ်။ အဲဒါက သစ္စာရှိမှုပါ။ အမိန့်ကို တသဝေ မတိမ်း နာခံ သူကို ဂုဏ်ထူး ဆောင် တစ်ယောက် အဖြစ် သတ်မှတ်ပြီး သစ္စာ ရှိသူ ဆိုတဲ့ ဘွဲ့ တစ်ရပ် ချီးမြှင့် ခံရလေ့ ရှိတဲ့ အတွက် သစ္စာ တရားကို အမွှမ်း တင်ပြီး ခုတုံးလုပ် အသုံး ချတဲ့ အတွက် သစ္စာ ရှိသူ ဆိုတဲ့ စကားလုံး တစ်ရပ် ဟာ လွတ်လပ်ရေး အတွက် အတော်ကို ဟန့်တား နိုင်တဲ့ ကြိုးတစ်ချောင်း ဖြစ်လာ ပါတယ်။ တကယ် တော့ အာဏာရှင် များဟာ သစ္စာ ဆိုတဲ့ စကားလေး တစ်ခွန်းကို ၊ သစ္စာ တရားကို တလွဲ အသုံးချပြီး နဖားကြိုး၊ မြင်းဇက်ကြိုး တို့လို နှောင်ကြိုး တစ်ရပ် အဖြစ် အမိန့် နာခံသူ ကို သစ္စာ ရှိသူ ဆိုတဲ့ စကားလုံး လှလှ လေးနဲ့ တန်ဆာ ဆင်တဲ့ လည်ပတ် ကြိုး တစ်ချောင်းနဲ့ ချည်ပြီး လိုရာ အသုံးချ လိုက်တာ ပါပဲ။

အမိန့် နာခံမှု ဟာ သစ္စာ ရှိမှု မဟုတ်ပါဘူး။ ပြီးတော့ လူတစ်ဦး တစ်ယောက် အပေါ် သူ မှားသည် ဖြစ်စေ မှန်သည် ဖြစ်စေ သူပြောထွက် သမျှ အမိန့်ကို နာခံ လိုက်နာ ဆောင်ရွက် သူရဲ့ အစွမ်း၊ နာခံမှု ဟာ (အမှား အမှန်ကို ခွဲခြား ဝေဖန် ဆုံးဖြတ် နိုင်တဲ့ အသိဉာဏ်) ပညာ မပါ ခဲ့ရင် ခွေးတစ်ကောင်၊ မြင်းတစ်ကောင်၊ နွားတစ်ကောင် လောက်စာ အမိန့် နာခံမှု လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ ဒီလိုပဲ ပညာ မပါတဲ့ သစ္စာ ရှိမှုဟာ တိရစ္ဆာန် တစ်ကောင်ရဲ့ သစ္စာ ရှိမှုထက် အရည်အသွေး နေရာမှာ မသာ နိုင်ပါဘူး။

ဒါအပြင် လူတစ်ဦး တစ်ယောက် အပေါ်မှာ သစ္စာ ရှိမှု နဲ့ တိုင်းပြည်နဲ့ လူမျိုး၊ အမျိုး၊ ဘာသာ၊ သာသနာ အပေါ် သစ္စာ ရှိမှုတို့ အရည်အသွေးချင်း အနှစ်သာရချင်း အဆမတန် နှိုင်းယှဉ် မရအောင် ကွာခြား ပါတယ်။ အမေရိကန် နိုင်ငံရဲ့ လွတ်လပ်ရေးဟာ တကယ်တော့ လူမျိုးတူချင်းရဲ့ ဗိုလ်ကျ ဖိနှိပ် ခိုင်းစေမှု မှ လွတ်လပ်ချင်တဲ့ စိတ်ကို သစ္စာ ဆိုတဲ့ နှောင်ကြိုးနဲ့ ဖွဲ့နှောင်ခံ ထားရတဲ့ စိတ်ဓာတ်ချင်း တိုက်တဲ့ စစ်ပွဲမှာ လွတ်လပ်ရေးကို မြတ်နိုးစိတ်က အနိုင်ရလို့ အမေရိကန်ဟာ ဒီနေ့ လွတ်လပ်တဲ့ အင်အားကြီး နိုင်ငံ တစ်ရပ် ဖြစ်လာ တာပါ။ ဒီတော့ အပေါ်ယံ အချိုသတ် အာရုံလွှဲ ဖြားယောင်းမှု တွေကို ရှောင်နိုင်ပြီး အမှန်တရားကို မြင်မှုနဲ့ အမှား အမှန်ကို ဝေဖန် ပိုင်းခြား တတ်မှု ဆိုတဲ့ စိတ်ဓာတ်၊ အသိနဲ့ ပညာ တွေကို အမေရိကန် လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းက သူ့လူမျိုးတွေ အတွက် မွေးထုတ် ပေးလိုက် ပါတယ်။ ဒီစိတ်ဓာတ်၊ အသိနဲ့ ပညာတွေကို အမေရိကန်တွေက နောက်မျိုးဆက်သစ် တွေကို လက်ဆင့် ကမ်းပေး ခဲ့ရာ ကနေ အမေရိကန် နိုင်ငံဟာ ကမ္ဘာ့ အင်အားကြီး နိုင်ငံ ဖြစ်လာ ခဲ့ပါတယ်။

အခုလို ရေးတဲ့ အတွက် အနောက်ဥရောပက စံတွေ၊ အတွေးတွေကို အရှေ့ကို သယ်လာ တယ်လို့ ပြော လို့ မရနိုင်တဲ့ အကြောင်း သက်သေ ပြချင်ပါတယ်။ အမေရိကန် တော်လှန်ရေး ထက် အဆပေါင်း များ စွာ စောခဲ့တဲ့ ခေတ်ဦး ကတည်းက အရှေ့တိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ လူမျိုး တူချင်း တော်လှန် တိုက်ခိုက်ရင်း နိုင်ငံတစ်ခု ပေါ်ထွက်လာတဲ့ သမိုင်းကြောင်း လေးပါ။ ဒါကတော့ မြန်မာလူမျိုးရဲ့ အစပါပဲ။ မြန်မာ့ သမိုင်း ပါပဲ။ စာကိုး အနေနဲ့ အသစ်မြင် မြန်မာ့သမိုင်း - ဒေါက်တာသန်းထွန်း စာအုပ်နဲ့ မြန်မာ နိုင်ငံတော် သမိုင်း - ဗိုလ်ဘရှင် စာအုပ်မှာ အတိအကျ လေ့လာနိုင်ပါတယ်။ တိဗက်၊ နန်ကျောက်နဲ့ တရုတ်တို့ စစ်မျက်နှာ ၃ဘက် ညှပ်တာ မခံချင်တဲ့ တရုတ်ပြည် အနောက် မြောက်ပိုင်း ကန်စုနယ်က ကနဦး မြန်မာ လူမျိုး တွေ ဗျူဟာ အရ အေဒီ ၂ရာစု တည်းက ရှောင်ထွက် လာရင်း အေဒီ ၇ ရာစု အရောက်မှာ မြန်မာနိုင်ငံ တည် နေရာကို ရောက်လာ တယ်လို့ သမိုင်းက အထောက် အထား ပြပါတယ်။ အေဒီ ၁၁ ရာစု အရောက်မှာ ပုဂံခေတ် ထူထောင် ကျယ်ပြန့် လာတယ်လို့ ဆိုပါတယ်။ လက်တွေ့မှာလဲ အခု လက်ရှိ အချိန်ထိ ဘူတန် နိုင်ငံက သင်ပုန်း ကြီး အသံထွက်ဟာ မြန်မာ သင်ပုန်းကြီး အသံထွက်နဲ့ လုံး ၀ နီးပါး တူညီ နေတာ သက်သေပါ။ ဒီ ကျမ်းကိုးတွေ အရ ကနဦး မြန်မာတွေဟာ စစ်တိုက် တော်ပေ မယ့် ဗိုလ်ကျ အာဏာ လုပြီး ကိုယ့်လူမျိုးကို လာရောက် အသုံးချ တာ မျိုးကို လူမျိုးတူ ချင်းတောင် ငုံ့မခံဘဲ အင်အား ချင်း မနိုင်ရင် ရှောင်ထွက်ပြီး အင်အားချင်း ညီလောက် ရင် ပြန် တော်လှန် တတ်တာ သမိုင်းဦး ကတည်း က ဆိုတာကို လက်တွေ့ သိနိုင်ပါတယ်။ အဓိက ပြောချင်တာက မြန်မာလူမျိုး တို့ရဲ့ လွတ်လပ်ရေးကို မြတ်နိုးတဲ့ စိတ်ဓာတ်ဟာ ဟိုးးး သမိုင်းဦး အစ တည်းက ဆိုတာကို သက်သေ ပြချင် တာပါ။

လွတ်လပ်ရေးကို မြတ်နိုး တန်ဖိုးထား တတ်သူများဟာ လွတ်လပ်ရေးကို ထိပါး လာမယ့် အရေး ကိ စ္စ မှန်သမျှကို ကာကွယ် တတ်ပါတယ်။ ဒီနေရာမှာ စကော့ တလန် တော်လှန်ရေး နဲ့ အမေရိကန် တော်လှန်ရေး က မွေးထုတ်လိုက်တဲ့ အသိလေး နှစ်ခုကို တင်ပြ ချင်ပါတယ်။

စကော့တလန် လူထု ခေါင်းဆောင်ကို အင်္ဂလိပ် သစ္စာခံ လူမျိုးတူက သစ္စာ ဖောက်ပြီး ဖမ်းလို့ အသတ် ခံရတဲ့ အခါမှာ ရိုးရိုး မသတ်ဘဲ အရှင်လတ်လတ် အူတွေ အသည်းတွေကို ဆွဲထုတ် ပြီး ညှင်းပန်း နှိပ်စက် ပါတယ်။ နောက်တော့ တကိုယ်လုံးကို အပိုင်းပိုင်း ခုတ်ပြီး မြို့ပေါ် အရပ် လေးမျက်နှာမှာ ခွဲပြီး လွှင့်ပစ် ပါတယ်။ ဒီတော့ စကော့တလန်သား သစ္စာဖောက် ကိုယ်တိုင် မခံနိုင်တော့ ပါဘူး။ ကျန်တဲ့ စကော့ တလန် သားတွေကလဲ ဒီလို ရက်စက် တတ်သူရဲ့ လက်အောက်မှာ နေရင် ဒီလို ထပ် အသတ်ခံ ရမှာပဲ.. မတော်လှန်ရင် ပိုပြီး ကြာလေ နှိပ်စက်လေ နှိပ်စက် ခံရမှာပဲ။ တော်လှန်ရေးထဲမှာ ဆိုရင် သေရုံပဲ သေမှာ အနှိပ်စက် ခံရမှာ မဟုတ်ဘူးဆိုတဲ့ စိတ်တွေ ပေါ်ထွက်လာပြီး ၀ိုင်းတော်လှန် ကြလို့ ၁၂၈၀ တော်လှန်ရေးမှာ စကော့တလန်ဟာ လွတ်လပ်ရေး ရခဲ့ပြီး ၁၇၀၇မှာ one of the four constituent countries of the United Kingdom ဖြစ်လာခဲ့တယ်လို့ သမိုင်းက ဆိုပါတယ်။

အမေရိကန် လွတ်လပ်ရေး အတွက် တော်လှန်ရေး မှာလဲ အရည်အသွေး ရှိသူကို ခေါင်းဆောင် တင်ပေ မယ့် စစ်ထွက်ရင် မိသားစု ကို ထိခိုက်မှာ စိုးရိမ် ကြောက်ရွံ့ နေတဲ့ ဇာတ်လိုက် ဘင်ဂျမင် မာတင်ဟာ စစ်မထွက်မိတဲ့ အတွက် ရန် လိုပြီး ရက်စက်တဲ့ အုပ်ချုပ်သူ ဗိုလ်မှူးကြောင့် သားလတ်ကို ဆုံးရှုံး ရပြီးတဲ့နောက် စစ်ထဲ ပါဝင် လာခဲ့ ပါတယ်။ စတည်းက ကြိုတင် ကာကွယ် ခဲ့ရင် ကိုယ့်မိသားစု ဆုံးရှုံး ချင်မှ ဆုံးရှုံးမှာ ဖြစ်ပြီး ကိုယ့်မြေ ကိုယ့်ရေ ပေါ်မှာတင် မတရားမှု ဖြစ်ထွန်း နေတာကို မကာကွယ်ဘဲ ကိုယ့်မိသားစုကို ထိတဲ့ အထိ ထိုင် စောင့် နေမိလို့ သားကို ဆုံးရှုံး ရလို့ ကိုယ့်ကိုယ်ကို ရှက်ပြီး မျက်နှာ မပြ၀ံ့ ဖြစ်ရတယ်၊ ဒီလို လူမျိုး ကို ကိုယ့်သား အရင်းကတောင် မလေးစားချင်ဘူး ဆိုတာကို The Patriot (2000 film)က ပြသွားခဲ့ ပါတယ်။

တကယ်တော့ လွတ်လပ်ရေး ဆိုတာ ဘ၀ လုံခြုံရေးနဲ့ ဒွန်တွဲ နေပါတယ်။ လူမျိုးတူချင်း ဆီက ဖြစ်စေ၊ တခြား လူမျိုး တစ်မျိုးက ဖြစ်စေ တခြားလူတွေကို အနိုင်ကျင့် ဗိုလ်ကျ နှိပ်စက် လာတာ များလာလို့ ဥပဒေကလဲ လက်နက် အင်အား ကြီးသူရဲ့ ပါးစပ်ဖျားမှာပဲ ရှိနေပြီး တရား ဥပဒေ အစစ် ကင်းမဲ့ လာလို့ လူတို့ရဲ့ နေ့စဉ် ဘ၀ နေထိုင်ရေးမှာ လုံခြုံရေး ကင်းမဲ့ လာပြီ ဆိုရင် မကြာခင် တော်လှန်ရေး တစ်ရပ်နဲ့ အတူ လွတ်လပ်ရေး လှုပ်ရှားမှု ပေါ်ပေါက် တတ်တယ် ဆိုတာကို မြန်မာ့ သမိုင်း အရရော ကမ္ဘာ့ သမိုင်း အရပါ ကောက်ချက် ချမိ ပါတယ်ရှင်။


No comments: